အခန်း ၇၄၁
Vol. 50 Ch. 741
အခန်း (၇၄၁) မင်းက ကံကြမ္မာရဲ့ သားတော် ပါလား... မြင့်မြတ်သော နယ်မြေသခင် တက်လှမ်းခြင်း အခမ်းအနား
“အမှန်ပဲ... ငါက ကံကြမ္မာရဲ့ သားတော် ဖြစ်လာပြီမို့ ငါ့ရဲ့ အဆင့်အတန်းက သူတော်စင်အဆင့် စွမ်းအားရှင် တွေနဲ့ တန်းတူ ဖြစ်နေပြီ... အဲဒါကို မင်းက ငါ့ကို မြင်တာတောင် အရိုအသေ မပေးဘူးလား”
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးစက်တည်ငြိမ်သော မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်၏။
ယင်ရူရုံသည် နောက်သို့ ခြေသုံးလှမ်းခန့် ထပ်ဆုတ်သွား၏။
သူမ ယဲ့ဖုန်းကို နောက်ဆုံး အကြိမ် တွေ့ခဲ့စဉ်က သူသည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ဒေသတစ်ဝိုက်တွင်သာ ထူးထူးခြားခြား မျက်နှာသာပေးခံရသော ရွေးချယ်ခံရသူ တစ်ဦးမျှသာ ဖြစ်ခဲ့သည်။
အချိန်ဘယ်လောက်တောင် ကြာသွားလို့ သူက ကံကြမ္မာရဲ့ သားတော် အဖြစ် တက်လှမ်းသွားရတာလဲ။
ထို အေးစက်စက် အမူအရာနှင့် သူ ကိုင်တွယ် ခြယ်လှယ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်နှင့် မြေကြီး၏ နယ်ပယ် တို့မှာ ယဲ့ဖုန်းသည် ကံကြမ္မာရဲ့ သားတော် အဖြစ်သို့ တက်လှမ်းသွားပြီ ဖြစ်ကြောင်း ငြင်းဆို၍မရသော သက်သေအထောက်အထားများပင် ဖြစ်၏။ ဒါက ဟန်ဆောင်နေခြင်း မဟုတ်သလို၊ သူ၏ အဆင့်အတန်းမှာလည်း သူတော်စင်အဆင့် စွမ်းအားရှင် များနှင့် တန်းတူ ဖြစ်နေပြီမှာ အသေအချာပင်။
“ ဂါရဝပြုပါတယ် ကံကြမ္မာသားတော်ယဲ့”
သူမ၏ ရင်တွင်း၌ မကျေမနပ်ဖြစ်မှုများ အပြည့်အဝ ရှိနေသော်ငြား ယင်ရူရုံသည် ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်ရတော့သည်။
ရွှယ်ယန်သည် ယဲ့ဖုန်းကို သေချာစွာ အကဲခတ်နေ၏။
အရပ်မောင်းကောင်းကောင်းဖြင့် မတ်မတ် ရပ်နေသည်။
ငယ်ရွယ်နုပျိုပြီး အစွမ်းထက်လှသည်။
ချောမောခန့်ညားပြီး ဆွဲဆောင်မှု ရှိသည်။
ထူးခြားသော အရှိန်အဝါနှင့် ကြီးစိုးလိုသော ကိုယ်ရည်ကိုယ်သွေးများ ရှိသည်။
ဤသည်တို့မှာ သူမ ယဲ့ဖုန်းအပေါ် တပ်ဆင်ပေးလိုက်သော ဂုဏ်ပုဒ်များပင် ဖြစ်၏။
“ဟုတ်တယ်... ယဲ့ဖုန်းပဲ”
“ရှင်က တကယ်ပဲ မိုးကြိုးရေကန် နန်းတော် ရဲ့ နတ်ဘုရား... မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း လား”
ရွှယ်ယန် တစ်စုံတစ်ခုကို သတိရသွားပြီး ယဲ့ဖုန်းကို စိုက်ကြည့်ကာ စိတ်လှုပ်ရှားသော မျက်နှာထားဖြင့် မေးလိုက်၏။
“ဟုတ်ပါတယ်... ငါပဲ” ယဲ့ဖုန်းသည် ရွှယ်ယန်ဘက်သို့ လှည့်ကြည့်လိုက်၏။
မကြာသေးမီကမှ အဆင့်တက်ထားသော အဆင့် (၄) တပိုင်းသူတော်စင်... တော်တော်လေး အစွမ်းထက်လှ၏။ သူတော်စင်များ မရှိသည့်အချိန်တွင် သူသည် ရှန်ကျိုးတိုက်ကြီး၏ အမြင့်ဆုံး မျက်နှာကျက်လောက်တွင် ရှိနေသည်။
