← Chapters

အခန်း ၉၁၇

Vol. 62 Ch. 917

အခန်း ၉၁၇

Vol. 62 Ch. 917

အခန်း (၉၁၇) - ကောင်းကင်ထိုးဖောက် ဝူထုံသစ်ပင်နှင့် မိစ္ဆာလိပ်ငယ်၏ နတ်ဘုရားစွမ်းရည်များ (အပိုင်း-၂)

တာအိုနယ်မြေများ ပေါင်းဆုံသွားမှုက စုယွီ၏ပတ်လည်ရှိ လောကကို ပုံပျက်သွားစေ၏။ သူ၏ပုံရိပ်က ပိုမိုမှုန်ဝါးကာ ထူးကဲဆန်းကြယ်လာလေသည်။

တာအိုနယ်မြေအတွင်း၌ အံ့မခန်းဖြစ်စဉ်များ တစ်ခုပြီးတစ်ခု ပုံဖော်ဖြစ်တည်လာတော့၏။

“ဝိညာဉ်ခွဲထွက်အဆင့်...”

စုယွီ၏ စိတ်အာရုံထဲတွင် ဓာတ်ကြီး ငါးပါး ဝိညာဉ်ခွဲထွက် နည်းစနစ်၏ ညာဏ်အလင်းများ ပွင့်လင်းလာသည်။ အမှန်တကယ်တော့ ကျင့်ကြံမှုအဆင့်က မူလဝိညာဉ်အဆင့် နဝမအလွှာသို့ ရောက်ရှိသွားသည်နှင့် ဝိညာဉ်ခွဲထွက်အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေး တစ်ရပ် ရရှိပြီပင်။

ဝိညာဉ်ခွဲထွက်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် ဝိညာဉ်စွမ်းအင်များ အပြည့်အဝ ပြည့်ဝလာသည်အထိ စောင့်ဆိုင်းနေစရာ မလို။ သို့သော် ၎င်းက သာမန်ကျင့်ကြံသူများအတွက်သာ ဖြစ်၏။

ရွေးချယ်ခွင့်ရှိသူများ သို့မဟုတ် အံ့မခန်း ပါရမီရှင်များကမူ သူတို့၏ အခြေခံအုတ်မြစ်ကို ပြီးပြည့်စုံသည့်တိုင်အောင် သွန်းလောင်းကြမည်သာ။ ချိုးဖောက်ဝင်ရောက်မှု အောင်မြင်နိုင်စွမ်းကို အမြင့်ဆုံးအထိ မြှင့်တင်ပြီးမှသာ ရှေ့ဆက်ရန် ရွေးချယ်တတ်ကြ၏။

ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံခြင်းတွင် အရေးအကြီးဆုံးအချက်က ခန္ဓာတွင်းရှိ မူလဝိညာဉ်ကို အသွင်ပြောင်းလဲခြင်းပင်။ မွေးကင်းစ ကလေးငယ်ဘဝမှ ဆယ်ကျော်သက်အရွယ်သို့ ကြီးပြင်းလာရသည့်နှယ် ၎င်းကို ခိုင်မာသော ကနဦးဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ရမည်။

ယခုအချိန်တွင် စုယွီ၏ ဝိညာဉ်စွမ်းအင်များက မူလဝိညာဉ်အဆင့်၏ အမြင့်ဆုံး ကန့်သတ်ချက်ထံ ချဉ်းကပ်နေပြီ။ ဝိညာဉ်ခွဲထွက်အဆင့်သို့ တက်လှမ်းရန် သူ၏ ကျွမ်းကျင်မှုကလည်း သိပ်မလိုတော့။

ဤအချိန်၌ သူက ဝိညာဉ်ခွဲထွက် နည်းစနစ်ကို စတင်အသုံးပြုရန် ကြိုးစားနိုင်နေပြီ။ နတ်ဘုရား ခန္ဓာ၏ ဝိညာဉ်ရတနာများကို ထိန်းချုပ်ရန်အတွက် သန့်စင်နိုင်စွမ်း ရှိနေပြီပင်။

