အခန်း ၁၀၀၇
Vol. 68 Ch. 1007
အခန်း (၁၀၀၇) - အချိန် နိယာမ စည်းမျဉ်းများ
"တော်လိုက်တော့"
တောင်ဘိုးဘေးကြီး က ရုတ်တရက် ဟောက်လိုက်၏။
"အကယ်၍ မင်း သာ ဒီမှာ ငါနဲ့ တကယ် တိုက်ခိုက် ချင်တယ် ဆိုရင်... အဲဒီ ကောင် နဲ့ အတူတူ ငါ့ဆီ ကို လာခဲ့လိုက်"
ပင်လယ်ဘိုးဘေးကြီး သည် သူမ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားပြီး...သွားများကို တင်းတင်း ကြိတ်ထားသည်ကို နင်ချီ မြင်တွေ့လိုက်ရသော်ငြားလည်း နောက်ဆုံး တွင်တော့ သူမ သည် မည်သည့် လှုပ်ရှားမှု ကိုမျှ မပြုလုပ်ခဲ့ချေ။
သူတော်စင် ဘိုးဘေးကြီး သည်လည်း တစ်လှမ်းချင်းစီ လျှောက်လှမ်း ထွက်လာခဲ့၏။
သူ က ပင်လယ်ဘိုးဘေးကြီး ၏ အနီးမှ ဖြတ်သွားစဉ်... သူမကို အဓိပ္ပာယ် ပါပါ မျက်စိ တစ်ချက် မှိတ်ပြလိုက်သည်။
ပင်လယ်ဘိုးဘေးကြီး သည် အရာအားလုံး ကို မြင်တွေ့ခဲ့ရသော်ငြားလည်း... မတုန်မလှုပ် ဆက်လက် ရပ်နေခဲ့၏။
ထို့နောက် သူတော်စင် ဘိုးဘေးကြီး က နင်ချီ ၏ နားထဲသို့ တီးတိုး ပြောလိုက်သည်။
"ကောင်လေး... ငါ့ရဲ့ စွမ်းရည် တွေကို မင်းဆီ ဖုံးကွယ် မထားဘဲ အကုန် လက်ဆင့်ကမ်း ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။ ငါနဲ့ အတူတူလာခဲ့ရင်ရော ဘယ်လိုလဲ"
'အခု အချိန် အထိ... ဒီ အဘိုးကြီး က ငါ့ကို သူနဲ့ အတူ ဆွဲချ ဖို့ ကြိုးစား နေတုန်းပဲ’
ထို့ကြောင့် နင်ချီ က ရိုးရှင်းစွာ ပင် မျက်လုံး လှန်ကြည့်လိုက်တော့၏။
ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက်... သူ က အသံလွှင့် ကာ ပြန်လည် ဖြေကြားလိုက်သည်။
"အဘိုးကြီး... ခင်ဗျား ပေးတဲ့ စည်းကမ်းချက် တွေက ကျွန်တော့် အတွက် အရမ်း ကို ခက်ခဲ လွန်းပါတယ်။ ကျွန်တော် ပေါင်းစည်းခြင်း နယ်ပယ် မှာ ရှိနေတုန်း က... သူတို့ နှစ်ယောက် စလုံး ဆီကနေ ကျွန်တော့် ကို တပည့် အဖြစ် လက်ခံ ဖို့ ဖိတ်ခေါ်စာ တွေ ရခဲ့ဖူးတယ်"
ထိုစကား ကို ကြားလိုက်ရသောအခါ... သူတော်စင် ဘိုးဘေးကြီး က ပြန်လည် မေးခွန်း ထုတ်လိုက်၏။
"သူတို့ က တကယ် ရိုးသား ရဲ့လား။ အခု အချိန်ထိ မင်းကို ဘာတွေ သင်ပေးပြီးပြီလဲ"
နင်ချီ ပြန် မဖြေနိုင်ခင် မှာပင်... သူ က ရုတ်တရက် ဆက်ပြောလိုက်သည်။
"ငါ ကတော့ မတူဘူးလေ။ ငါ အခုလေးတင် သုံးခဲ့တဲ့ အလင်း နတ်ဘုရား စာလုံး အခင်းအကျင်း ကို မင်းကို ချက်ချင်း သင်ပေးမယ်"