“ကျေးဇူးအများကြီး တင်ပါတယ်ရှင်”
ရွှယ်ယန်သည် လက်နှစ်ဖက် ဆုပ်မိုးကာ ယဲ့ဖုန်းကို ကပျာကယာ အရိုအသေ ပေးလိုက်၏။
“ကျွန်မက ရွှယ်ယန်ပါ... ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ ရဲ့ အသစ်ခန့်အပ်ခံရတဲ့ မြင့်မြတ်သော နယ်မြေသခင် ပါရှင်... ကံကြမ္မာသားတော်ယဲ့သာ အခြားသူတွေနဲ့ ပူးပေါင်းပြီး မိုးကြိုးရေကန် နန်းတော် ကို မတည်ထောင်ခဲ့ဘူးဆိုရင်... ကျွန်မ အခုချိန်ထိ အဆင့် (၃) တပိုင်းသူတော်စင် အဖြစ် တစ်ဆို့နေဦးမှာဖြစ်ပြီး တစ်သက်လုံး အဆင့်တက်နိုင်တော့မှာ မဟုတ်ပါဘူး”
အကယ်၍ သူမသာ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို မချိုးဖြတ်နိုင်ခဲ့ပါက၊ ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ ၏ မဟာအကြီးအကဲ ဘဝမှ မြင့်မြတ်သော နယ်မြေသခင် အဖြစ်သို့ သေချာပေါက် တက်လှမ်းနိုင်မည် မဟုတ်ချေ။
ယင်ရူရုံသည် သူမ၏ အဆင့် (၄) တပိုင်းသူတော်စင် ကျင့်ကြံခြင်းအဆင့်ဖြင့် ထျန်းမြောင် မြင့်မြတ်သော နယ်မြေသခင် အဖြစ် တက်လှမ်းသွားကတည်းက၊ မြင့်မြတ်သော နယ်မြေကြီး (၉) ခု ရှိ အကြီးအကဲများ အားလုံးသည် တူညီသော အတွေးများ တွေးတောခဲ့ကြပြီး၊ အဆင့် (၄) တပိုင်းသူတော်စင် များဖြစ်ကြသော သူတို့၏ လက်အောက်ငယ်သားများကို မြင့်မြတ်သော နယ်မြေသခင် ရာထူးအား လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် ဤ သူတော်စင် စွမ်းအားရှင်များသည် လက်အောက်ခံများ၏ လုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ဘဲ ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်မည် ဖြစ်၏။
“မိုးကြိုးရေကန် နန်းတော် ကို တည်ထောင်ခဲ့တာက ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးအတွက်ပါ... ကျေးဇူးတင်စရာ မလိုပါဘူး” ယဲ့ဖုန်းသည် ရွှယ်ယန်ကို ကြည့်ကာ စကားဆိုလိုက်၏။ “မြင့်မြတ်သော နယ်မြေသခင် ရွှယ်ယန် က ဒီလောက်ဝေးတဲ့ နေရာကနေ ငါ့ဆီကို ဘာကိစ္စများ ရှိလို့ လာရတာလဲ ဆိုတာ သိချင်မိတယ်”
ရွှယ်ယန်သည် ဖိတ်စာတစ်စောင်ကို ထုတ်ယူလိုက်၏။
“နောက်လဝက် အကြာမှာ ကျင်းပမယ့် ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ ရဲ့ အခမ်းအနားကို လာတက်ရောက်ဖို့ ကံကြမ္မာသားတော်ယဲ့ ကို ဖိတ်ကြားချင်လို့ပါရှင်”
သူမသည် ဖိတ်စာကို ထုတ်ယူပြီးနောက် ယဲ့ဖုန်း၏ အမည်ကို ချောမွေ့စွာ ရေးသားလိုက်၏။
“သဘောတူတယ်”
ယဲ့ဖုန်းသည် ဖိတ်စာကို လက်ခံလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကံကြမ္မာသားတော်ယဲ့”
