အခန်း ၉၁၉
Vol. 62 Ch. 919
အခန်း (၉၁၉) - မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ ဆယ်စုနှစ်များစွာ ကြာပြီးနောက် အသွင်ပြောင်းလဲမှု (အပိုင်း-၂)
တာအိုဆရာမ ချင်းချွမ်၏ ရင်ထဲတွင် ရုတ်တရက် ထိတ်ခနဲ ဖြစ်သွား၏။
'ဒါ... မကောင်းတော့ဘူး...'
လွန်ခဲ့သော နှစ်များအတွင်း သူတို့အားလုံးက ကိုယ့်ကျင့်ကြံမှုများနှင့်ကိုယ် အလုပ်ရှုပ်နေခဲ့ကြသဖြင့် စုဝေးကာ အတိတ်ကို ပြန်လည်အမှတ်ရရန် အချိန်များစွာ မရှိခဲ့ကြသော်လည်း တာအိုဆရာမ ချင်းချွမ်ကတော့ ကောင်းကောင်းကြီး သိထား၏။ စုယွီအတွက်မူ လော့ချန်ယွီနှင့် မာထျန်းလင်တို့က ရိုးရှင်းသော မိတ်ဆွေများ သို့မဟုတ် မိတ်ဟောင်းဆွေဟောင်းများဆိုသည့် အဆင့်ထက်ကို ပိုမို နက်ရှိုင်းပေသည်။
အကယ်၍ လော့ချန်ယွီနှင့် မာထျန်းလင် နှစ်ဦးစလုံးက ဤခွန်းလင် ဝိညာဉ် အသိုက် နေရာတွင် ပျောက်ဆုံးသွားခဲ့ကြောင်းကို စုယွီသာ သိရှိသွားခဲ့မည်ဆိုလျှင်...
တာအိုသခင်ကြီး ကျိုလင်သည် လော့ချန်ယွီ၊ မာထျန်းလင်၊ တာအိုဆရာမ ချင်းချွမ်၊ လုံယီရန်တို့နှင့် သိပ်ပြီး မရင်းနှီးလှချေ။ ထို့ကြောင့်လည်း သူမက သူမတို့အတွက် သိပ်ပြီး ဂရုမစိုက်မိပေ။
မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ လူတစ်ဝက်ကျော်ခန့် သေဆုံး ၊ ပျောက်ဆုံးသွားခဲ့သည့် အချက်အပြင် သူမက မူလ ကိုးဝိညာဉ် အင်မော်တယ်တောင်တန်းမှ အကြီးအကဲများနှင့် ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းကင်ပါရမီရှင် တပည့် ဆယ်ဦးကျော်ကိုလည်း ခေါ်ဆောင်လာခဲ့သေးရာ သူတို့ထဲမှ အများစုမှာလည်း ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်၏။
သို့သော် ထိုကိစ္စကိုလည်း သူမက သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။
တာအိုသခင်ကြီး ဟုန်ယွဲ့၏ အရိပ်အယောင်ကို လိုက်ရှာ၍ မတွေ့ရသောအခါ တာအိုသခင်ကြီး ကျိုလင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အကြောင်းပြချက်မဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်မှု တစ်ခုက သူမ၏ ရင်ထဲတွင် ပေါ်ပေါက်လာတော့၏။
'တာအိုမိတ်ဆွေ ဟုန်ယွဲ့ တစ်ယောက်... ကံဆိုးမိုးမှောင် ကျသွားတာတော့ မဟုတ်လောက်ပါဘူးနော်...'
...
တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ။
မြေကမ္ဘာ အင်မော်တယ် စံအိမ်။
လူတိုင်း၏ အာရုံစိုက်မှုနှင့် အကြည့်များက ခွန်းလင် ဝိညာဉ် အသိုက်၏ အခြေအနေဆီသို့ ရောက်ရှိနေချိန်တွင် လျှို့ဝှက်ခန်းမက ထူးခြားသော သတင်းအချက်အလက် တစ်ခုကို ပေးပို့လာခဲ့သည်။
လျှို့ဝှက်ခန်းမ၏ အကြီးအကဲ ကျောက်ချန်ဖုန်းက ဖန်ရှောင်၏ အရှေ့တွင် ရပ်ကာ ခေါင်းကို ငုံ့ထားလျက် တိုးညင်းသော လေသံဖြင့် သတင်းပို့လိုက်၏။
"စံအိမ်သခင်... မကြာသေးမီက ကျွန်တော်တို့ရဲ့ အင်မော်တယ်ဂိုဏ်း နယ်မြေအတွင်းမှာ တစ်ခုခု မှားယွင်းနေပုံရပါတယ်... အင်မော်တယ်မြို့တော် သုံးမြို့က တခြား စံအိမ်တွေက မူလဝိညာဉ်အဆင့် အရှင်သခင် အကြီးအကဲတွေ လုပ်ကြံခံရတဲ့ လက္ခဏာတွေ ရှိနေပါတယ်..."
ဖန်ရှောင်၏ မျက်မှောင်များ တွန့်ကွေးသွားပြီး သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ မေးလိုက်သည်။
"အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာများ စုံစမ်းလို့ ရခဲ့လဲ..."
ကျောက်ချန်ဖုန်းက ခေါင်းယမ်းလိုက်သော်လည်း တီးတိုး ဆက်ပြောလိုက်၏။
"ဒီအကြီးအကဲတွေရဲ့ သေဆုံးမှုတွေက ဆက်စပ်မှုမရှိဘဲ ဖုံးကွယ်ထားပုံရပေမဲ့... ကျွန်တော်တို့ရဲ့ မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို ပစ်မှတ်ထားနေတဲ့ အင်အားစု တစ်ခု ရှိနေတယ်ဆိုတာတော့ ရှင်းနေပါတယ်..."
"ဒီတိုက်ခိုက်မှုတွေက ကြိုတင် ကြံစည်ထားတာတွေပါ..."
"စံအိမ်သခင်... ကျွန်တော်တို့ သတိထားမှ ဖြစ်ပါမယ်..."
ဖန်ရှောင်က မျက်မှောင်ကြုတ်လျက်
အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် အမိန့်ပေးလိုက်သည်။
"အမိန့်တစ်ခု ထုတ်ပြန်လိုက်ပါ.. ခွန်းလင် ဝိညာဉ် အသိုက် လျှို့ဝှက်နယ်မြေက ကိစ္စတွေ ဖြေရှင်းပြီးတဲ့အထိ အင်မော်တယ်ဂိုဏ်းက အကြီးအကဲ အားလုံး ဒီနေ့ကစပြီး အမြင့်ဆုံး အရေးပေါ် အခြေအနေမှာ နေကြဖို့..."
"အဲဒီအပြင်... ဒီကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးပြီး ဘယ်သူက ဒီလို ဒုက္ခပေးနေလဲဆိုတာ ရှာဖွေဖော်ထုတ်လိုက်ပါ..."
ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ထွက်လာပြီး သုံးဆယ့်ငါးနှစ် အကြာတွင်...
