အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း (၁၄၀) အမြောက်အမြား ဈေးဝယ်ထွက်ခြင်း
လျူအာကျူးက ကုန်တိုက်တည်ရှိသော လမ်းမပေါ်တွင် ရပ်နေသည်။ သူသည် ထိုသုံးထပ်အဆောက်အအုံ၏ တံခါးများကို ရှင်းလင်းစွာ မြင်နေရသော်လည်း အတွင်းသို့ ဝင်ရောက်နိုင်ရန် ခက်ခဲနေခဲ့သည်။
သူ ဘာလုပ်ရမည်ကို စဉ်းစားကာ စိတ်ညစ်နေစဉ်မှာပင် သူ၏ဘေးမှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျူးဇီ... မင်း ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."
လျူအာကျူးသည် ခေါင်းလှည့်ကြည့်လိုက်ရာ လီယန်ယန်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြုံးသွားလေသည်။
"အစ်ကိုလီ... ကျွန်တော် ကုန်တိုက်ထဲကို ဝင်ချင်လို့ပါ... ကျွန်တော့်ကို ကူညီပေးလို့ ရမလား..."
"ရပါတယ်..."
လီယန်ယန်သည် သူ၏ဦးထုပ်ကို ပြင်ဆောင်းလိုက်ပြီး အသံချဲ့စက်ကို ထုတ်ယူကာ အသံကုန်ဟစ်အော်လိုက်သည်။
"တန်းစီကြစမ်း... တန်းစီကြ... ခင်ဗျားတို့က လူမှုရေးစည်းကမ်းဆိုတာကို နားမလည်ကြဘူးလား... တန်းစီရမယ်ဆိုတာကို မသိကြဘူးလား..."
"..."
လျူအာကျူးအတွက်မူ တစ်စုံတစ်ယောက်က ရိုင်းစိုင်းစွာ ဆဲဆိုနေရင်း လူမှုရေးစည်းကမ်းများနှင့် ပတ်သက်၍ ဆုံးမနေသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လီယန်ယန်၏ ရဲဝတ်စုံမှာ အတော်လေး အစွမ်းထက်လှလေသည်။
လျူအာကျူး၏ အရှေ့ရှိ ပြည့်နှက်နေသော လူအုပ်ကြီးမှာ မတတ်သာဘဲ တန်းစီရန် စတင်လိုက်ကြရသည်။ သို့သော်လည်း အချို့သောသူများမှာ မည်သူက အရှေ့တွင် ရှိနေသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ ငြင်းခုံနေကြဆဲ ဖြစ်သည်။ လီယန်ယန်သည် သူတို့အနီးသို့ သွားကာ တစ်ယောက်ချင်းစီကို ခြေစုံကန်လိုက်ပြီး မျက်ထောင့်နီကြီးဖြင့် ကြည့်ကာ ဆဲဆိုလိုက်သည်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ... ဘာလုပ်နေကြတာလဲ... ခင်ဗျားတို့က တာ့ကျင်းကျီ စီးကရက် တစ်ဘူးဝယ်ဖို့တောင် လဝက်လောက် ပိုက်ဆံစုနေရတဲ့သူတွေမလား... ဘာတွေများ လုနေကြတာလဲ... ကျွန်တော်က ခင်ဗျားတို့ကို အထဲပေးဝင်ရင်တောင် ခင်ဗျားတို့က ဘာမှဝယ်နိုင်မှာ မဟုတ်ပါဘူး..."
ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ သူ၏စကားကြောင့် အနည်းငယ် ရှက်ရွံ့သွားကြသည်။ လူတစ်ယောက်က မနေနိုင်တော့ဘဲ အော်ပြောလိုက်၏။
"ရဲဘော်... ကျွန်တော်တို့က မဝယ်နိုင်ရင်တောင် အထဲဝင်ပြီး ကြည့်ခွင့်မရှိဘူးလား..."
"ဘယ်သူက ကြည့်ခွင့်မရှိဘူးလို့ ပြောလဲ... လာစမ်း... ဘယ်သူလဲဆိုတာ နာမည်ပြောပြစမ်း... အဲဒီကောင်ကို နေရာတင် ရိုက်သတ်ပစ်မယ်... ငါတို့ရဲ့ ချစ်စရာကောင်းတဲ့ ပြည်သူလူထုကို ဘယ်သူကများ တားဆီးရဲတာလဲ..."
