အခန်း ၉၂၀
Vol. 62 Ch. 920
အခန်း (၉၂၀) - ဝိညာဉ်ခွဲထွက် အဆင့်သို့ တက်လှမ်းကာ လေဟာနယ်အား ထိုးခွဲသွားသော သစ်ကိုင်းတစ်ကိုင်း
စုယွီ လေ့လာကြည့်ရှုခဲ့သည့် မြေကမ္ဘာ အင်မော်တယ် စံအိမ်နှင့် ယွဲ့အင်မော်တယ် စံအိမ် တို့မှ ရှေးဟောင်းပညာရှင်များ၏ မှတ်တမ်းများအရ ဝိညာဉ်ခွဲထွက်အဆင့်၌ မဟာတာအို၏ အမှတ်အသား ကွဲပြားခြားနားမှုသည် အဆိုပါ အမှတ်အသားကို မဟာတာအိုထဲသို့ မည်မျှနက်ရှိုင်းစွာ ထွင်းထုနိုင်သနည်း ဆိုသည့်အချက်အပေါ် မူတည်၏။
အကယ်၍ မဟာတာအိုကို မြစ်တစ်စင်းဟု သဘောထားပါက ဤမြစ်၏ အစွန်းပိုင်းကို တို့ထိရုံမျှဖြင့် မဟာတာအို အမှတ်အသား၏ အားအနည်းဆုံး အလွှာကို ရရှိခြင်းဖြစ်ပေသည်။
ဤသို့ဖြင့် ဝိညာဉ်ခွဲထွက်အဆင့်သို့ တက်လှမ်းကြသည့် ကျင့်ကြံသူများသည် အားအနည်းဆုံးသော စွမ်းအားနှင့် အခြေခံကို ပိုင်ဆိုင်ထားကြ၏။
ယွဲ့အင်မော်တယ် စံအိမ်၏ မှတ်တမ်းကျမ်းများအရ ရှေးဟောင်းကျင့်ကြံသူများသည် ဝိညာဉ်ခွဲထွက်အဆင့်ရှိ မဟာတာအို အမှတ်အသားကို အဆင့်လေးဆင့် ခွဲခြားထားလေသည်။
ကနဦး အဆင့်၊ အလယ်အလတ်အဆင့်၊ မဟာယာန အဆင့်နှင့် အထွတ်အထိပ် နယ်နိမိတ်တို့ ဖြစ်ကြ၏။
မဟာတာအို အမှတ်အသားနှင့် တာအိုနယ်မြေအကြားရှိ အမြင် အာရုံ ကွာခြားချက်မှာမူ...။
"ဘုန်း..."
စုယွီ၏ စိတ်အာရုံမှာ ဓာတ်ကြီးငါးပါး လမ်းစဉ်ပေါ်သို့ ထွင်းထုရန် လှည့်လိုက်သည့်အချိန်တွင် သူ၏ စိတ်နှင့် မူလ ဝိညာဉ်တို့မှာ ကြီးစိုးသော စွမ်းအားတစ်ခု သူ့ဆီသို့ ဝင်ရောက်လာသည်ကို ရုတ်ချည်းပင် ခံစားလိုက်ရသည်။
ထိုအရာမှာ ကောင်းကင်တာအို စွမ်းအား ဖြစ်၏။
စုယွီ၏ စိတ်အာရုံမှာ မဟာတာအိုမြစ်ထဲသို့ ရောက်ရှိသွားချိန်၌ လှေပေါ်ရှိ အရွက်တစ်ရွက်မျှသာ ဖြစ်သဖြင့် အချိန်မရွေး လှန်ကျသွားပြီး အပိုင်းပိုင်း ပြတ်ထွက်တော့မလို ခံစားလိုက်ရသည်။ မဟာတာအို၏ စွမ်းအားက ရုတ်ချည်းပင် တိုက်ခိုက်လာရာ စုယွီ တစ်ယောက် ခေါင်းပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။
သူ၏ မူလ ဝိညာဉ်မှာလည်း ဤဓာတ်ကြီးငါးပါး လမ်းစဉ်၏ စွမ်းအားကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့မလို ရှိနေ၏။
