← Chapters

အခန်း ၆၉၀

Vol. 46 Ch. 690

အခန်း ၆၉၀

Vol. 46 Ch. 690

အခန်း (၆၉၀) ကပ်ဘေးဒုက္ခကို ချောမွေ့စွာ ကျော်ဖြတ်ခြင်း။

သွေးများထွက်ကျလာပြီး ရန်စီချီ၏ ခန္ဓာကိုယ်သည် ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။

ဤရုတ်တရက် မြင်ကွင်းကြောင့် ဘေးနားမှ လူတွေအားလုံး အံ့သြသွားကြပါသည်။ ယခုလေးတင် ဝင်ရောက်လာသော ဓားအလင်းသည် မြန်ဆန်လွန်းပြီး ရှဖန်းတောင် မတုံ့ပြန်နိုင်ခဲ့ဘူး။

"ချင်လန်၊ ငါသေရင်တောင်မှ "

ချင်ယွင်သည် သူ၏သွားတွေကို တင်းတင်းကိုက်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး သည် ချက်ချင်းပင် ရူးသွပ်သွားခဲ့သည်။ ထို့နောက် သူသည် ကောင်းကင်ယံရှိ ချင်လန်ဆီသို့ အပြေးအလွှား ပြေးထွက်သွားတော့မည်။

ရန်စီချီသည် ချင်ယွင်၏ ချစ်လှစွာသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ချင်ယွင်၏ နှလုံးသားထဲတွင် သူမ၏ အဆင့်အတန်းသည် သူမ၏ အစ်မ လျူရန်ယွင်ထက် မနိမ့်ကျပေ။ ထို့အပြင် ရန်စီချီသည် ချင်ယွင်ကို အလွန်နာခံပြီးရင်း နာခံခဲ့သည်။ ချင်ယွင်သည် သူမကို နာကျင်စေမည့် နှလုံးသားမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

ယခု ချင်ယွင်သည် ရန်စီချီ အမှန်တကယ် အသတ်ခံရလိုက်ရသည်ကို မြင်လိုက်ရသည်။ သူသည် လုံးဝ ရူးသွပ်ခြင်းသို့ မည်သို့ မရောက်ဘဲ နေမည်နည်း?။

ဘန်း….။

သို့သော် ချင်လန်သည် ကောင်းကင်ယံတွင် အေးစက်စွာ ပြုံးနေ၏။ ကြီးမားသော ဖိအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ကောင်းကင်ယံမှပင် ချင်ယွင်ကို တိုက်ရိုက် ချည်နှောင်ကာ လှုပ်ရှားခြင်းမှ တားဆီးလိုက်သည်။

"ငါ့ကိုလွှတ်ပေးစမ်း..၊ ငါ မင်းနဲ့ တိုက်မယ်။" ချင်ယွင်သည် အရူးအမူး ရုန်းကန်နေသည်။ သို့သော် ချင်ယွင်အပေါ်ကျရောက်နေသော ဖိအားသည် ကြောက်စရာကောင်းလွန်း သည်။ ချင်ယွင်သည် အမှန်တကယ် ခုခံနိုင်စွမ်းမရှိခဲ့ပေ။

"ဟဲ..၊ ဟဲ…။ အရင်က မင်းက ဘယ်ရောက်သွားတာလဲ?။ မင်းက အရမ်းကို ဒေါသတွေ ထွက်နေပါလား?။ မင်းမှာ နောက်ထပ် နှစ်ယောက်တောင် ရှိသေးတယ် မဟုတ်ဘူးလား?။ သူတို့ထဲက ဘယ်တစ်ယောက်ကို အရင် သေခိုင်းရမှာလဲ?” ချင်လန်က အေးစက်သော အပြုံးဖြင့် ပြောသည်။ ထို့နောက် သူသည် ချန်မင်ရှီ နှင့် လျူရန်ယွင်ကို စိုက်ကြည့်နေသည်။

"မဟုတ်ဘူး ။ မဟုတ်ဘူး " ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။

"ဖူး….။

သို့သော်လည်း ယခုအချိန်တွင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချန်မင်ရှီ၏ မျက်ခုံးမွှေးများကြားရှိ နေရာကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားပြန်သည်။ ၎င်း၏အရှိန်က အရမ်းကို မြန်ဆန်ပြီး မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။

