← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂) ခင်ဗျားက ကျုပ်နဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ချင်နေတာလား

"အဘိုးကြီး... လျူကွမ်က ရှင့်အတွက် ဆရာဝန်ခေါ်လာတယ်... နိုးတော့လေ..."

အဘွားအိုက တိုးညင်းစွာ ခေါ်လိုက်လေသည်။

ကျွီခနဲ အသံထွက်ပေါ်လာ၏။

ပက်လက်ကုလားထိုင်ပေါ်ရှိ အဘိုးအိုသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ၏ရှေ့ရှိ လူသုံးယောက်ကို ကြည့်လိုက်သည်။

သူသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း သူ၏အကြည့်များက စူးရှနေဆဲဖြစ်ရာ လျူအာကျူးမှာ စစ်မြေပြင်တွင် ကျည်ဆန်မိုးများကြား ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခဏ၌ ဤအဘိုးအိုသည် စစ်မြေပြင်သို့ အမှန်တကယ် ရောက်ဖူးပြီး လူမြောက်မြားစွာကို သတ်ဖြတ်ခဲ့ဖူးကြောင်း သူ သေချာသွားသည်။

လျူကွမ်သည် အဘိုးအိုကို တွဲကူရန် အမြန်လျှောက်သွားပြီး လျူအာကျူးကို မိတ်ဆက်ပေးရန် ရည်ရွယ်လိုက်၏။

ညွှန်ကြားရေးမှူးချန်က လက်ကာပြလိုက်ပြီး လျူအာကျူးကို ပြုံး၍ ကြည့်လိုက်လေသည်။

"ငါ သူ့ကို သိတယ်... သူလျှိုကို ဖမ်းမိတဲ့ သူရဲကောင်းလေးလေ... ငါ အရင်က သူ့ကို မြင်ဖူးတယ်... ပြီးတော့ ဓာတ်ပုံတောင် အတူတူ ရိုက်ခဲ့သေးတယ်..."

လျူအာကျူးက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်... ညွှန်ကြားရေးမှူးကြီးက ကျွန်တော့်ကို မှတ်မိနေသေးလိမ့်မယ်လို့ မထင်ထားဘူး..."

"မင်းလို သူရဲကောင်းလေးကို ငါက ဘယ်လိုလုပ် မေ့နိုင်မှာလဲ... မင်းက ရောဂါတွေကိုပါ ကုသတတ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး..."

ညွှန်ကြားရေးမှူးချန်က ပြုံးလျက် ပြောလေသည်။

"နည်းနည်းပါးပါးတော့ တတ်ပါတယ်..."

လျူအာကျူးသည် ညွှန်ကြားရေးမှူးချန်၏ ခြေထောက်ကို ကြည့်ရင်း အလွန်နှိမ့်ချစွာ ပြောလိုက်သည်။

“ညွှန်ကြားရေးမှူးကြီးရဲ့ ခြေထောက်ကို ကျွန်တော် ကြည့်ပေးဖို့ အဆင်ပြေနိုင်မလား..."

"ဘာတွေ အဆင်မပြေဖြစ်စရာရှိလို့လဲ... ပြီးတော့ ငါက အငြိမ်းစားယူတော့မှာဆိုတော့ ညွှန်ကြားရေးမှူးလို့ မခေါ်ပါနဲ့တော့... အဘိုးလို့ပဲ ခေါ်ပါ..."