ဓာတ်ကြီး ငါးပါးကျင့်စဉ်၏ ကျွမ်းကျင်မှု ရာခိုင်နှုန်းပြည့်သွားပြီး ကျင့်ကြံခြင်းတွင် မည်သည့် အဟန့်အတားမှ မရှိတော့သည့်အခါ မူလဝိညာဉ်အဆင့် နဝမအလွှာမှ ဝိညာဉ်ခွဲထွက်အဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်မည်။

ထိုအချိန်ကျလျှင် သူ၏အောက်ဘက်ရှိ အကြီးအကဲဝူထုံကို ဝိညာဉ်ခွဲထွက်အဆင့်အတွက် နတ်ဘုရား ခန္ဓာအဖြစ် အသွင်ပြောင်းလဲပစ်နိုင်မည်သာ။

'ကျင့်ကြံတာကို စလိုက်ကြစို့...'

စုယွီက နောက်ထပ် ဝိညာဉ်ခွဲထွက်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်မည့် သူ၏ အစီအစဉ်အကြောင်း တွေးတောလိုက်သည်။ မည်သည့် အမှားအယွင်းမှ မရှိစေရန် သေချာစစ်ဆေးပြီးနောက် မျက်လုံးများကိုမှိတ်ကာ ကျင့်ကြံတော့၏။

“ဝှီး...”

ချီသန့်စင်အိုးက သူ၏ဘေးတွင် ပေါ်လာသည်။ ၎င်း၏အဝမှ ပဉ္စမအဆင့် ဝိညာဉ်အရည်များ စီးဆင်းထွက်ပေါ်လာကာ စုယွီ၏ တစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံသွား၏။

စုယွီက ဓာတ်ကြီး ငါးပါးကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ဝိညာဉ်အရည်များကို သန့်စင်နေစဉ် သူ၏ ကျွမ်းကျင်မှုများကို ဆက်လက် တည်ဆောက်နေ၏။ တစ်ချိန်တည်းမှာပင် ဓာတ်ကြီး ငါးပါးကျင့်စဉ်၏ ဝိညာဉ်ခွဲထွက် နည်းစနစ်ကိုလည်း စတင် အသက်သွင်းလိုက်သည်။

ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော သူ၏ နတ်ဘုရားဝိညာဉ်က နည်းစနစ်၏ လှုံ့ဆော်မှုအောက်တွင် အတွင်းပိုင်းမှနေ၍ ဖြည်းညင်းစွာ ဖြာထွက်လာသည်။ အောက်ဘက်ရှိ အကြီးအကဲဝူထုံ၏ အနှစ်သာရထဲသို့ ပေါင်းစည်းဝင်ရောက်ရန် ကြိုးစားနေတော့၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

နတ်ဘုရားဝိညာဉ်က အကြီးအကဲဝူထုံ၏ အနှစ်သာရထဲသို့ ပေါင်းစည်းဝင်ရောက်သည့် လုပ်ငန်းစဉ်က စုယွီ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုချောမွေ့နေ၏။ မည်သည့် ခုခံမှုမျိုးကိုမျှ မကြုံတွေ့ရ။ ဝိညာဉ်ခွဲထွက် နည်းစနစ်၏ အကူအညီဖြင့် သူ၏ဝိညာဉ်က အတားအဆီးမဲ့စွာ ပေါင်းစည်းသွားတော့သည်။

သို့သော် အကြီးအကဲဝူထုံ၏ ကိုယ်ထည်က တကယ်ကို ဧရာမအရွယ်အစား ရှိနေ၏။ အပေါ်ယံမှာတော့ ၎င်းက အင်မော်တယ်မြို့တော် တစ်ဝက်ခန့်ကို လွှမ်းခြုံထားပုံ ရသည်။

အမှန်တကယ်တော့ ယွဲ့ အင်မော်တယ် မြို့တော်က အကြီးအကဲဝူထုံ၏ အတွင်းလောကထဲတွင် တည်ရှိနေခြင်းပင်။

ဝိညာဉ်ခွဲထွက် နည်းစနစ်ကို အသက်သွင်းကာ အကြီးအကဲဝူထုံ၏ အနှစ်သာရထဲသို့ စုယွီ၏ နတ်ဘုရားဝိညာဉ် ဖြည်းညင်းစွာ ပေါင်းစည်းသွားချိန်တွင် အကြီးအကဲဝူထုံ ကိုယ်ထည်၏ အစစ်အမှန် ပမာဏကို သူ ပထမဆုံးအကြိမ် ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

