အခန်း ၁၅၀
Vol. 15 Ch. 150
အခန်း (၁၅၀) အနံ့က အရမ်းဆိုးတာပဲ
အထဲသို့ ထပ်ဝင်သွားသောအခါ လတ်ဆတ်သော ကုန်ပစ္စည်းများ ထားရှိရာ အပိုင်းဖြစ်ပြီး တစ်ဖက်တွင် လတ်ဆတ်သော သစ်သီးများကို ခင်းကျင်းပြသထားကာ အခြားတစ်ဖက်တွင်မူ ပင်လယ်စာများ ရှိနေခဲ့ လေသည်။
လူတစ်ရပ်စာထက် မြင့်မားသော မှန်ငါးကန်ကြီးထဲတွင် လတ်ဆတ်သော မြက်စားငါးများ၊ ငါးကြင်းများ၊ ပုစွန်ထုပ်ကြီးများ၊ ကဏန်းများနှင့် အခြားသော ရေထွက်ပစ္စည်းများဖြင့် ပြည့်နှက်နေလျက်ရှိပြီး ၎င်းတို့ အားလုံးမှာ လတ်ဆတ်ကာ အသက်ဝင်လှုပ်ရှားနေကြပေသည်။
ခေတ်သစ်လောကတွင် သူ မှတ်မိနေခဲ့သော ကုန်တိုက်ကြီးများကဲ့သို့ပင် ဇုန်ခွဲခြားထားမှုမှာ ရှင်းလင်း ပြတ်သားလှပေသည်။
ထူးဆန်းပြီး စိတ်သက်သာရာ ရစေသည့်အချက်မှာ စူပါမားကတ် တစ်ခုလုံးတွင် သူတစ်ယောက်တည်း သာ ရှိနေခြင်းပင် ဖြစ်လေ၏။
ကြေညာသံများ မရှိသကဲ့သို့ ဖောက်သည်များ၏ ဆူညံသံများနှင့် ငွေရှင်းကောင်တာမှ ဘားကုဒ်ဖတ် သည့် တီကနဲ အသံများလည်း မရှိဘဲ လေတိုက်သံပင်လျှင် တိတ်ဆိတ်နေခဲ့ပေသည်။
ကျယ်ဝန်းလှသော စူပါမားကတ်ကြီးထဲတွင် သူ၏ ခြေသံများနှင့် ဈေးဝယ်လှည်းဘီးများ၏ တိုးညှင်း သော အသံများသာလျှင် ဖျော့တော့စွာ ပဲ့တင်ထပ်နေခဲ့လေ၏။
စူပါမားကတ် တစ်ခုလုံးကို သူတစ်ယောက်တည်း ပိုင်ဆိုင်ထားရသည့် ခံစားချက်မှာ သက်တောင့်သက် သာရှိလှပြီး သူတစ်ဦးတည်းသာ နားလည်နိုင်သော ငြိမ်းချမ်းမှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။
သူသည် အချိန်ဆွဲမနေတော့ဘဲ ဈေးဝယ်လှည်းကို လတ်ဆတ်သော ကုန်ပစ္စည်းများရှိရာ အပိုင်းသို့ တန်းတန်းမတ်မတ် တွန်းသွားလိုက်လေ၏။
သူသည် သိုးသား လေးပေါင်နှင့် နူးညံ့သော ဝက်သုံးထပ်သား သုံးပေါင်ကို ကျွမ်းကျင်စွာ လှီးဖြတ်လိုက် ပြီး အကင်အတွက် အသုံးအများဆုံးဖြစ်သည့် ကြက်တောင်ပံများ၊ ကြက်ပေါင်များ၊ ကြက်ခြေထောက် များနှင့် ဘေကွန်တို့ကိုလည်း ရွေးချယ်လိုက်လေသည်...။
နောက်ဆုံးတွင် အရသာရှိပြီး ကျစ်လျစ်သော ဟော့ပေါ့ အသားလုံး အနည်းငယ်နှင့် ငရုတ်ကောင်းမည်း ဝက်အူချောင်း တစ်ထုပ်ကိုပါ ယူဆောင်လိုက်လေ၏။
ထိုအရာများကို ဈေးဝယ်လှည်းထဲသို့ ညင်သာစွာ ထည့်လိုက်သောအခါ ယနေ့ည အကင်စားပွဲအတွက် အဓိက ပါဝင်ပစ္စည်းများ အဆင်သင့် ဖြစ်သွားခဲ့ပေပြီ။
ထို့နောက် သူသည် ဆန်၊ ဆီနှင့် ဟင်းခတ်အမွှေးအကြိုင် အပိုင်းသို့ ရွှေ့သွားကာ စင်တန်းများကို တစ် ချက် ဝေ့ကြည့်လိုက်လေ၏။
နောက်ဆုံးတွင် နာမည်ကြီးပြီး စစ်မှန်သော အရသာရှိသည့် အော်လင်း အကင်ဟင်းခတ်မှုန့် တစ်ထုပ်ကို ရွေးချယ်လိုက်ကာ ဇီရာနှင့် ငရုတ်ကောင်းမှုန့် တစ်ထုပ်စီကိုပါ ယူလိုက်လေသည်။
လိုအပ်သည့်အရာ အားလုံးနီးပါး စုံလင်သွားပြီဖြစ်ကြောင်း မြင်သောအခါ သူသည် လက်ကောက်ဝတ် ကို မြှောက်ကာ အချိန်ကို စစ်ဆေးလိုက်ပြီး အချိန်အများကြီး ကျန်နေသေးကြောင်း သိလိုက်ရလေ၏။ ထို့နောက် သူသည် လုံးဝ စိတ်အေးသွားကာ ဈေးဝယ်လှည်းကို တွန်းရင်း အေးအေးဆေးဆေး ဆက် လက် လေ့လာကြည့်ရှုနေခဲ့ပေသည်။
သရေစာ အပိုင်းသို့ ကွေ့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်ဝန်းများမှာ လင်းလက်သွားခဲ့လေ၏။
နူးညံ့ပြီး အရသာရှိသော ခေတ်သစ်လောက၏ ရောင်းအားအကောင်းဆုံး ပစ္စည်းများဖြစ်သည့် ပြင်သစ် ပေါင်မုန့်လိပ်များ၊ ယိုစာသွပ် ပေါင်မုန့်များ၊ ဘက်ခ်ဝှိ ပေါင်မုန့်များ၊ အသားညှပ်ပေါင်မုန့်များနှင့် အခြား သော အထွေထွေ ပစ္စည်းများကို အထူးတလည် ရွေးချယ်ကာ အိတ်ကြီးတစ်လုံး အပြည့် ထည့်လိုက်လေ သည်။
နူးညံ့အိစက်နေသဖြင့် လူကြီးရော ကလေးပါ စားသုံးရန် သင့်တော်ပြီး သရေစာအဖြစ်ဖြစ်စေ၊ အဆာပြေ စာအဖြစ်ဖြစ်စေ စားသုံးနိုင်ပေသည်။
အရောင်အသွေး စုံလင်သော ပလတ်စတစ် ထုပ်ပိုးမှုများအတွက် သူ လုံးဝ စိုးရိမ်မနေခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ နေရာလွတ်ထဲမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ၎င်းပေါ်ရှိ ခေတ်သစ် အမှတ်အသားများမှာ အလိုအလျောက် ပျက်ဖျက်ခံရမည်ဖြစ်ပြီး ထူးခြားမှု တစ်စုံတစ်ရာကို သတိပြု မိမည် မဟုတ်ပေ။
သူ၌ အထူးအဆက်အသွယ်အချို့ ရှိနေကြောင်းကို သူ၏ မိသားစုက အစောကတည်းက သိရှိထားပြီး ဖြစ်ရာ ထုပ်ပိုးမှုမှာ ဆန်းသစ်နေလျှင်ပင် အဆက်အသွယ်များမှတစ်ဆင့် သူရရှိလာသော ရှားပါးပစ္စည်း တစ်ခုအဖြစ်သာ မှတ်ယူကြပေလိမ့်မည်။
သူသည် ရပ်တန့်မနေဘဲ ယခင်ဘဝက သူအနှစ်သက်ဆုံး အစားအစာဖြစ်သည့် ပဲငံပြာရည်နှပ် အစား အစာများ အပိုင်းသို့ ဈေးဝယ်လှည်းကို တန်းတန်းမတ်မတ် တွန်းသွားလိုက်လေ၏။
