အခန်း ၆၈၇
Vol. 46 Ch. 687
အခန်း (၆၈၇) ကမ္ဘာ့တုန်ခါလောက်သည့်လျှပ်စီးကပ်ဘေးဒုက္ခ။
"ဘုန်း…”
ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ၏ တန်ခိုးအစွမ်းသည် ဧရာမ အပြာရောင်ကြယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး၊ ယင်းက လူတိုင်းကို အသက်ရှူ မဝနိုင်အောင် ဖြစ်စေခဲ့သည်။ အထူးသဖြင့် ကောင်းကင်ဘုံ တန်ခိုးအစွမ်း၏ အလယ်ဗဟိုဖြစ်သော ပင်လယ်ဒေသတွင်ရှိနေကြသည့် နတ်ဆိုးသားရဲများ အားလုံးသည် ကြောက်လန့်တကြား ပြေးလွှားနေကြသည်။
ဧရာမအပြာရောင်ကြယ်ကြီး၏ ကောင်းကင်ယံတစ်ခုလုံးသည် ယခုအခါ တိမ်များဖြင့် ထူထပ်နေပါသည်။ မှောင်မိုက်သော တိမ်တိုက်များတွင် လျှပ်စီးများ ဝင်းလက်နေပြီး မိုးခြိမ်းသံများက တဂျိန်းဂျန်း ထွက်ပေါ်နေကာ မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလှသည်။
"ဘာတွေဖြစ်နေတာလဲ?။ ကမ္ဘာပျက်တော့မှာလား?" အချို့သော ကျင့်ကြံသူများသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်စွာ အော်ဟစ်ပြောဆိုနေကြသည်။
"မဟုတ်ဘူး၊ တစ်ယောက်ယောက်က ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတာ။" ကျွမ်းကျင်သူတစ်ယောက်က ချက်ချင်း ထရပ်ပြီး ပြန်ပြောပြသည်။
"ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတာလား?။ ဒီလောက်ကြောက်စရာကောင်းတဲ့ ကောင်းကင်ကပ်ဘေးဒုက္ခကြီး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ထိုစကားကို ကြားလိုက်ရလျှင် လူတိုင်း အံ့ဩသွားကြသည်။
ထိုကျွမ်းကျင်ပညာရှင်လည်း အလွန်မင်း ထိတ်လန့် တုန်လှုပ်သွားသည်။ အချိန် အတော်ကြာပြီးနောက် သူသည် မထိန်းနိုင်ဘဲ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည် "ဒါက ကျင့်ကြံခြင်းကမ္ဘာမှာ ငါတို့ရင်ဆိုင်ခဲ့ရတဲ့ အကြီးကျယ်ဆုံး ကောင်းကင်ကပ်ဘေးဒုက္ခတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါတို့ရဲ့ရှေ့မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါတို့ရဲ့နောက်မှာပဲ ဖြစ်ဖြစ် တစ်ဦးတစ်ယောက်မှ ရှိမလာနိုင်တော့ဘူး"
လူတိုင်း၏ စိတ်နှလုံးများလည်း အံ့ဩခြင်းကိုယ်စီဖြင့် ပြည့်နှက်နေခဲ့သည်။ အလားတူ မြင်ကွင်းမျိုးသည် တစ်ကမ္ဘာလုံးအနှံ့ ထပ်ခါထပ်ခါ ဖြစ်ပျက်နေခဲ့ပါသည်။ အားလုံးက လည်း သူတို့လုပ်နေသည့်အလုပ်တွေကို ရပ်တန့်ပြီး ကောင်းကင်ပေါ်မှ ကပ်ဘေးဒုက္ခ တိမ်တိုက်တွေကို ကြည့်နေကြပါသည်။
ဤတစ်ကြိမ်တွင် ချင်ယွင်၏ကပ်ဘေးဒုက္ခသည် တကမ္ဘာလုံး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
နတ်ဆိုးနတ်ဘုရားနန်းတော်မှ လူတိုင်းသည်လည်း ဤကောင်းကင်ကပ်ဘေးဒုက္ခ၏ ကြောက်မက်ဖွယ်ကောင်းမူကို ခံစားရသည်။ ဤအခိုက်အတန့်တွင် သူတို့သည် ချင်ယွင်နောက်လိုက်ပြီး နတ်ဆိုးနတ်ဘုရားနန်းတော်ထဲမှ ထွက်ကာ ပင်လယ်ရေ မျက်နှာပြင်သို့ ရောက်ရှိလာကြသည်။