အမှန်တကယ် ပုံပန်းသဏ္ဌာန်က ဟင်းလင်းပြင်ထဲအထိ နက်ရှိုင်းစွာ တက်လှမ်းနေသော ဧရာမ သစ်ပင်ကြီး တစ်ပင်ပင်။

ပကတိ ဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ဦးကိုပင် မျက်နှာ သွေးဆုတ် ဖြူရော်သွားစေနိုင်သည့် ဟင်းလင်းပြင် စတုတ္ထအလွှာ၏ ဖရိုဖရဲ ဟင်းလင်းပြင် စီးကြောင်းများက အကြီးအကဲဝူထုံ၏ ကိုယ်ထည်ပေါ်တွင် အနည်းငယ်မျှပင် ခြစ်ရာမထင်စေနိုင်။

ဤဧရာမသစ်ပင်ကြီးကို ကြည့်ရင်း စုယွီ၏ ရင်ထဲတွင် ပြောမပြတတ်အောင် တုန်လှုပ်ချောက်ချားသွား၏။

ပင်လယ်နယ်မြေထဲတွင် မကြာသေးမီကမှ ပေါ်ထွက်လာသော ခွန်းလင် ဝိညာဉ် အသိုက်သည် ဟင်းလင်းပြင်ထဲသို့ နှင်ထုတ်ခံခဲ့ရသော ရှေးဟောင်း ပင်လယ်မျိုးနွယ်များ၏ ခံတပ်ကြီးတစ်ခုဖြစ်ကြောင်း ဒဏ္ဍာရီများက ဆိုကြသည်။ ယခုအချိန်အထိ နှစ်ကြိမ်သာ ပေါ်ထွက်ဖူးသေး၏။

အကြီးအကဲဝူထုံ၏ အတွင်းလောကထဲတွင် တည်ရှိနေသော ယွဲ့ အင်မော်တယ် မြို့တော်က ထိုခွန်းလင် ဝိညာဉ် အသိုက်နှင့် ယှဉ်နိုင်ပလောက်မလား။

'ဒါ... သိပ်ကို ကြီးမားကျယ်ပြန့်လွန်းတယ်...'

ပထမခေါင်းဆောင်က အဘယ်ကြောင့် ဤမျှလောက် စိုးရိမ်ပူပန်နေရသနည်းဆိုသည်ကို စုယွီ ယခုမှ နားလည်သွားတော့၏။

စုယွီ၏ လက်ရှိ နတ်ဘုရားဝိညာဉ်ဖြင့် အကြီးအကဲဝူထုံ၏ အနှစ်သာရကို သန့်စင်ပေါင်းစည်းကာ ထိန်းချုပ်နိုင်ရန် သံသယဝင်စရာမလိုဘဲ အချိန်အတော်ကြာ ယူရမည်သာ။

မည်မျှ ကြာမြင့်မည်ဆိုသည်ကို လက်ရှိအချိန်တွင် စုယွီကိုယ်တိုင်ပင် ကြိုတင် မခန့်မှန်းနိုင်။

သို့သော် ဝိညာဉ်ခွဲထွက် နည်းစနစ်ကို အသုံးပြုရာတွင် အလွန်ချောမွေ့နေပြီး အကြီးအကဲဝူထုံ၏ အနှစ်သာရကို သူ၏ဝိညာဉ်က တဖြည်းဖြည်း သန့်စင်ထိန်းချုပ်လာနိုင်သည်ကို မြင်တွေ့ရသောအခါ စုယွီ၏ စိတ်ထဲတွင် နောက်ဆုတ်ရန် အတွေးတစ်စက်မျှ မရှိတော့။

သူ့တွင် အပြည့်အဝ သက်တမ်း နှစ်ငါးထောင် တိတိ ရှိနေသေးသည်လေ။

အင်မော်တယ်တို့၏ အမြင့်ဆုံးလမ်းစဉ်ကို လိုက်စားရန် ရည်ရွယ်ထားသဖြင့် သဘာဝကျကျပင် သူ၏ တာအိုအုတ်မြစ်ကို ပြီးပြည့်စုံအောင် တည်ဆောက်ရမည်သာ။