ညွှန်ကြားရေးမှူးချန်က ရယ်မောလိုက်သည်။

လျူအာကျူးမှာ အနည်းငယ် အနေရခက်သွား၏။ အသက်အရွယ်ကြီးရင့်သော မိဘများမှ မွေးဖွားလာသော ကလေးတစ်ယောက်အနေဖြင့် လူမှုဆက်ဆံရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အမှန်တကယ် ခက်ခဲစေကြောင်း သူ သဘောပေါက်လိုက်သည်။

သူ၏ကိုယ်ပိုင်ဖခင်မှာ အတော်လေး အသက်ကြီးနေပြီဖြစ်သော်လည်း သူကတော့ ငယ်ရွယ်နေသေး၏။ အကယ်၍ သူက ညွှန်ကြားရေးမှူးချန်ကို 'အဘိုး' ဟု ခေါ်လိုက်လျှင် သူ့ဖခင်အတွက် နစ်နာသွားပေမည်။ အကယ်၍ 'ဦးလေးကြီး' ဟု ခေါ်လိုက်လျှင်လည်း သူသည် ဘေးနားရှိ ညွှန်ကြားရေးမှူးလျူနှင့် မျိုးဆက်တစ်ခုတည်း ဖြစ်သွားပေလိမ့်မည်။

သို့သော် သူ၏ဖခင် မနစ်နာစေရန်အတွက် လျူအာကျူးသည် အခေါ်အဝေါ်ကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

"ညွှန်ကြားရေးမှူးချန်... ကျွန်တော့်အဖေက ခင်ဗျားထက် သိပ်ပြီး မငယ်ပါဘူး... အဲဒါကြောင့် ခင်ဗျားကို ဦးလေးကြီးလို့ပဲ ခေါ်ပါရစေ..."

ညွှန်ကြားရေးမှူးလျူ၏ မျက်နှာမှာ မည်းမှောင်သွား၏။

ညွှန်ကြားရေးမှူးချန်က အားရပါးရ ရယ်မောလိုက်သည်။

"မင်းအဖေက အသက်ကြီးမှ မင်းကို ရခဲ့တာ ထင်တယ်... ကောင်းပြီလေ... မင်းက ငါ့ကို ဦးလေးကြီးလို့ ခေါ်ချင်ရင်လည်း ခေါ်ပေါ့... မင်းနဲ့ ရှောင်လျူတို့ မျိုးဆက်ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ မင်းတို့ကိစ္စပဲ..."

"ဟုတ်ကဲ့... ဒါဆို ဦးလေးကြီးချန်... ကျွန်တော် ခင်ဗျားရဲ့ ခြေထောက်ကို စစ်ဆေးကြည့်ပါရစေ..."

လျူအာကျူးသည် ညွှန်ကြားရေးမှူးချန်၏ ဘောင်းဘီအောက်နားစကို ခေါက်တင်လိုက်ရာ အမာရွတ်များဖြင့် ပြည့်နှက်နေသော ခြေထောက်တစ်ဖက်ကို တွေ့လိုက်ရသည်။

ဓားဒဏ်ရာများ၊ ကျည်ဆန်ဝင်ထားသော အရာများနှင့် အခြားသော အသေးစား အမာရွတ် ဆယ်ခုကျော်ခန့် ရှိနေသည်။

သူသည် အလွန်ပိန်လွန်းသောကြောင့် သွေးကြောများမှာ ပုံမှန်ထက် ပိုမိုထင်ရှားနေပြီး ကြွက်သားများမှာ နာကျင်မှုကြောင့် တင်းမာနေသည်။

လျူအာကျူးက သူ၏လွယ်အိတ်ထဲမှ ရွှေအပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။

ငွေအပ်များမှာ ပုံပန်းသဏ္ဌာန်အားဖြင့် အလွန်ပျော့ပျောင်းလွန်းရာ ကြွက်သားများ ဤမျှတင်းမာနေချိန်တွင် ထိုးစိုက်ရန် ပျက်ကွက်သွားနိုင်ခြေ များသည်။

ရွှေအပ်ထုပ်ကို မြင်လိုက်ရသည့်အခါ ညွှန်ကြားရေးမှူးချန်၏ အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက စူးစမ်းသောလေသံဖြင့် မေးလိုက်၏။

"မင်းက တကယ်ပဲ မြေရှင်ကြီး နောက်ခံကလာတာပဲ... ဒီရွှေအပ်တွေက သွန်းလုပ်ဖို့ လွယ်ကူမှာမဟုတ်ဘူးမလား... မင်း မိသားစုရဲ့ ပိုင်ဆိုင်မှုက အတော်လေး တောင့်တင်းတာပဲ..."