လတ်ဆတ်သော သွေးများ ဖျန်းခနဲ ထွက်လာပြီး ချန်မင်ရှီသည် ချက်ချင်း ပြိုလဲကျ သွားသည်။

"မဟုတ်ဘူး" ချင်ယွင်သည် လုံးဝကို ဒေါသထွက်သွားသည်။ ယခုအချိန်မှာ သူ၏နှလုံးသားက ဓားထက်ထက်ဖြင့် ထိုးစိုက်ခံရခြင်းထက်ပင် ပိုနာကျင်နေ၏။

ရန်စီချီဘဲ ဖြစ်ဖြစ် ချန်မင်ရှီဘဲ ဖြစ်ဖြစ်၊ သူတို့အားလုံးသည် သူ၏နှလုံးသားထဲမှာ ခွဲထုတ်၍မရသည့် အသားတွေပင် ဖြစ်ပါသည်။

"ချင်လန်၊ မင်းရှာနေတဲ့လူက ငါပဲ။ ငါ့ကို တိုက်ရိုက်သတ်ပြီး သူတို့ကို လွှတ်ပေးလိုက်။" ချင်ယွင်သည် အံတင်းတင်းကြိတ်ကာ ချင်လန်ကို ကြည့်ရင်း သူ၏မျက်နှာတစ်ခုလုံး မျက်ရည်တွေဖြင့် ဖုံးလွှမ်းနေပြီ။

"မင်း မှားနေပြီထင်တယ်။ ငါက မင်းကို သတ်ချင်နေတာ မဟုတ်ဘူး။ မင်းကို သတ်ခိုင်းတဲ့လူက ခမည်းတော်ပဲ။ ဒီအစိမ်းရောင် မြူနှင်းဓားကိုလည်း မင်း သေချာပေါက် သိပါတယ်လေ။ ဒါကို ခမည်းတော်ကိုယ်တိုင် ပေးခဲ့တာ။" ချင်လန်က အေးစက်သော အပြုံးဖြင့် ပြောသည်။ ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်နေ သော အင်မော်တယ် ဓားတစ်လက်က သူ၏ရှေ့တွင် လွင့်ပျံလာသည်။

ချင်ယွင်သည် ရင်းနှီးနေသော ဓားကို ကြည့်ကာ သူ၏နှုတ်ခမ်းများက အဆက်မပြတ် တုန်နေသည်။

"ခမည်းတော်..... ခမည်းတော်က ဘာလို့ ဒီလိုလုပ်တာလဲ" ချင်ယွင်သည် ကောင်းကင်ဆီသို့ အော်ဟစ်လိုက်ပြီး သူ၏အသံက အဆုံးမရှိသော ဝမ်းနည်းဒေါသနှင့် ပြည့်နေသည်။

ဤအခိုက်အတန့်တွင် သူ၏နှလုံးသားသည် အေးခဲသော လွင်ပြင်တစ်ခုထဲသို့ ကျသွားသလို ခံစားလိုက်ရကာ လုံးဝ အေးစက်သွားသည် ။

“ဖူး…”

ချင်လန်၏ လက်ချောင်းတစ်ချောင်းက ဖျတ်ခနဲ လှုပ်ရှားလိုက်သည်နှင့်၊ အစိမ်းရောင်မြူနှင်းဓားက အေးစက်သော အလင်းရောင်တစ်ခု အဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားကာ လျူရန်ယွင်၏ ခန္ဓာကိုယ်ကို ချက်ခြင်းပင် ထိုးဖောက် ဝင်ရောက်သွားသည်။

"ယွင်အာ... ထာဝရ နှုတ်ဆက်ခဲ့ပါတယ်.. !" လျူရန်ယွင်၏ ခန္ဓာကိုယ်သည် လွှင့်စင်သွားပြီး သူမ၏ လှပသော ခန္ဓာကိုယ်သည် လှပသော လမ်းကြောင်းအဖြစ် လွင့်ထွက်သွားကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြိုလဲကျသွားပြီး သူ၏နှလုံးသားသည်လည်း လုံးဝ အေးစက်သွားသည် ။

"အခု မင်းအလှည့်ပဲ။" ချင်လန်က ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကို သတ်လိုက်စမ်း… !" ချင်ယွင်က အေးစက်စွာ ပြောသည်။