အော်လင်း ဘဲလည်ပင်းများ၊ ပျားရည်သုတ် ဘဲပေါင်များ၊ အစပ်အရသာ ဘဲတောင်ပံများ၊ ဟင်းခတ် အမွှေးအကြိုင် ကြက်ပေါင်များ၊ ကြက်ဥပေါင်းများနှင့် အစပ်အရသာ တို့ဟူးခြောက်များကို နည်းနည်းစီ ယူလိုက်လေ၏။ ၎င်းတို့မှာ နောက်ပိုင်းတွင် အရက်နှင့် မြည်းရန်အတွက် အလွန်ပင် သင့်တော်ပေလိမ့် မည်။
နောက်ဆုံးတွင် သစ်သီး အတန်းသို့ သွားကာ နာမည်ကြီးပြီး အများစု စားသုံးလေ့ရှိသော ရာသီပေါ် သစ်သီးအချို့ကို ရွေးချယ်လိုက်လေသည်။
အခွံပါးပြီး အရည်ရွှမ်းသော လိမ္မော်သီးများ၊ ကြွပ်ရွပြီး ချိုမြိန်သော ဖူဂျီ ပန်းသီးများနှင့် နူးညံ့ကာ အရည်ရွှမ်းသော သစ်တော်သီးများကို နည်းနည်းစီ ရွေးယူလိုက်လေသည်။
သစ်သီး အတန်းမှ ထွက်လာစဉ်မှာပင် သူသည် ရုတ်တရက် ရပ်တန့်သွားကာ အနောက်သို့ လှည့် ကြည့်လိုက်လေသည်။
သူ၏ အကြည့်များမှာ လက်သည်းများဖြင့် ကုတ်ဖဲ့တော့မည့်အလား ပုံစံပေါက်နေသော ဒူးရင်းသီး အတန်းများပေါ်သို့ ကျရောက်သွားပြီးနောက် နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားခဲ့လေသည်...။
နောက်ဆုံးတွင် သူသည် သွေးဆောင်ဖြားယောင်းမှုကို မခံနိုင်တော့ဘဲ အသားပြည့်ကာ ချိုမြိန်မည့် ပုံပေါက်သော ဒူးရင်းသီးတစ်လုံးကို ရွေးချယ်ရန်အတွက် သူ၏ အပြစ်ရှိသော လက်များကို ဆန့်ထုတ် လိုက်လေတော့သည်...။
လွှမ်းမိုးနိုင်စွမ်းရှိပြီး ဆွဲဆောင်မှုရှိသော ထိုရနံ့ကို ရှူရှိုက်ရင်း ကျိုးချန်ယဲ့မှာ ပြုံးမနေဘဲ မနေနိုင်ခဲ့ချေ။
ဤ အခမဲ့ ဈေးဝယ်ထွက်ခြင်း ခရီးစဉ်မှာ တကယ့်ကို ပျော်စရာကောင်းလှပေသည်။
အရာအားလုံးကို ခွဲခြားပြီး ထုပ်ပိုးပြီးနောက် သူသည် ဓာတ်လှေကားဖြင့် ပဉ္စမထပ်သို့ ပြန်တက်သွားခဲ့ လေ၏။
အဝတ်လျှော်စက်ထဲမှ နွေးထွေးပြီး အနည်းငယ် ခြောက်သွေ့နေသော အဝတ်အစားများကို ထုတ်ယူကာ အလျင်အမြန် ပြန်ဝတ်လိုက်လေသည်။
သူက လှည့်ကာ မှန်ထဲသို့ ထပ်မံ ကြည့်ရှုလိုက်ပြီး ဘေးတစ်ဖက်တစ်ချက်စီမှ မိမိကိုယ်မိမိ စစ်ဆေး လိုက်ရာ အရာအားလုံးမှာ သပ်ရပ်သန့်ရှင်းနေခဲ့ပေသည်။
သူ၏ နှုတ်ခမ်းထက်၌ အလိုအလျောက် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချ လိုက်မိလေသည်...။
*ဒီဘဝက အရင်ဘဝထက် အများကြီး ပိုပြီး ပြည့်စုံနေတာပဲ...*
နောက်တစ်စက္ကန့်တွင် သူ၏ ပုံရိပ်မှာ နေရာလွတ်ထဲ၌ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့လေတော့ သည်။
————————————
"အဖေ... အမေ... ရှောင်ယာ... ကျွန်တော် ပြန်ရောက်ပြီ..."