စုယွီ၏ မျက်နှာ သိသိသာသာ အုံ့မှိုင်းသွားသည်။
[t.n -မဟာတာအို ဆိုတာကတော့ စကြဝဠာတစ်ခုလုံး လောကကြီးတစ်ခုလုံးကို လည်ပတ်နေစေတဲ့ အမြင့်ဆုံး သဘာဝတရား ဒါမှမဟုတ် ပကတိအမှန်တရားကြီးပေါ့။ ကျင့်ကြံသူတွေ နောက်ဆုံးရောက်ချင်တဲ့ ပန်းတိုင်က ဒီတာအိုကို နားလည်ဖို့ပါပဲ။
မဟာတာအိုမြစ် ကျတော့ အဲဒီသဘာဝတရားကြီးကို အဆုံးအစမရှိတဲ့ ဒြပ်မဲ့မြစ်ကြီးတစ်စင်းအဖြစ် တင်စားထားတာပါ။ ကျင့်ကြံသူတွေက အဲဒီမြစ်ထဲကို ကိုယ့်ဝိညာဉ်နဲ့ ထိုးဆင်းပြီး တာအိုဉာဏ်အလင်းကို ရှာဖွေကြရတာလေ။
မဟာတာအိုအမှတ်အသား ကတော့ အဲဒီမြစ်ထဲကနေ ကိုယ်နားလည်သဘောပေါက်လိုက်တဲ့ တာအိုအသိက ကိုယ့်ဝိညာဉ်ထဲမှာ အမာရွတ်တစ်ခုလို တံဆိပ်တုံးတစ်ခုလို ခိုင်ခိုင်မာမာ စွဲထင်သွားတာကို ခေါ်တာပါ။ မြစ်ထဲကို ဘယ်လောက်နက်နက် ငုပ်နိုင်လဲဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်ရမယ့် အမှတ်အသားက ပိုပြင်းထန်လာပါတယ်။
တာအိုနယ်မြေ ဆိုတာကတော့ ကိုယ်ပိုင်နားလည်ထားတဲ့ တာအိုစွမ်းအင်တွေနဲ့ ဖန်တီးထားတဲ့ ကိုယ်ပိုင်ပိုင်နက် နယ်မြေတစ်ခုပါ။ ဒီနယ်မြေထဲကိုသာ ရန်သူကို ဆွဲသွင်းနိုင်ပြီဆိုရင် ကိုယ်က ဘုရင်တစ်ပါးလို စိုးမိုးထားလို့ ရသွားပြီပေါ့။
ကောင်းကင် တာအို စွမ်းအား ဆိုတာကတော့ လောကကြီးရဲ့ ဖန်ဆင်းရှင် ဒါမှမဟုတ် ကောင်းကင်ဘုံကနေ သက်ဆင်းလာတဲ့ အကြွင်းမဲ့ စွမ်းအားကြီးပါ။ ကျင့်ကြံသူတွေ တာအိုကို ဆန့်ကျင်တဲ့အခါ ဒါမှမဟုတ် တာအိုမြစ်ထဲ ဝင်ပြီး အသိဉာဏ်ခိုးယူတဲ့အခါမျိုးမှာ ဒီစွမ်းအားရဲ့ ဖိနှိပ်ရိုက်ခတ်မှုကို ကြီးကြီးမားမား ခံရတတ်ပါတယ်။]
"ဖူး..."
အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသော စုယွီမှာ ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ မျက်နှာရှိ အပေါက်ခုနစ်ပေါက်မှလည်း သွေးများ စီးကျလာသည်။ သူ၏ အရေပြား၊ အသားနှင့် အရိုးတို့မှာ ကြီးစိုးသော ကောင်းကင်တာအို စွမ်းအား၏ ဖိနှိပ်မှုကို ခံလိုက်ရပြီး ထိုအချိန်၌ပင် အက်ကွဲသွားတော့သည်။
"ဂျိန်း..ဂျုန်း..."