ကောင်းကင်ယံမှ ကပ်ဘေးဒုက္ခ တိမ်တိုက်တွေကို မြင်လိုက်ရသည့်အခါ၊ သူတို့သည် အေးစက်စက်လေကို မနေနိုင်ဘဲ ရှုရှိုက်မိကြပါသည်။ အထူးသဖြင့် အမျိုးသမီး သုံးဦး၏ မျက်နှာများသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်တို့အားလုံး မိုင်တစ်ရာအကွာကို ဆုတ်ခွာသွားကြပါ။" ချင်ယွင်က လူတိုင်းကို ပြောသည် ။
ချင်ယွင်သည် တံခါးပိတ်ကျင့်ကြံခြင်း မဝင်ခင်ကတည်းက၊ အင်မော်တယ်နန်းတော်၏ ပစ္စည်းဝိညာဉ်က သူ၏မိန်းကလေးများ အင်မော်တယ်နန်းတော်ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာနိုင်စေဖို့အတွက် တံဆိပ်ပြားတွေကို အထူးပြုလုပ်ပေးထားပါသည်။ ထို့ကြောင့် သူမတို့သည် အင်မော်တယ်နန်းတော်ထဲသို့ အလိုရှိသလို ဝင်နိုင်ထွက်နိုင်ပါ သည်။
ချင်ယွင်သည် မူလကတည်းက မိန်းကလေးများကို အင်မော်တယ်နန်းတော်ထဲတွင် နေရန် စီစဉ်ထားခဲ့သော်လည်း မိန်းကလေးသုံးဦးသည် ထွက်လာခဲ့သည်။ သူသည် ကူရာမဲ့ဖြစ်ပြီး သူမတို့ကို ထွက်လာခွင့်ပေးရန်သာ သဘောတူနိုင်တော့သည်။
ကံကောင်းထောက်မစွာ၊ အင်မော်တယ်နန်းတော်၏ ပစ္စည်းဝိညာဉ်ကိုးယောက်နှင့် နှင်းအမျိုးသမီးတို့က နောက်မှလိုက်ပါလာသောကြောင့် ချင်ယွင်သည် သူမတို့၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်ခြင်း မရှိပေ။
ဤအခိုက်အတန့်တွင် ချင်ယွင်၏စကားကို လူတိုင်းကြားသောအခါ အားလုံးသည် အဝေးသို့ ပြေးသွားကြသည်။
သူတို့အနေဖြင့် အနီးနားမှာရှိနေခြင်းက ချင်ယွင်၏ ကပ်ဘေးဒုက္ခက သူတို့အပေါ် ထိခိုက်စေနိုင်သည်ကို သူတို့ သိပါသည်။
"အစ်ကိုကြီးက ဒီကောင်းကင်ကပ်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်မယ်လို့ မင်း ထင်လား?" ရှောင်ကျင်းက အဝေးသို့ ဆုတ်သွားရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"စော်နံတဲ့မျောက်၊ မင်း ဘာအဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတာလဲ?၊ အစ်ကိုကြီးက ဒီကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီးကို သေချာပေါက် ဖြတ်ကျော်နိုင်လိမ့်မယ်။ အစ်ကိုကြီးက အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာ ရှိနေတယ်ဆိုတာ မမေ့နဲ့။ ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အစ်ကိုကြီးကို တားဆီးဖို့က မဖြစ်နိုင်ပါဘူး။" ရှောင်ဘိုင်က ချက်ချင်း ပြန်ပြောလိုက်သည်။
"ဟုတ်တယ်၊ တတိယအစ်ကို။ အစ်ကိုကြီးက ကောင်းကင်ကပ်ဘေးဒုက္ခကို ချောချော မွေ့မွေ့ ကျော်လွှားနိုင်မှာ သေချာပါတယ်။" ရှောင်ဟောင် နှင့် ရှောင်ဟေးတို့ကလည်း တစ်ချိန်တည်းတွင် ပြောသည်။
ရှောင်ကျင်းသည် လူအုပ်ကြီး၏ ပြောစကားကို ကြားသောအခါ ချက်ခြင်းပင် သူ၏ နဖူးကို ပြန်ရိုက်လိုက်ပြီး ပြောသည် "ဟုတ်တယ်၊ အစ်ကိုကြီးကို ဘယ်လိုလုပ်ပြီး ငါ သံသယဝင်မိတာပါလိမ့်။ ဒီကမ္ဘာကြီးမှာ အစ်ကိုကြီးကို အနိုင်ယူဖို့ ခက်ခဲအောင် လုပ်ဆောင်နိုင်တဲ့အရာ ဘာတစ်ခုမှ မရှိတော့ဘူး"
ရှောင်ဘိုင်က ရှောင်ကျင်း နှင့် အခြားသူများကို စကားပြောနေစဉ်မှာ ပစ္စည်းဝိညာဉ် ကိုးယောက်ကလည်း အချင်းချင်း စကားပြောနေကြသည်။
"ခေါင်းဆောင်၊ ကျွန်တော်ဟာ နှစ်ပေါင်း ထောင်သောင်းမက ရှင်သန်နေထိုင်ခဲ့ပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို တစ်ခါမှ မတွေ့ဖူးပါဘူး။ သခင်လေးကရော ဒီကပ်ဘေးဒုက္ခက လွတ်မြောက်နိုင်မယ်လို့ ထင်လား။" ပစ္စည်းဝိညာဉ်တစ်ယောက်က မေးသည်။
"မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ငါတောင်မှ ဒီလောက်ထိ ကြောက်စရာ ကောင်းတဲ့ ကောင်းကင်ကပ်ဘေးဒုက္ခမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။ လွတ်မြောက် နိုင်မလားဆိုတာ ငါအနေနဲ့ ပြောဖို့ခက်တယ်။" ရှဖန်းက ပြောသည်။
ရှဖန်းသည် အင်မော်တယ်နန်းတော်ပစ္စည်း၏ နာမည်အမှန် ဖြစ်ပါသည်။
"ဖန်း..၊ ချင်ယွင်က ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခကို သေချာပေါက် ကျော်လွှားနိုင် မယ်လို့ ကျွန်မထင်တယ်။" နှင်းအမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။
ထိုစကားပြောပြီးသည်နှင့် လျူရန်ယွင်နှင့် တခြားမိန်းကလေးနှစ်ယောက်သည် နှင်းအမျိုးသမီးက အဘယ့်ကြောင့် ထိုးစကားမျိုးပြေသည်ကို ကြားချင်နေကြပြီး သူမတို့၏ ခေါင်းကို တစ်ချက်လှည့်ကာ ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူမတို့လည်း ချင်ယွင်၏ လုံခြုံရေးကိုလည်း စိုးရိမ်နေကြသည်။
"အိုး ဘာလို့လဲ?" ရှဖန်းက အံ့သြစွာ မေးလိုက်သည်။
နှင်းအမျိုးသမီး၏ ပင်ကိုစရိုက်က အမြဲတမ်း တည်ငြိမ်နေပြီး သူမသည် စဉ်းစား တွေးတောခြင်းမရှိဘဲ စကားမပြောတတ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် သူမက ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခမှ လွတ်မြောက်နိုင်သည်ဟု ဆိုသည့်အတွက် သဘာဝအတိုင်း သူမတွင် အကြောင်းပြချက်များ ရှိနေလိမ့်မည်။
လူတိုင်းက သူမကိုကြည့်နေသည်ကို တွေ့လိုက်ရတော့၊ နှင်းအမျိုးသမီးလည်း ခပ်ဖျော့ဖျော့ ပြုံးပြပြီး ပြောသည် "ပထမအချက်အနေနဲ့ ချင်ယွင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ကုစားနိုင်စွမ်းက အရမ်းကို သန်မာတယ်။ သူ့ဦးခေါင်းကို ဖြတ်လိုက် ရင်တောင် သူ သေမှာမဟုတ်ဘူး။ ဒါကြောင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက သူ့ကို ထိခိုက်နာကျင်စေတယ်ဆိုရင်တောင်၊ သူက မြန်မြန် ပြန်ကောင်းလာနိုင်တယ်။ ဒုတိယ အချက်ကတော့ ချင်ယွင်မှာ သူ့ကို ကူညီပေးနေတဲ့ ကျွမ်းကျင်ပညာရှင်တွေ ရှိနေမှာကို ကျွန်မ ကြောက်မိတယ်”။
"ကျွမ်းကျင်ပညာရှင်လား..?" ရှဖန်းသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လာသည်။
ချင်ယွင်သည် သူ၏စွမ်းအားကို ဖုံးကွယ်ထားဆဲဖြစ်သည်ကို သူကိုယ်တိုင်ပင် သတိမထားမိသော်လည်း နှင်းအမျိုးသမီး၏ စကားများသည် အလွတ်ထွက်လာခြင်း မဟုတ်ကြောင်း သူ ယုံကြည်သည်။
"တတိယအချက်အနေနဲ့၊ ချင်ယွင်မှာ ကိုယ်ပွားသုံးယောက် ရှိတယ်။ အဲဒီအထဲမှာ လျှပ်စီးစွမ်းရည်ကိုယ်ပွား မိုးကြိုးဝိညာဉ်မျိုးနွယ်စုရဲ့ ကိုယ်ပွားဖြစ်နေတယ်။ လျှပ်စီးကြောင်းဒုက္ခက သူ့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု မဟုတ်တာကြောင့် ဒီအင်မော်တယ်အသွင်ကူးပြောင်းခြင်းကပ်ဘေးဒုက္ခကို သူ သေချာပေါက် ရှင်သန် ကျော်လွှားနိုင်မယ်လို့ ကျွန်မ ထင်ပါတယ်။" နှင်းအမျိုးသမီးက ပြောသည်။
နှင်းအမျိုးသမီးပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ လူတိုင်းက ခေါင်းညိတ်ကြတယ်။
အမျိုးသမီး သုံးဦးသည်လည်း ထိုစကားများကို ကြားပြီးနောက် သူမတို့၏ မူလက ဂနာမငြိမ်ဖြစ်နေသော စိတ်နှလုံးများသည် တည်ငြိမ်သွားကြပါသည်။
သို့သော်လည်း ရှဖန်း၏ မျက်နှာပေါ်ရှိ အမူအရာက ပြေလျော့သွားခြင်း မရှိပေ။
ဤအင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခသည် နှင်းအမျိုးသမီးပြောသည့် အတိုင်း ရိုးရှင်းနေမည် မဟုတ်ပေ။ နှင်းအမျိုးသမီးပြောသော အကြောင်းပြချက် သုံးခုကြောင့် ချင်ယွင်သည် အရင်ဆုံးလျှပ်စီးကပ်ဘေးဒုက္ခများကို တားဆီးနိုင်ပါသည်။
သို့သော်လည်း နောက်ဆုံး နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခသည် ရိုးရှင်းမည် မဟုတ်ပေ။ ထို့အပြင် ဤနောက်ဆုံး နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခသည် အခက်ခဲဆုံး စမ်းသပ်မှု ဖြစ်ပေသည်။
ချင်ယွင်၏ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြီးသည် အလွန်အားကောင်းသောကြောင့်၊ သူ၏ နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခ၏ စွမ်းအားသည် သဘာဝအတိုင်း သေးငယ် လိမ့်မည် မဟုတ်ပေ။
ဟုတ်ပါသည်၊ နှင်းအမျိုးသမီးသည် ဤအကြောင်းကို မစဉ်းစားမိဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ သူမ မပြောရသည့် အကြောင်းရင်းက လူတိုင်းကို နှစ်သိမ့်ရန် ဖြစ်ပါလိမ့် မည်။
ချင်ယွင်သည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြီးမှ လွတ်မြောက်နိုင်ခြင်းရှိမရှိ လူတိုင်း မှန်းဆနေကြစဉ်မှာ၊ ချင်ယွင်သည်လည်း နောက်လာတော့မည့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခအတွက် ပြင်ဆင်နေပါသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သားစွမ်းရည် ကိုယ်ပွားနှစ်ခုလုံးကို ဆင့်ခေါ်ထားပြီး ၎င်းတို့ကို သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့် လိုက်သည်။
သူ၏ အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခသည် သေချာပေါက် အစွမ်းထက်မည်ဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် သူသည် အစကတည်းက ရှိသမျှအရာအားလုံးကို အပြင်သို့ ထွက်ထားရမည်။ သို့မဟုတ်ပါက သူသည် မြောင်းထဲတွင် မှောက်သွားနိုင်သည်။
သူ၏လက်ရှိခွန်အားဖြင့်၊ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြီး ပြီးဆုံးသည့်တိုင်အောင် သူ၏ကိုယ်ပွားနှစ်ခုကို ပေါင်းစပ်ရန် အချိန်လုံလောက်ပါသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချင်ယွင်သည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်ကာ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြီး ဆင်းသက်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး ကောင်းကင်ယံမှာ မိုးခြိမ်းသံတွေ လျှပ်စီး တိမ်တွေင ထူထပ်လာခဲ့ပါသည်။ ကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်နေပြီး ပင်လယ်ရေ မျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးကြီးများက တဟုန်းဟုန်း မြင့်တက်နေသည်။ မြင်ကွင်းတစ်ခုလုံးသည် ကမ္ဘာ၏ အဆုံးသတ်နေ့ရက်နှင့်ပင် တူနေသည်။
ဘန်း….။
နှစ်နာရီခန့် စောင့်ဆိုင်းပြီးနောက်တွင် ကြောက်မက်ဖွယ် စွမ်းအားများ စုပုံနေသည့် မိုးခြိမ်းသံများသည် နောက်ဆုံးတွင် ရွေ့လျားသွားခဲ့သည်။
ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်ကာ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
"နောက်ဆုံးတော့ မင်း ရောက်လာတော့မှာလား?"
ချင်ယွင်၏ မျက်လုံးများသည် လျှပ်စီးလက်သကဲ့သို့ ဝင်းလက်နေပြီး သူသည် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေကာ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေး ဒုက္ခကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
အဝေးမှလူများ၏ နှလုံးသားများသည်လည်း ကောင်းကင်ကို မော့ကြည့်ရင်း ထိုအချိန်မှာ ရင်တဒိန်းဒိန်း ခုန်နေကြသည်။
"ဘုန်း...."
ပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် လူတိုင်း၏ အာရုံစူးစိုက်မူ အောက်မှာပင် ကျဆင်းလာခဲ့ပါသည်။
၎င်းသည် ပေါင်လုံးခန့်အထူရှိသော အနက်ရောင် လျှပ်စီးတိုင်လုံးတစ်ခု ဖြစ်သည်။ လျှပ်စီးကြောင်းတွင် အစွမ်းထက်သော စွမ်းအားများ ပါရှိနေသည်။
"ပထမဆုံးအချက်ကတင် အနက်ရောင် လျှပ်စီးကြောင်းလား?။ ကြည့်ရတာ သူခိုးကောင်းကင်ဘုံက ငါ့ကိုသတ်ဖို့ ကြိုးစားနေပုံရတယ်။ ဒါပေမယ့် ငါချင်ယွင်ဟာ ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး။ မင်း ငါ့ကို ဖျက်ဆီးချင်တဲ့အတွက် မင်းကို အသက်ရှင်လျက် မြင်တွေ့ခွင့်ရအောင် ငါ ကြိုးစားမယ်" ချင်ယွင်၏ မျက်လုံးများသည် ဆုံးဖြတ်ချက်ပြတ်သားမူနှင့်အတူ ဝင်းလက်တောက်ပလာသည်။
သူသည် အနက်ရောင်လျှပ်စီးကြောင်းကို ရှောင်တိမ်းခြင်း မပြုဘဲ သူ့ကို ပြင်းပြင်းထန်ထန် ထိမှန်ခွင့် ပေးလိုက်သည်။
"ဘုန်း..."။
လျှပ်စီးတိုင်လုံးသည် ပေါက်ကွဲပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ပြိုကျသွားသည်။
"ကောင်းလိုက်တာ...!"
ခပ်လှမ်းလှမ်းမှ လူတိုင်းသည် ကမ္ဘာတစ်ခွင်လုံး ပဲ့တင်ထပ်လောက်သည့် အူလှိုက် သည်းလှိုက် ကျယ်လောင်စွာ ရယ်မောသံများကိုသာ ကြားနေရပါသည်။