စုယွီကို မည်သည့်နေရာတွင်မှ ရှာမတွေ့သေးချေ။
တာအိုသခင်ကြီး ကျိုလင်က မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ ကျန်ရှိနေသော အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ ပင်လယ်နယ်မြေမှ ပြန်လာလိုက်၏။
တာအိုသခင်ကြီး ဟုန်ယွဲ့၊ လော့ချန်ယွီနှင့် မာထျန်းလင်တို့ ပျောက်ဆုံးသွားသည်ဟူသော သတင်းက စံအိမ်သခင် ဖန်ရှောင်၏ မျက်နှာအမူအရာကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့၏။
ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ထွက်လာပြီးနောက် သုံးဆယ့်ကိုးနှစ် အကြာတွင်... တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရှိ မြေကမ္ဘာ အင်မော်တယ် စံအိမ် အတွင်း၌ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခု ပေါ်ပေါက်လာသည်။ ချန်းကျိုး နယ်မြေ၏ အပြင်ဘက်မှ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ စစ်တပ်ကြီး ဆင်းသက်လာပြီး ခွန်းလင် ဝိညာဉ် အသိုက် လျှို့ဝှက်နယ်မြေ ပေါ်ထွက်လာချိန်အတွင်း ကမောက်ကမ အခြေအနေကို အခွင့်ကောင်းယူကာ မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို စစ်ကြေညာလိုက်၏။
မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ ကျင့်ကြံသူ တစ်သောင်းပါဝင်သော စစ်တပ်နှင့် အခြား ခန္ဓာသန့်စင်ခြင်း ကျင့်ကြံသူ တစ်သောင်းပါဝင်သော စစ်တပ်တစ်ခုက တာအိုသခင်ကြီး ခြောက်ပါး၊ ဝိညာဉ်ခွဲထွက်အဆင့် ဆယ့်ခြောက်ပါးတို့နှင့်အတူ ဆင်းသက်လာခဲ့ကြ၏။
ထို့နောက် ဖြစ်ပွားလာသော တိုက်ပွဲတွင် သူတို့က မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ အင်မော်တယ်မြို့တော် ငါးမြို့ကို ဆက်တိုက် တိုက်ခိုက်ကြသည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် ငါးဦး၏ နတ်ဘုရား ခန္ဓာများ ဆုံးရှုံးခဲ့ရပြီး အင်မော်တယ်မြို့တော်များကို ကာကွယ်နေသော မူလဝိညာဉ်အဆင့် အရှင်သခင် အကြီးအကဲများနှင့် တပည့်များမှာလည်း လက်ချိုး ရေမရနိုင်လောက်အောင် သေကျေပျက်စီးခဲ့ရသည်။
ထိုအခါ မြေကမ္ဘာအင်မော်တယ်စစ်တပ်လည်း အရိုင်းနယ်မြေတွင် စောင့်ကြပ်နေရာမှ ပြန်လည်ရောက်ရှိလာ၏။ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရှိ တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့၏ အခြားသော အင်အားစုများမှ တာအိုသခင်ကြီးများက မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို ကူညီထောက်ပံ့ရန် ရောက်ရှိလာချိန်မှသာ မြေကမ္ဘာ အင်မော်တယ် စံအိမ်က တည်ငြိမ်သွားပြီး မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ ကျူးကျော်မှုကို ခုခံနိုင်ခဲ့လေသည်။
ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ထွက်လာပြီး လေးဆယ့်ငါးနှစ် အကြာတွင်...
မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ ပကတိဟင်းလင်းပြင် အဆင့် အဋ္ဌမအလွှာရှိ တာအိုသခင်ကြီး တစ်ပါး ရောက်ရှိလာခဲ့ပြီး မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ ကျန်ရှိနေသော တာအိုသခင်ကြီးများကို ဦးဆောင်ကာ မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ အင်မော်တယ် ဂိတ်တံခါးကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ အင်မော်တယ် ဂိတ်တံခါး အခင်းအကျင်း ပြိုကျလုနီးပါး ဖြစ်နေချိန်တွင် စုယွီ၏ ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီက ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး နတ်ဘုရားရုပ်တုကို ဆင့်ခေါ်လိုက်၏။
ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီးက မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ ဝိညာဉ်ကြောစွမ်းအားများကို ဆွဲယူကာ တိုက်ခိုက်လိုက်ရာ ဆင်ကြီး၏ ခြေထောက်က ကောင်းကင်ယံကိုပင် နင်းခြေသွားတော့သည်။ ထိုတိုက်ခိုက်မှုက နတ်ဘုရားစွမ်းရည်များအလား နေနှင့် ကောင်းကင်ကြီးကိုပင် ဖုံးကွယ်သွားစေခဲ့၏။
မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ ပကတိဟင်းလင်းပြင် အဆင့် အဋ္ဌမအလွှာ တာအိုသခင်ကြီး အပါအဝင် စုစုပေါင်း တာအိုသခင်ကြီး ခုနစ်ပါးမှာ ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး၏ နင်းခြေခံလိုက်ရပြီး သွေးများ အန်ချကာ အဟုန်ပြင်းစွာ ပစ်လွင့်သွားခဲ့ကြသည်။
ထို ကြီးစိုးလွှမ်းမိုးနိုင်သော စွမ်းအားက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေခဲ့ရာ တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့၏ လီဟော့ နန်းတော်နှင့် ယွီလုံ နန်းတော်တို့ကဲ့သို့သော အခြား အင်မော်တယ်ဂိုဏ်းများမှ တာအိုသခင်ကြီးများနှင့် ကျင့်ကြံသူများကို မျက်နှာအမူအရာ သိသိသာသာ ပျက်ယွင်းသွားစေပြီး သူတို့၏ ဝိညာဉ်များကို အပြင်းအထန် တုန်လှုပ်သွားစေခဲ့သည်။
*
မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ အင်မော်တယ် ဂိတ်တံခါး အတွင်း၌
ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီ ဆင့်ခေါ်လိုက်သော ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီးက ၎င်း၏ခွာဖြင့် ကောင်းကင်ယံကို နင်းခြေကာ သူတို့၏ ဘိုးဘေး တာအိုသခင်ကြီး ခုနစ်ပါးကို သွေးများ အန်ချပြီး ထွက်ပြေးသွားစေသည်အထိ တိုက်ခိုက်လိုက်သည်ကို လုံယီရန် မြင်သောအခါ မျက်နှာအမူအရာ မသိမသာ ပြောင်းလဲသွားခဲ့၏။
သူမ၏ မျက်လုံးအနက်ရှိုင်းဆုံး နေရာတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ အပြည့်အဝ ရှိနေသည်။
'ငါ့မိသားစုရဲ့ အကြီးအကဲတွေနဲ့ ဘိုးဘေးတွေတောင် လိုချင်နေတဲ့ ဒီနတ်ဘုရားရုပ်တုက ငါ့ဆရာရဲ့ လက်ထဲမှာ တကယ် ရှိနေတာလား...'
'ဆရာက မကြာသေးခင်ကမှ ဝိညာဉ်ခွဲထွက်အဆင့်ကို ရောက်ထားတာ မဟုတ်ဘူးလား... ခွန်အားအရ ဆိုရင် မြေကမ္ဘာ အင်မော်တယ် စံအိမ် အတွင်းမှာ သူ့အဆင့်က သိပ်မမြင့်သင့်ပါဘူး...'
'သူက ဘယ်လိုလုပ်ပြီး ဒီနတ်ဘုရားရုပ်တုကို ပိုင်ဆိုင်ထားရတာလဲ...'
လုံယီရန်က ကြီးမားလှသော အံ့အားသင့်မှုကို ခံစားလိုက်ရပြီး သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။
သူမ မြေကမ္ဘာ အင်မော်တယ် စံအိမ်သို့ လာရောက်ခဲ့ရသည့် ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ ဤနတ်ဘုရားရုပ်တု အတွက်ပင်။
သို့သော် ဤရုပ်တုက သူမဆရာ၏ လက်ထဲတွင် ရှိနေခဲ့၏။
'ငါ ဘာလုပ်ရမလဲ...'
လုံယီရန်က အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ အတွေးများကို ဖိနှိပ်ထားလိုက်ရသည်။ သူမ၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် အင်မော်တယ်ဂိုဏ်းရှိ အဆင့်အတန်းအရ ဤကိစ္စများမှာ သူမ လက်လှမ်းမမီနိုင်သော အရာများသာ ဖြစ်နေသေး၏။
ယခု နတ်ဘုရားရုပ်တုက သူမဆရာ၏ လက်ထဲတွင် ရှိနေမှန်း သိသွားပြီဖြစ်ရာ ကိစ္စများက ပိုလွယ်သွားပြီပင်။