“ဝရော…”
ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ်မြို့တော် အထက်တွင် အဆုံးမဲ့ ဖြစ်စဉ်များ ပေါ်ပေါက်လာပြီး မိုးချုန်းသံများက အင်မော်တယ်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။ မိုးကြိုး တစ်ချက်စီတိုင်းက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။
ပထမရွှေရောင် ချပ်ဝတ် ခေါင်းဆောင်နှင့် ဒုတိယရွှေရောင် ချပ်ဝတ် ခေါင်းဆောင်တို့ နှစ်ဦးလုံး မှိတ်ထားသော မျက်လုံးများ ဖွင့်လိုက်ကြပြီး သိသိသာသာ ပြောင်းလဲနေသော ကောင်းကင်နှင့် ဆင်းသက်လာသည့် ကြောက်မက်ဖွယ် ကောင်းကင်တာအို စွမ်းအားကို ကြည့်ရှုလိုက်ကြသည်။
သူတို့၏ အမူအရာမှာ အလွန်ပင် လေးနက်သွားကြ၏။
ဝူထုံကြီး၏ ခန္ဓာမှတစ်ဆင့် စီးဆင်းလာသော ထိုကောင်းကင်တာအို စွမ်းအားမှာ အဆင့်တက်ခါနီး ဖြစ်နေသည့် စွမ်းအားကို အပြင်းအထန် တိုက်ခိုက်နေလေသည်။
ပထမရွှေရောင် ချပ်ဝတ် ခေါင်းဆောင်၏ မျက်လုံးများတွင် နတ်ဘုရားအလင်းတန်းများ ပြိုးပြက်သွားပြီး ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ကြည့်ရှုလိုက်တော့၏။ အပြင်ဘက်ရှိ ကုန်းပြင်မြင့် ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်နေသော ကောင်းကင် ဖြစ်စဉ်များကို မြင်တွေ့လိုက်ရသည်။
မိုးချုန်းသံများ ပေါ်ထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဟိန်းထွက်သွားကာ ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ်မြို့တော်၏ အကာအကွယ်များကို ရိုက်ခတ်လိုက်သဖြင့် မြို့တစ်ခုလုံး တုန်ခါသွားသည်။ ဤ ကြောက်မက်ဖွယ် ဖြစ်စဉ်မှာ အပျက်အစီး နယ်မြေ၏ မိုင်ထောင်ပေါင်းများစွာအတွင်းရှိ မြေပြင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
မြောက်များစွာသော မိစ္ဆာသားရဲများနှင့် မိစ္ဆာမျိုးနွယ်ဝင်များမှာ ကြောက်လန့်တကြား ဖြစ်သွားကြပြီး ရုတ်တရက် ပြောင်းလဲသွားသော ကောင်းကင်ကိုသာ မော့ကြည့်နေမိကြသည်။
ထိုအချိန်တွင် စုယွီ၏ ဝိညာဉ်ခွဲထွက်အဆင့် တက်လှမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအားမှာ ပျံ့နှံ့သွားဟန်ရှိပြီး မိစ္ဆာမျိုးနွယ်ဝင် အများအပြားမှာ ဤဖြစ်စဉ်၏ စွမ်းအားပြောင်းလဲမှုကို ခံစားမိကြသည်။
ဤနေရာမှာ ဝိညာဉ်မဲ့ မြေရိုင်းပြင် အနီးရှိ ဒေသတစ်ခုဖြစ်ပြီး ဤနေရာတွင် ပေါ်လာသော မိစ္ဆာမျိုးနွယ်ဝင်တို့၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားပေ။
ဤ ကောင်းကင် ဖြစ်စဉ်နှင့် တဖြည်းဖြည်း ပိုမိုပြင်းထန်လာသော ဝိညာဉ်ခွဲထွက်အဆင့်၏ စွမ်းအားကို ခံစားမိလိုက်သောအခါ ဤ မိစ္ဆာမျိုးနွယ်စုမှာ အန္တရာယ်ကို သိရှိသွားပြီး ကြောက်အားလန့်အား ထွက်ပြေးကြတော့သည်။
"ပြေး... ပြေးကြ..."
"သွားကြစို့... လူသားမျိုးနွယ်တစ်ယောက် ဒီနေရာမှာ ဝိညာဉ်ခွဲထွက်အဆင့် တက်လှမ်းနေတာ..."
"မြန်မြန်... မြန်မြန်... ပြန်သွားပြီး အရှင့်ကို အစီရင်ခံကြစို့..."