မည်သူတစ်ဦးတစ်ယောက်မျှ ခြံဝင်းထဲသို့ မဝင်ရောက်မီမှာပင် ကျိုးချန်ယဲ့၏ အသံမှာ တံခါးအပြင်ဘက် မှ ထွက်ပေါ်လာခဲ့လေသည်။
အဖေကျိုးသည် ခြံဝင်းထဲ၌ ဆောင့်ကြောင့်ထိုင်ကာ အကင်ဖိုကို ပြင်ဆင်နေစဉ် တံခါးဝမှ ဆူညံသံကို ကြားလိုက်ရလေ၏။ သူက မော့ကြည့်လိုက်ရာ ဖောင်းကားနေသော မြွေရေခွံအိတ်ကြီး တစ်လုံးကို သယ်ဆောင်ကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ဝင်ရောက်လာသည့် သားဖြစ်သူကို ချက်ချင်း မြင်တွေ့ လိုက်ရလေသည်။
အိတ်ကြီးမှာ အတော်လေး လေးလံနေပုံရပြီး ၎င်းထဲတွင် ပစ္စည်းများစွာ ပါဝင်ကြောင်း သိသာထင်ရှား နေခဲ့ပေသည်။
"ဝါး... မင်း... ထောက်ပံ့ရေးနဲ့ အရောင်းသမဝါယမဆိုင်ကို ဓားပြသွားတိုက်လာတာလား..."
အဖေကျိုးက ပြုံးလျက် နောက်ပြောင်လိုက်ရာ သူ၏ မျက်ဝန်းများတွင် သိချင်စိတ်များ ပြည့်နှက်နေ ခဲ့လေသည်။
ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ကျိုးချန်ယဲ့မှာ ဘာမှမတတ်နိုင်စွာဖြင့် ပြုံးလိုက်ပြီး လေးလံ သော အိတ်ကြီးကို ကြမ်းပြင်ပေါ်သို့ ညင်သာစွာ ချကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်လေ သည်...။
"အဖေကလည်း ဘာတွေပြောနေတာလဲ... ကျွန်တော်က ဘယ်လိုလုပ် အဲ့ဒီလို လုပ်ရဲမှာလဲ... သူငယ် ချင်းတစ်ယောက်ဆီကို သွားပြီး ရှားပါးတဲ့ ပစ္စည်းလေးတွေ နည်းနည်း သွားယူလာတာပါ..."
ထိုသို့ ပြောဆိုနေစဉ် သူသည် အိတ်ကို ကောက်မကာ အဖေကျိုး၏ ဘေးနားရှိ သစ်သားစားပွဲဆီသို့ လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်၍ ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူလိုက်လေ၏။
လှပစွာ ထုပ်ပိုးထားသော ပေါင်မုန့်များကို တစ်ခုချင်းစီ ထုတ်ယူလိုက်သောအခါ အဖေကျိုးမှာ အံ့အား မသင့်ဘဲ မနေနိုင်ခဲ့ချေ။ သူသည် မသိစိတ်မှ အနီးသို့ တိုးသွားကာ တိုးညှင်းသော လေသံဖြင့် မေးလိုက် လေသည်...။
"ဒီအရာတွေက... စျေးမပေါလောက်ဘူး မဟုတ်လား..."
ကျိုးချန်ယဲ့က ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးကာ ပစ္စည်းများကို ဆက်လက် ထုတ်ယူနေခဲ့လေ၏။
သိုးသား၊ ဝက်သုံးထပ်သား၊ ကြက်တောင်ပံများ၊ ဘဲတောင်ပံများ၊ ပဲငံပြာရည်နှပ် တို့ဟူးများနှင့် ပုံစံ ထူးဆန်းသော အသားလုံးများ...၊
ထို့နောက်တွင် ပန်းသီးများ၊ သစ်တော်သီးများနှင့် လိမ္မော်သီးများ...၊
တဖြည်းဖြည်းနှင့် အစားအသောက်များဖြင့် ပြည့်နှက်လာသော စားပွဲကို ကြည့်ရင်း အဖေကျိုး၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် တွန့်ကွေးသွားခဲ့လေ၏။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သင်းပျံ့ပြီး ထူးဆန်းသော အနံ့တစ်ခု လွင့်ပျံလာခဲ့လေသည်။
အနံ့မှာ ပို၍ ပြင်းထန်လာသည်နှင့်အမျှ သားဖြစ်သူကို ကြည့်နေသော အဖေကျိုး၏ အမူအရာမှာလည်း ပို၍ ထူးဆန်းလာခဲ့ပေသည်။
"ဘာလို့ ဒီလောက်တောင် အနံ့ဆိုးနေရတာလဲ... လောင်ကျိုး... ရှင် အပြင်ဘက်မှာ ဘာလုပ်နေတာလဲ..."