ရွှယ်ယန်သည် ယဲ့ဖုန်း ဤမျှ လျင်မြန်စွာ သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် အံ့အားသင့်ကာ ဝမ်းသာသွားရ၏။ သူမသည် ယင်ရူရုံ၏ လက်ဝါးပြင်ပေါ်ရှိ တာအို ဒဏ်ရာကို တစ်ချက် လှမ်းကြည့်လိုက်၏။
“ကံကြမ္မာသားတော်ယဲ့ရှင်... ကံကြမ္မာရဲ့ သားတော် တစ်ဦးအနေနဲ့ ကျွန်မကို ကျေးဇူးလေးတစ်ခုလောက် ပြုပေးနိုင်မလားဟင်”
ရွှယ်ယန်၏ အသံမှာ ပင်ကိုယ်အားဖြင့် အေးစက်နေသော်လည်း သူမ၏ လေသံမှာမူ ရိုးသားမှု အပြည့် ရှိနေ၏။
“ထျန်းမြောင် မြင့်မြတ်သော နယ်မြေသခင် ရဲ့ တာအို ဒဏ်ရာကို ကုသပေးဖို့ ပြောနေတာဆိုရင်တော့... ငါ လုပ်ပေးနိုင်မှာ မဟုတ်ဘူး... ငါ လုပ်ပေးနိုင်ရင်တောင် အကူအညီ ပေးမှာ မဟုတ်ဘူး”
ယဲ့ဖုန်းသည် ယင်ရူရုံ၏ လက်ဝါးပြင်ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် ခေါင်းရမ်းကာ ပြောလိုက်၏။
ယင်ရူရုံသည် သူ့ကို ဘယ်သောအခါမျှ တောင်းပန်ခဲ့ခြင်း မရှိချေ။ သူမ၏ တာအို ဒဏ်ရာကို သူက ဘာကြောင့် ကုသပေးရမည်နည်း။ သူ အလွယ်တကူ လုပ်ပေးနိုင်သည် ဆိုသော်ငြားလည်း။
သူ လုံးဝ ကူညီမည် မဟုတ်ပေ။
‘လုံးဝ (လုံးဝ) မကူညီဘူး။ သက်သက်မဲ့ အပျော်သက်သက်ပါပဲကွာ’
“ရွှယ်ယန်... ဒီအကြောင်းတွေ ဆက်မပြောကြရအောင်... ငါတို့ သွားတော့မယ်”
ယင်ရူရုံသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရွှယ်ယန်၏ ဖြူဖွေးနုဖတ်နေသော လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ခေါ်ဆောင်သွားတော့သည်။
မြက်ခင်းပြင်ပေါ်တွင်..
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ထွက်ခွာသွားသော ထိုအမျိုးသမီးနှစ်ဦးကို ငေးကြည့်နေ၏။ သူ၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေပြီး၊ အတန်ကြာမှ ဖိတ်စာကို ဖွင့်ကြည့်လိုက်သည်။
“ငါ့တပည့်တွေကို ပိုကျယ်ပြန့်တဲ့ လောကကြီးကို ပြသပေးဖို့ အချိန်တန်ပြီပဲ”
ယဲ့ဖုန်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။ သူ ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ သို့ သွားရောက်ရန် သဘောတူခဲ့ခြင်းမှာ သဘာဝကျကျပင် သူ၏ တပည့်များ၏ အမြင်အာရုံကို ကျယ်ပြန့်စေရန် ခေါ်ဆောင်သွားလိုသောကြောင့်ပါ။
“ဝှီး...”
သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ မြူခိုးဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ ၏ အခမ်းအနား အကြောင်း သတင်းမှာ ဂိုဏ်းအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး၊ ထိုသတင်းကို ကြားသိရသောအခါ တပည့်များအားလုံးမှာ လိုက်ပါသွားလိုစိတ်များ ပြင်းပြနေကြတော့သည်။
ဂိုဏ်း၏ ကွင်းပြင်ကျယ်ကြီး အတွင်း၌..