အနည်းဆုံးတော့ သူမက ခွန်အား ပိုကြီးမားလာချိန်အထိ စောင့်ဆိုင်းနိုင်ပြီး သူမ ဆရာထံမှ မည်သို့ ရယူရမည်ကို စဉ်းစားနိုင်ပြီ ဖြစ်သည်။
ထိုသို့ဆိုလျှင် သူမဆရာမှာလည်း မည်သည့် ထိခိုက်နစ်နာမှုမျိုးကိုမျှ ခံစားရမည် မဟုတ်ချေ။
မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို တစ်ကြိမ် စမ်းသပ်ပြီးနောက်...မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က ကြမ်းတမ်းသော နည်းဗျူဟာများကို ထပ်မံ အသုံးမပြုတော့ဘဲ မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ အင်မော်တယ်မြို့တော်များကို တစ်မြို့ပြီး တစ်မြို့ တိုက်ခိုက်ရန် စစ်တပ်များကို ဆက်တိုက် စည်းရုံးလှုပ်ရှားနေခဲ့၏။ သူတို့က မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ ကျင့်ကြံသူများကို သတ်ဖြတ်ကာ ၎င်း၏ စွမ်းအားကို တဖြည်းဖြည်း အားနည်းသွားစေရန် ရည်ရွယ်ထားလေသည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို စစ်ကြေညာနေချိန်တွင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က ဆက်သွယ်မှုများလည်း ပြုလုပ်ခဲ့သည်။ သူတို့၏ တောင်းဆိုချက်များကို ထုတ်ဖော်ပြောကြားခဲ့၏။
ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီးနှင့် ယွဲ့အင်မော်တယ် စံအိမ်၏ အမွေအနှစ်များကို ပေးအပ်သရွေ့ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က မိမိတို့၏ စစ်တပ်များကို ရုပ်သိမ်းသွားမည်။
ထိုအချိန်မှစ၍ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်အနေနှင့် မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို စပါးလုံး တစ်ထောက်စာမျှပင် ထပ်မံ ကျူးကျော်တော့မည် မဟုတ်ချေ။
မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က ဤတောင်းဆိုချက်များကို မြေကမ္ဘာ အင်မော်တယ် စံအိမ် နယ်မြေတစ်ခွင်သို့ ပျံ့နှံ့သွားစေရန် ဝါဒဖြန့်ခဲ့ပြီး အခြားသော လှည့်ကွက်များကိုပင် အသုံးပြုကာ အင်မော်တယ်ဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင်များက သူတို့၏ အသက်များကို လျစ်လျူရှုထားကြောင်း စွပ်စွဲပြောဆိုခဲ့ကြ၏။
အထက်ပိုင်း ခေါင်းဆောင်များက မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နှင့် ညှိနှိုင်းဆွေးနွေးမည့်အစား ကိုယ့်အသက်ကို စတေးရန်သာ ရွေးချယ်ချင်နေကြသည်ဟု ဆို၏။
နည်းဗျူဟာများကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်လာသည်နှင့်အမျှ မကြာခဏ စစ်ပွဲများ ဖြစ်ပွားမှုများနှင့် ပေါင်းစပ်သွားသောအခါ မြေကမ္ဘာ အင်မော်တယ် စံအိမ်မှာ ဆုံးရှုံးမှု များလာပြီး ၎င်းက အမှန်တကယ်ပင် မြေကမ္ဘာ အင်မော်တယ် စံအိမ် အတွင်း၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်စေခဲ့တော့သည်။
ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ထွက်လာပြီး အနှစ်ခြောက်ဆယ် အကြာတွင်...
တာ့ယန် အင်မော်တယ်မင်းဆက်က မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ စခန်းသို့ ရုတ်တရက် ဝင်ရောက် ပူးပေါင်းလာခဲ့သည်။ သူတို့၏ စစ်တပ်ကြီးက တာ့ချန် ကျင့်ကြံခြင်းကမ္ဘာသို့ ဆင်းသက်လာပြီး မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နှင့် အတူ မြေကမ္ဘာ အင်မော်တယ် စံအိမ်ကို ဝင်ရောက်တိုက်ခိုက်ကြ၏။