လျူအာကျူးမှာ အပ်စိုက်ကုသခြင်းတွင် အလုပ်များနေသဖြင့် ရှင်းပြရန် အချိန်မဆွဲတော့ပေ။

တာ့ရွှယ်ထိုက အမြန်ဝင်၍ ပြောလိုက်သည်။

"ညွှန်ကြားရေးမှူး... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့...ဒါတွေက ကျွန်တော့်ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာခဲ့တာပါ... ကျူးဇီကို သုံးဖို့ ကျွန်တော် ပေးထားတာပါ... ရွှေအပ်တွေကို သုံးတာက ကြွားဝါဖို့မဟုတ်ပါဘူး... တချို့အခြေအနေတွေမှာ ရွှေအပ်တွေက ပိုပြီးသင့်တော်လို့ပါ..."

"အိုး... အဲဒီလို အကြောင်းပြချက်မျိုး ရှိတာလား..."

ညွှန်ကြားရေးမှူးချန်မှာ အံ့အားသင့်သွားသည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အရာက သူ့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။ လျူအာကျူးသည် အပ်စိုက်ခြင်းကို မြန်ဆန်စွာ အဆုံးသတ်လိုက်ပြီး မတ်တတ်ရပ်ကာ မေးလိုက်သည်။

"ဘယ်လိုနေလဲ... မနာတော့ဘူးမလား..."

ညွှန်ကြားရေးမှူးချန်သည် လျူအာကျူး၏ ရွှေအပ်များ မည်သည့်နေရာမှ ရလာသနည်းဆိုသည်ကိုသာ စဉ်းစားနေခဲ့သောကြောင့် သေချာသတိမထားမိခဲ့ပေ။

ဤအချိန်၌ သူသည် စမ်းသပ်ကြည့်လိုက်ရာ ချက်ချင်းပင် ဝမ်းသာအားရ အံ့ဩသွားသော အမူအရာကို ပြသလိုက်၏။

"တကယ်ပဲ မနာတော့ဘူးပဲ... မင်းရဲ့ ဆေးပညာစွမ်းရည်က အဲဒီလောက်တောင် ကောင်းတာလား..."

"ကောင်းမွန်တဲ့ ဆေးပညာစွမ်းရည်တွေက အသုံးမဝင်ပါဘူး... ဒီရွှေအပ်တွေသာ မရှိဘူးဆိုရင် ကျွန်တော် ခင်ဗျားကို ကုသပေးနိုင်ခဲ့မှာ မဟုတ်ဘူး..."

လျူအာကျူးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ညွှန်ကြားရေးမှူးလျူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူသည် လျူအာကျူးကို ညင်သာစွာ ဆွဲလိုက်ကာ စည်းလွတ်ဘောင်လွတ် မပြောရန် အချက်ပြလိုက်သည်။

ညွှန်ကြားရေးမှူးချန်မှာလည်း အနည်းငယ် ရှက်ရွံ့သွားပုံပေါ်သော်လည်း သူသည် စိတ်သဘောထား သေးသိမ်သူမျိုး မဟုတ်ပေ။ သူသည် မိမိ၏အမှားကို ဝန်ခံတတ်သူတစ်ဦး ဖြစ်သည်။ သူက အမြန်တောင်းပန်လိုက်၏။

"ငါ အမြင်ကျဉ်းသွားတယ်... ကုသရေးမှာ အဲဒီလို တိကျတဲ့ လိုအပ်ချက်တွေ ရှိတယ်ဆိုတာ ငါ မသိခဲ့ဘူး... ကျူးဇီ... ငါ့ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ..."