လီယန်ယန်သည် ထိုသူအား သူ၏ ရော်ဘာတုတ်ဖြင့် ချိန်ရွယ်ကာ အော်ဟစ်လိုက်သည်။ စကားပြောခဲ့သောသူမှာ အလွန်ကြောက်လန့်သွားပြီး လည်ပင်းကို ပုကာ ရှက်ကိုးရှက်ကန်း ပြုံးလျက် ပြောလိုက်သည်။
"ဘယ်သူမှ မဟုတ်ပါဘူး... ဘယ်သူမှ မရှိပါဘူး..."
"ဘယ်သူမှ မရှိဘူး ဟုတ်လား... ဒါဆို မင်းက ခုနက ဘာတွေ လာပြောနေတာလဲ... အနောက်ဆုံးမှာ သွားတန်းစီစမ်း..."
လီယန်ယန်က ဆဲဆိုလိုက်၏။ ပြန်လည်ပြောဆိုတတ်သော ဤမကောင်းသည့် အကျင့်စရိုက်ကို သူ အမြစ်ဖြတ်ပစ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက လူများက သူ့အား အပြောရလွယ်သည်ဟု ထင်သွားလျှင် မည်သူကမျှ သူ့ကို ကြောက်ရွံ့တော့မည် မဟုတ်ဘဲ ထိန်းကျောင်းရ အလွန်ခေါင်းကိုက်ရမည်ဖြစ်သည်။
စောစောက စကားပြောခဲ့သောသူမှာ မျက်နှာငယ်လေးဖြင့် သနားခံချင်နေသော်လည်း လီယန်ယန်ကမူ လျူအာကျူးကို ခေါ်ကာ အရှေ့သို့ တန်းမတ်စွာ လျှောက်သွားလိုက်သည်။ သူတို့နှစ်ယောက် ကုန်တိုက်အဝင်ဝသို့ ရောက်သောအခါ လျူအာကျူးသည် တန်းစီစရာမလိုဘဲ အထဲသို့ တိုက်ရိုက် ဝင်သွားကြသည်။
ဤသည်က အခြားသူတစ်ယောက်ကို မကျေမနပ် ဖြစ်သွားစေပြီး လီယန်ယန်အား ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။
"ရဲဘော်... ခင်ဗျားက ကျွန်တော်တို့ကိုတော့ တန်းစီခိုင်းပြီး ဘာလို့ တခြားတစ်ယောက်ကိုတော့ ကြားဖြတ်ဝင်ခွင့် ပြုရတာလဲ..."
"ကြားဖြတ်ဝင်တယ် ဟုတ်လား... ဘာကို ကြားဖြတ်ဝင်တယ်လို့ ပြောတာလဲ... အဲဒါက ငါတို့ ရဲစခန်းက လူငယ်ရဲဘော်တစ်ယောက် အခြေအနေကို သွားစစ်ဆေးတာကွ... သူက ပစ္စည်းဝယ်ဖို့ ကြားဖြတ်ဝင်တယ်လို့ မင်းကို ဘယ်သူပြောလဲ... စကားပြောရင် သက်သေအထောက်အထားနဲ့ ပြောရတယ်... မဟုတ်ရင် မင်းကို အသရေဖျက်မှု၊ မဟုတ်မမှန် စွပ်စွဲမှုတွေနဲ့ တရားစွဲပစ်မယ်..."
"အခုကျတော့ ဘာလို့ စကားမပြောတော့တာလဲ... ဘာလို့ ခေါင်းငုံ့သွားတာလဲ... မင်း မှားတယ်ဆိုတာ မင်းသိတယ်မလား... အနောက်ဆုံးကို သွားပြီး အစကနေ ပြန်တန်းစီစမ်း..."
လီယန်ယန်သည် မျက်လုံးများကို ပြူးကျယ်ကာ စိုက်ကြည့်ရင်း တံတွေးများ လွင့်စဉ်ထွက်လာသည်အထိ ဆူပူကြိမ်းမောင်းနေသည်။ စကားပြောခဲ့သောသူမှာ တံခါးဝနှင့် မီတာအနည်းငယ်ခန့်သာ ကွာဝေးတော့လေသည်။ အနောက်ဆုံးသို့ သွားရမည်ဟု ကြားလိုက်ရသောအခါ သူသည် မီတာတစ်ရာခန့် ရှည်လျားသော လူတန်းကြီးကို ပြန်ကြည့်လိုက်ပြီး သူ့ပါးကိုသူ ချက်ချင်း ပြန်ရိုက်မိတော့သည်။
သူ ဘာဖြစ်လို့များ ထိုမျှလောက် ပါးစပ်ဖွာခဲ့ရသနည်း။
လျူအာကျူးသည် ထိုအရာများထဲမှ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ကုန်တိုက်ထဲသို့ ခပ်ကြွားကြွား လျှောက်ဝင်သွားလိုက်သည်။
ကုန်တိုက်အတွင်းတွင်လည်း လူပင်လယ်ကြီးပမာ ဖြစ်နေပြီး အရောင်းကောင်တာတိုင်းတွင် လူအုပ်ကြီးများ စုရုံးနေကြသည်။ အရောင်းစာရေးများမှာ ဈေးနှုန်းမေးမြန်းမှုများနှင့် ပစ်ပေါက်ခံနေရလးသည်။ ပင်ပန်းပြီး ခေါင်းမူးနေသောကြောင့် သူတို့အားလုံးမှာ မျက်နှာများ မည်းမှောင်နေပြီး ရိုင်းစိုင်းစွာ စကားပြောဆိုနေကြသည်။
သို့သော်လည်း ဖွင့်ပွဲနေ့ဖြစ်သောကြောင့် သတင်းစာတိုက်မှ လူများက လူသိရှင်ကြားဖြစ်စေရန် ဓာတ်ပုံများ လာရောက်ရိုက်ကူးနေကြ၏။ အရောင်းစာရေးတစ်ဦးထံသို့ ကင်မရာမှန်ဘီလူး ချိန်ရွယ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် အပျော်ရွှင်ဆုံးနှင့် အရိုးသားဆုံး အပြုံးများကို ချက်ချင်း ပြုံးပြလိုက်ကြပြီး ဖောက်သည်များအပေါ် နွေးထွေးကာ ဂရုစိုက်တတ်သည့်ဟန် ဆောင်လိုက်ကြသည်။
လျူအာကျူးသည် ထိုအရာအားလုံးကို ကြည့်ရှုလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ ဒုတိယထပ်သို့ တက်သွားချင်နေသည်။ မန်နေဂျာရုံးခန်းမှာ တတိယထပ်တွင် ရှိ၏။ သူ အံ့သြသွားရသည်မှာ လှေကားသို့ ရောက်သောအခါ ထိုနေရာတွင်လည်း လူအတော်များများ ရှိနေသည်ကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။ လှေကားတစ်ခုလုံးမှာ လူများနှင့် ပြည့်ကျပ်နေသည်။
အောက်ဘက်ရှိလူများက အပေါ်သို့ မတက်နိုင်သလို အပေါ်ဘက်ရှိလူများကလည်း အောက်သို့ မဆင်းနိုင်ကြပေ။
လှေကားများကို ကြည့်ရင်း လျူအာကျူးသည် လှေကားများ ပြိုကျသွားမည်ကို အနည်းငယ် စိုးရိမ်နေမိလေသည်။ ထားလိုက်ပါတော့... သူ ယနေ့ မန်နေဂျာကျိုးနှင့် တွေ့နိုင်မည် မဟုတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ ထိုလူက သူ့အတွက် ပစ္စည်းများကို ဖယ်ချန်ထားပေးမည်ကို သူ သိသောကြောင့် မနက်ဖြန်မှသာ ပြန်လာခဲ့တော့မည်ဟု တွေးလိုက်သည်။
"ကျူးဇီ... ကျူးဇီ..."