မိစ္ဆာမျိုးနွယ်ဝင်တို့ ထွက်ပြေးသွားကြ၏။
သို့သော် ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ်မြို့တော် အတွင်း၌မူ စုယွီ၏ ကျင့်ကြံမှု တက်လှမ်းနေချိန်တွင် သူ၏ စိတ်အာရုံမှာ ဓာတ်ကြီးငါးပါး လမ်းစဉ်ပေါ်သို့ ထွင်းထုလိုက်သည့်အခိုက် ကောင်းကင်နှင့် မြေကြီးရှိ ကောင်းကင်တာအို စွမ်းအားမှာ တစ်ဖန် သိသိသာသာ ပြောင်းလဲသွားပြီး ဖြစ်စဉ်များ အဆုံးမရှိ ပေါ်ပေါက်လာသည်။ ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ်မြို့တော်ပင် ၎င်းတို့ကို မတားဆီးနိုင်တော့ဘဲ အပြင်ဘက်ရှိ ဝိညာဉ်မဲ့ မြေရိုင်းပြင်များကို တုန်လှုပ်သွားစေ၏။
မိုးကြိုးနှင့် လျှပ်စီးများက ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီး ကောင်းကင်ဘုံပျက်သုဉ်းတော့မည့်နှယ် မဟာတာအို ဖြစ်စဉ်များ အဆုံးမရှိ ပေါ်ပေါက်လာသည်။
ထိုအတောအတွင်း ထိုကောင်းကင်တာအို စွမ်းအားနှင့် ဝိညာဉ်ခွဲထွက်အဆင့် စွမ်းအားမှာ အခြားဒေသများဆီသို့ ဆက်လက် ပြန့်ကျဲသွားပြီး အဝေးရှိ ကျင့်ကြံသူ အချို့ကို တဖြည်းဖြည်း သတိပေးလိုက်သလို ဖြစ်လာသည်။
ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ်မြို့တော် အတွင်း၌ ဒုတိယရွှေရောင် ချပ်ဝတ် ခေါင်းဆောင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ဒီကောင်လေးရဲ့ ဝိညာဉ်ခွဲထွက်အဆင့် တက်လှမ်းမှုက တခြားသူတွေရဲ့ ပကတိဟင်းလင်းပြင် အဆင့် တက်လှမ်းတာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသလိုပဲ..."
"ဝိညာဉ်ခွဲထွက်အဆင့်ကို အခုမှ တက်လှမ်းတဲ့ လူငယ် တစ်ယောက်ဆီမှာ ဒီလို ကောင်းကင်တာအို စွမ်းအားမျိုး ပေါ်လာတာ ငါ တစ်ခါမှ မမြင်ဖူးဘူး..."
ပထမရွှေရောင် ချပ်ဝတ် ခေါင်းဆောင်ကမူ ပြန်မပြောချေ။
ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ်မြို့တော်က စုယွီ၏ ဝိညာဉ်ခွဲထွက်အဆင့် တက်လှမ်းမှုမှ ဆူညံသံများကို မဖိနှိပ်နိုင်၊ မတားဆီးနိုင်ကြောင်း တွေ့မြင်ပြီးနောက် ပထမရွှေရောင် ချပ်ဝတ် ခေါင်းဆောင်၏ ပတ်ဝန်းကျင်၌ ထူးခြားသော အရှိန်အဝါတစ်ခု စတင် ဖွဲ့တည်လာသည်။
ထိုအချိန်၌ ပထမရွှေရောင် ချပ်ဝတ် ခေါင်းဆောင်မှာ အင်မော်တယ်မြို့တော်နှင့် ပေါင်းစပ်သွားသည့်အလား ဖြစ်သွားသည်။
"ဘုန်း..."