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဂိုဏ်းအတွင်းရှိ သောင်းနှင့်ချီသော တပည့်များကို ငေးကြည့်နေ၏။
“ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ ဟာ ကောင်းကင်မူလ ပင်လယ် အနီးတစ်ဝိုက်မှာ တည်ရှိပြီး ရှေးဟောင်း သူတော်စင် တစ်ပါး အုပ်ချုပ်တဲ့ ရှန်ကျိုးတိုက်ကြီး ပေါ်က မြင့်မြတ်သော နယ်မြေကြီး (၉) ခု ထဲက တစ်ခု ဖြစ်တယ်... အခု အသစ်ခန့်အပ်ခံရတဲ့ မြင့်မြတ်သော နယ်မြေသခင် ရွှယ်ယန် က အခမ်းအနားတစ်ခု ကျင်းပနေပြီး ဒီဂိုဏ်းချုပ်ကို လာရောက်တက်ရောက်ဖို့ ဖိတ်ကြားထားတယ်”
“လိုက်ချင်တဲ့ သူတိုင်း စာရင်းပေးသွင်းနိုင်တယ်”
ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ မှာ အလွန် ကျယ်ပြောလှ၏။ လူရာပေါင်း သောင်းချီကို ပြဿနာမရှိဘဲ အလွယ်တကူ လက်ခံနိုင်စွမ်း ရှိ၏။ သို့သော်လည်း ယဲ့ဖုန်းသည် ထိုမျှ လူများစွာကို ခေါ်ဆောင်သွားရန် မရည်ရွယ်ထားချေ။
ထို့ကြောင့် သူက ဆက်လက် မိန့်ကြားလိုက်သည်။
“လူအရမ်းများလို့ ရှုပ်ထွေးမှုတွေ မဖြစ်အောင် တက်ရောက်မယ့် သူအရေအတွက်က (၁၀၀၀) ထက် မကျော်လွန်ရဘူး”
“ဟာ...”
လူ (၁၀၀၀) သာ လိုက်ပါခွင့် ရှိမည်ဟု ကြားသိရသောအခါ တပည့်များမှာ အကြီးအကျယ် စိတ်ပျက်သွားကြသော်လည်း၊ မည်သို့ပင်ဆိုစေ သူတို့အားလုံး ကပျာကယာ စာရင်းပေးသွင်းလိုက်ကြ၏။
တစ်နာရီခန့် ကုန်လွန်သွားသောအခါ.. စုစုပေါင်း လူ (၆၀၀၀) ခန့် စာရင်းပေးသွင်းထားကြောင်း တွေ့ရှိရ၏။ ယဲ့ဖုန်းသည် ဤအခြေအနေအတွက် အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
“မဲနှိုက်တဲ့ စနစ်နဲ့ သွားမယ်”
“နေရာ (၁၀၀၀) ရှိတယ်... မဲပေါက်တဲ့သူတွေ လိုက်ခဲ့ရမယ်”
သူသည် လက်စွပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဝှေ့ယမ်းလိုက်၏။ ကောင်းကင်ယံတွင် တစ်ထပ်တည်း တူညီနေသော ပန်းပွင့်ဖတ် (၆၀၀၀) ခန့် ညင်သာစွာ ကျဆင်းလာ၏။
“မြန်မြန်... ဖမ်းကြဟေ့”
တပည့်များသည် ကောင်းကင်သို့ လျင်မြန်စွာ ခုန်ပျံတက်သွားပြီး ဖမ်းယူလိုက်ကြ၏။
လူတိုင်း ပန်းပွင့်ဖတ် တစ်ခုစီ ဖမ်းယူရရှိကာ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာကြပြီး၊ တပည့် (၆၀၀၀) လုံး ပန်းပွင့်ဖတ် တစ်ခုစီ ရရှိသွားချိန်တွင် အချို့သော တပည့်များသည် သူတို့လက်ထဲရှိ ပန်းပွင့်ဖတ်များမှာ လေအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြောင်း တွေ့ရှိလိုက်ရတော့သည်။
သေချာပေါက်ပင်။ အချို့သော တပည့်များ၏ ပန်းပွင့်ဖတ်များမှာ ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး ၎င်းတို့သည် နေရာတစ်ခု ရရှိသွားပြီဖြစ်ကြောင်း ရည်ညွှန်းနေသည်။
“ဝေး... မိုက်တယ်ဟေ့”
နေရာရရှိသွားသော တပည့်များမှာ ဝမ်းသာလုံးဆို့ နေကြတော့သည်။
“ရွှေရောင် ပန်းပွင့်ဖတ် ရတဲ့သူ အားလုံး မြင့်မြတ်သော နယ်မြေသခင် တက်လှမ်းခြင်း အခမ်းအနားကို တက်ရောက်ဖို့ ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ ကို ငါနဲ့အတူ လိုက်ခဲ့ကြ... ကျန်ခဲ့တဲ့သူတွေလည်း စိတ်ဓာတ်မကျကြနဲ့... ဂိုဏ်းထဲမှာ ကြိုးကြိုးစားစား ကျင့်ကြံတာကလည်း ရွေးချယ်မှု ကောင်းတစ်ခုပါပဲ”
ယဲ့ဖုန်းက မိန့်ကြားလိုက်၏။ ထိုသို့ ပြောကြားပြီးနောက် သူသည် လနီဂိတ်တံခါး အနီးသို့ ချဉ်းကပ်သွားသည်။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
ဟူဖေးဖေးသည် လနီဂိတ်တံခါးကို နောက်တစ်ဖန် ထုရိုက်ကာ သိုးမွှေးညှပ်နေပြန်ပြီး၊ သူမ၏ စည်းချက်များမှာ အလွန် ဆွဲဆောင်မှု ရှိလွန်းသဖြင့် ဂီတလက်ရာမြောက် တစ်ခုနီးပါး ဖြစ်လာနေချေပြီ။
“ကျေးဇူးရှင် အဘွားကြီးရယ်... ခဏလောက် အနားပေးလို့ မရဘူးလား”
အလင်းတံတိုင်း နောက်ကွယ်မှ နတ်ဘုရားမျိုးနွယ်စု စွမ်းအားရှင်များ၏ ညည်းတွားသံများကို ကြားနေရ၏။
“ဟေ့... ဟိုမှာ ကြည့်စမ်း... ယဲ့ဖုန်း ရောက်လာပြီဟေ့”
“ပြေးကြဟေ့”
ယဲ့ဖုန်း ရောက်ရှိလာမှုနှင့်အတူ အလင်းတံတိုင်း နောက်ကွယ်ရှိ နတ်ဘုရားမျိုးနွယ်စု စွမ်းအားရှင်များမှာ ယဲ့ဖုန်း၏ လေဟာနယ်ကို ဖြတ်သန်းကာ သေစေလောက်သော ကျိန်ဆဲမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့သဖြင့် အထိတ်တလန့် ထွက်ပြေးသွားကြတော့သည်။
“သူတို့က ငါ့ကို အဲဒီလောက်တောင် ကြောက်နေကြတာလား”
ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်လေး တွန့်ကွေးသွား၏။
သူသည် နတ်ဘုရားမျိုးနွယ်စု စွမ်းအားရှင်များကို ကြိမ်းမောင်းရန် ရည်ရွယ်ထားခဲ့သော်လည်း၊ သူ့ကို မြင်လိုက်သည်နှင့် တပိုင်းသူတော်စင်များဖြစ်စေ၊ ကောင်းကင်ဧကရီျားဖြစ်စေ အားလုံး ထွက်ပြေးသွားကြသဖြင့် သူ့ကို လှောင်ပြောင်ရန် အခွင့်အရေးပင် မပေးကြတော့ချေ။
“ဂိုဏ်းချုပ်... ရှင် ရောက်လာပြီပဲ”
ဟွမ်ယွမ်တုတ်တံကို ကိုင်ဆောင်ထားသော ဟူဖေးဖေးသည် ယဲ့ဖုန်း၏ အနီးသို့ ချဉ်းကပ်လာပြီး၊ သူမ၏ ပန်းရောင် မြေခွေးမြီး (၉) ချောင်းမှာ ယဲ့ဖုန်း၏ လက်မောင်းကို အဆက်မပြတ် ပွတ်သပ်နေကာ သူမ၏ မျက်နှာပေါ်တွင်လည်း ညို့ယူဖမ်းစားနိုင်သော အလှတရားများ ပြည့်နှက်နေ၏။
[ဟူဖေးဖေး ၏ အဆင့်တက် စွမ်းအင် - (၅၀.၇၈၁%)]
“လိုအပ်တဲ့ စွမ်းအင် ထက်ဝက်ကျော်နေပြီပဲ”
“မဆိုးပါဘူး”
ယဲ့ဖုန်း တော်တော်လေး ကျေနပ်သွား၏။
“အခု စွမ်းအင် တက်တဲ့နှုန်းက အရမ်းနှေးသွားပြီ”
ဟူဖေးဖေးက ညည်းတွားလိုက်၏။
“အရင်ကထက် အနည်းဆုံး တစ်ဝက်လောက် နှေးသွားတယ်”