မန်နေဂျာကျိုး၏ အသံက အဝေးမှ ထွက်ပေါ်လာသည်။ လျူအာကျူး လှည့်ကြည့်လိုက်သောအခါ မန်နေဂျာကျိုးသည် ဂိုဒေါင်တံခါးဝတွင် ရပ်လျက် သူ့အား အကြိမ်ကြိမ် လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
"မန်နေဂျာကျိုး... ခင်ဗျား အဲ့နေရာမှာ ဘာလုပ်နေတာလဲ..."
လျူအာကျူးက အနည်းငယ် အံ့အားသင့်လျက် လျင်မြန်စွာ လျှောက်သွားလေသည်။ လျူအာကျူး၏ ခေါ်ဝေါ်ပုံကို ကြားသောအခါ မန်နေဂျာကျိုးမှာ ကျေနပ်ဂုဏ်ယူသွားပြီး သူ့အား ဂိုဒေါင်ထဲသို့ ခေါ်ဆောင်သွားလေသည်။
ဂိုဒေါင်ထဲတွင် လက်ဖက်ရည်များ တင်ထားသော စားပွဲငယ်လေးတစ်လုံးကို ပြင်ဆင်ထား၏။ လက်ဖက်ခြောက်၏ သင်းပျံ့သော ရနံ့ကို အကဲခတ်ကြည့်ရသလောက် တန်ဖိုးပေါပေါရပေါလောက်သည့် အရာတော့ မဖြစ်နိုင်ပေ။
လျူအာကျူးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဖွင့်ထားသော လက်ဖက်ခြောက်ဘူးတစ်ဘူးကို တကယ်ပင် မြင်လိုက်ရသည်။ သူသည် မနေနိုင်ဘဲ နောက်ပြောင်လိုက်၏။
"ကျွန်တော် ပြောမယ်... မန်နေဂျာကျိုးကြီး... ခင်ဗျားက အခုတောင် ဇိမ်ကျနေပြီပေါ့..."
"ဘာဇိမ်ကျရမှာလဲ..."
မန်နေဂျာကျိုးသည် လျူအာကျူးအတွက် လက်ဖက်ရည်တစ်ခွက် ငဲ့ပေးလိုက်ပြီး ဟန်ဆောင်ညည်းညူကာ တကယ်တမ်းတွင်မူ ကြွားလုံးထုတ်နေလေသည်။
"ငါ့ရုံးခန်းကိုတောင် ငါ ပြန်သွားလို့မရဘူးဆိုတာ မင်း မတွေ့ဘူးလား... အဲဒီလူတွေက ရူးနေတဲ့အတိုင်းပဲ... ဘာမှမဝယ်နိုင်မှန်း သိသာနေတာကို အထဲကို အတင်းတိုးဝင်နေကြတယ်... တကယ့်ကို စိတ်ရှုပ်စရာကောင်းလိုက်တာ..."
"အဲဒါက ကောင်းတဲ့ကိစ္စပါပဲ... ဒါတွေအားလုံးက ခင်ဗျားရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေလေ..."
လျူအာကျူးသည် ပြုံးလျက် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ရာ သူ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားလေသည်။
"အရမ်းမွှေးတာပဲ... ဘာလက်ဖက်ခြောက် အမျိုးအစားလဲ..."
"နာမည်ကြီး လက်ဖက်ခြောက်... လုံကျင်းလေ... အရသာကောင်းတယ်မလား... ခဏနေရင် တစ်ဘူးယူသွားလိုက်... ပျက်စီးဆုံးရှုံးမှုအဖြစ် ငါ စာရင်းပြလိုက်မယ်..."
မန်နေဂျာကျိုးသည် လုံကျင်းလက်ဖက်ခြောက်ကို ထိုမျှ လွယ်လွယ်ကူကူ ပေးပစ်ရဲလောက်အောင် သူ၏လက်ကို ခပ်ကြွားကြွား ဝှေ့ယမ်းလိုက်သည်။
လျူအာကျူးက ခေါင်းခါလိုက်၏။
"ထားလိုက်ပါတော့... ခင်ဗျားက အခုမှ ရာထူးတက်တာဆိုတော့ ခင်ဗျားအတွက် အခက်အခဲ မဖြစ်စေချင်ပါဘူး..."