"အဘွားကြီး... အိမ်ထဲက ကျုံးဟွာစီးကရက် ကတ်ကို ယူလာခဲ့ပြီး ကျူးဇီကို တောင်းပန်တဲ့အနေနဲ့ ပေးလိုက်..."

အဘွားအိုသည် ဆရာဝန်များစွာနှင့် ပြသခဲ့ဖူးသော်လည်း မည်သူကမျှ သူမယောက်ျားကို ဤမျှ မြန်ဆန်စွာ အနာသက်သာစေခြင်းမျိုး မတတ်နိုင်ခဲ့ပေ။

ယခု လျူအာကျူး၏ ဆေးပညာစွမ်းရည်မှာ ထိရောက်မှုရှိသည်ကို တွေ့ရသောအခါ သူမသည် အလွန်ဝမ်းသာသွားသည်။ သူမသည် ကျုံးဟွာ စီးကရက် ကတ်ကို အမြန်သွားယူကာ လျူအာကျူး၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"ကျူးဇီ... ဒီအဘိုးကြီးအတွက် စိတ်ထဲမထားပါနဲ့... သူက တစ်သက်လုံး စစ်သားလုပ်လာတာဆိုတော့ အဲဒီတုန်းက မြေရှင်ကြီးတွေရဲ့ အဆင့်အတန်းကို ခွဲခြားသတ်မှတ်တဲ့နေရာမှာ တာဝန်ယူခဲ့ရလို့ သူ့ရဲ့ အာရုံကြောတွေက နည်းနည်း ထိလွယ်ရှလွယ် ဖြစ်နေတာပါ..."

လျူအာကျူးသည် အမှန်တကယ် ဒေါသထွက်နေခြင်း မဟုတ်ပေ။ သူက အခြားသူများကို အထင်မလွဲစေချင်ရုံသာ ဖြစ်သည်။ သူ၏ မျက်နှာထားမှာ ပြေလျော့သွားပြီး ပြောလိုက်၏။

"ကုသစရိတ်ကိစ္စကို နောက်မှ ပြောကြတာပေါ့... အရင်ဆုံး ရောဂါအကြောင်း ပြောပြပါရစေ..."

"ဦးလေးကြီးချန်... ဒီရောဂါက ရူမက်တစ်အဆစ်အမြစ်ရောင်ရောဂါပဲ... အဲဒါက ကိုယ်ခံအားစနစ်မှာ ပြဿနာရှိလို့ ဖြစ်ရတာပါ... ခင်ဗျား ရေရှည်သောက်ဖို့အတွက် ကျွန်တော် ဆေးတချို့ ရေးပေးပါ့မယ်... ပြီးတော့ ရေနွေးအိတ်ကပ်တာတွေ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း လိုအပ်ပါလိမ့်မယ်..."

ညွှန်ကြားရေးမှူးချန်၏ မျက်လုံးများမှာ အရောင်လက်သွားသည်။

"ပျောက်နိုင်ပါ့မလား..."

"ကုသမှု ဆယ်ကြိမ် ခံယူရပါမယ်... တစ်ကြိမ်ကို ဆယ်ရက်ပါ..."

"အစောပိုင်းအဆင့်တွေမှာ ခင်ဗျား ပုံမှန်လှုပ်ရှားနိုင်အောင် အနာသက်သာစေတဲ့ဆေးတွေ ပိုထည့်ပေးထားပါ့မယ်..."

"ဆေးသောက်ပြီးသွားရင်တော့ လုံးဝပျောက်ကင်းသွားဖို့ အလားအလာ အများကြီးရှိပါတယ်... အကယ်၍ မပျောက်ဘူးဆိုရင်တော့ ကျွန်တော့်ဆီ လာရှာလှည့်ပါ..."