သူ သန်မာချင်ရသည့် အကြောင်းရင်းက သူ၏အမျိုးသမီး အနည်းငယ်ကို အကာအကွယ်ပေးနိုင်ပြီး သူ၏အမေကို ကယ်တင်ရန် အင်မော်တယ်ကမ္ဘာကို သွားဖို့ပင် ဖြစ်သည်။ သို့သော်လည်း ယခုချိန်မှာတော့ သူသည် သူ၏ အမျိုးသမီး တချို့ကိုတောင် အကာကွယ်မပေးနိုင်တော့ပါဘူး။ သူသည် အင်မော်တယ်ကမ္ဘာသို့ ပြန်သွားနိုင်လျှင်ပင် သူ၏အမေကို ကယ်တင်ပြီး ကလဲ့စားချေမည့်တာဝန်ကို မည်သို့ ယူနိုင်မည်နည်း?။

ထို့အပြင်၊ သူသည် ချင်လန်နှင့် ရင်ဆိုင်ရသောအခါတွင် ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင် မရှိခဲ့ပေ။ သူ့ကို လုံးဝ စိတ်ပျက်စေသည့်အရာက သူသည် သူ၏အမျိုးသမီး သုံးဦးကိုပင် မကာကွယ်နိုင်ခဲ့ပေ။

"ဟမ့်၊ အမှိုက်က အမှိုက်ပါပဲ။ မိန်းမတချို့ကြောင့် မင်းရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဓာတ်ကို ဆုံးရှုံးစေခဲ့တယ်။ ခမည်းတော်က မင်းကို သတ်ဖို့ ငါ့ကို လွှတ်လိုက်တာက မင်းအပေါ် အထင်ကြီးလွန်းနေတယ်လို့ ငါ ထင်တယ်။ ဒါက ငါ့လက်တွေ ညစ်ပတ်ရုံသက်သက်ပဲ။ အဲဒါကို မေ့လိုက်ပါတော့။ ငါ မင်းကို အပြီးအပိုင် လိုက်ပို့ပေးမယ်" ချင်လန်သည် မထီမဲ့မြင်ပြုကာ သူ၏မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

ချင်ယွင်သည် လုံးဝ မတုံ့ပြန်ခဲ့ပေ။ ယခုအချိန်တွင် သူသည် အမျိုးသမီးသုံးဦး သေဆုံးမှု ဝေဒနာတွင် နစ်မြုပ်နေသေးသည်။

"ချွင်…”

တုန်တုန်ယင်ယင် ဓားသံတစ်ခု ထွက်ပေါ်လာပြီး အစိမ်းရောင်မြူနှင်းဓားသည် ထက်ရှပြီး အေးစက်သော အလင်းတန်းကဲ့သို့ ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်သည်။

ဓားအလင်းသည် ပြင်းထန်သော အအေးဓာတ်များ ပါ၀င်နေသည်။ ထက်ရှသော ဓားဖျားသည် ချင်ယွင်၏ မျက်လုံးထဲတွင် လျင်မြန်စွာ ကျယ်ပြန့်လာပြီး နောက်စက္ကန့်တွင် ၊ ချင်ယွင်၏ ခန္ဓာကိုယ်ကို လုံးလုံး ထိုးဖောက်သွားတော့မည် ဖြစ်သည်။

ချင်ယွင်သည် သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး သေခြင်းတရားကို စောင့်ဆိုင်းရန် ပြင်ဆင်နေသည်။

"ကောင်စုတ်လေး၊ မင်း ဒီလောက် သတ္တိကြောင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သေးငယ်တဲ့ နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခလေးက မင်းကို သေစေလောက်တဲ့ အတိုင်းအတာအထိ ဖြစ်စေတော့မယ်"

သို့သော်လည်း ထိုအချိန်တွင် အေးစက်သောအသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီး သူ၏လေသံက ပြင်းထန်သော လှောင်ပြောင်နေဟန်များ ပါဝင်နေသည်။

"နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခလား.. ? ဒါက နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခလား?" ချင်ယွင်သည် ချက်ချင်းပင် မျက်လုံးပွင့်လာပြီး သူ၏ရှေ့မှ မြင်ကွင်းက လုံးဝကို ပြောင်းလဲသွားသည်။

