← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂) သား၏အကြွေးကို မိခင်က ဆပ်ပေးခြင်း။

သူ၏ရှေ့ရှိ လေးလံလှသော ပါဆယ်ထုပ်ကြီးကို ကြည့်ရင်း ကျိုးချန်ယဲ့သည် ရင်ထဲ၌ နွေးထွေးသွား သလို အနည်းငယ်လည်း အချစ်ပိုသွားမိကာ ပြုံးလျက် ခေါင်းခါယမ်းလိုက်မိလေတော့သည်။

"ရဲဘော်... အခုလို ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ..."

သူသည် စာတိုက်ဝန်ထမ်းအား ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘောပင်တစ်ချောင်းကို ကောက်ကိုင်ကာ လက်ခံပြေစာစာအုပ်ထဲတွင် သူ၏နာမည်ကို သေချာစွာ ရေးမှတ်လိုက်လေသည်။

လုပ်ငန်းစဉ်များ ပြီးစီးသွားပြီးနောက်တွင် သူသည် ဆက်လက်၍ အချိန်ဆွဲမနေတော့ဘဲ ပါဆယ်ထုပ်ကို ပိုက်ကာ အိမ်ပြန်ရန် လှည့်ထွက်လာခဲ့လေတော့သည်။

————————————

ကျိုးချန်ယဲ့ အိမ်သို့ ပြန်ရောက်လာသောအခါ သူသယ်ဆောင်လာသော ပင်လယ်စာခြောက်များထဲတွင် ကမာခြောက် တစ်ပေါင်နှင့် ပုစွန်ခြောက် နှစ်ပေါင်ခန့် ထပ်တိုးလာခဲ့လေသည်။

သူက ထိုထက်ပို၍ ထည့်မလာချင်သောကြောင့် မဟုတ်ဘဲ ဇနီးဖြစ်သူမှာ ထျန်လီလီနှင့် မကြာခဏ တွေ့ဆုံလေ့ရှိကြရာ တစ်နေ့နေ့တွင် ၎င်းတို့နှစ်ဦး စကားစမြည် ပြောဆိုကြရင်း ပမာဏများ ကိုက်ညီမှု မရှိ ပါက ပြဿနာတက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။

"မိန်းမရေ... ကိုယ် ပြန်ရောက်ပြီ..."

ကျိုးချန်ယဲ့သည် တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လှမ်းခေါ်လိုက်လေသည်။

"ကျွန်မ မီးဖိုချောင်ထဲမှာ..."

ထျန်ရှောင်ယာက မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်ကာ ပြန်ထူးလိုက်လေ၏။

ချက်ချင်းဆိုသလိုပင် ကလေးငယ်တစ်ဦး၏ နူးညံ့သောအသံလေးက ထွက်ပေါ်လာခဲ့လေသည်...။

"ဖေဖေ... ဖေဖေ..."

"အို... ဖေ့သားလိမ္မာလေး..."

ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး မီးဖိုချောင်ရှိရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်လေ သည်။

သူသည် ပါဆယ်ထုပ်ကို မီးဖိုချောင်သုံး ဗီရိုပေါ်တွင် တင်လိုက်ပြီးနောက် လှည့်ကာ သူ့ဆီသို့ လျှောက် လာနေသော ကျောက်ခဲလေးကို ပွေ့ချီလိုက်ပြီး ပြုံးရွှင်စွာဖြင့် ကြည်စယ်လိုက်လေသည်...။

"သားလေး... ဖေဖေ့ကို လွမ်းနေတာလား..."

ကျောက်ခဲလေးသည် သူ၏ ဖြူဖွေးသော လက်မောင်းလေးများကို ဆန့်တန်းကာ ကျိုးချန်ယဲ့၏ လည် ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ တခစ်ခစ်ဖြင့်သာ အဆက်မပြတ် ရယ်မောနေခဲ့လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျိုးချန်ယဲ့သည် ကလေးငယ်၏ တင်ပါးလေးကို ညင်သာစွာ ပုတ်လိုက်ကာ ရယ်မောရင်း ဆူပူလိုက်လေသည်...။

"မွှေတတ်တဲ့ ကောင်စုတ်လေး..."

"ဖူး..."