လျူအာကျူးက ပြောနေရင်း အဘွားအို ကမ်းပေးသော စာရွက်နှင့် ဘောပင်ကို ယူကာ ဆေးညွှန်း၊ သောက်သုံးရမည့်နည်းလမ်းနှင့် အခြားသော ကြိုတင်ကာကွယ်ရမည့်အချက်များကို ရေးချလိုက်သည်။

အဘွားအိုသည် ထိုစာရွက်ကို တန်ဖိုးကြီးမားသော ရတနာတစ်ပါးကဲ့သို့ သိမ်းဆည်းလိုက်ပြီး ဆေးသွားဝယ်ရန် အပြင်သို့ အမြန်လျှောက်သွားလိုက်သည်။

လျူအာကျူးက ပထမဆုံး ရွှေအပ်များကို ဖယ်ရှားလိုက်လေသည်။

"ဦးလေးကြီးချန်... အာနိသင်က နာရီဝက်လောက်တော့ ခံပါလိမ့်မယ်... ဒါပေမဲ့ ရေရှည် အပ်စိုက်တာကလည်း မကောင်းပါဘူး... ဒါကြောင့် နောက်ပိုင်း နာလာရင် ဆေးသောက်ဖို့ပဲ စောင့်ပါ..."

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ..."

ညွှန်ကြားရေးမှူးချန်သည် အမြန်မတ်တတ်ရပ်လိုက်ရာ သူ အမှန်တကယ်ပင် လွတ်လပ်စွာ လမ်းလျှောက်နိုင်ကြောင်း တွေ့လိုက်ရသည်။

အနည်းငယ် နာကျင်မှု ရှိနေသေးသော်လည်း ယခင်ကထက် များစွာ သက်သာသွားပြီး သူ့အတွက် အတားအဆီး မဖြစ်တော့ပေ။

ညွှန်ကြားရေးမှူးချန်မှာ အတိုင်းမသိ ဝမ်းသာနေမိသည်။ ဤရောဂါကို စတင်ခံစားရကတည်းက မိုးရွာတော့မည့်အချိန် သို့မဟုတ် မိုးရွာနေချိန်တိုင်းတွင် နာကျင်မှုမှာ မခံမရပ်နိုင်အောင် ဖြစ်ရသည်။ သူသည် ဆယ်နှစ်ကျော်တိုင်တိုင် နှိပ်စက်ခံခဲ့ရသည် မဟုတ်ပါလော။

ယခု နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာရန် အခွင့်အရေး ရရှိလာပြီဖြစ်ရာ သူမှာ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ သူသည် အလိုအလျောက်ပင် လျူအာကျူး၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ကျူးဇီ... ဒီနေ့ကစပြီး မင်းဟာ ငါ့ရဲ့ တူအရင်းပဲ... ဘယ်သူမှပြောလို့ မရဘူး..."

ညွှန်ကြားရေးမှူးလျူသည် လျူအာကျူးကို မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။

လျူအာကျူးကို ဤနေရာသို့ ခေါ်လာပြီး ညွှန်ကြားရေးမှူးကြီးအား ကုသပေးခြင်းက သေချာပေါက် အကျိုးအမြတ်များ ရရှိစေမည်ကို သူ သိထားသည်။

သို့သော် လျူအာကျူး ရရှိလိုက်သော အကျိုးအမြတ်မှာ သိသိသာသာပင် ပို၍ ကြီးမားနေသည်။

ပြည်သူ့လုံခြုံရေး ညွှန်ကြားရေးမှူးကြီးတစ်ယောက်ကို ဦးလေးကြီးအဖြစ် ရထားမှတော့ သူသည် ယခုမှစ၍ ခရိုင်ထဲတွင် ခေါင်းမော့ပြီး ဘေးတိုက်လျှောက်လှမ်းနိုင်တော့မည် မဟုတ်ပါလော။

လျူအာကျူးက ပြုံးလိုက်၏။

"ဟုတ်ကဲ့ပါ ဦးလေးကြီး..."

