အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) လူဆိုးလေး
မိမိသည် ပြည်သူ့လုံခြုံရေး ညွှန်ကြားရေးမှူးကြီးကို တကယ် ဆေးကုသပေးရလိမ့်မည်ဟု လျူအာကျူး ထင်မှတ်မထားခဲ့ပေ။
သူက ညွှန်ကြားရေးမှူးလျူကိုကြည့်ကာ ပြောလိုက်သည်။
"ဦးလေးက ရာထူးတက်ဖို့ တော်တော် စိတ်အားထက်သန်နေတာပဲနော်..."
ညွှန်ကြားရေးမှူးလျူက သူ့ကို ရှက်ကိုးရှက်ကန်းဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းက မင်းဦးလေးကို နောက်ပြောင်နေတာလား... မင်းသာ ငါ့အသက်အရွယ်ရောက်လို့ စခန်းမှူးဘဝပဲ ရှိသေးရင် မင်း နားလည်လာလိမ့်မယ်... ထားလိုက်ပါတော့ မင်းရဲ့စွမ်းရည်တွေနဲ့ဆိုရင် အနာဂတ်မှာ စခန်းမှူးလေးတစ်ခုတည်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."
ပုံမှန်အချိန်ဆိုလျှင် လျူအာကျူး၏ ထူးကဲလှသော စွမ်းဆောင်ရည်များဖြင့် သူသည် စခန်းမှူးလေးဘဝတွင်သာ ဆက်နေရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်ပေ။
သို့သော် သူ၏ နောက်ခံသမိုင်းကြောင်းများကြောင့် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပင် အလုပ်သမားတစ်ယောက်အဖြစ်သာ အလုပ်လုပ်နိုင်လေသည်။ သူသည် ဤဘဝတွင် အမှန်တကယ် တိုးတက်ချင်ပါက ၁၉၈၀ ပြည့်လွန်နှစ်များအထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
လျူအာကျူးသည် သူ၏လူကြီးဖြစ်သော ညွှန်ကြားရေးမှူးလျူနှင့် များများစားစား နောက်ပြောင်မနေတော့ဘဲ သူတို့သည် ပြည်သူ့လုံခြုံရေးဗျူရို ခြံဝင်းဆီသို့ စက်ဘီးများကို အတူတကွ နင်းသွားကြသည်။
ပြည်သူ့လုံခြုံရေးဗျူရို မိသားစုခြံဝင်းကို ခြံဝင်းကြီးဟု ခေါ်သော်လည်း ၎င်း၏ အရွယ်အစားမှာ လျူအာကျူး၏ ယခင်ဘဝက မြင်တွေ့ခဲ့ရသော မြို့တော်ရှိ ခြံဝင်းများနှင့် နှိုင်းယှဉ်လျှင် အလွန် သေးငယ်လှသည်။ သို့သော် ဤနေရာရှိ လူနေမှုဘဝမှာ အပြင်ဘက်ထက် သိသိသာသာ ပို၍ကောင်းမွန်သည်။
ကလေးများ၏ အဝတ်အစားများတွင် ဖာထေးထားရာများ ပါရှိသော်လည်း သူတို့သည် ဆာလောင်မှုကြောင့် ပိန်ချုံးနွမ်းနယ်နေခြင်း မရှိကြပေ။ ထို့အပြင် သူတို့သည် ဘောလုံးကစားရန်ပင် ခွန်အားများရှိပြီး တက်ကြွစွာ ပြေးလွှားဆော့ကစားနေကြသည်။
အပြင်လူများ ရောက်လာသည်ကို မြင်သောအခါ အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်သည် သူ၏ခါးမှ သစ်သားသေနတ်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ရန်သူတွေ လာပြီ... ရဲဘော်တို့ ငါ့နောက်ကနေ လိုက်တိုက်ကြ..."
ဘောလုံးကို စိတ်အားထက်သန်စွာ ကစားနေကြသော ကလေးများသည် ချက်ချင်း ပြေးလာကြပြီး လျူအာကျူးနှင့် အခြားနှစ်ယောက်ကို ဝန်းရံလိုက်ကြသည်။
သူတို့အားလုံးမှာ ဗျူရိုခေါင်းဆောင်များ၏ သားများဖြစ်ကြရာ ညွှန်ကြားရေးမှူးလျူက သူတို့ကို မစော်ကားရဲပေ။ သူက ခေါင်းဆောင်လုပ်နေသော ကောင်လေးကို အမြန် ပြောလိုက်သည်။
"မင်းက ချန်ထူ မဟုတ်လား... ဦးလေးက မင်းအဘိုးကို ကုသပေးဖို့ ဆရာဝန်တစ်ယောက် ခေါ်လာတာ... မင်းတို့တွေ ဘောလုံး သွားပြန်ကစားကြပါလား..."