“အဲဒါက မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ပိုအားကောင်းလာလို့လေ... ပြီးတော့ လနီဂိတ်တံခါး ရဲ့ တန်ပြန်သက်ရောက်မှု ကန့်သတ်ချက်ကိုလည်း နီးပါး ရောက်နေပြီ... မင်း ကြယ်(၄)ပွင့် အဆင့်လွန် ဝိညာဉ်ရတနာ ဖြစ်သွားတာနဲ့ လနီဂိတ်တံခါး ဆီကနေ သိုးမွေး ထပ်ညှပ်လို့ မရတော့ဘူး”
ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
“အဲဒါဆိုရင် နှမြောစရာကြီးပဲနော်”
ဟူဖေးဖေးက နှုတ်ခမ်းလေး ဆူကာ ပြောလိုက်၏။
“ကဲ... ဆက်လုပ်ပါ... ငါက ဒီတိုင်း ဖြတ်သွားရုံ သက်သက်ပါ”
ယဲ့ဖုန်းသည် သူ၏ လက်မောင်းကို ခါယမ်းလိုက်ပြီး ကောင်းကင်မူလ ပင်လယ်ဆီသို့ ဆက်လက် ထွက်ခွာသွားကာ၊ သူ၏ ခမ်းနားထည်ဝါသော အိမ်ဝင်းလေးကို အလုံးစုံ မြူခိုးဂိုဏ်း၏ ဝိညာဉ်ရေကန် ကမ်းစပ်သို့ ပြောင်းရွှေ့လိုက်သည်။
ရေပေါ်ဖြူမြို့တော်။
ကုန်းချင်းချိုးမှာ အလုပ်များဖြင့် ရှေ့မလှည့်နိုင် နောက်မလှည့်နိုင် ဖြစ်နေ၏။
ယဲ့ဖုန်း၏ အမိန့်အတိုင်း သူမသည် ရေပေါ်ဖြူမြို့တော်၏ မြို့သစ်ကို မြောက်ဘက်သို့ တိုးချဲ့နေပြီး၊ မီးတောက်မြစ် နှင့် ရေစီးမြစ် တို့ ဆုံရာ နေရာတွင် မြို့သစ်ကို တည်ဆောက်ခဲ့သည်။ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်သွားပါက ယွင်ရှောင် တောအုပ်ကြီး အတွင်းသို့ ဝင်ရောက်သွားမည် ဖြစ်၏။
“အခု လူဦးရေ (၃၅) သန်း ရှိသွားပြီ”
ကုန်းချင်းချိုးသည် လူဦးရေ စာရင်းသစ်များကို တစ်ချက် ကြည့်လိုက်၏။
“ဒါတင်မကဘူး... ကျင့်ကြံသူ အချိုးအစားကလည်း ဆယ်ပုံတစ်ပုံအထိ ရောက်နေပြီ... အရည်အသွေးက အလွန်မြင့်မားတယ်... လူဦးရေ သတ်မှတ်ချက် ပြည့်မီတာနဲ့ ငါတို့ အဆင့်မြှင့်တင်ဖို့ ဆက်လုပ်လို့ရပြီ”
*
မျက်တောင်တစ်ခတ်အတွင်းမှာပင် လဝက်နီးပါး ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ရွှယ်ယန်၏ မြင့်မြတ်သော နယ်မြေသခင် တက်လှမ်းခြင်း အခမ်းအနားနေ့ ရောက်ရှိလာချေပြီ။
မြူခိုးဂိုဏ်း၏ အထက် ကောင်းကင်ယံတွင်..
ယဲ့ဖုန်းသည် ရေခဲနှင့် နှင်း မြင့်မြတ်သော မြို့တော် ၏ တည်နေရာကို တွက်ချက်ကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး၊ သူ့အနောက်ရှိ တပည့် (၁၀၀၀) နှင့် အကြီးအကဲ အချို့ကို ဦးဆောင်ကာ အတွင်းသို့ ဝင်ရောက်သွားတော့သည်။
ရေခဲနှင့် နှင်း မြင့်မြတ်သော မြို့တော်။
ဒါက နှင်းများ ဖုံးလွှမ်းနေသော ဒေသတွင် တည်ဆောက်ထားသည့် မြင့်မြတ်သော မြို့တော်တစ်ခု ဖြစ်ပြီး၊ အဝေးမှ ကြည့်လျှင် ဖြူဖွေးနေသော နှင်းပြင်ကြီးအပေါ်တွင် ဖြူစင်သန့်ရှင်းစွာ တည်ရှိနေ၏။
“ဂိုဏ်းချုပ်ယဲ့... ကြိုဆိုပါတယ် ခင်ဗျာ”
ယဲ့ဖုန်းနှင့် သူ၏ အဖွဲ့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူကိုင်ဆောင်ထားသော ဖိတ်စာ၏ အရှိန်အဝါကို အာရုံခံမိသွားပြီး သူတို့ကို လာရောက် ဆီးကြိုလေတော့သည်။
--