မောက်မာသော ချင်လန်သည် ပျောက်ကွယ်သွားပြီး အဝေးမှ အမျိုးသမီးသုံးဦးသည် အသက်ရှင်လျက် ရှိနေသေးသည်။ သူ့ဆီသို့ ပျံသန်းလာနေသော မိုးပြာရောင် အေးစက်စက် ဓားအလင်းသည် ကောင်းကင်မှ လျင်မြန်စွာ ပျံသန်းလာနေသော ခုနစ်ရောင်ခြယ် လျှပ်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"စီချီ၊ မင်ရှီ၊ ရန်ယွင်နဲ့ တခြားသူတွေက အသက်ရှင်နေသေးတယ်။ ဒါဆို အစောပိုင်းက အရာအားလုံးဟာ စိတ်ကူးယဉ်ဆန်ဆန် ပုံရိပ်ယောင်တွေပေါ့" ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် အဝေးမှအမျိုးသမီး သုံးဦးကို လှမ်းကြည့်လိုက်သည်။

အဝေးမှ အမျိုးသမီးသုံးဦးသည် ချင်ယွင် အသိပြန်ဝင်လာသည်ကို မြင်သောအခါ၊ သူမတို့၏ မျက်နှာများသည် စိတ်သက်သာရာရသွားဟန် ပေါ်လွင်လာသည်။

ယခုလေးတင်၊ ချင်ယွင်သည် တစ်ယောက်တည်း ငိုနေပြီး အော်ဟစ်နေ၏။ နောက်ဆုံးတွင် သူသည် သူ၏မျက်လုံးတွေ မှိတ်ပြီး သေခြင်းတရားကို ထိုင်စောင့်နေ ခြင်းက သူမတို့ကို သေလုမတတ် စိုးရိမ်စေသည်။ ကောင်းကင်ကပ်ဘေးဒုက္ခသည် ချင်ယွင်အပေါ် ကျရောက်တော့မည်ကို ကြည့်နေရင်း သူမတို့၏ စိတ်နှလုံးသည် စိုးရိမ် သောကများနှင့် ပြည့်နေ၏။

ယခုအချိန်တွင် ချင်ယွင်သည် ဤအရေးကြီးသော အခိုက်အတန့်တွင် တည်ငြိမ်စွာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

သို့သော်လည်း နောက်ဆုံးတွင် ခုနစ်ရောင်ခြယ်လျှပ်စီးသည် ချင်ယွင်၏ရှေ့သို့ ရောက်လာခဲ့ပြီး ချင်ယွင်က တုံ့ပြန်ခြင်း မရှိသေးပေ။

ခုနစ်ရောင်ခြယ်လျှပ်စီးသည် ကောင်းကင်တိုင်တစ်ခုကဲ့သို့ ပြိုကျလာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားသည်။

"ဘုန်း..”

ကောင်းကင်တုန်ခါလောက်သည့် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင် သည် ကြောက်မက်ဖွယ် ခုနစ်ရောင်ခြယ်လျှပ်စီးကြောင့် ပင်လယ်ထဲသို့ ချက်ခြင်း ရိုက်ချခံလိုက်ရပြီး လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ပင်လယ်ရေပြင် ပေါက်ကွဲပြီး ကောင်းကင်ကို လှုပ်ခတ်စေလောက်သည့် လှိုင်းလုံးတွေ ဖန်တီးဖြစ်ပေါ်လာသည်။ ခုနစ်ရောင်ခြယ် လျှပ်စီးကြောင်းသည် ပင်လယ်ရေ မျက်နှာပြင် တစ်ခုလုံးကို ကီလိုမီတာရာနှင့်ချီ၍ ပျံ့နှံ့သွားသည်။

ကံကောင်းထောက်မစွာ၊ မိုင်တစ်ထောင်အတွင်းမှ သတ္တဝါများသည် ကောင်းကင် ကပ်ဘေး ဒုက္ခမကျရောက်မီ အချိန်ကြာမြင့်စွာကတည်းက ထွက်ပြေးသွားခဲ့ပြီး ဖြစ်သည်။ ထိုသို့မဟုတ်လျှင်၊ ဤကောင်းကင်ကပ်ဘေး လျှပ်စီးကြောင်းသည် မိုင်ရာဂဏန်းအတွင်း သတ္တဝါအားလုံးကို သတ်ပစ်နိုင်လောက်သည်။

"ခင်ပွန်း..."

"ယွင်အာ..."

