အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉) ကုန်တိုက် ဖွင့်လှစ်ခြင်း
လွတ်လွတ်လပ်လပ် မနေရဲဘဲ ဖြစ်နေကြသော ထိုကလေးများကို ကြည့်ရင်း လျူအာကျူးက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"မင်းတို့တွေ ဘာလို့ တက်မကစားကြတာလဲ..."
ကလေးအချို့က သူတို့ မတက်ရဲသည့် အကြောင်းရင်းများကို အသီးသီး ပြောပြကြသည်။
"လှေကားကျိုးသွားမှာ ကြောက်လို့ပါ... ကျွန်တော်တို့ မိသားစုက လျော်နိုင်မှာ မဟုတ်ဘူး..."
"အမေက ပြောတယ်... အဲဒီအပေါ် ထိုင်လို့ ဘောင်းဘီပေါက်သွားရင် ကျွန်တော့်ခြေထောက်ကို ရိုက်ချိုးမယ်တဲ့..."
"ကျွန်တော် နျီဇီနဲ့ အပြိုင် မကစားရဲဘူး..."
"နျီဇီနဲ့ အစ်ကိုရှောင်ဟုတို့ ကစားလို့ ပြီးမှသာ သွားကစားရမယ်လို့ အမေက ပြောတယ်... မဟုတ်ရင် အဖေ့ကို တိုင်ပြီး အရိုက်ခိုင်းမယ်တဲ့..."
ကလေးအချို့၏ အကြောင်းပြချက်များမှာ အလွန်သနားစရာကောင်းလှပြီး ဤသည်မှာ ရွာသူရွာသားများက လျူအာကျူးအပေါ် ထားရှိသော လေးစားမှုကိုလည်း ပြသနေသည်။
သူသည် နျီဇီနှင့် ရှောင်ဟုတို့ကို အလိုလိုက်မှန်း လူတိုင်းက သိကြသောကြောင့် ထိုကလေးနှစ်ယောက်ထံမှ မည်သည့်အရာကိုမျှ မလုယူရဲကြပေ။
လူအုပ်ထဲတွင် နှပ်ထွက်လေးပင် ပါဝင်နေပြီး နျီဇီနှင့် ပြဿနာမဖြစ်ရန် သူ၏ဖခင်က ဆုံးမထားခဲ့သည်။ ယခု လျူအာကျူးကို မြင်လိုက်ရသောအခါ သူသည် စိတ်အားထက်သန်စွာ ပြေးလာပြီး မေးလိုက်လေသည်။
"အစ်ကိုကျူးဇီ... ကျွန်တော် ပြင်ဆင်လိုက်ပါပြီ... နျီဇီကို မိန်းမလို့ မခေါ်တော့ပါဘူး... ကျွန်တော့်ကို အပေါ်တက်ကစားခွင့် ပြုနိုင်မလားဟင်... ခဏလေးဖြစ်ဖြစ်ပါ..."
လျူအာကျူးသည် ကလေးတစ်ယောက်အပေါ် သဘာဝကျကျပင် အငြိုးထားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသော ကလေးတိုင်းသည် မိသားစုထဲတွင် အပြစ်အကင်းဆုံးသူများဖြစ်ပြီး အဆိုးဆုံးသူများမှာ အရှက်မရှိသော မိဘများသာဖြစ်ကြောင်း သူ ကောင်းကောင်းသိထားသောကြောင့်ဖြစ်သည်။
ထို့ကြောင့် နှပ်ထွက်လေးသည် သင်ခန်းစာရသွားပြီး မျက်နှာချိုသွေးရန် သင်ယူနေသည်ကို မြင်လိုက်ရသဖြင့် ထိုကလေးများကို သူက ပြောလိုက်၏။
"သွားကစားကြလေ... ဒါပေမဲ့ တန်းစီရမယ်... ရန်မဖြစ်ရဘူးနော်... ပြီးတော့ ဘောင်းဘီပေါက်မှာ ကြောက်တဲ့သူတွေက ဒန်းပေါ်မှာ သွားကစားလို့ရတယ်... အဆင်ပြေပါတယ်..."