ညွှန်ကြားရေးမှူးချန်မှာ အလွန်ဝမ်းသာနေပြီး ညွှန်ကြားရေးမှူးလျူကို ချက်ချင်း ပြောလိုက်သည်။

"ရှောင်လျူ၊ ကျူးဇီနဲ့ ဒီညီလေးတို့... ဒီနေ့ မပြန်ကြနဲ့ဦး... ငါတို့ အတူတူ သောက်ကြရအောင်..."

သူတို့ စကားပြောနေစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် တံခါးဝမှ အလျင်စလို ဝင်လာကြသည်။

အမျိုးသားမှာ အရပ်ရှည်ပြီး ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ တုတ်ခိုင်ကာ သူ၏မျက်နှာပေါ်ရှိ အမာရွတ်တစ်ခုကြောင့် အတော်လေး ကြောက်မက်ဖွယ်ကောင်းနေလးသည်။

အမျိုးသမီးမှာလည်း အလွန်အရပ်ရှည်ပြီး သူမ၏ အသွင်အပြင်မှာ မွန်ဂိုလီးယားပြည်တွင်းပိုင်းမှ လူများနှင့် အနည်းငယ် တူလေသည်။

"အဖေ... အဖေ့ခြေထောက် သက်သာသွားပြီလို့ ကျွန်တော် ကြားတယ်..."

အမျိုးသားသည် သူ၏အင်္ကျီကို ဝမ်းသာအားရ ချထားလိုက်ပြီး အမြန်လျှောက်လာသည်။

"အေး... ကျူးဇီက ငါ့ကို ကုပေးလိုက်တာ..."

ညွှန်ကြားရေးမှူးချန်သည် လျူအာကျူး၏ ပခုံးကို ဝမ်းသာအားရ ပုတ်လိုက်သည်။

လျူအာကျူးက အမြန်ရှင်းပြလိုက်၏။

"လုံးဝ ပျောက်ကင်းသွားတာတော့ မဟုတ်သေးပါဘူး... ဆေးခဏလောက် သောက်ဖို့ လိုပါသေးတယ်... လောလောဆယ် သိပ်မနာတော့တာလောက်ပဲ ရှိတာပါ..."

အမျိုးသားမှာ အလွန်ဝမ်းသာသွားပြီး လျူအာကျူး၏ ပခုံးကို ရိုက်လိုက်သည်။

"ဒါဆို မင်းကလည်း ငါ့မိသားစုရဲ့ ကျေးဇူးရှင်ပဲ... ငါ့နာမည်က ချန်ဟုန်ယွင်ပါ... ဒီနေ့ကစပြီး ငါက မင်းရဲ့ ဦးလေး... မင်းက ငါ့ရဲ့ တူပဲ..."

“ဘုန်း..”

ချန်ဟုန်ယွင်မှာ ကန်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူသည် တင်ပါးကို ကိုင်ကာ တွန့်လိမ်လျက် မတ်တတ်ရပ်လာသည်။ ကြမ်းတမ်းသော လူသန်ကြီးတစ်ယောက် ဖြစ်သော်လည်း ယခုအခါတွင်မူ ညွှန်ကြားရေးမှူးချန်ကို ကြောက်ရွံ့စွာ ကြည့်နေမိသည်။

"အဖေ... ဘာလို့ ကျွန်တော့်ကို ကန်တာလဲ..."

"ကျူးဇီက ငါ့ကို ဦးလေးကြီးလို့ ခေါ်တယ်... အဲဒါကို မင်းက သူ့ရဲ့ ဦးလေး လုပ်ချင်နေတာလား... ဘာလဲ... မင်းက မင်းအဖေနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ချင်နေတာလား..."

ညွှန်ကြားရေးမှူးချန်က မျက်လုံးပြူးကာ ဆဲဆိုလိုက်သည်။

All Chapters