အကယ်၍ သူသာ ရှေးဟောင်း အမြင့်မြတ်ဆုံး ရတနာ တစ်ခုဖြစ်သည့် အကြီးအကဲဝူထုံ၏ အကြွင်းအကျန်များကို သူ၏နတ်ဘုရား ခန္ဓာအတွက် ဝိညာဉ်ရတနာအဖြစ် အသုံးပြုနိုင်ပြီး ဝိညာဉ်ခွဲထွက်အဆင့်သို့ တက်လှမ်းသွားနိုင်ပါက အနာဂတ်အတွက် သေချာပေါက် ကြီးမားလှသော အကျိုးကျေးဇူးတစ်ခု ဖြစ်လာပေလိမ့်မည်။

အချိန်ဆိုသည်က သူ လိုသလောက် သုံးစွဲနိုင်သော အရာပင်။

အပြင်ဘက်တွင်မူ စုယွီ၏ဝိညာဉ်က အကြီးအကဲဝူထုံ၏ အနှစ်သာရအပေါ်သို့ ဖြည်းညင်းစွာ ဖြန့်ကျက်သွားသည်ကို ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်နှာအမူအရာများက အနည်းငယ် ရှုပ်ထွေးနေ၏။

အချိန်အတော်ကြာပြီးနောက် ဒုတိယခေါင်းဆောင်က ရေရွတ်လိုက်သည်။

“သူ အောင်မြင်ဖို့ ငါ မျှော်လင့်ပါတယ်... ဒါဆိုရင် ဝူထုံကြီးက တစ်နည်းအားဖြင့် ဒုတိယဘဝကို ရရှိသွားသလို ဖြစ်သွားမှာပဲ...”

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်နှင့်အမျှ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်နှစ်ဦးက မျက်လုံးများကို ထပ်မံ မှိတ်လိုက်ကြပြန်၏။

အပြင်ဘက် ယွဲ့ အင်မော်တယ် မြို့တော်ထဲတွင်မူ ပထမနှင့် ဒုတိယ အနက်ရောင်အစောင့်အရှောက်များ (အနက်ရောင် ဒေါသ စစ်သည်တော်များ ) အပါအဝင် ပြန်လည်နိုးထလာကြသော အနက်ရောင် ချပ်ဝတ် စစ်သည်များက သူတို့ အသက်စွန့် ကာကွယ်ရမည့် ယွဲ့ အင်မော်တယ်မြို့တော်ကို စေ့စပ်သေချာစွာ ကင်းလှည့်နေကြသည်။

မြို့တော်ထဲတွင် စုပုံနေသော ဖုန်တောကြီးများကို သူတို့က အကုန်အစင် ရှင်းလင်းလိုက်ပြီး မူလအခြေအနေအတိုင်း ပြန်လည်ထားရှိလိုက်သဖြင့် အင်မော်တယ်မြို့တော်၏ လမ်းမများက အညစ်အကြေး ကင်းစင်နေတော့၏။

သက်ရှိများ၏ အရှိန်အဝါနှင့် နေရောင်ခြည် ကင်းမဲ့နေခြင်းမှလွဲ၍ ဤအင်မော်တယ်မြို့တော်ကြီးက ရှေးခေတ်ကာလများကတည်းက သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိပါ။

ဆယ်နှစ်ခန့် ကြာပြီးနောက် ချန်ကု အင်မော်တယ်မြို့တော်မှ ပြန်လာသော စုယွီ၏ တာအို ရုပ်သေးကလည်း ယွဲ့ အင်မော်တယ် မြို့တော်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ရုပ်သေးပေါ်ရှိ နတ်ဘုရားဝိညာဉ် အရှိန်အဝါကို စုယွီက ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် ၎င်း၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။

ထို့နောက် အကြီးအကဲဝူထုံ၏ အနှစ်သာရကို သန့်စင်ရန် ဝိညာဉ်ခွဲထွက် နည်းစနစ်ကို အသုံးပြုလျက် စုယွီက ဆက်လက် တံခါးပိတ်ကျင့်ကြံနေတော့သည်။