သားအဖနှစ်ယောက် အချင်းများနေသည်ကို ကြည့်ရင်း ထျန်ရှောင်ယာမှာ ရယ်မောခြင်းကို မထိန်းချုပ် နိုင်ခဲ့တော့ချေ...

"သူက အရွယ်မှ မရောက်သေးတာ... အစ်ကိုက ဘာလို့ သူ့ကို အတည်ကြီး ဆူနေရတာလဲ..."

ထိုစကားများကြောင့် ကျိုးချန်ယဲ့မှာ စိတ်အနှောင့်အယှက် မဖြစ်သွားခဲ့ပေ။ သူသည် ကျောက်ခဲလေးကို ပွေ့ချီလျက် ဇနီးဖြစ်သူ၏အနီးသို့ သွားကာ ပြုံးရွှင်စွာဖြင့် မျက်ခုံးပင့်ပြလိုက်ပြီး သူမ၏ ပါးပြင်ကို ရွှတ် ကနဲ နမ်းလိုက်ကာ နောက်ပြောင်လိုက်လေသည်...။

"သားရဲ့ အကြွေးကို အမေက ပြန်ဆပ်ရတယ်လေ..."

သူ၏ ရုတ်တရက် အပြုအမူကြောင့် ထျန်ရှောင်ယာမှာ အငိုက်မိသွားခဲ့ပြီး သူမ၏ ပါးပြင်များပင် နီရဲ သွားခဲ့လေတော့၏။

သူမက သူ့အား အန္တရာယ်ကင်းသော အကြည့်ဖြင့် စူးရဲစွာ ကြည့်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်...။

"သားလေး ရှိနေတယ်လေ..."

ထိုစကားကို ကြားသောအခါ ကျိုးချန်ယဲ့သည် ရင်ခွင်ထဲရှိ ကလေးငယ်ကို လှည့်ကြည့်လိုက်လေ၏။ ကျောက်ခဲလေးမှာ ဝိုင်းစက်နေသော မျက်လုံးကျယ်ကြီးများဖြင့် သူတို့ကို စိုက်ကြည့်ကာ သွားမပါသော အပြုံးလေးဖြင့် ပြုံးနေသည်ကို မြင်တွေ့လိုက်ရလေသည်။

"အဟမ်း... အဟမ်း..."

ကျိုးချန်ယဲ့က သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အနေရခက်စွာဖြင့် အကြိမ်အနည်းငယ် ချောင်းဟန့် လိုက်ကာ ဗီရိုပေါ်ရှိ ပါဆယ်ထုပ်ကို လှမ်းကြည့်လိုက်လေ၏။ ထို့နောက် သူက စကားလမ်းကြောင်းကို အမြန်လွှဲလိုက်လေသည်...။

"ဒီနေ့ ကိုယ် အိမ်ပြန်လာတဲ့လမ်းမှာ စာတိုက်ရှေ့က ဖြတ်လာတော့ ယောက္ခမဆီက ရောက်နေတဲ့ ပါဆယ်ထုပ် တစ်ထုပ်ရှိတာနဲ့ တစ်ခါတည်း ယူလာခဲ့တယ်..."

သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး ထပ်မံ၍ ပြောလိုက်လေသည်...။

"အော်... ဒါနဲ့ စကားမစပ်... ဘေးက အဝတ်အိတ်ထဲမှာ အန်တီဆွန်းက မင်းအတွက် ပြင်ဆင်ပေးလိုက် တဲ့ ပင်လယ်စာခြောက်တွေ ပါတယ်... သူက အိုက်တန့်ကို တကူးတက ယူလာပေးခိုင်းလိုက်တာလေ..."

ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာသည် သူမ၏ ရှက်ရွံ့နေမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခါးချည်အေပရွန်တွင် လက်များကို အမြန်သုတ်လိုက်ကာ ဗီရိုဆီသို့ အလျင်စလို လျှောက်သွားပြီး ပါဆယ်ထုပ်ကို ဖြုတ်ချလိုက်လေ၏။

သူမက ပါဆယ်ထုပ်ကို ဖွင့်လိုက်ရာ မိခင်ဖြစ်သူ၏ လှိုက်လှဲသော ဆန္ဒမေတ္တာများဖြင့် ပြည့်နှက်နေ သည်ကို တွေ့လိုက်ရလေသည်။