ချန်ထူဟုခေါ်သော ကောင်လေးသည် ဆံပင်တိုတိုညှပ်ထားပြီး မျက်နှာတစ်ခုလုံးတွင် ဖုန်များ ပေကျံနေသည်။ လတ်တလောတွင် ချွေးများ စီးကျနေသဖြင့် သူ၏မျက်နှာအနှံ့တွင် အမည်းရောင် ချွေးကြောင်းများ ထင်ကျန်နေလေသည်။
သူသည် ဂရုမစိုက်သလို ညွှန်ကြားရေးမှူးလျူ၏ စကားကိုလည်း နားမထောင်ပေ။ သူ၏သစ်သားသေနတ်ဖြင့် ချိန်ရွယ်ကာ အော်ဟစ်လိုက်သည်။
"စကားဝှက် ပေးစမ်း..."
ညွှန်ကြားရေးမှူးလျူမှာ စကားမပြောနိုင်ဖြစ်သွားသည်။ အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်သော သူက ကလေးတစ်ယောက်နှင့် အလိုက်သင့် နေလိုက်မည်ဆိုပါက လူများက သူသည် ကလေးတစ်ယောက်ကိုပင် မနိုင်ဟု ပြောကြပေလိမ့်မည်။ ထို့ကြောင့် သူက ခြိမ်းခြောက်လိုက်သည်။
"မနောက်နဲ့တော့... မင်းအဘိုးကို ဆေးကုဖို့က အရေးကြီးတဲ့ကိစ္စပဲ... မင်းသာ အချိန်ဆွဲနေရင် မင်းအဖေ မင်းကို ထပ်ရိုက်တာ ခံရလိမ့်မယ်နော်..."
ဤစကားကို ကြားသောအခါ ချန်ထူသည် သူ၏လည်ပင်းကို ပုဝင်သွားစေမိပြီး သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
ညွှန်ကြားရေးမှူးလျူက သူ ဖယ်ပေးတော့မည်ဟု ထင်လိုက်စဉ်မှာပင် ချန်ထူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏အဖော်လေးများက သူ့ကို စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ ဤကဲ့သို့ နောက်ဆုတ်လိုက်ခြင်းက မျက်နှာပျက်စရာဖြစ်မည်ဟု ရုတ်တရက် ခံစားလိုက်ရသဖြင့် သူက လည်ပင်းကို မတ်ထားကာ အော်လိုက်သည်။
"အပိုတွေ ပြောမနေနဲ့... ငါက ငါ့အဖေကို မကြောက်ဘူး... စကားဝှက်ကို အခုချက်ချင်း ပေး..."
ညွှန်ကြားရေးမှူးလျူသည် ကလေးတစ်ယောက်၏ စကားဝှက်ကို မည်သို့ သိနိုင်မည်နည်း။ ဤလူဆိုးလေး သည်မျှလောက် ခေါင်းမာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ လျူအာကျူး၏ရှေ့တွင်လည်း သူ မျက်နှာမပျက်ချင်သဖြင့် ဟောက်လိုက်သည်။
"ထွက်သွားစမ်း... ပြီးခဲ့တဲ့အကြိမ်က မင်းအဖေက မင်းကို မိဘတွေတစေ အော်ငိုရတဲ့အထိ ရိုက်ခဲ့တာကို မင်း မေ့သွားပြီလား..."
ကလေးများမှာ ချက်ချင်းပင် ရယ်မောလိုက်ကြသည်။ သူတို့သည် ချန်ထူကို မကြောက်ကြပေ။
ရယ်မောသံများကြောင့် မျက်နှာပျက်သွားသော ချန်ထူက မျက်နှာနီရဲလာပြီး လည်ပင်းကြောများ ထောင်လာကာ ညွှန်ကြားရေးမှူးလျူကို သေနတ်ဖြင့် ချိန်လိုက်သည်။
"ခင်ဗျား... ခင်ဗျား... ဘာပဲဖြစ်ဖြစ် ဒီနေ့ စကားဝှက်မပါဘဲ အထဲဝင်ဖို့ မစဉ်းစားနဲ့..."