ထိုဆယ်နှစ်တာ ကာလအတွင်း သူ၏ နတ်ဘုရားဝိညာဉ်က အကြီးအကဲဝူထုံ အနှစ်သာရ၏ ဆယ်ပုံတစ်ပုံအောက်ကိုသာ သန့်စင်နိုင်ခဲ့၏။

ဖူလင်း ပင်လယ်နယ်မြေ၏ အထက်ဘက်တွင် ကောင်းယွမ်ယွမ်က ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူတစ်ဦး ဦးဆောင်သော တစ်သီးပုဂ္ဂလကျင့်ကြံသူများအဖွဲ့နှင့် ပူးပေါင်းရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။ သူမက ခွန်းလင် ဝိညာဉ် အသိုက်ဆီသို့ ပင်လယ်နယ်မြေအတွင်း နက်ရှိုင်းစွာ ချင်းနင်း ဝင်ရောက်သွားခဲ့သည်။

“ဝရော”

သို့သော် သူတို့က စစ်မြေပြင်တစ်ခုပြီးတစ်ခုကို ရှောင်ကွင်းကာ ခွန်းလင် ဝိညာဉ် အသိုက်ရှိရာ ပင်လယ်နယ်မြေအနီးသို့ ချဉ်းကပ်လာချိန်တွင် ဧရာမ ရွှမ်လိပ်ကြီး တစ်ကောင် အောက်ဘက် ပင်လယ်ပြင်မှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

ထိုရွှမ်လိပ်ကြီး၏ ကြီးစိုးသော ကြမ်းကြုတ်မှုက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။ ရွှမ်လိပ်ကြီးက ရေဓာတ်သဘာဝ မဟာတာအိုစွမ်းအားများကို ဖော်ထုတ်ထားခြင်းပင်။

"ဝုန်း..."

လောကကြီးတစ်ခုလုံး အပြင်းအထန် တုန်ခါသွားပြီး မိုးကြိုးများ ဟိန်းဟောက်နေသည့်နှယ် ပေါက်ကွဲလာ၏။

ကောင်းကင်သို့ ထိုးတက်သွားသော လှိုင်းလုံးကြီးက လှေပျံကို လွင့်စဉ်သွားစေတော့သည်။

ကောင်းယွမ်ယွမ်က ဧရာမသစ်ပင်ကြီးများဖြင့် တည်ဆောက်ထားသော မိုးမျှော်တိုက်ကြီးတစ်ခုနှင့် တူသည့် ကောင်းကင်အောက်ရှိ မှုန်ဝါးဝါး အသိုက်အမြုံကို အာရုံခံမိရုံသာ ရှိသေးသည်။ ထိုစွမ်းအားကြောင့် သူမ၏ ခန္ဓာနှင့် နတ်ဘုရားဝိညာဉ်တို့က အပိုင်းပိုင်းအစစ ကြေမွသွားတော့၏။

သူမသည် ခွန်းလင် ဝိညာဉ် အသိုက်၏ ပင်လယ်နယ်မြေထက်တွင် ကျဆုံးသွားသော အရေးမပါသည့် နောက်ထပ် သားကောင် တစ်ဦးသာ ဖြစ်သွားခဲ့ပြီ။

ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ထွက်လာပြီး နှစ်ဆယ့်တစ်နှစ် ကြာပြီးနောက်

ခွန်းလင် ဝိညာဉ် အသိုက်နှင့် မိုင်တစ်သောင်းကျော် ကွာဝေးသော သန္တာကျောက်တန်း ကျွန်းငယ်လေး တစ်ခုပေါ်တွင် တာအိုဆရာ ရှူဟိုင်က ကိုယ်ဖျောက်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

ထိုဝတ်ရုံပေါ်တွင် ကိုယ်ဖျောက်အဆောင်လက်ဖွဲ့များ၊ အရှိန်အဝါဖုံးကွယ် အဆောင်လက်ဖွဲ့များနှင့် အခြားသော အဆောင်လက်ဖွဲ့ အမြောက်အမြားကို ဖုံးအုပ်ကပ်ထား၏။