ဤအခိုက်အတန့်တွင် အမေကျိုးသည် ဆေးကြောပြီးသော ဟင်းသီးဟင်းရွက် ဇလုံတစ်လုံးကို ကိုင် ဆောင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့လေသည်။
သူမ စကားတစ်ဝက်ခန့် ပြောပြီးချိန်တွင် ခြံဝင်းထဲရှိ သားဖြစ်သူကို မြင်တွေ့လိုက်ရလေသည်။ သူမ၏ အသံမှာ အလိုအလျောက် တိုးဝင်သွားပြီး သူမ၏ မျက်နှာမှာလည်း နူးညံ့သွားခဲ့ပေသည်။
"ရှောင်ယဲ့ ပြန်ရောက်ပြီလား... အားလုံး ဝယ်လာခဲ့ပြီလား..."
အမေကျိုးက ပြုံးလျက် လျှောက်လာခဲ့လေသည်။
"အမေ... အားလုံး ဝယ်လာခဲ့ပါပြီ..."
ကျိုးချန်ယဲ့က ပြုံးလျက် ပြန်ဖြေလိုက်ပြီး ပစ္စည်းများ အပုံလိုက် ရှိနေသော ဘေးနားရှိ သစ်သားစားပွဲကို လက်ညှိုးထိုးပြလိုက်လေသည်....။
"ကြည့်ပါဦး... အားလုံး ဒီမှာပါပဲ..."
"ရှောင်ယာရော ဘယ်မှာလဲ..."
ကျိုးချန်ယဲ့၏ အကြည့်များမှာ မီးဖိုချောင်နှင့် အတွင်းခန်းကို မသိစိတ်မှ ဝေ့ဝဲကြည့်လိုက်လေ၏။ သူ အိမ်ထဲသို့ ဝင်လာကတည်းက ဇနီးဖြစ်သူ၏ အသံကို မကြားရသဖြင့် ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ သည်။
"ကျောက်ခဲလေးက ခုနက ဂျီကျနေလို့လေ... ရှောင်ယာက အခန်းထဲမှာ သူ့ကို သိပ်နေတယ်..."
အဖေကျိုးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီးနောက် သားဖြစ်သူ၏ လက်ထဲရှိ ဆူးများပါဝင်ကာ အနံ့ ထူးဆန်းသော အရာကို လက်ညှိုးထိုးပြကာ သူ၏ မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေလျက် မေးလိုက်လေသည်...။
"ဒါက ဘာကြီးလဲ... ပုံစံကလည်း ထူးဆန်းတယ်... ပြီးတော့ အနံ့ကလည်း အရမ်းပြင်းတာပဲ..."
ကျိုးချန်ယဲ့သည် ဖခင်ဖြစ်သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး ပြုံးလျက် ရှင်းပြလိုက်လေ သည်...။
"ဒါကို ဒူးရင်းသီးလို့ ခေါ်တယ်လေ... အာဟာရတန်ဖိုးမြင့်မားတဲ့ အပူပိုင်းဒေသ သစ်သီးတစ်မျိုးပါ... ကျွန်တော့် သူငယ်ချင်းဆီကို အလုံးအနည်းငယ် ရောက်လာတာနဲ့ ကျွန်တော့်အတွက် အထူးတလည် တစ်လုံး ချန်ထားပေးတာလေ..."
"အနံ့က အရမ်းမွှေးတာပဲ..."
ထျန်ရှောင်ယာသည် ကျောက်ခဲလေးကို သိပ်ပြီးနောက် စောင်ကို တိတ်တဆိတ် သေချာခြုံပေးလိုက်ပြီး ကူညီပေးရန်အတွက် မီးဖိုချောင်သို့ သွားရန် ပြင်လိုက်လေ၏။
အိမ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သင်းပျံ့ပြီး ချိုမြိန်သော ရနံ့တစ်ခုကို ရလိုက်သဖြင့် သူမမှာ မနေနိုင်ဘဲ ညင်သာစွာ ရှူရှိုက်လိုက်မိလေသည်။
ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူ ထွက်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် အလျင်အမြန် ပြုံးကာ လက် ယမ်းပြလိုက်လေသည်....။
"ရှောင်ယာ... ဒီကို မြန်မြန်လာခဲ့... ကိုယ် ဘာတွေ ယူလာလဲဆိုတာ ကြည့်ပါဦး..."
ထိုသို့ ပြောဆိုရင်း သူသည် ဒူးရင်းသီးကို ကြမ်းပြင်ပေါ်သို့ ညင်သာစွာ ချထားလိုက်လေ၏။ ဤအရာမှာ ဆယ်ကီလိုဂရမ်ကျော် အလေးချိန်ရှိပြီး အတော်ကြာအောင် သယ်လာရသဖြင့် အတော်လေး လေးလံ နေခဲ့ခြင်းဖြစ်ပေသည်။