ထို ကြီးမားလှသော အင်အားစုကြီး နှစ်ခု ပူးပေါင်းသွားသောအခါ တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့၏ အင်မော်တယ် ဂိတ်တံခါး တာအိုသခင်ကြီးများ စုပေါင်းထားသည့် အင်အားစုကြီးပင်လျှင် ဆက်တိုက် ရှုံးနိမ့်လာခဲ့ရသည်။
ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ထွက်လာပြီး အနှစ်ရှစ်ဆယ် အကြာတွင် မြေကမ္ဘာ အင်မော်တယ် စံအိမ်က အင်မော်တယ်မြို့တော် ဆယ်မြို့နှင့် နယ်မြေ အများစု ဆုံးရှုံးလိုက်ရ၏။
အနှစ် ရှစ်ဆယ့်ခုနစ်နှစ် အကြာ။
မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့မှ တာအိုသခင်ကြီးများ ပူးပေါင်းကာ မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ အင်မော်တယ် ဂိတ်တံခါးကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး ထွက်ပေါ်လာချိန်မှာပင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တာအိုဆရာ ထျန်းယွီကို ဝင်ရောက်တိုက်ခိုက်ခဲ့၏။
တာအိုဆရာ ထျန်းယွီ၏ နတ်ဘုရား ခန္ဓာမှာ ပျက်စီးသွားခဲ့ပြီး မူလခန္ဓာမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
ထိုအခါ… ရွှေရောင်ဝိညာဉ် မိစ္ဆာ အရှင်သခင်က ဒေါသတကြီးဖြင့် တိုက်ခိုက်လိုက်ပြီး မြေကမ္ဘာ အင်မော်တယ် စံအိမ် အတွင်းသို့ ခိုးဝင်လာသော ဝိညာဉ်ခွဲထွက်အဆင့် နှောင်းပိုင်း ကျွမ်းကျင်သူ တစ်ဦးကို ဖိနှိပ်ဖမ်းဆီးလိုက်၏။
ထိုကျွမ်းကျင်သူ၏ ကိုယ်ပေါ်တွင် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေပြနိုင်မည့် အရာ တစ်ခုမျှ မရှိသော်ငြားလည်း ထိုသူသည် လျှို့ဝှက်ဆန်းကြယ်သော စိမ်းပြာငရဲအင်မော်တယ်နန်းတော်မှ ဖြစ်ကြောင်း မြေကမ္ဘာ အင်မော်တယ် စံအိမ်က ခန့်မှန်းနိုင်ခဲ့သည်။
...
အရိုင်းနယ်မြေ အတွင်း၊
ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော် အပျက်အစီး နယ်မြေဝယ်၊
စုယွီ၏ အရှိန်အဝါက မသိမသာ စတင် ပြောင်းလဲလာခဲ့၏။
ဓာတ်ကြီး ငါးပါးကျင့်စဉ်၏ ကျွမ်းကျင်မှုက တစ်ရာ ရာခိုင်နှုန်း ပြည့်ဝသွားသည့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ချီစွမ်းအင်များ၊ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာတို့ အားလုံး အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းသွားခဲ့သည်။
သူက ဝိညာဉ်ခွဲထွက် နည်းစနစ်ကို ဖော်ဆောင်လိုက်ပြီး အဆင့်ချိုးဖြတ်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ မူလဝိညာဉ်မှ ဝိညာဉ် အပိုင်းအစ တစ်ခု ခွဲထွက်သွားခဲ့၏။
“ဝေါ…”
ကောင်းကင်နှင့် မြေကြီးထံမှ အေးစိမ့်သော အရှိန်အဝါ တစ်ခု ဆင်းသက်လာသည်။
ဝိညာဉ် အပိုင်းအစလေးက ထိုစွမ်းအားနှင့် ပေါင်းစပ်သွားသည်နှင့်အမျှ သိသိသာသာ လျင်မြန်သော အရှိန်နှုန်းဖြင့် စတင် ကြီးထွားလာတော့၏။
နတ်ဘုရား ခန္ဓာက စုယွီ ဆယ်ကျော်သက် အရွယ်တုန်းက အသွင်အပြင်သို့ ရင့်ကျက်လာသည်အထိပင်။
နတ်ဘုရား ခန္ဓာ၊ ချီစွမ်းအင်များနှင့် ခန္ဓာတို့၏ အသွင်ပြောင်းလဲမှု အားလုံးက မည်သည့် အဟန့်အတား၊ အမှားအယွင်းမျှ မရှိဘဲ သဘာဝကျကျ ဖြစ်ပေါ်သွားခဲ့သည်။
စုယွီက သူ၏ ခန္ဓာ အတွင်းရှိ ဓာတ်ကြီး ငါးပါး ချီစွမ်းအင်များ၏ ပြောင်းလဲမှုများကို ခံစားသိရှိနိုင်၏။
သူ၏ တာအိုပညာရပ်များကို နားလည်သဘောပေါက်မှုနှင့် ကိုယ်ပိုင် တာအိုနယ်မြေ၏ အပြောင်းအလဲများမှာလည်း ထိုအခိုက်အတန့်တွင် ထင်ရှားလာခဲ့သည်။
"ဝီ..."