ညွှန်ကြားရေးမှူးလျူမှာ ဒေါသထွက်သွားသည်။ ထိုကောင်လေးကို ပညာပေးချင်သော်လည်း ညွှန်ကြားရေးမှူးချန်ကို စော်ကားမိမည်ကို စိုးရိမ်နေလေသည်။
သူက အလျှော့ပေးကာ စကားဝှက်ကို မေးရန် စဉ်းစားနေစဉ်မှာပင် လျူအာကျူးသည် နှုတ်ခမ်းကို တွန့်လိုက်ပြီး ညွှန်ကြားရေးမှူးလျူ၏ ပခုံးကို ပုတ်ကာ ရှေ့သို့ ထွက်လာခဲ့သည်။ ထို့နောက် ချန်ထူ၏ အနောက်ဘက်သို့ ကြည့်ကာ အံ့သြဟန်ဆောင်လိုက်သည်။
"အစ်ကိုချန်... ဘာလို့ ခါးပတ်ကြီး ကိုင်ထားတာလဲ... ကလေးကို မရိုက်ပါနဲ့... သူက တမင်တကာ တားနေတာ မဟုတ်ပါဘူး..."
ဤစကားကို ကြားသောအခါ ချန်ထူသည် နောက်သို့ လှည့်ကြည့်ရန် သို့မဟုတ် လျူအာကျူးတို့အဖွဲ့နှင့် ပြဿနာရှင်းရန်ပင် ဂရုမစိုက်တော့ပေ။ သူက ချက်ချင်း ထွက်ပြေးလေတော့သည်။
သူသည် မိုးပေါ်မြေအောက်တွင် မည်သည့်အရာကိုမျှ မကြောက်သော်လည်း သူ့အဖေ၏ ခါးပတ်ကိုမူ ကြောက်လေသည်။ အရိုက်ခံရချိန်တွင် အလွန်နာကျင်လှပေသည်။
သို့သော် ချန်ထူသည် ခြံဝင်းတံခါးအပြင်ဘက်သို့ ပြေးထွက်သွားပြီးနောက် သတ္တိမွေးကာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့အဖေက သူ့ကို လိုက်မဖမ်းသည်သာမက ပေါ်ပင် မလာခဲ့ကြောင်း တွေ့လိုက်ရသည်။
သူ၏အဖော်လေးများက သူ၏ သနားစရာအခြေအနေကို လက်ညှိုးထိုးကာ အူတက်မတတ် ရယ်မောနေကြသည်။
လျူအာကျူးနှင့် အခြားနှစ်ယောက်သည် သူတို့၏ စက်ဘီးများကို အေးဆေးစွာ နင်း၍ ထွက်သွားကြသည်။
မိမိ အရူးလုပ်ခံလိုက်ရကြောင်း ချန်ထူ ချက်ချင်း သိလိုက်၏။ သူသည် လျူအာကျူးကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် အော်လိုက်သည်။
"ခင်ဗျား... မှတ်ထားလိုက်..."
လျူအာကျူးသည် ချန်ထူကို ဂရုမစိုက်ဘဲ ညွှန်ကြားရေးမှူးချန်၏ အိမ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
သူတို့သုံးယောက်သည် စက်ဘီးများကို အတူတကွ ထောက်လိုက်ကြသည်။
ညွှန်ကြားရေးမှူးလျူ အိမ်ထဲသို့ ဝင်မည်ပြုစဉ် လျူအာကျူးက မလှုပ်ရှားသေးသည်ကို သတိပြုမိလိုက်သည်။ ထို့အစား လျူအာကျူးသည် သူ၏လွယ်အိတ်ထဲမှ သကြားလုံး အနည်းငယ်ကို နှိုက်ယူနေသည်။
ထို့နောက် လျူအာကျူးသည် အဝေးမှ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသော မိန်းကလေးငယ်တစ်ဦးကို လက်ယပ်ခေါ်လိုက်သည်။ သူမ ရောက်လာသောအခါ သူက မေးလိုက်သည်။
"ညီမလေးက ချန်ထူကို ကြောက်လား..."
"မကြောက်ဘူး..."