သူက ခေါင်းမှခြေဖျားအထိ အကာအကွယ်များကို အပြည့်အဝ တပ်ဆင်ထား၏။

တာအိုဆရာ ရှူဟိုင်၏ ပခုံးပေါ်ရှိ မိစ္ဆာလိပ်ငယ်က ခွန်းလင် ဝိညာဉ် အသိုက်၏ ကောင်းကင်နှင့် မြေကြီးဆီသို့ အဝေးမှ မျှော်ကြည့်နေသည်။

လူတစ်ယောက်နှင့် မိစ္ဆာလိပ်လေး တစ်ကောင်။

သူတို့က ဤပင်လယ်နယ်မြေထဲတွင် အချိန်အတန်ကြာ ရှိနေခဲ့ကြပြီ။

သို့တိုင် ထိုမိစ္ဆာလိပ်ငယ်က တာအိုဆရာ ရှူဟိုင်ကို ခွန်းလင် ဝိညာဉ် အသိုက်ရှိရာ ပင်လယ်နယ်မြေအနီးသို့ ချဉ်းကပ်ခွင့် မပေးသေး။

ယခင်က တာအိုဆရာ ရှူဟိုင်က ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ လမ်းကြောင်းများမှတစ်ဆင့် လာခဲ့ခြင်းဖြစ်ပြီး စံအိမ်မှ အဖော်များကမူ ခွန်းလင် ဝိညာဉ် အသိုက်အနီးတွင် ကြီးမားသော သေဆုံးဒဏ်ရာရမှုများကို ကြုံတွေ့ခဲ့ရပြီးဖြစ်၏။

မိစ္ဆာလိပ်ငယ်၏ မျက်လုံးများတွင် နက်နဲသော အလင်းတန်းများ တောက်ပလာပြီး ၎င်း၏ ထူးခြားသော အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးအတွင်းသို့ ပေါင်းစည်းသွားသည်။

တစ်စုံတစ်ရာကို အကဲခတ်ကြည့်ရှုနေခြင်းပင်။

အထက်ကောင်းကင်ယံတွင် မိုးကြိုးလျှပ်စီးနဂါး အနည်းငယ်က ကောင်းကင်ခုံးကြီးပေါ်၌ ဝဲပျံနေတတ်၏။

၎င်းတို့က အောက်ဘက်ရှိ ပုရွက်ဆိတ် နှစ်ကောင်အပေါ်သို့ ပစ်ချတော့မည့်အလား ထင်မှတ်ရသည်။

ချိတ်ဆွဲထားသော်လည်း ချက်ချင်း ကျရောက်လာနိုင်သည့် အနေအထားပင်။

သို့သော် ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ် ကမောက်ကမ အခြေအနေများအောက်တွင် ထိုကဲ့သို့သော ထူးခြားမှုက ဖုံးကွယ်သွားပြီး သိသာထင်ရှားမှု မရှိတော့ပေ။

အချိန်အတော်ကြာပြီးနောက် မိစ္ဆာလိပ်ငယ်၏ မျက်လုံးများထဲရှိ နက်နဲသော အလင်းတန်းများ ရုတ်တရက် လျော့ပါးသွားပြီး တီးတိုးပြောလိုက်သည်။

“တက်တော့... အခုအချိန်ပဲ... တခြားဘာကိုမှ ဂရုမစိုက်နဲ့... ခေါင်းငုံ့ပြီး အထဲကိုသာ ပြေးဝင်သွားလိုက်တော့...”

“ဝှီး...”

ထိုစကားကို ကြားသည်နှင့် တာအိုဆရာ ရှူဟိုင်က ပဉ္စမအဆင့် နတ်ဘုရားအမြန်နှုန်း အဆောင်လက်ဖွဲ့ နှစ်ခုကို သူ့ကိုယ် ပေါ်သို့ ချက်ချင်း ကပ်လိုက်သည်။ ထို့အပြင် စုယွီ တစ်ခါက ပေးထားဖူးသော ပဉ္စမအဆင့် အဆင့်နိမ့် နေရာရွှေ့ပြောင်း အဆောင်လက်ဖွဲ့ကိုပါ ထုတ်ယူလိုက်၏။

“ဝှီး...”

အဆောင်လက်ဖွဲ့များကို အသက်သွင်းလိုက်သည်နှင့် တာအိုဆရာ ရှူဟိုင်၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာချိန်တွင် ခွန်းလင် ဝိညာဉ် အသိုက် ပင်လယ်နယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိနေပြီပင်။

"ဝုန်း..."