အပေါ်ဆုံးအလွှာတွင် အာယဲ့နှင့် သူမတို့ စားရသည်ကို နှစ်သက်သော တောဟင်းသီးဟင်းရွက်များနှင့် မှိုများ ပါဝင်လေ၏။ ၎င်းတို့အားလုံးမှာ အခြောက်လှန်းထားပြီး သေချာစွာ ရွေးချယ်ထားပုံရကာ အနာ အဆာကင်းပြီး သန့်ရှင်းသပ်ရပ်နေခဲ့ပေသည်။

၎င်းတို့၏ အောက်တွင်မူ အိမ်လုပ် ဝက်အူချောင်းများနှင့် ယုန်သားခြောက်များ ပါရှိပြီး အသားများမှာ ကျစ်ကျစ်လျစ်လျစ်ရှိကာ ထင်းရှူးရနံ့သင်းသင်းလေးကိုပင် ရရှိနေခဲ့လေသည်။

အောက်ဘက်သို့ ထပ်ဆင်းသွားသောအခါ ကျောက်ခဲလေးအတွက် ချုပ်လုပ်ပေးထားသော အင်္ကျီလေး များနှင့် အဝတ်ကျားရုပ်လေးတစ်ခု ပါရှိပြီး ချုပ်ရိုးများမှာ သေးငယ်ကာ သပ်ရပ်နေသဖြင့် ဂရုတစိုက် ချုပ်လုပ်ထားကြောင်း သိသာထင်ရှားနေခဲ့ပေသည်။

ပါဆယ်ထုပ်၏ အောက်ဆုံးတွင် အရောင်အသွေး စုံလင်သော အထည်စများကို သေချာစွာ ဆက်စပ်ချုပ် လုပ်ထားသည့် ကလေးတစ်ရာ ပုံစံပါသော စောင်တစ်ထည်ကို တွေ့လိုက်ရလေ၏။

ထိုအရာကို တွေးကြည့်လိုက်ရုံဖြင့် ထျန်ရှောင်ယာသည် မိခင်ဖြစ်သူမှာ အထည်စများကို စုဆောင်းရန် အတွက် သူမသိကျွမ်းသော အန်တီများစွာထံသို့ အကူအညီတောင်းခဲ့ရမည်ကို ကောင်းစွာ သိရှိနေခဲ့ပေ သည်။

သူမက လက်လှမ်းကာ ညင်သာစွာ ပွတ်သပ်လိုက်ရာ သူမ၏ လက်ချောင်းထိပ်လေးများမှာ အနည်းငယ် တုန်ယင်နေခဲ့လေ၏။ ထိုအရာကို ကြည့်ရင်း သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ရုတ်တရက် ဝဲ တက်လာခဲ့တော့သည်။

မိသားစုက သူမကို ချစ်ခင်ကြပေသည်။

ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူ၏ ပခုံးကို ညင်သာစွာ ဖက်လိုက်ပြီး သူ၏မေးစေ့ကို သူမ၏ ခေါင်းထိပ်လေး ပေါ်တွင် တင်ကာ နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်...၊

"ကြည့်စမ်း... ကိုယ်တို့ တစ်မိသားစုလုံးက ဒီကလေးလေး ဘေးကင်းကင်းနဲ့ မွေးဖွားလာမယ့် အချိန်ကို စောင့်မျှော်နေကြတာပဲ..."

ထျန်ရှောင်ယာသည် သူ့အား မှီလိုက်ကာ ပြန့်ပြူးနေဆဲဖြစ်သော သူမ၏ ဗိုက်ကလေးကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း နှုတ်ခမ်းထက်၌ နူးညံ့သော အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။

အဘွားဖြစ်သူ ပြုလုပ်ပေးထားသော အဝတ်ကျားရုပ်လေးကို ဖက်ထားသည့် ကျောက်ခဲလေးမှာ တို တောင်းသော ခြေထောက်လေးများကို လွှဲယမ်းရင်း ကျိုးချန်ယဲ့၏ ရင်ခွင်ထဲ၌ တခစ်ခစ် ရယ်မောနေကာ တစ်ခါတစ်ရံတွင် မပီမသ အသံလေးများ ထွက်ပေါ်လာခဲ့လေသည်...။

"ညီမလေး... ညီလေး... ကစားမယ်..."

"ဖူး..."

ထျန်ရှောင်ယာမှာ ပြုံးလိုက်ပြီး ကျောက်ခဲလေး၏ မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း စိတ်ထဲ မှ တွေးလိုက်မိလေသည်...။

ချစ်ရသူက မိမိ၏အနီးတွင် ရှိနေခြင်း၊ ကလေးများက ဒူးနားတွင် ပြေးလွှားကစားနေခြင်းနှင့် မိသားစုဝင် များက မိမိအား ဂရုစိုက်ပေးခြင်းဟူသော ဤအရာများမှာ သူမ၏ဘဝတွင် အပျော်ရွှင်ဆုံး အချိန်ကာလ ပင် ဖြစ်ပေလိမ့်မည်။

——————————

မိသားစု သုံးဦးမှာ နွေးထွေးမှုထဲတွင် နစ်မြောနေကြစဉ်မှာပင် တူးခြစ်နေသော အနံ့သင်းသင်းလေးတစ်ခု လွင့်ပျံလာခဲ့လေတော့သည်။

ထျန်ရှောင်ယာ၏ နှာခေါင်းမှာ ရှုံ့မဲ့သွားပြီး သူမသည် ရုတ်တရက် သတိဝင်လာကာ အလန့်တကြား အော်လိုက်မိလေသည်...။

"အာ... ဒယ်အိုးထဲက ဟင်းတွေ..."

သူမက လှည့်ကာ မီးဖိုဆီသို့ ပြေးသွားရန် ပြင်လိုက်စဉ်မှာပင် ကျိုးချန်ယဲ့သည် ကျောက်ခဲလေးကို ကြမ်းပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်ပြီးနောက် အမြန်ပြေးသွားခဲ့လေတော့သည်။

သူက ဒယ်အိုးအဖုံးကို ဖွင့်လိုက်ရာ ပူလောင်ပြီး တူးခြစ်နေသော အခိုးအငွေ့များ ထောင်းကနဲ ထွက်ပေါ် လာခဲ့လေ၏။ အတွင်းရှိ ဟင်းသီးဟင်းရွက်များမှာ ညှိုးနွမ်းနေပြီဖြစ်ကာ အောက်ခြေမှာမူ အနည်းငယ် မည်းနက်နေခဲ့ပေတော့သည်။

ကျိုးချန်ယဲ့သည် မြန်ဆန်သွက်လက်စွာ လှုပ်ရှားလိုက်ပြီး ထင်းများကို ဖယ်ရှားကာ မီးငြှိမ်းသတ်လိုက် ပြီးနောက် တူးနေသော ဟင်းများကို အလျင်စလို ခပ်ထုတ်လိုက်လေသည်။

ထို့နောက် သူက ဇနီးဖြစ်သူဘက်သို့ လှည့်ကာ ပြုံးလိုက်ပြီး ပေါ့ပါးသော လေသံဖြင့် နှစ်သိမ့်ပေးလိုက် လေသည်...။

"ကိစ္စမရှိပါဘူး... နည်းနည်းလေးပဲ တူးသွားတာပါ... မလန့်ပါနဲ့..."

ထျန်ရှောင်ယာသည် သူမ၏ ရင်ဘတ်ကိုပုတ်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် အနည်းငယ် အနေရခက်စွာဖြင့် ပြုံးလိုက်လေသည်...။

"ဒါ ကျွန်မအမှားပါ... အရမ်း ဝမ်းနည်းနေတာနဲ့ မီးဖိုပေါ်က ဟင်းတွေကို လုံးဝ မေ့သွားတာ..."

"မင်းအမှား မဟုတ်ပါဘူး... ကိုယ်လည်း မေ့သွားတာပဲလေ..."

ကျိုးချန်ယဲ့သည် လက်ကိုသုတ်ကာ ခါးချည်အေပရွန်ကို ဝတ်ဆင်လိုက်ပြီး ပြုံးလျက် အတော်လေး ပေါ့ပါး သော လေသံဖြင့် ပြောလိုက်လေသည်...။

"အတော်ပဲ... ဒီဟင်းက တူးသွားလို့ စားလို့မရတော့ဘူးဆိုတော့ ဒီနေ့ ဆန်ပြုတ်ပဲ သောက်ကြတာပေါ့..."

"ကိုယ် မင်းအတွက် ပင်လယ်စာ ဆန်ပြုတ် တစ်အိုး ချက်ပေးမယ်... မင်း အကြိုက်တွေ့မလားလို့ မြည်း ကြည့်လိုက်ပါဦး..."