သူတော်စင် ဘိုးဘေးကြီး ၏ စကား အဆုံး တွင်... နင်ချီ အလင်း စာလုံး နတ်ဘုရား အခင်းအကျင်း ကို မည်သို့ ဖော်ထုတ် ရမည် ဆိုသည့် အသံလွှင့် ရှင်းလင်းချက် တစ်ခု ကို အမှန်တကယ်ပင် လက်ခံ ရရှိလိုက်လေသည်။
သို့သော် နင်ချီ က သူ၏ နားကို ကလော်လိုက်၏။
"တောင်းပန်ပါတယ်... ခင်ဗျား အဲဒါကို သုံးခဲ့တုန်း က ကျွန်တော် ဒီ နည်းစနစ် ကို သင်ယူပြီးသွားပြီ"
သူတော်စင် ဘိုးဘေးကြီး ၏ ခြေလှမ်း များ ရပ်တန့်သွားတော့၏။
သူ သည် နင်ချီ ၏ မျက်နှာ ကို အကြိမ် တစ်ထောင် မက ရိုက်ပစ် ချင်စိတ် များ ပေါက်ဖွားလာရသည်။
မာနထောင်လွှားတတ်ခြင်း၊ အခြားသူများကို အထင်သေးတတ်ခြင်း၊ နှင့် အလွန်အမင်း ကိုယ်ရည်သွေးတတ်ခြင်း တို့ အတွက် နင်ချီ့ကို သင်ခန်းစာ ကောင်းကောင်း တစ်ခု ပေးချင် နေမိတော့သည်။
သူတော်စင် ဘိုးဘေးကြီး သည် နင်ချီ ကို အသေအလဲ ထိုးကြိတ် ပစ်ချင်စိတ် များ တဟုန်ထိုး မြင့်တက်လာသော်ငြားလည်း... ဤ အခိုက်အတန့် တွင် နင်ချီ ကို ကိုင်တွယ် ဖြေရှင်းရန် အချိန် လုံးဝ မရှိတော့ပေ။
အကြောင်းမူကား... တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အစွမ်းအထက်ဆုံး သတ္တဝါ ဖြစ်သော သည် စစ်မြေပြင်နယ်မြေ အတွင်းသို့ ရောက်ရှိလာပြီ ဖြစ်ပြီး သူ့ကို တိုက်ရိုက် ပစ်မှတ်ထား နေသောကြောင့် ပင်။
တောင်ဘိုးဘေးကြီး ၏ ခမ်းနား ကြီးကျယ်လှသော ပုံရိပ်ကြီး မှာ... ထို နေရာ တွင် မတ်မတ်ကြီး ရပ်နေရုံ ဖြင့်ပင် အလွန်တရာ ကြီးမားလှသော ကြောက်မက်ဖွယ် အရှိန်အဝါ ကြီး တစ်ခု ကို ဖြာထွက် နေစေတော့၏။
"လာစမ်းပါ"
တောင်ဘိုးဘေးကြီး သည် သူတော်စင် ဘိုးဘေးကြီး ကို တိုက်ရိုက် မျက်နှာမူ ကာ အော်ဟစ်လိုက်သည်။
သူတော်စင် ဘိုးဘေးကြီး သည် ဘာမှ ထပ်မပြော တော့ဘဲ... တောင်ဘိုးဘေးကြီး ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားတော့၏။
ပင်လယ်ဘိုးဘေးကြီး နှင့် သူ၏ တိုက်ပွဲ များနှင့် မတူညီဘဲ... ဤတစ်ကြိမ် တွင် သူ သည် လုံးဝ (လုံးဝ) ကွဲပြား ခြားနားသော တိုက်ခိုက်ရေး နည်းလမ်း တစ်ခု ကို ရွေးချယ်လိုက်ပုံ ရသည်။
သူတော်စင် ဘိုးဘေးကြီး ၏ ပထမဆုံး ခြေလှမ်း ကို စတင် လှမ်းလိုက်သည် နှင့် တစ်ပြိုင်နက်... သူ၏ အိုမင်းနေသော မျက်နှာ မှာ နှစ်အနည်းငယ် ပို၍ နုပျိုသွားပြီး သူ၏ အတန်ငယ် ခါးကုန်း နေသော ခန္ဓာကိုယ် မှာလည်း... ဓားအိမ် ထဲမှ ဆွဲထုတ်လိုက်သော ဓား တစ်လက် အလား လျင်မြန်စွာ မတ်မတ်ကြီး ဖြစ်သွားတော့၏။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း...
ခြေလှမ်း သုံးလှမ်း အပြီး တွင်... သူတော်စင် ဘိုးဘေးကြီး ၏ အိုမင်းပြီး ခါးကုန်း နေသော ပုံရိပ် မှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
လူတိုင်း ၏ မျက်စိ ရှေ့မှောက် တွင် ပေါ်ထွက်လာသူ မှာ... ကျောက်တုံး များ စုပုံ ထားသလို ကြွက်သား များ နှင့် ပြည့်နှက် နေသော၊ ဆံပင်မည်း မည်း နှင့် ကြီးမား ထွားကျိုင်းလှသည့် သက်လတ်ပိုင်း အမျိုးသားကြီး တစ်ဦး ဖြစ်ပြီး... သူ၏ မျက်နှာချင်းဆိုင် ရှိ တောင်ဘိုးဘေးကြီး ထက် အနည်းငယ်မျှ ပင် အရှိန်အဝါ မသေးငယ်လှချေ။
"..."
လူတိုင်း မှာ သူတို့ ၏ မျက်စိ ရှေ့မှ မြင်ကွင်း ကြောင့် အကြီးအကျယ် အံ့အားသင့် မှင်သက်သွားကြရတော့သည်။
သူ ပေါ်ထွက်လာချိန် မှ စတင်၍ ယခု အချိန် အထိ... ဤ သူတော်စင် ဘိုးဘေးကြီး သည် စာပေ ကျမ်းဂန်များကို များစွာ ဖတ်ရှု လေ့လာ ထားသော ပညာတတ် ပုဂ္ဂိုလ်ကြီး တစ်ဦး၊ အသိပညာ ကြွယ်ဝလှသော အဘိုးအို တစ်ဦး ဟူသော အထင်အမြင် ကိုသာ လူတိုင်း ကို ပေးစွမ်း ခဲ့၏။ သို့သော် ယခု အခါ တွင်မူ...
လူတိုင်း က... သံမဏိ အလား ခိုင်မာ တောင့်တင်းပြီး ကြွက်သား များဖြင့် ပြည့်နှက် နေသော သက်လတ်ပိုင်း သူတော်စင် ဘိုးဘေးကြီး ကို စူးစိုက် ကြည့်နေကြ၏။ ဤ လူ က စာပေ ကျမ်းဂန် တွေကို များစွာ ဖတ်ရှု လေ့လာ ထားတယ် လို့ ဘယ်သူ ကမှ ယုံကြည် ကြမည် မဟုတ်သော်ငြားလည်း... ဤ လူ သည် ခန္ဓာကိုယ် ကျင့်စဉ် ကို ကျင့်ကြံ သူ တစ်ဦး ဖြစ်ကြောင်း ကိုတော့ ဘယ်သူ ကမှ သံသယ ဝင်ကြမည် မဟုတ်ချေ။
ယခင် နှင့် ယခု အကြား ရှိ ကွာခြားချက် မှာ အလွန်တရာ ကြီးမား လွန်းလှသဖြင့်... အားလုံး ကို အံ့အားသင့် မှင်သက်သွားစေတော့၏။
"မနက်ခင်း မှာ တာအို ကို ကြားနာ ရရင်... ညနေခင်း မှာ ကျေကျေနပ်နပ် ကြီး သေဆုံး နိုင်တယ်"
သက်လတ်ပိုင်း ဘိုးဘေးကြီး က သက်ပြင်းချ ကာ ဆိုလိုက်သည်။