သူ၏ ပတ်ပတ်လည်တွင် တာအိုဆရာ ရှူဟိုင်၏ ဦးရေပြားကို ထုံကျင်သွားစေသော မရေမတွက်နိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါများက ပြင်းထန်သော မှော်စွမ်းအင်တိုက်ပွဲများ ဆင်နွှဲနေကြသည်။ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်များ အပါအဝင် ပကတိ ဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီးများနှင့် တာအိုသခင်ကြီးအထက် အဆင့်ရှိသူများက ကမောက်ကမ ယှဉ်ပြိုင် တိုက်ခိုက်နေကြ၏။

အောက်ဘက်ရှိ ပင်လယ်ပြင်က သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

လေထုထဲတွင် လတ်ဆတ်သော သွေးနံ့များဖြင့် ပြည့်နှက်မနေဘဲ ပြင်းထန်သော အပုပ်နံ့ကြီးသာ လွှမ်းမိုးနေတော့၏။

ဤလူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်မှ စွမ်းအားရှင်ကြီးများက နှာချေလိုက်ရုံမျှဖြင့်ပင် တာအိုဆရာ ရှူဟိုင်ကို အငွေ့ပျံသွားစေနိုင်သည်။

ခွန်းလင် ဝိညာဉ် အသိုက်ထဲသို့ ဖောက်ဝင်ရန်ဆိုသည်မှာ အဝေးကြီးပင်။

သို့သော် တာအိုဆရာ ရှူဟိုင်က မိစ္ဆာလိပ်ငယ်၏ လမ်းညွှန်မှုအတိုင်း အရာအားလုံးကို လျစ်လျူရှုလိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ အဆောင်လက်ဖွဲ့စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ခွန်းလင် ဝိညာဉ် အသိုက် အပြင်ဘက်ရှိ မဟာတာအို စက်ကွင်းထဲသို့ ခေါင်းစိုက်ကာ တိုးဝင်သွားတော့၏။

လမ်းတစ်လျှောက်တွင် တာအိုဆရာ ရှူဟိုင်က တကယ်ကို အံ့မခန်း ကံကောင်းနေခဲ့၏။ အန္တရာယ်အားလုံးက သူ့ကို ရှောင်ဖယ်သွားသည့်အလားပင်။

မိစ္ဆာမျိုးနွယ်မှ အံ့မခန်း ပါရမီရှင်တစ်ကောင်က သူ့ကို ပစ်မှတ်ထားလိုက်ချိန်တွင်ပင် နောက်တစ်စက္ကန့်၌ ထိုမိစ္ဆာက ခွန်းလင် ဝိညာဉ် အသိုက်မှ ကျန်ရစ်ခဲ့သော မဟာတာအို ဖျက်ဆီးခြင်းအရှိန်အဝါ၏ အကြွင်းအကျန်များကြောင့် အပိုင်းပိုင်း ဆွဲဖြဲခံလိုက်ရသည်။

အံ့မခန်း ပါရမီရှင်သေဆုံးသွားသည်ကို ကြည့်ရင်း တာအိုဆရာ ရှူဟိုင်ခမျာ တံတွေးပင် မမျိုချဘဲ မနေနိုင်တော့။

'ဒီမိစ္ဆာလိပ်ငယ်ရဲ့ တာအိုပညာရပ်က တော်တော်လေး နက်ရှိုင်းလာတာပဲ...'

'အန္တရာယ်ကိုတောင် ဘေးကင်းအောင် ပြောင်းလဲပစ်နိုင်တယ်ပေါ့လေ...'

“ဝှီး...”

ထို့ကြောင့်ပင် တာအိုဆရာ ရှူဟိုင်က ခွန်းလင် ဝိညာဉ် အသိုက်၏ ဧရာမ ကောင်းကင်ဂူထဲသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။ သူ၏ ပုံရိပ်က အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွား၏။

အခြားတစ်ဖက်တွင်မူ တာအိုသခင်ကြီး ဟုန်ယွဲ့တို့ကဲ့သို့သော ပုဂ္ဂိုလ်များ၏ အခြေအနေက သိပ်မကောင်းလှပေ။

All Chapters