မိန်းကလေးငယ်က လျူအာကျူး၏ လက်ထဲရှိ နို့သကြားလုံးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူမသည်လည်း အရာရှိမိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း အိမ်တွင် ကလေးများလွန်းသဖြင့် သူမကဲ့သို့ မိန်းကလေးငယ်တစ်ဦးမှာ သကြားလုံးကို မကြာခဏ မစားရသောကြောင့် သူမသည် အလွန်စားချင်နေလေသည်။
လျူအာကျူးက ယုန်ဖြူနို့သကြားလုံးကို မိန်းကလေးငယ်၏ လက်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုကြီးတို့ရဲ့ စက်ဘီးတွေကို ကူစောင့်ပေးပါလား... တစ်ယောက်ယောက်က အစ်ကိုကြီးတို့ စက်ဘီးသုံးစီးကို လာနှောင့်ယှက်ရင် ဦးလေးချန်အိမ်ရှေ့သွားပြီး အစ်ကိုကြီးကို ခေါ်လိုက်... ကျယ်ကျယ်လေး အော်ခေါ်နော်..."
"ဟုတ်ကဲ့…”
မိန်းကလေးငယ်သည် လေးနက်စွာ ကတိပေးလိုက်ပြီးနောက် သကြားလုံးကို ပါးစပ်ထဲငုံကာ စက်ဘီးများကို စောင့်ကြည့်ရန် ဘေးဘက်သို့ ပျော်ရွှင်စွာ ပြေးသွားလေသည်။
ညွှန်ကြားရေးမှူးလျူသည် လျူအာကျူး၏ အစီအစဉ်ကို ရိပ်မိသွားပြီး လက်မထောင်ကာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ထို့နောက်မှသာ သူတို့သုံးယောက်သည် ညွှန်ကြားရေးမှူးချန်၏ အိမ်ထဲသို့ အတူတကွ ဝင်ရောက်သွားကြ၏။
အထဲသို့ ရောက်သောအခါ ဗျူရိုညွှန်ကြားရေးမှူးကြီး တစ်ယောက်၏ အိမ်ပီပီ ၈၀ ပြည့်လွန်နှစ်များ သို့မဟုတ် ၉၀ ပြည့်လွန်နှစ်များ၏ ပုံစံမျိုး ရှိနေပြီဖြစ်ကြောင်း လျူအာကျူး တွေ့လိုက်ရသည်။
အခန်းသုံးခန်းရှိ၏။ ဧည့်ခန်းမဆောင်တွင် မျက်နှာကြက်ပန်ကာဟောင်းတစ်လုံး ရှိ၏။ နံရံများတွင် မဟာဆရာကြီး နှင့် စစ်သူကြီးအမျိုးမျိုး၏ ပိုစတာများကို ကပ်ထားပြီး ကမ္ဘာ့မြေပုံနှင့် ရေဒီယိုတစ်ခုလည်းရှိသည်။
ငွေရောင်ဆံပင်နှင့် အဘွားအိုတစ်ဦးသည် ဧည့်ခန်းတွင် ထိုင်ကာ အဝတ်အစားများကို ဖာထေးနေသည်။ အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကလေးတစ်ယောက်၏ အဝတ်အစားများဖြစ်ကြောင်း သိနိုင်ပြီး ချန်ထူ၏ အဝတ်များ ဖြစ်ဟန်တူသည်။
ထိုကဲ့သို့သော လူဆိုးလေးတစ်ယောက်နှင့်ဆိုလျှင် တစ်နေ့လျှင် အဝတ်တစ်ထည် မပျက်စီးပါက သူ၏ ထိုးကြိတ်ချင်စရာကောင်းသော အမူအကျင့်နှင့် တန်မည်မဟုတ်ပေ။
"အဒေါ်.. ညွှန်ကြားရေးမှူးကြီး အိမ်မှာရှိလား... လေးဘက်နာရောဂါကို ကုသနိုင်တယ်ဆိုတဲ့ ဆရာဝန်တစ်ယောက်ကို ကျွန်တော် ခေါ်လာလို့ပါ..."
ညွှန်ကြားရေးမှူးလျူက လျှောက်သွားကာ ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
အဘွားအိုသည် ဇဝေဇဝါဖြင့် သူမ၏ စာဖတ်မျက်မှန်ကို တည့်မတ်လိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်ကာ သတိရသွားသည်။
"လျူကွမ်လား... မင်းကို မတွေ့ရတာ ကြာပြီဆိုတော့ ဘယ်သူလဲဆိုတာတောင် မေ့တော့မလို့ပဲ..."