"ခင်ပွန်း..." "

ချင်ယွင်သည် ခုနစ်ရောင်ခြယ်လျှပ်စီးကြောင့် ရေထဲနစ်မြုပ်ပြီး ပင်လယ်နက်ထဲသို့ ကျသွားသည်ကို အမျိုးသမီးသုံးဦးက မြင်လိုက်ရလိုက်ချိန်မှာ သူမတို့၏ မျက်နှာများ သည် တုန်လှုပ် ခြောက်ခြားသွားကြသည်။ သူတို့ မထိန်းနိုင်တော့ဘဲ ချင်ယွင်ရှိရာဆီသို့ ပြေးသွားကြသည်။

"အဲဒီခုနစ်ရောင်ခြယ်လျှပ်စီးက အလွန် အစွမ်းထက်တယ်။ အစောပိုင်းက ချင်ယွင်က ဒီလျှပ်စီးကြောင်းကို တားဆီးဖို့အတွက် တတိယမြောက် နဂါးလက်သီးသိုင်းကွက်ကို အသုံးပြုခဲ့ပေမယ့် သူရဲ့လက်မောင်းတစ်ဖက်ကို တန်ဖိုးအဖြစ် ပေးဆပ်ရတုန်းပဲ။ အခု ဘာကြိုတင်ကာကွယ်မှုမှ မရှိဘဲ ခုနစ်ရောင်ခြယ်လျှပ်စီးကြောင်းကို ရင်ဆိုင်ရတော့ သူ့အတွက် အသက်ရှင်ဖို့ အလွန်ခက်ခဲလိမ့်မယ်" ရှဖန်းက ခေါင်းယမ်းပြီး ပြောလိုက်သည်။ သူ၏မျက်လုံးတွေထဲ စိတ်ပျက်လက်ပျက်ဖြစ်သည့် အရိပ်အယောင် တွေ ထွက်ပေါ်နေသည်။

"မဟုတ်ဘူး၊ အစ်ကိုကြီးက မသေသေးဘူး။ သူ့ရဲ့အငွေ့အသက်က ရှိနေတုန်းပဲ။" ရှောင်ဘိုင်က ရုတ်တရက် အော်လိုက်သည်။

"မှန်တယ်၊ အစ်ကိုကြီးရဲ့ အငွေ့အသက်ကို ငါလည်း ခံစားခဲ့ရတယ်။ သူ မသေဘူး။" ရှောင်းကျင်းက နောက်မှ လိုက်ပြောသည်။

ချင်ယွင်နှင့် သခင်ကျွန်စာချုပ် ချုပ်ဆိုထားသော နတ်ဆိုးသားရဲတွေက တစ်ယောက်ပြီး တစ်ယောက် ပြောသည်။ အကယ်၍ ချင်ယွင်သေသွားသည်နှင့် သူနှင့်အတူ သူတို့လည်း သေသွားလိမ့်မည်။ အခု သူတို့ မသေသေးဘူးဆိုတော့ ချင်ယွင်လည်း အဆင်ပြေနေ လိမ့်မည်။

"အိုး?" ရှဖန်းသည် လူအုပ်ကြီး၏ စကားကို ကြားလိုက်သောအခါတွင် သူ၏ မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။

"ဘုန်း…”

ထိုအချိန်မှာ၊ ပင်လယ်ထဲမှ ပျံထွက်လာသည့် ပုံရိပ်တစ်ခုက လူတိုင်း၏ရှေ့မှာ ပေါ်လာသည်။ ထိုပုံရိပ်သည် ပင်လယ်ကြမ်းပြင်အောက်သို့ ပစ်ချခံခဲ့ရသူ ချင်ယွင် ဖြစ်ပါသည်။

ချင်ယွင် ပေါ်လာသည်ကို အမျိုးသမီး သုံးယောက် မြင်လိုက်ရသည့်အခါ သူမတို့သည် မျက်ရည်ကိုယ်စီဖြင့် ချင်ယွင်ဆီသို့ ချက်ချင်း ပြေးသွားကြသည်။

ချင်ယွင်သည် အမျိုးသမီး သုံးဦးကို တွေ့လိုက်သောအခါတွင် သူသည် အမျိုးသမီး သုံးဦးစလုံးကို တိုက်ရိုက်ပွေ့ဖက်ထားလိုက်ပြီး သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

စာစဉ် (၄၆) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters