← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) အဖေကျိုးမှ အတိတ်ကို ပြန်လည်အမှတ်ရခြင်း။

"ဟင်..."

ထျန်ရှောင်ယာသည် ခေတ္တမျှ ကြောင်အမ်းသွားကာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

"လမ်းတစ်လျှောက်လုံး ကိုယ့်ကို ခိုးကြည့်နေတာ ခဏခဏပဲနော်..."

ကျိုးချန်ယဲ့သည် လက်ကိုမြှောက်ကာ ဇနီးဖြစ်သူ၏ ခေါင်းထိပ်လေးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူ၏အပြုံးတွင် အချစ်ပိုမှုနှင့် အလိုလိုက်ထားမှုတို့ ပြည့်နှက်နေခဲ့လေတော့သည်။

သူသည် စိတ်ထဲမှ တိတ်တခိုး ရယ်မောလိုက်မိပေသည်၊ ဤဇနီးမိုက်လေးမှာ သူမကိုယ်သူမ လုံအောင် ဖုံးကွယ်ထားနိုင်သည်ဟု အမှန်တကယ် ထင်မှတ်နေသော်လည်း သူမ၏ လှုပ်ရှားမှုတိုင်းကို သူက အမြဲ တမ်း စောင့်ကြည့်နေခဲ့သည်ကိုကား မသိရှာချေ။

သူမ၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံလိုက်ရသောအခါ ထျန်ရှောင်ယာ၏ ပါးပြင်များမှာ အနည်းငယ် နီရဲ သွားခဲ့လေ၏။ သူမ၏ လက်ချောင်းများက အင်္ကျီစကို မသိစိတ်ဖြင့် လိမ်ဆွဲနေရင်း တိုးညှင်းစွာ ရေရွတ် လိုက်လေသည်၊

"ကျွန်မ... ကျွန်မ နည်းနည်း သိချင်ရုံလေးပါ... ဒီနေ့လည်က လူနှစ်ယောက်က အစ်ကို့ရဲ့ ဝမ်းကွဲတွေ ဆိုတာ တကယ်ပဲလားဟင်..."

"မမျှော်လင့်ထားတာ ဘာမှမဖြစ်လာဘူးဆိုရင်တော့ ဟုတ်လောက်တယ်..."

ကျိုးချန်ယဲ့က ပြန်ဖြေလိုက်လေသည်။

"မမျှော်လင့်ထားတာ မဖြစ်လာဘူး ဆိုတာ ဘာအဓိပ္ပာယ်လဲဟင်..."

ထျန်ရှောင်ယာက ခင်ပွန်းဖြစ်သူအား စူးရဲစွာ ကြည့်လိုက်လေသည်၊

"ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူးပေါ့..."

ကျိုးချန်ယဲ့သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ဒုတိယအစ်ကို၏ အိမ်တွင် ယခုလေးတင် ဖြစ်ပျက်ခဲ့သည် များကို ပြန်လည်အမှတ်ရသွားခဲ့လေသည်၊

"အဖေနဲ့ အမေ့ကို ကိုယ်တိုင် ဖုန်းဆက်လိုက်မယ်... သူတို့ လာချင်သည်ဖြစ်စေ မလာချင်သည်ဖြစ်စေ သူတို့သဘောပါပဲ..."

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စတွင် မတရားအနိုင်ကျင့် ခံခဲ့ရသူမှာ သူ၏ဖခင်ဖြစ်ပြီး ဆွေမျိုးတော်စပ်မှု ကို အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူ၏ကိုယ်ပိုင် မိသားစုကိုမူ ထိခိုက်စေမည် မဟုတ် ပေ။

————————————

အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ လူနေဝင်းအတွင်း၌ ဖြစ်လေသည်။

အဖေကျိုးသည် ယိုင်နဲ့သော ခြေလှမ်းများဖြင့် တွေဝေငေးမောစွာ အိမ်ပြန်လာခဲ့လေသည်။ သူသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အိပ်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့လေသည်။

သူ ကုတင်ပေါ်တွင် ပက်လက်လှဲချလိုက်ကာ မျက်နှာကျက်ကို စိုက်ကြည့်နေသော်လည်း သူ၏ မျက်နှာ အမူအရာမှာမူ လုံးဝ ဗလာကျင်းလျက်ရှိနေခဲ့ပေသည်။

ယနေ့ ရုံးတွင် သားအကြီးဆုံးထံမှ လက်ခံရရှိခဲ့သော ဖုန်းခေါ်ဆိုမှုကို လက်ခံနိုင်ရန် သူ ခက်ခဲနေဆဲပင် ဖြစ်လေ၏။

ယခုအခါတွင် သူသည် အိမ်ထောင်ကျကာ အရွယ်ရောက်ပြီးသော သားသမီးများနှင့် မြေးများပင် ရှိနေ ပြီဖြစ်ပြီး ဖခင်၏ မေတ္တာကို တောင့်တရမည့် အရွယ်လွန်နေခဲ့ပြီ ဖြစ်ပေသည်။

သို့ရာတွင် သူ၏ ရင်ဘတ်ထဲမှ မွန်းကျပ်နေသော ခံစားချက်မှာမူ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိခဲ့ ချေ။

ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာကား ထိုစဉ်အခါက အထီးကျန်ကာ အကူအညီမဲ့နေခဲ့သော သူ့ကိုယ် သူ ပြန်လည်သနားနေမိသောကြောင့်ပင် ဖြစ်လေ၏။

ထိုစဉ်က သူ၏မိခင်သည် သူ့အား ကာကွယ်ပေးရန်နှင့် ဖရိုဖရဲဖြစ်နေသော လောကကြီးတွင် အေးချမ်း စွာ နေထိုင်နိုင်ရန်အတွက် ရုပ်ဆိုးကာ ကြမ်းတမ်းသော မိန်းမတစ်ဦးအဖြစ် တမင်သက်သက် ရုပ်ဖျက် ထားခဲ့ရလေသည်။

နေ့ခင်းဘက်တွင် သူမသည် အခြားသူများ၏ အဝတ်များကို လျှော်ဖွပ်ပေးခြင်းဖြင့် မဖြစ်စလောက်သော ဝင်ငွေလေးကို ရှာဖွေကာ သူမနှင့် သားဖြစ်သူတို့ အသက်ရှင်ရပ်တည်နိုင်ရန် အနိုင်နိုင် ရုန်းကန်ခဲ့ရလေ သည်။

သူ အသက် ဆယ်နှစ်အရွယ်သို့ ရောက်သောအခါ မိခင်ဖြစ်သူမှာ ကာလကြာရှည် အာဟာရချို့တဲ့မှု ဒဏ်ကို ခံစားခဲ့ရပြီး နောက်ဆုံးတွင် ကျန်းမာရေး ယိုယွင်းလာကာ အိပ်ရာထဲလဲပြီး မည်သည့်အခါမျှ ပြန်လည် နာလန်မထူနိုင်ခဲ့ခြင်းမရှိတော့ချေ။

သူတို့ မိသားစုမှာ ဆင်းရဲလွန်းလှသဖြင့် ဆေးတစ်ခွက်ပင် ဝယ်မသောက်နိုင်ခဲ့ဘဲ နောက်ဆုံးတွင် မိခင် ဖြစ်သူ ကွယ်လွန်သွားကာ သူ့အား ဤလောကကြီးထဲ၌ တစ်ကောင်ကြွက်အဖြစ် ထားရစ်ခဲ့လေတော့ သည်။

ထို့နောက်တွင် အိမ်လခ မပေးနိုင်တော့သဖြင့် အိမ်ရှင်ဖြစ်သူက သူ့အား အိမ်ပေါ်မှ နှင်ထုတ်ခဲ့လေ၏။

သူသည် ပြိုပျက်နေသော ဘုရားကျောင်းဟောင်းများတွင် အိပ်စက်ကာ လမ်းဘေး၌ တောင်းရမ်းစား သောက်ခဲ့ရပြီး အလေအလွင့် ကလေးတစ်ဦးအဖြစ် မောင်းထုတ်ခံရကာ အနိုင်ကျင့်ခံခဲ့ရလေသည်။

နောက်ပိုင်းတွင် ဒဏ်ရာကြောင့် တပ်မှ အနားယူလာခဲ့သော သဘောကောင်းသည့် စစ်မှုထမ်းဟောင်း တစ်ဦးနှင့် ဆုံတွေ့ကာ ခေါ်ယူမွေးစားခြင်း မခံခဲ့ရပါက သူ၏ဘဝမှာ လူသူကင်းမဲ့သော တောရိုင်းထဲ၌ အချိန်ကြာမြင့်စွာကပင် သေဆုံးမြှုပ်နှံခံခဲ့ရမည်မှာ သေချာလှပေသည်...။

အဖေကျိုးသည် အတိတ်၏ အမှတ်တရများထဲတွင် နစ်မြောနေစဉ် တံခါးအပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

အမေကျိုးသည် အလုပ်မှ ပြန်ရောက်လာသောအခါ သယ်လာသော ပစ္စည်းများကို ချလိုက်ပြီးနောက် ဧည့်ခန်းထဲ၌ တိတ်ဆိတ်စွာ ထိုင်နေကြသော သားအငယ်ဆုံးနှင့် သမီးဖြစ်သူတို့ကို ချက်ချင်း မြင်တွေ့ လိုက်ရကာ ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်၊

"နင်တို့အဖေ ပြန်မရောက်သေးဘူးလား..."

ထိုစကားကို ကြားသောအခါ ကျိုးချန်ယွီက မော့ကြည့်ကာ အိပ်ခန်းဘက်သို့ လှမ်းကြည့်လိုက်လေ၏။ သူမက အသံကိုနှိမ့်ကာ ပြောလိုက်လေသည်၊

"အဖေ ပြန်ရောက်နေတာ ကြာပြီ... အိမ်ထဲဝင်ဝင်ချင်း သူ့အခန်းထဲကို တန်းဝင်သွားပြီး စကားတစ်ခွန်းမှ ကို မပြောဘူး..."

အမေကျိုးမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သူမ၏ ရင်ထဲတွင် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ လေတော့သည်၊

"ပြန်ရောက်ကတည်းက အခန်းထဲကကို မထွက်လာတော့တာလား..."

"သား ခုနလေးတင် သွားကြည့်သေးတယ်... အဖေက ကုတင်ပေါ်မှာ လှဲနေပြီး ဘယ်သူနဲ့မှ စကား မပြောဘူး..."

ကျိုးချန်ရှော့က ဝင်ပြောလိုက်လေသည်။

အမေကျိုး၏ ရင်မှာ ချက်ချင်းပင် ဒိန်းကနဲ ခုန်သွားခဲ့လေ၏။ ခင်ပွန်းဖြစ်သူမှာ ပုံမှန်အားဖြင့် စကား နည်းသူ ဖြစ်သော်လည်း ဤကဲ့သို့တော့ မည်သည့်အခါမျှ ပြုမူလေ့ မရှိပေ။

"ကျွီ..."

သူမမှာ စိတ်ပူနေဆဲဖြစ်သဖြင့် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်သွားခဲ့လေသည်။ ကုတင်ပေါ်၌ ပက်လက်လှဲကာ မျက်နှာကျက်ကို တွေဝေစွာ စိုက်ကြည့်နေသော ခင်ပွန်းဖြစ်သူ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေသည်ကို သူမ ချက်ချင်း မြင်တွေ့လိုက်ရလေသည်။

ဝမ်းနည်းမှု တစ်ဝက်က သူမ၏ ရင်ကို ဆုပ်ကိုင်လာခဲ့ပေသည်။ သူမသည် ကုတင်ဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ထိုင်ချလိုက်ပြီး သူ၏နဖူးကို ညင်သာစွာ စမ်းကြည့်လိုက်လေသည်၊

"နေမကောင်းလို့လား... ဒါမှမဟုတ် စက်ရုံမှာ တစ်ခုခု ပြဿနာဖြစ်လာလို့လား..."

အဖေကျိုးသည် ခေါင်းကို ဖြည်းညင်းစွာ လှည့်ကာ ဇနီးဖြစ်သူ၏ ရင်းနှီးနေသော နူးညံ့သည့် မျက်ဝန်း များကို ကြည့်လိုက်လေ၏။ တစ်နေကုန် စုပုံလာခဲ့သော တင်းကျပ်မှုများနှင့် ခါးသီးမှုများကို ဤအခိုက် အတန့်တွင် ဆက်လက်၍ ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ချေ။

သူ၏ လည်စေ့မှာ အကြိမ်အနည်းငယ်မျှ လှုပ်ရှားသွားပြီး အသံမှာ ရင်အုံထဲမှ အတင်းညှစ်ထုတ်နေရ သကဲ့သို့ အလွန်တရာ အက်ကွဲရှတနေခဲ့လေတော့သည်၊

"ရှောင်ယဲ့... ဒီနေ့ ငါ့ဆီ ဖုန်းဆက်တယ်..."

…………

———————————

ရှင်းဟွာ တက္ကသိုလ်…။

ယနေ့တွင် နောက်ဆုံးအတန်းပြီးဆုံးသွားပြီးနောက် ကျိုးချန်ယဲ့သည် ပစ္စည်းများကို သိမ်းဆည်းကာ အိမ် ပြန်ရန် ပြင်နေစဉ် အနောက်ဘက်မှ တစ်စုံတစ်ယောက် အလျင်စလို ပြေးလိုက်လာသည်ကို ကြားလိုက် ရပြီး ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်၊

"လောင်ကျိုး... ခဏစောင့်ပါဦး..."

ကျိုးချန်ယဲ့က ခြေလှမ်းများကို ရပ်တန့်ကာ လှည့်ကြည့်လိုက်ရာ တကယ့်ကိုပင် ဝမ်အိုက်တန့် ဖြစ်နေ သည်ကို မြင်တွေ့လိုက်ရလေသည်။

တစ်ဖက်လူသည် အဝတ်အိတ်တစ်အိတ်ကို ကိုင်ဆောင်ထားပြီး တက်ကြွရွှင်လန်းသော မျက်နှာထား ဖြင့် သူ့အနီးသို့ ခြေလှမ်းအနည်းငယ်ဖြင့် လျှောက်လာခဲ့လေသည်။

"ဒီနေ့တော့ ဘာလို့ အိမ်ပြန်ဖို့ မလောနေရတာလဲ..."

ကျိုးချန်ယဲ့က ပြုံးရွှင်စွာဖြင့် နောက်ပြောင်လိုက်လေသည်။

ဝမ်အိုက်တန့်မှာ သားလေး မွေးဖွားပြီးကတည်းက ကျောင်းဆင်းခေါင်းလောင်း ထိုးသည်နှင့် တစ်ပြိုင် နက် ပျောက်ကွယ်သွားတတ်ပြီး အိမ်သို့ အမြန်ပြန်ကာ ကလေးကို ပွေ့ဖက်ရန်သာ စိတ်အားထက်သန် နေတတ်လေ၏။ ယနေ့ သူ့အလာကို စောင့်ဆိုင်းနေခြင်းမှာ အလွန်ပင် ရှားပါးသော ကိစ္စတစ်ခု ဖြစ်ပေ သည်။

ဝမ်အိုက်တန့်က ရယ်မောလိုက်ပြီး လက်ထဲမှ အဝတ်အိတ်ကို ကျိုးချန်ယဲ့၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေး လိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်၊

"ပြီးခဲ့တဲ့ ရက်က ကုန်တိုက်ကြီးကို ပင်လယ်စာခြောက်တွေ အသစ်ရောက်လာတယ်လေ... မရီးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုပြီး အမေက မင်းအတွက် နည်းနည်း ယူလာပေးဖို့ အထူးတလည်ကို မှာလိုက် တာ..."

"ဆန်ပြုတ်ဖြစ်ဖြစ် ဟင်းရည်ထဲဖြစ်ဖြစ် နည်းနည်းထည့်ချက်လိုက်... အရမ်းကို အရသာရှိတဲ့အပြင် ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လည်း အရမ်းကောင်းတဲ့ ကယ်လ်စီယမ် ဓာတ်တွေ ပါတယ်လေ..."

ကျိုးချန်ယဲ့က အိတ်ကို အလိုအလျောက်ပင် ဖမ်းယူလိုက်လေ၏။ အိတ်မှာ အတော်လေး လေးလံကာ ကိုင်ကြည့်လိုက်လျှင် ခြောက်သွေ့နေပြီး ပင်လယ်စာခြောက်၏ သင်းပျံ့သော ရနံ့လေးကို ရရှိနေခဲ့ပေ သည်။

သူက ကျေးဇူးတင်စကား ဆိုတော့မည့်ဆဲဆဲတွင် ရုတ်တရက် အကြံဉာဏ်တစ်ခုက စိတ်ထဲ၌ လင်းလက် သွားခဲ့လေသည်။ သူသည် စနစ်နေရာလွတ်ထဲမှ လတ်ဆတ်သော ပင်လယ်စာများကို ပေါ်ပေါ်ထင်ထင် ယူငင်သုံးစွဲ၍ မရနိုင်သော်လည်း အခြောက်လှန်းထားသည်ဆိုပါက မည်သူကများ ခွဲခြားသိနိုင်ပါမည် နည်း။

အချိန်တန်သောအခါ အဝတ်အိတ်ထဲတွင် ထည့်ကာ အပြင်မှ တစ်စုံတစ်ဦးအား ဝယ်လာပေးရန် အကူ အညီတောင်းခဲ့သည်ဟု ပြောလိုက်ရုံပင် ဖြစ်လေ၏။ ဤသို့ဆိုလျှင် အကြောင်းပြချက် ခိုင်လုံသွားမည် ဖြစ်ပြီး မည်သူကမျှ သံသယဝင်တော့မည် မဟုတ်ချေ။

ယင်းမှာ သံသယဖြစ်စရာ မလိုတော့ဘဲ ရှောင်ယာ၏ ခန္ဓာကိုယ်အား ဘေးကင်းလုံခြုံစွာ အာဟာရ ဖြည့် တင်းပေးနိုင်မည့် ပြီးပြည့်စုံသော အကြံအစည်ပင် ဖြစ်ပေတော့သည်။

ကျိုးချန်ယဲ့၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားခဲ့ပြီး သူ၏မျက်နှာပေါ်၌ စစ်မှန်သော အပြုံး တစ်ခု ပေါ်ထွက်လာခဲ့လေ၏။ သူသည် ဝမ်အိုက်တန့်၏ ပခုံးကိုပုတ်ကာ ပြောလိုက်လေသည်၊

"ကောင်းပါပြီ... အိမ်ပြန်ရောက်ရင် ငါ့ကိုယ်စား အန်တီဆွန်းကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး..."

"ကျေးဇူးတင်စရာ မလိုပါဘူးကွာ... ငါတို့အားလုံးက ညီအစ်ကိုတွေပဲလေ... ငါ့အပေါ်ကို အရမ်းကြီး အားနာမနေပါနဲ့..."