သူက ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ်မြို့တော်၏ စွမ်းအားကို အသက်သွင်းလိုက်ပြီး စုယွီ၏ တက်လှမ်းမှုမှ ဖြစ်ပေါ်လာသော ကောင်းကင် ဖြစ်စဉ်များနှင့် ကြောက်မက်ဖွယ် ကောင်းကင်တာအို စွမ်းအား အများစုကို ခွဲထုတ်ပစ်နိုင်ခဲ့သည်။
အပြင်ဘက်တွင် စတင် ပျံ့နှံ့နေသော ထိတ်လန့်ဖွယ် ကောင်းကင်တာအို စွမ်းအားနှင့် ဖြစ်စဉ်များမှာ ရုတ်တရက် သိသိသာသာ လျော့ကျသွားသည်။
ဤအရာကို မြင်လိုက်ရသောအခါမှ ပထမရွှေရောင် ချပ်ဝတ် ခေါင်းဆောင် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။
ကံကောင်းပါ၏။ အကယ်၍ ဤဆူညံသံမျိုးသာ ဆက်လက် ပြင်းထန်နေပါက သူ မဖိနှိပ်နိုင်တော့သည့် အခြေအနေသို့ ရောက်သွားနိုင်သည်။
ထိုအခါမျိုးတွင် ကြီးမားသော ပြဿနာများ ဖြစ်လာမည်မှာ သေချာ၏။
မိမိကိုယ်တိုင်ပင် မဖြေရှင်းနိုင်သည့် အခြေအနေမျိုး ဖြစ်သွားနိုင်သည်။
သို့သော်...ယခုအချိန်တွင် ဆူညံသံမှာ အနည်းငယ် လျော့ကျသွားသော်လည်း စုယွီ အောင်မြင်စွာ တက်လှမ်းပြီးစီးသွားသည့်အခါ မိမိအနေဖြင့် ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ်မြို့တော်ကို ဟင်းလင်းပြင်ထဲသို့ သယ်ဆောင်သွားရမည်။ မုန်တိုင်းကို ရှောင်ရှားရန်အတွက် အချိန်အတန်ကြာ ပုန်းအောင်းနေရဦးမည်ဟု ခန့်မှန်းရသည်။
ဝူထုံကြီး၏ ရုပ်ခန္ဓာ ဟင်းလင်းပြင် အတွင်း၌ ကောင်းကင်တာအို စွမ်းအားကြောင့် အစောပိုင်းက ကြေမွသွားခဲ့သော စုယွီ၏ ခန္ဓာမှာ ဝိညာဉ်ခွဲထွက်အဆင့်၏ ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအားတို့ လည်ပတ်လာမှုနှင့်အတူ အရေပြားနှင့် အရိုးတို့ ပြန်လည်ကောင်းမွန်လာသည်။
စုယွီမှာ သူ၏ ခန္ဓာတွင်း ပြောင်းလဲမှုများကို မသိရှိသေးချေ။
သူ၏ စိတ်နှင့် ဝိညာဉ်တို့မှာမူ ဓာတ်ကြီးငါးပါး လမ်းစဉ်ထဲသို့ နက်နက်နဲနဲ ဝင်ရောက်သွားနှင့်ပြီ ဖြစ်သည်။
ဓာတ်ကြီးငါးပါး လမ်းစဉ်ထဲသို့ ရောက်သွားသည့်အခိုက် စုယွီမှာ တူကြီး တစ်လက်ဖြင့် ခေါင်းကို တအား ထုလိုက်သလို ခံစားလိုက်ရသည်။
မိုးချုန်းသံကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ စုယွီမှာ ခဏတာ သတိလစ်သွားခဲ့သော်လည်း မကြာမီမှာပင် သတိ ပြန်လည်လာ၏။
ပြီးပြည့်စုံသော ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် စုစည်းလာသည်နှင့်အမျှ ကနဦး ကြောက်မက်ဖွယ် တိုက်ခိုက်မှုမှလွဲ၍ မကြုံစဖူးသော လွယ်ကူမှုကို တဖြည်းဖြည်း ခံစားလာရသည်။
ပြီးပြည့်စုံသော ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်၏ ပံ့ပိုးမှုဖြင့် သူ၏ စိတ်အာရုံမှာ နောက်တစ်ဆင့်သို့ ပိုမို နက်ရှိုင်းစွာ ထိုးဖောက်သွား၏။
"အုန်း..."
နောက်ထပ် ကြောက်မက်ဖွယ် ကောင်းကင်တာအို စွမ်းအား တစ်ခု ဆင်းသက်လာပြန်ပြီး ဤတစ်ကြိမ်တွင် စုယွီ၏ ခန္ဓာကို အပိုင်းပိုင်း ဖြစ်သွားမတတ် ဖိနှိပ်လိုက်တော့သည်။