ကလေးများအားလုံး၏ မျက်လုံးများက အရောင်လက်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်သွားကြသည်။
လျူအာကျူးသည် သူ၏အစ်ကိုကြီးကို သွားကြည့်ရာ အစိတ်အပိုင်းများကို ကြိုးစားပမ်းစား ပွတ်တိုက်ချောမွေ့အောင် လုပ်နေပြီး ဘီးများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ၏အစ်ကိုကြီး ပြုလုပ်နေသော နည်းလမ်းမှန်ကန်ကြောင်း အတည်ပြုပြီးနောက် လျူအာကျူးက ထပ်မံသတိပေးလိုက်သည်။
"အစ်ကိုကြီး... ဒီသစ်သားဘီးတွေနဲ့ လည်ရိုးတွေက နောက်ဆုံးတော့ သိပ်မကောင်းဘူး... တကယ်တော့ သံက အကောင်းဆုံးပဲ..."
လျူတာ့လျန်က ရိုးသားစွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။
"ငါသိတယ်... ဒါပေမဲ့ ငါ့မှာ သံရနိုင်မယ့် နေရာမှမရှိတာ... ပြီးတော့ ငါက ပန်းပဲလည်း မထုတတ်ဘူးလေ..."
ပျော်ရွှင်စွာ ကစားနေသော ရှောင်ဟုသည် ထိုစကားကို ကြားသောအခါ လန့်သွားပြီး စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။
ထိုနှစ်ယောက်က သူ့ကို ပန်းပဲပညာ ထပ်သင်ခိုင်းမည်ဟု သူ ထင်လိုက်မိသည်။ သူသည် အနည်းငယ် ငြင်းဆန်ချင်သော်လည်း တစ်ခွန်းမျှ ဝင်မပြောရဲပေ။
လျူအာကျူးသည် ရှောင်ဟု၏ စိုးရိမ်နေမှုကို သတိပြုမိသွားကာ ပြုံးလိုက်ပြီး သူ့ကို ဆက်ကစားခိုင်းလိုက်သည်။ ထို့နောက် သူ့အစ်ကိုကြီးကို ပြောလိုက်၏။
"အစ်ကို မလုပ်တတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်... ကျွန်တော်က သတိပေးရုံပါ... နောင်တစ်ချိန် ပရိဘောဂစက်ရုံမှာ အလုပ်သွားလုပ်တဲ့အခါ ဒီအချက်ကို တခြားသူတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြသင့်တယ်..."
"အို... အို... ငါ မှတ်ထားပါ့မယ်... တခြားရော ဘာရှိသေးလဲ..."
လျူတာ့လျန်သည် လျင်မြန်စွာပင် စိတ်ထဲ မှတ်သားထားလိုက်သည်။
"လောလောဆယ်တော့ တခြားမရှိတော့ပါဘူး..."
လျူအာကျူးသည် သူ၏အစ်ကိုကြီးကို တကယ့် လက်သမားဆရာကြီးတစ်ယောက် ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။ လက်လှည့်ကားလေး၏ ပုံကြမ်းများကို အသုံးပြု၍ အလုပ်တစ်ခု ရနိုင်သရွေ့ အဆင်ပြေမည် ဖြစ်သည်။
သူ၏ လက်ရှိ အဆက်အသွယ်များအရ အစ်ကိုကြီးကို တိုက်ရိုက်ဝင်ရောက်နိုင်ရန် စီစဉ်ပေးဖို့မှာ ခက်ခဲမည် မဟုတ်ပေ။ သို့သော် သူ့အစ်ကိုကြီးသည် မိမိအရည်အချင်းဖြင့်သာ ဝင်ရောက်နိုင်ခဲ့ပါက ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ရသည်မှာ အမြဲတမ်း ပို၍ သက်တောင့်သက်သာ ရှိမည်ဖြစ်သည်။ သို့မဟုတ်ပါက အစ်ကိုကြီး၏ စိတ်နေသဘောထားအရ သူသည် အခြားသူများထက် အမြဲတမ်း နိမ့်ကျနေသည်ဟု အမှန်တကယ် ခံစားနေရမည်ဖြစ်သည်။
အစ်ကိုကြီးနှင့် ခဏကြာ စကားပြောပြီးနောက် လျူအာကျူးက အိမ်သို့ပြန်လာကာ အသားကျပ်တိုက်ခြင်းကို စတင်ပြုလုပ်တော့သည်။
ပေကျင်းမြို့ရှိ သူ၏ နှောင်းပိုင်းဘဝတွင် သူက ဤအရသာကို အလွန်နှစ်သက်ခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် အရသာရှိစေရန် မီးဖိုကြီးတစ်ခုပေါ်တွင် ကျပ်တိုက်ရန် လိုအပ်ပြီး ထိုသို့သောအရာမျိုးမှာ မြို့ကြီးပြကြီးများတွင် ရှာတွေ့ရန် ခက်ခဲသည်။
ယခု အခြေအနေပေးလာပြီဖြစ်ရာ သူကိုယ်တိုင်ပင် အသားကျပ်တိုက်တစ်အိုးကို ပြုလုပ်လိုက်တော့သည်။ သူသည် ဝက်ခေါင်းနှင့် ဝက်ပေါင်သား အချို့ကို ကျပ်တိုက်လိုက်၏။
ပြီးစီးသွားသောအခါ လျူအာကျူးသည် မုန့်ပြားကြီး အနည်းငယ်ကို ပြုလုပ်လိုက်သည်။ ထို့နောက် သူသည် ဆီပြန်နေသော ဝက်ခေါင်းသားများကို အပြားလိုက်မုန့်ထဲသို့ ထည့်လိပ်လိုက်ပြီး ငရုတ်သီး သို့မဟုတ် ကြက်သွန်မြိတ် အနည်းငယ် ထည့်ကာ တစ်ကိုက် ကိုက်စားလိုက်လေသည်။ ဆီများ ယိုထွက်နေပြီး သူ၏ အစားမက်မှုကို ပြေပျောက်စေကာ ဗိုက်ပြည့်သွားစေတော့သည်။
မိသားစုတစ်စုလုံးမှာ အလွန်ပျော်ရွှင်စွာ စားသောက်ကြပြီး အထူးသဖြင့် နျီဇီနှင့် ရှောင်ဟုတို့မှာ အများကြီး စားထားကြသောကြောင့် သူတို့ အစာကြေစေရန် နောက်ဆုံးတွင် ရှန်းကျာသီးရေနွေး အနည်းငယ်ကို ကျိုပေးခဲ့ရလေသည်။
လျူဖူရှန့်ကလည်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
"မင်းရဲ့ ကျွမ်းကျင်မှုတွေနဲ့ဆိုရင် ကောင်လေး... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကဆို စားသောက်ဆိုင်ဖွင့်ဖို့တောင် လုံလောက်တယ်..."
နျူဟုန်ဟွာကလည်း ဝမ်းသာအားရဖြင့် ပြောလေသည်။
"နောင်တစ်ချိန် မင်း အိမ်ထောင်ကျတဲ့အခါ မင်းရဲ့မိန်းမက မြို့သူဖြစ်နေရင်တောင်မှ မင်းကို ကျိန်းသေပေါက် ခွဲမသွားရက်နိုင်ဘူး..."
ပန်းကန်များကို ရှင်းလင်းနေသော ချွန်းအာသည် ခေတ္တရပ်တန့်သွားသော်လည်း မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား သူမ၏ အလုပ်ကို ဆက်လုပ်နေသည်။
လျူအာကျူးသည် ပြန်မဖြေဘဲ သူ၏ နေရာလွတ်ကို အသုံးပြု၍ သွားကြားထိုးတံ အနည်းငယ်ကို ထုတ်ယူကာ ဂရုမစိုက်ဟန်ဖြင့် သွားကြားထိုးနေသည်။
အကယ်၍ သူသာ ထပ်ပြောလိုက်လျှင် သူ၏မိခင်အိုကြီးက သူ မိန်းမယူချင်နေသည်ဟု ထင်သွားပြီး တစ်စုံတစ်ယောက်ကို အောင်သွယ်ပေးရန် တောင်းဆိုမည်ကိုသော်လည်းကောင်း၊ သို့မဟုတ် သူနှင့် ချွန်းအာကို ဆန်စိမ်းမှ ထမင်းဖြစ်အောင် ချက်ရန် နောက်တစ်ကြိမ် တိုက်တွန်းမည်ကိုသော်လည်းကောင်း သူ စိုးရိမ်နေမိသည်။
ညတစ်ညက တိတ်ဆိတ်စွာပင် ကုန်လွန်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် လျူအာကျူးက သူ၏ စက်ဘီးပေါ်တက်ကာ ခရိုင်မြို့ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။
ယနေ့တွင် ကုန်တိုက်သည် နောက်ဆုံးတော့ စတင်ဖွင့်လှစ်တော့မည်ဖြစ်ပြီး သူသည် ကြီးကျယ်သော ဈေးဝယ်ထွက်ခြင်းကို ပြုလုပ်တော့မည်ဖြစ်သည်။
ပထမဆုံးအနေဖြင့် ရေဒီယိုတစ်လုံး ဝယ်ရမည်။ အိမ်တွင် အမှန်တကယ်ပင် ပျင်းစရာကောင်းလွန်းလှသည်။ ထို့နောက် စက်ချုပ်စက်တစ်လုံး ဝယ်ရမည်။
ယနေ့ခေတ် အဝတ်အစားများမှာ ဝါဂွမ်းဖြင့် ပြုလုပ်ထားသဖြင့် အလွယ်တကူ ပေါက်ပြဲနိုင်ပြီး အိမ်တွင်လည်း ဆူညံဆော့ကစားတတ်သော ကလေးနှစ်ယောက် ရှိနေသည်။ သူ၏ မိခင်အိုကြီးနှင့် မရီးတို့မှာ နေ့စဉ် ချုပ်စရာအဝတ်အစားများ အဆုံးမရှိအောင် ရှိနေတတ်ရာ စက်ချုပ်စက်တစ်လုံးရှိခြင်းက အရာရာကို ပို၍ လွယ်ကူသွားစေမည်ဖြစ်သည်။
အစ်ကိုကြီး နောင်တစ်ချိန် မြို့သို့ ပြောင်းရွှေ့ပြီးနောက် အလုပ်သွားရန် စီးနိုင်စေရန်အတွက် နောက်ထပ် စက်ဘီးတစ်စီးကိုလည်း ဝယ်ယူသိမ်းဆည်းထားချင်သေးသည်။ မည်သို့ပင်ဖြစ်စေ ဤအရာမှာ ဝယ်ယူရန် မလွယ်ကူပေ။ သူသာ အမှာစာအတွက် တန်းစီရမည်ဆိုပါက သေးငယ်သော ခရိုင်မြို့လေးတွင် မည်သည့်အချိန်မှ ရနိုင်မည်ကို မည်သူ သိနိုင်မည်နည်း။
ဤအကြိမ်တွင် လိုက်ကာကင်မရာတစ်လုံးကိုလည်း အဓိကပစ္စည်းအဖြစ် ထားရှိမည်ဟု သူ ကြားထားသည်။ ချန်ဟုန်ယွင်က သူ့ကို အရင်က ရနိုင်သည်ဟု ပြောခဲ့သော လိုက်ကာဆိုသည်မှာ ဤအရာပင်ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။
ထိုလူက အစားပြန်ဆပ်မည့် ကျေးဇူးတစ်ခုဖြင့် လဲလှယ်ရန် မျှော်လင့်နေဆဲဖြစ်သည်။ သူကိုယ်တိုင် ဝယ်နိုင်လိမ့်မည်ဟု ထိုသူ မျှော်လင့်ထားမည် မဟုတ်ပေ။
သို့သော် ဤအရာများကို ဗြောင်ကျကျ ဝယ်၍မရနိုင်ကြောင်း လျူအာကျူး ကောင်းကောင်းနားလည်ထားလေသည်။ သူတို့ကို သီးသန့်ဝယ်ယူရန် ညွှန်ကြားရေးမှူးကျိုးကို ရှာရမည်။ အို... မဟုတ်သေးဘူး... သူ့ကို ယခုအခါ မန်နေဂျာကျိုးဟု ခေါ်ရမည် ဖြစ်လေသည်။
သို့မဟုတ်ပါက ပစ္စည်းများစွာကို တစ်ပြိုင်နက်တည်း ဝယ်ယူခြင်းက လူအများ၏ အာရုံစိုက်မှုကို လွန်ကဲစွာ ရရှိစေမည် ဖြစ်သည်။ သူ့ကိစ္စများကို ခရိုင်အဆင့်မြင့်အရာရှိများ သိသွားလျှင်လည်း ကိစ္စမရှိပေ။ သူတို့အားလုံးသည် သူနှင့် အရောင်းအဝယ် ပြုလုပ်ထားကြသူများဖြစ်၍ သူ့ကို တိုင်ကြားရဲမည် မဟုတ်ပေ။
သာမန်ပြည်သူများက သူ့အကြောင်း ပိုသိလေလေ၊ ပို၍ ဒုက္ခရောက်လေလေ ဖြစ်မည်။
နို့မှုန့်နှင့် မုယောစပါးနို့မှုန့် ကဲ့သို့သော အရာများလည်း ရှိသေးသည်။ မန်နေဂျာကျိုးက သူ၏အတွက် အချို့ကို ကျိန်းသေပေါက် ဖယ်ထားပေးမည် ဖြစ်လေသည်။
ထိုအရာများနှင့်ဆိုလျှင် သူ၏ဖခင်မှာ ပို၍ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး နျီဇီနှင့် ရှောင်ဟုတို့ လွန်ခဲ့သော နှစ်နှစ်အတွင်း ကြုံတွေ့ခဲ့ရသော အာဟာရချို့တဲ့မှုများကိုလည်း လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက သူတို့ အရပ်ရှည်လာရန် ခက်ခဲပေလိမ့်မည်။
နျီဇီမှာ မိန်းကလေးဖြစ်၍ အနည်းငယ် ပုနေလျှင်လည်း ကိစ္စမရှိပေ။
ရှောင်ဟုမှာမူ အရမ်းပုနေ၍ မဖြစ်ပေ။ သို့မဟုတ်ပါက သူ၏ နာမည်နှင့်ဆိုလျှင် နောင်တစ်ချိန် လူများက သူ့ကို ခြေတိုကျားဟု နာမည်ပြောင် ပေးကြမည် မဟုတ်ပါလား။
ကောင်းသောအရာများ ဖြစ်ပေါ်လာသောအခါ စိတ်ဓာတ်များ တက်ကြွလာတတ်သည်ဆိုသော စကားအတိုင်းပင် လျူအာကျူးသည် ပျော်ရွှင်နေသောကြောင့် စက်ဘီးကို ပျံသန်းနေသကဲ့သို့ နင်းလာခဲ့ပြီး ပင်ပန်းသည်ဟု လုံးဝ မခံစားရပေ။
ခရိုင်မြို့သို့ ဝင်ရောက်ပြီးနောက် မြို့လယ်ရှိ ကုန်တိုက်ဆီသို့ တိုက်ရိုက် သွားလိုက်သည်။ သို့သော် သူ အမှန်တကယ် ရောက်ရှိသွားသောအခါ ဆွံ့အသွားခဲ့ရသည်။
“ဘုရားရေ... အနီရောင်အလံတွေ လွင့်ဝဲနေပြီး လူတွေက ပင်လယ်ပြင်ကြီးလိုပါပဲလား…”
ခရိုင်၏ ပထမဆုံး ကုန်တိုက် ဖွင့်လှစ်ခြင်းကို ဂုဏ်ပြုရန်အတွက် လမ်းပေါ်တွင် အရောင်အသွေးစုံလင်သော အလံများစွာကို ချိတ်ဆွဲထားပြီး အချို့သော ဗြောက်အိုးများကိုလည်း အထူးတလည် ဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။ ယမ်းနံ့များက ပင်မလမ်းမကြီးတစ်ခုလုံးကို ဖုံးလွှမ်းနေလေသည်။
ခရိုင်အတွင်းရှိ လူများကလည်း မယုံနိုင်လောက်အောင် စိတ်အားထက်သန်နေကြသည်။
အမျိုးသားများနှင့် အမျိုးသမီးများ၊ အသက်ကြီးသူများနှင့် ကလေးငယ်များ၊ ငွေရှိသူများနှင့် ငွေမရှိသူများ အားလုံး စိတ်လှုပ်ရှားဖွယ်ရာများကို လာရောက်ကြည့်ရှုကြသည်။ သူတို့သည် ကုန်တိုက်၏ အတွင်းအပြင် နှစ်ခုစလုံးတွင် ထိုးဖောက်၍မရနိုင်လောက်အောင် တိုးဝှေ့နေကြသည်။
တစ်ခါတစ်ရံတွင် အရောင်းစာရေးများ၏ ကျိန်ဆဲသံများကို လူအုပ်ထဲမှ ကြားနေရသည်။ အချို့လူများက ပြဿနာရှာရန်နှင့် အခွင့်အရေးယူရန် ဤအခွင့်အရေးကို အသုံးချကြပြီး တစ်ခါတစ်ရံတွင် ကြမ်းတမ်းသော အဘွားကြီးများ၏ အော်ဟစ်သံများကို ကြားရလိုက်သည်။
"ဘယ်ခွေးကောင်က ငါ့ဖင်ကို လာကိုင်တာလဲ..."
"ဘယ်သူက ငါ့ရင်သားကို လာဆွဲတာလဲ..."
ဤအခြေအနေကြောင့် ခရိုင်က စည်းကမ်းထိန်းသိမ်းရန် ပြည်သူ့လုံခြုံရေးကို စေလွှတ်ခဲ့ရပြီး သတိပေး ပစ်ခတ်သံများကိုလည်း ကြားရသည်။
ဤသည်မှာ အရပ်ဘက်ရဲများက သေနတ်များကို အလွယ်တကူ မပစ်ခတ်နိုင်သော နှောင်းပိုင်းခေတ်များနှင့် မတူပေ။ ထိုစဉ်က ပြည်သူ့လုံခြုံရေးသည် အမှန်တကယ်ပင် အရေးယူရန် ရဲဝံ့ကြလေသည်။ သူတို့သည် စကားနားမထောင်သူ မည်သူ့ကိုမဆို သူတို့၏ လက်ထဲရှိ ရော်ဘာတုတ်များဖြင့် တိုက်ရိုက် ရိုက်နှက်ကြလေသည်။
ဤသို့လုပ်မှသာ သူတို့သည် လူအုပ်ကြီး၏ စည်းကမ်းကို ခဲယဉ်းစွာ ထိန်းချုပ်နိုင်ခဲ့ပြီး ပြဿနာရှာကာ အခွင့်အရေးယူနေသော လူရမ်းကားများနှင့် သူခိုးတစ်စုကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့သည်။