ဝမ်အိုက်တန့်က လက်ယမ်းပြလိုက်ပြီးနောက် အိမ်ရှိရာဘက်သို့ လှမ်းမကြည့်ဘဲ မနေနိုင်တော့ချေ၊

"မင်းနဲ့ စကားဆက်မပြောနိုင်တော့ဘူး... သားလေးကို သွားကြည့်ဖို့ အမြန်ပြန်ရဦးမယ်... အားတဲ့အခါ တူလေးနဲ့ မရီးကို အလည်ခေါ်ခဲ့ပါဦး..."

ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူသည် အလျင်စလို ထွက်သွားခဲ့လေတော့သည်။

————————————

ကျိုးချန်ယဲ့သည် ရင်ခွင်ထဲရှိ အဝတ်အိတ်ကို ငုံ့ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များမှာ မသိမသာ မြင့်တက်သွားခဲ့လေတော့သည်။

ဤသည်မှာ ပင်လယ်စာခြောက် အိတ်တစ်အိတ်သာမကဘဲ သူ့အား ရုတ်တရက် အကြံဉာဏ် ပွင့်လင်း သွားစေသည့် အရာတစ်ခုပင် ဖြစ်လေတော့သည်။

သူသည် အိတ်ကို လက်မှကိုင်ထားလိုက်ရာ ခြေလှမ်းများမှာ ပို၍ပေါ့ပါးသွားခဲ့ပြီး သူ၏စိတ်အစဉ်ထဲ၌ ကိုယ်ဝန်ဆောင် ဇနီးသည်အတွက် ပင်လယ်စာ ဆန်ပြုတ် ချက်ပြုတ်ကျွေးရန်ဟူသော အတွေးများဖြင့် သာ ပြည့်နှက်နေခဲ့လေတော့သည်။

လမ်းပေါ်ရှိ စာတိုက်ရှေ့မှ ဖြတ်သွားသောအခါ သူ၏ခြေလှမ်းများမှာ အလိုအလျောက်ပင် ရပ်တန့်သွား ခဲ့လေသည်။

လွန်ခဲ့သော အချိန်အတန်ကြာက သူသည် လျောင်နင်ပြည်နယ်ရှိ ယောက္ခမများထံသို့ စာတစ်စောင် ရေးသားခဲ့ပြီး ရှောင်ယာ ကိုယ်ဝန်ထပ်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းကို ပါးလိုက်သေးသည် မဟုတ်ပါလော။

ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သဖြင့် ယခုလောက်ဆိုလျှင် စာမှာ ရောက်ရှိသွားလောက်ပြီဖြစ်ကာ အကြောင်းပြန်စာပင် ရောက်နေသင့်ပြီ ဖြစ်ပေသည်။

ထိုအတွေးဖြင့် သူသည် ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကာ စာတိုက်ရှိရာဆီသို့ လျှောက်သွားလိုက် လေ၏။

"ရဲဘော်... လျောင်နင်ပြည်နယ်ကနေ ရောက်လာတဲ့ စာများ ရှိနေမလား ခင်ဗျာ..."

ကျိုးချန်ယဲ့သည် ပြုံးရွှင်စွာဖြင့် ရှေ့သို့တက်သွားကာ သူ၏ တံဆိပ်တုံးကို ကမ်းပေးလိုက်လေသည်။

ဝန်ထမ်းဖြစ်သူက တံဆိပ်တုံးကို လှမ်းယူကာ စာအုပ်နှင့် တိုက်စစ်လိုက်ပြီးနောက် ကောင်တာအနောက် ဘက်သို့ လှည့်ကာ ရှာဖွေပေးလေသည်။

မကြာမီမှာပင် ထိုသူက တုတ်ခိုင်သော လျှော်ကြိုးများဖြင့် သပ်ရပ်စွာ ချည်နှောင်ထားသည့် ပါဆယ်ထုပ် တစ်ခုကို ကောက်ယူလိုက်ရာ အတော်လေး လေးလံမည့်ပုံပင် ဖြစ်လေတော့သည်။

All Chapters