အခြားတစ်ယောက်သာဆိုလျှင် ဤစကားကို မကြာခဏ အလည်မလာခြင်း သို့မဟုတ် လက်ဆောင်များ မယူလာခြင်းအတွက် သွယ်ဝိုက်သော ပြစ်တင်ဝေဖန်မှုအဖြစ် အထင်လွဲသွားနိုင်သည်။
သို့သော် ညွှန်ကြားရေးမှူးလျူကမူ ဤမိသားစုသည် အပြစ်ကင်းစင်ပြီး အလွန် ဖြောင့်မတ်ကြောင်း သိထားသည်။ လူများသည် သူတို့ကို လက်ဆောင်ပေးရန် အခွင့်အရေးပင် မရကြသလို သူတို့ကလည်း လက်အောက်ငယ်သားများထံမှ အကျိုးအမြတ်များ ရယူရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုမည် မဟုတ်ပေ။
"အဒေါ်... ကျွန်တော်က ဗျူရိုညွှန်ကြားရေးမှူးကြီး အရမ်း အလုပ်များနေမှာ စိုးရိမ်လို့ပါ... သူ့ကို မနှောင့်ယှက်ရဲလို့ပါ..."
ညွှန်ကြားရေးမှူးလျူက ပြေပြစ်သော အပြုံးဖြင့် ရှင်းပြလိုက်သည်။
ထို့နောက် အဘွားအိုသည် သူ့ဘေးရှိ လူနှစ်ယောက်ကို ကြည့်လိုက်သည်။
သူမသည် လျူအာကျူးကို အကဲခတ်လိုက်ပြီး အတော်လေး ရုပ်ရည်ချောမောသော လူငယ်လေးဖြစ်ကြောင်း ချီးကျူးလိုက်သည်။ ထို့နောက် တာ့ရွှယ်ထိုကို ကြည့်လိုက်သည်။
"ဒါက ဆရာဝန်ဖြစ်ရမယ် ဟုတ်တယ်မလား... ငါ့အဘိုးကြီးရဲ့ လေးဘက်နာရောဂါက ပြန်ထနေပြန်ပြီ... သူက အရမ်းနာကျင်နေလို့ ထတောင် မထနိုင်တော့ဘူး..."
တာ့ရွှယ်ထိုက အလျင်အမြန် လက်ခါပြလိုက်သည်။
"ကျွန်တော်က ကျွန်တော့်ရဲ့တပည့်နဲ့ အတူတူ လိုက်လာတာပါ... သူ့ရဲ့ ဆေးပညာစွမ်းရည်က ကျွန်တော့်ထက် ပိုသာပါတယ်... ဒီတစ်ကြိမ် ညွှန်ကြားရေးမှူးကြီးကို သူက ကုသပေးမှာပါ..."
အဘွားအိုသည် ပြည်သူ့လုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးကြီး၏ မိသားစုကို မည်သူကမျှ ဤသို့ နောက်ပြောင်ရဲမည် မဟုတ်ကြောင်း ယုံကြည်ထားသဖြင့် လျူအာကျူးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"စစ်မှန်တဲ့ သူရဲကောင်းဆိုတာ လူငယ်တွေထဲက ထွက်ပေါ်လာတာပဲ... မင်းက ငယ်ငယ်လေးနဲ့ မင်းဆရာရဲ့ ဆေးပညာစွမ်းရည်တွေကိုတောင် ကျော်လွန်နေပြီလား..."
"ကျွန်တော့်ဆရာက ကောင်းကောင်း သင်ပေးခဲ့လို့ပါ... ဗျူရိုညွှန်ကြားရေးမှူးကြီးကို အရင်သွားကြည့်ရအောင်... သူ့ရဲ့ နာကျင်မှုကို ကျွန်တော် အရင်ရပ်တန့်ပေးမယ်... ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ကို သက်သာသွားစေရမယ်..."
လျူအာကျူးက တိုက်တွန်းလိုက်သည်။
"ကောင်းပြီ... ငါ့နောက်ကို လိုက်ခဲ့ကြ..."
အဘွားအိုသည် အဝတ်အစားများကို ချထားခဲ့ပြီး သူတို့သုံးယောက်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားလေသည်။
အတွင်းခန်းထဲတွင် အဘိုးကြီးတစ်ဦးသည် ခြေထောက်များကို စောင်ခြုံထားကာ ပက်လက်ကုလားထိုင်ပေါ်တွင် တစ်မှေးအိပ်နေသည်။ သူ၏ လေးထောင့်စပ်စပ် မျက်နှာသည် သဘာဝအလျောက် သြဇာတိက္ကမ အပြည့်ရှိနေသော်လည်း သူ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးနေပြီး ကြီးမားသော နာကျင်မှုကို အထင်အရှား သည်းခံနေရသည်။