"အခက်အခဲ ဖြစ်စရာလားကွ..."
မန်နေဂျာကျိုးမှာ သူ့ကိုယ်သူ အထင်သေးခံရသည်ဟု ခံစားလိုက်ရသဖြင့် မျက်လုံးပြူးကာ ပြောလိုက်သည်။
"ဂုဏ်သိက္ခာရှိတဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ဒီလောက် ပျက်စီးဆုံးရှုံးမှုလေးတောင် စာရင်းပြခွင့် မရှိဘူးလား..."
"ဒါ့အပြင် မင်းက ငါ့ကို နစ်နာအောင် လုပ်မှာမို့လို့လား... ပြောစမ်းပါဦး... ဒီတစ်ကြိမ် မင်း ပစ္စည်းဘယ်လောက် ဝယ်ဖို့ စီစဉ်ထားလဲ... ငါ လျှော့ဈေးပေးလို့ ရမရ ကြည့်ပေးမယ်..."
လျူအာကျူးသည် ဤတစ်ကြိမ်တွင် တကယ်ပင် ပစ္စည်းအတော်များများ ဝယ်ယူရန် ရည်ရွယ်ထားသည်။ သူသည် မှောင်ခိုဈေးကွက်မှ ယခင်က ရရှိထားသော ငွေထုတ်များနှင့် လက်မှတ်များကို ထုတ်ယူလိုက်လေသည်။
"ကျွန်တော့်ကို စက်ချုပ်စက် သုံးလုံး၊ စက်ဘီး သုံးစီးနဲ့ ရေဒီယို လေးငါးလုံးလောက်ပေးပါ..."
"ရုပ်မြင်သံကြားစက်တွေ ရှိရင်လည်း တစ်လုံးလောက်ပေးပါ... ထုတ်လုပ်မှုပမာဏ နည်းတယ်ဆိုတာကို သိလို့ အများကြီးတော့ မတောင်းပါဘူး..."
"အဝတ်လျှော်စက်တွေကတော့... ပိုတောင် ရှားသေးတယ်ဆိုတာ ကျွန်တော် သိပါတယ်... တစ်လုံးလောက် ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့..."
"နို့မှုန့်၊ မုယောစပါးနို့မှုန့်၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ သကြားဖြူနဲ့ ကျောက်သကြားတွေလည်း အကုန်လိုချင်တယ်..."
လျူအာကျူးသည် လက်သီးဆုပ်ကာ ကျားသစ်ခေါင်းဟုခေါ်သော ဂန္ထဝင်လက်ဟန်အမူအရာကို ပြုလုပ်လိုက်သည်။
သို့သော်လည်း သူ၏ ပထမဆုံးစကားကို စပြောကတည်းက မန်နေဂျာကျိုး၏ မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ၏ မျက်နှာအမူအရာမှာ ပို၍ တင်းမာလာပြီး နောက်ဆုံးတွင်မူ လုံးဝ မှင်တက်သွားသည့်ပုံ ပေါက်နေသည်။
ချွေးများ ရွှဲနစ်နေသော သူ့ကို ကြည့်ရင်း လျူအာကျူးက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"ဦးလေး... အရမ်းပူနေလို့လား..."
"ငါ မပူပါဘူး... ငါ့မျက်နှာက နာနေလို့ပါ..."
မန်နေဂျာကျိုးက ခါးသီးစွာ ပြုံးလိုက်သည်။
"ငါက မင်းရှေ့မှာ ကြွားလုံးထုတ်ချင်ရုံလေးပါ... မင်းက ငါ့ဆီလာပြီး ပါးကို အကြိမ်ကြိမ် ရိုက်လိမ့်မယ်လို့ မထင်ထားမိဘူး..."
"စက်ချုပ်စက်ဝယ်တာက အပ်တစ်ချောင်း ဝယ်တာနဲ့ တူတယ်လို့ မင်း ထင်နေလား... မင်းက ချက်ချင်းကြီး သုံးလုံးတောင် လိုချင်တာလား..."
"ပြီးတော့ မင်းက စက်ဘီး သုံးစီးတောင် လိုချင်တာလား... ဆိုင်အတွက် အမြင်ကောင်းအောင်လို့ ငါ့ကို ငါးစီးပဲ ခွဲတမ်းပေးထားတာကွ..."
"ရေဒီယိုကလည်း သုံးလုံးပဲရှိတာ..."
"ပြီးတော့ မင်းက ရုပ်မြင်သံကြားစက်တောင် တောင်းရဲသေးတယ်... ငါ့ပုံစံက ရုပ်မြင်သံကြားစက်နဲ့ တူနေလို့လား..."
"နောက်ဆုံးတစ်ခုက... အဝတ်လျှော်စက်ဆိုတာ သောက်ကျိုးနည်း ဘာကြီးလဲ..."
လျူအာကျူးသည် လုံးဝကို နားမလည်နိုင်ဖြစ်နေသော မန်နေဂျာကျိုးကို ကြည့်ကာ နားလည်ကြောင်း ပြသလိုက်သော်လည်း သူကိုယ်တိုင်လည်း အနည်းငယ် နောင်တရမိသွားသည်။
ယနေ့ခေတ်တွင် ပြည်တွင်းစက်မှုလုပ်ငန်းမှာ အလွန်အားနည်းနေပြီး ဤနည်းပညာထုတ်ကုန်များမှာ လိုက်မီရန် ခက်ခဲလှပေသည်။ တစ်နိုင်ငံလုံးတွင် အဝတ်လျှော်စက် အများအပြား ရှိမည်မဟုတ်ဘဲ အကယ်၍ ရှိခဲ့လျှင်ပင် တားမြစ်မြို့တော်မှ အကြီးအကဲများထံသို့သာ ဦးစွာ ရောက်ရှိသွားမည်မှာ သေချာလေသည်။
ကုန်တိုက်သည်လည်း အရာအားလုံးကို တတ်စွမ်းနိုင်သည်တော့ မဟုတ်ပုံရသည်။ လျူအာကျူးမှာ ဒုတိယအကောင်းဆုံးအရာကိုသာ ကျေနပ်လိုက်ရတော့သည်။
"ဒါဆိုရင် ခင်ဗျားက ကျွန်တော့်ကို အနည်းဆုံးတော့ စက်ချုပ်စက်နဲ့ တခြားပစ္စည်းတွေတော့ ပေးရမယ်မလား..."
"ငါ့ရဲ့ အမြင့်ဆုံး အာဏာပိုင်ခွင့်က စက်ချုပ်စက်၊ စက်ဘီးနဲ့ ရေဒီယိုကို တစ်ခုစီပဲ ပေးနိုင်မယ်... ဒါပေမဲ့ နို့မှုန့်နဲ့ မုယောစပါးနို့မှုန့်ကိုတော့ နှစ်ဘူးစီ ပေးနိုင်တယ်..."
"မင်းပြောတဲ့ တခြားပစ္စည်းသေးသေးလေးတွေကတော့ ပြဿနာမရှိပါဘူး... ငါ မင်းရဲ့ လိုအပ်ချက်တွေကို ဦးစားပေးပြီး အကုန်လုံးကို ခွဲတမ်းချပေးမယ်... ဘယ်လိုလဲ..."
မန်နေဂျာကျိုးသည် ကြွားလုံးထုတ်ပြီးကာမှ အရှိတရား၏ မျက်နှာဖြတ်ရိုက်ခြင်းကို ခံလိုက်ရသောကြောင့် သူ့ကိုယ်သူလည်း အနည်းငယ် အားနာသွားမိသည်။ ထို့ကြောင့် သူသည် လျူအာကျူးအား အနည်းငယ် ပိုပေးရန် ဆုံးဖြတ်လိုက်၏။ သို့သော်လည်း သူ ဤသို့ပြောပြီးနောက်တွင် လျူအာကျူး၏ မျက်နှာအမူအရာမှာ သိပ်ပြီး ကျေနပ်ပုံ မရသေးပေ။
သူ၏ ဂုဏ်သိက္ခာအတွက် သူ တန်ဖိုးထား မြတ်နိုးရသော ကိုယ်ပိုင်သိုဝှက်ထားသည့် ပစ္စည်းများကို နာကျင်စွာဖြင့် ထုတ်ယူပေးလိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။