သူသည် ဆန်ကို ထပ်မံဆေးကြောလိုက်ပြီး ကမာခြောက် အနည်းငယ်ကို အမြှောင်းလေးများဖြစ်အောင် ဆွဲဖြဲလိုက်ကာ လတ်ဆတ်သော ပုစွန် အနည်းငယ်ကို ထည့်၍ အနိမ့်ဆုံး မီးအပူချိန်ဖြင့် တည်ထားလိုက် လေ၏။

မီးဖိုချောင်ထဲတွင် ရေဆူလာသော အသံများ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေသည်။

မကြာမီမှာပင် ဆန်ပြုတ်၏ အရသာရှိလှသော သင်းပျံ့သည့် ရနံ့လေးမှာ မွှေးကြိုင်လတ်ဆတ်စွာ လွင့်ပျံလာခဲ့ပေ၏။

၎င်းက ယခင်က တူးခြစ်နေသော အနံ့သင်းသင်းကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပြီး တစ်ခန်းလုံးကို ဆွဲ ဆောင်မှုရှိသော ရနံ့ဖြင့် ပြည့်နှက်သွားစေခဲ့လေသည်။

ဆန်ပြုတ်မှာ နူးအိကာ ပျစ်နှစ်လာသည်အထိ ကျက်သွားသောအခါ ကျိုးချန်ယဲ့သည် မီးဖိုချောင်ရှိ စားပွဲ ဝိုင်းပေါ်တွင် နွေးထွေးသော ဆန်ပြုတ် နှစ်ပန်းကန်ကို ချထားလိုက်လေသည်။

ကြွေပန်းကန်လုံးထဲမှ ရေနွေးငွေ့လေးများ ထွက်ပေါ်နေဆဲဖြစ်ကာ ပြည့်စုံလတ်ဆတ်သော ရနံ့တစ်ခုက တစ်ခန်းလုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့လေသည်။

ထျန်ရှောင်ယာက ဇွန်းတစ်ချောင်းကို ကောက်ကိုင်ကာ ပန်းကန်ထဲမှ ဆန်ပြုတ် တစ်ဇွန်းကို ခပ်ယူ လိုက်ပြီး အေးသွားစေရန် ညင်သာစွာ မှုတ်လိုက်လေ၏။

ထိုင်ခုံမြင့်လေးပေါ်ရှိ ကလေးငယ်မှာ စိတ်မရှည်နိုင်တော့ဘဲ သူ၏ ပါးစပ်လေးမှာ ဟနေခဲ့ပြီ ဖြစ်လေ သည်။

သူ၏ လက်လေးနှစ်ဖက်မှာ ကျယ်လောင်စွာ လက်ခုပ်တီးနေပြီး အစာကျွေးမည့်အချိန်ကို စောင့်မျှော် နေကာ ပါးစပ်ဟထားသော ငှက်ငယ်လေးတစ်ကောင်နှင့်ပင် တူနေခဲ့ပေသည်။

"စားမယ်... စားမယ်..."

"ဟားဟားဟား... မလောပါနဲ့..."

သားဖြစ်သူ၏ စိုးရိမ်တကြီးဖြစ်နေသော အမူအရာကြောင့် ထျန်ရှောင်ယာမှာ အသံထွက်၍ပင် ရယ်မော လိုက်မိလေသည်...။

ထိုတစ်လုပ်ကို စားလိုက်ရပြီးမှသာလျှင် ကလေးငယ်မှာ ငြိမ်ကျသွားခဲ့တော့သည်။

ထိုအချိန်တွင် ထျန်ရှောင်ယာသည်လည်း သူမ၏ ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး ဖြည်းညင်းစွာ စတင် သောက်သုံးလိုက်လေသည်။

"ဒီဆန်ပြုတ်က တကယ်ကို ကောင်းကောင်းချက်ထားတာပဲ... အရမ်းကို အရသာရှိတယ်..."

ထျန်ရှောင်ယာသည် ဆန်ပြုတ်ကို သောက်ရင်း ချီးကျူးလိုက်ရာ ထိုပင်လယ်စာ ဆန်ပြုတ်မှာ သူမ၏ အကြိုက်နှင့် ထပ်တူကျနေကြောင်း သိသာနေပေတော့သည်။

All Chapters