စုယွီက ကောင်းကင်နှင့် မြေကြီးထဲတွင် မိုးကြိုး တစ်ချက် ပေါက်ကွဲသွားသည့်နှယ်သာ ခံစားလိုက်ရသည်။ မှင်သက်စရာ အခြေအနေတွင် သူ၏ အသိစိတ်က အပြင်ဘက် လောကထဲသို့ ကျရောက်သွားသည့်နှယ် ဖြစ်သွား၏။
မြင်တွေ့နေရသော ကျင့်ကြံခြင်းကမ္ဘာနှင့် မတူညီသော လောက တစ်ခုပင်။ သူ မြင်တွေ့နေရသည်မှာ အဆုံးအစမဲ့ ကျယ်ပြန့်သော၊ တက်ကြွလန်းဆန်းသည့် သက်တန့်ရောင်စဉ် များ ဖြစ်ပြီး မရေမတွက်နိုင်သော မဟာတာအိုများ ရောယှက်နေသည့် လောကတစ်ခုကို ဖန်တီးထား၏။
ဝိညာဉ်ခွဲထွက်အဆင့် ကျွမ်းကျင်သူ တစ်ဦးနှင့် မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ဦးတို့ကြား တာအိုပညာရပ်များဆိုင်ရာ ကွာခြားချက်မှာ...
မူလဝိညာဉ်အဆင့် အရှင်သခင်များက ကိုယ်ပိုင် တာအိုနယ်မြေတစ်ခု ဖန်တီးရန် မဟာတာအို စွမ်းအားများကို အနိုင်နိုင် စုစည်းနေရဆဲပင်။
သို့သော် ဝိညာဉ်ခွဲထွက်အဆင့်သို့ ရောက်ရှိသွားသောအခါ လွန်စွာ အစွမ်းထက်သော မူလဝိညာဉ်ဖြင့် မိမိ နားလည်သဘောပေါက်ထားသော မဟာတာအိုများပေါ်တွင် မဟာတာအို အမှတ်အသား မျိုးစေ့တစ်ခုကို ရိုက်နှိပ်ရန် အခွင့်အရေး ရရှိလာလေသည်။
ဤ မဟာတာအို အမှတ်အသားက ဝိညာဉ်ခွဲထွက်အဆင့် ကျွမ်းကျင်သူများနှင့် မူလဝိညာဉ်အဆင့် အရှင်သခင်များ အကြား အဓိက ကွာခြားချက် ဖြစ်၏။ မူလဝိညာဉ်အဆင့် အရှင်သခင် တစ်ဦး ဘယ်သောအခါမှ မဖြတ်ကျော်နိုင်သော ကွာဟချက်ကြီး တစ်ခုပင်။
စုယွီ၏ အသိစိတ်က ဤလောကထဲရှိ မရေမတွက်နိုင်သော မဟာတာအို ခြေရာများကို စောင့်ကြည့်နေခဲ့၏။ သူ၏ မျက်ဝန်းများက ဓာတ်ကြီး ငါးပါး လမ်းစဉ်၊ ဖုံးကွယ်နေသော ဟင်းလင်းပြင်နှင့် အချိန်ကာလ လမ်းစဉ်များအပေါ်တွင် တဝဲလည်လည် ဖြစ်နေခဲ့၏။
နောက်ဆုံးတွင်တော့ ဓာတ်ကြီး ငါးပါး လမ်းစဉ်ဆီသို့သာ ပြန်လည် ဦးလှည့်လိုက်သည်။
စုယွီ လေ့ကျင့်ထားသော နည်းစနစ်မှာ ဓာတ်ကြီး ငါးပါးကျင့်စဉ် ဖြစ်ပြီး ဓာတ်ကြီး ငါးပါး လမ်းစဉ်က သူ၏ အခြေခံအုတ်မြစ်ပင် ဖြစ်လေသည်။