အခန်း ၆၉၉
Vol. 47 Ch. 699
အခန်း (၆၉၉) အိုးယန်လျူ၏ပါရမီ။
ဘန်း…။
ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားမှ အားကောင်းသည့် စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ မီတာဝက် အချင်းရှိ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားသည် စတင် တုန်ခါလာသည်။
ထို့နောက် အစီအရင်ချပ်ပြားပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ပုံစံများသည် မီးသွေး လောင်ကျွမ်းသွားသကဲ့သို့ စက်ဝိုင်းများအဖြစ် တစ်ခုပြီးတစ်ခု ထွန်းလင်း တောက်ပ လာသည်။
"လင်းပြီ၊ လင်းနေပြီ" ပါရမီစွမ်းရည်ပြ အစီအရင်ချပ်ပြား လင်းလက်လာသည်ကို သူမ မြင်သောအခါ၊ ရှင်းအာက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
သို့သော် မုတ်ဆိတ်ရှည်အဘိုးကြီးနှင့် ရီယွန်တို့သည် စိတ်လှုပ်ရှားခြင်း မရှိကြပေ။ ရွှေရောင်အလင်းတန်း၏ ကောင်းချီးပေးမူအောက်တွင် တစ်နာရီခန့်ကြာအောင် စွမ်းဆောင်နိုင်သော ပါရမီရှင်တစ်ဦးအနေဖြင့်၊ မွေးရာပါ ပါရမီစွမ်းရည်ပြ အစီအရင် ချပ်ပြားကို အသက်မသွင်းနိုင်မှသာ၊ အမှန်တကယ်ပင် ထူးဆန်းပေလိမ့်မည်။ ထို့ကြောင့်၊ သူတို့ အမှန်တကယ် ဂရုစိုက်သည့်အရာမှာ အိုးယန်လျူ ဆင့်ခေါ်နိုင်သည့် ရုပ်ပုံအမျိုးစား ဖြစ်သည်။ ထိုအရာကသာ အိုးယန်လျူ၏ အလားအလာကို ရောင်ပြန်ထင်ဟပ်စေနိုင် သည်။
ထိုအချိန်တွင် ပါရမီစွမ်းရည်ပြ အစီအရင်ချပ်ပြားပေါ်ရှိ မှော်သင်္ကတေများ အားလုံးသည် လင်းလက်လာပြီး ပါရမီစွမ်းရည်ပြ အစီအရင်ချပ်ပြား တစ်ခုလုံးသည် တောက်ပသော အလင်းရောင်ကို စတင် ထုတ်လွှတ်လိုက်ပါသည်။
ဘန်း….။
ပေါ့ပေါ့ပါးပါး တုန်ခါအသံနှင့်အတူ၊ ပါရမီစွမ်းရည်ပြအစီရင်ချပ်ပြားမှ ပုံစံတစ်ခုဖြင့် ဖန်တီးထားသော လှပသောအလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး လျူလီခန်းမ၏ အထက်ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။
"ချီလင်ဟိန်းဟောက်ခြင်းပုံစံလား…” အဘိုးအိုသည် တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။ သူသည် ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားပေါ်က ရုပ်ပုံကိုကြည့်ပြီး အံ့သြစွာဖြင့် ပြောလိုက် သည်။
ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြား၏ အထက်တွင်၊ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော အလင်းရောင်ဖြင့် ဖန်တီးထားသော ပုံစံအတွင်းမှာ အလွန်အစွမ်းထက်သော အနက်ရောင် ချီလင်တစ်ကောင်သည် ကောင်းကင်ဆီသို့မော့ကာ ဟိန်းဟောက်နေပါသည်။ သူ၏ ခြေရင်းအောက်တွင် တိမ်တိုက်တစ်ခုရှိနေပြီး၊ ဖော်မပြနိုင်လောက်အောင်ပင် တန်ခိုး အစွမ်းရှိနေပြီး နတ်ဘုရားဆန်ဆန် ခန့်ညားသောအသွင်ပြင် ရှိနေပါသည်။
ဤမြင်ကွင်းကို လူတိုင်းမြင်လိုက်သောအခါတွင်၊ သူတို့၏ မျက်နှာများသည် ဖော်မပြနိုင်အောင်ပင် အံ့အားသင့်သည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။ သူတို့သည် ဤရုပ်ပုံထဲတွင် ပါရှိနေသော ထူးခြားသော အဓိပ္ပါယ်ကို ဤရုပ်ပုံမှ ခံစားနိုင်သည်။ ဘဏ္ဍာစိုးချောင်ဖန်း၏ တုံ့ပြန်မှုတဆင့်၊ အိုးယန်လျူ၏ စွမ်းရည်ပါရမီက မရိုးရှင်းဘူး ဆိုသည်ကို သူတို့အနေဖြင့် ခန့်မှန်းဖို့ရန် မခက်ခဲပါဘူး။
"တကယ်ပဲ ဒါက ချီလင်ဟိန်းဟောက်နေတဲ့ရုပ်ပုံပဲ။ ဒါမှမဟုတ် အနက်ရောင်ချီလင်ပဲ" ချင်ယွင်သည် ရုပ်ပုံကိုကြည့်ရင်း အလွန်အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက် သည်။
ပါရမီစွမ်းရည်ပြ အစီအရင်ချပ်ပြားများသည် ကျင့်ကြံသူများသည် အနာဂတ်တွင် ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့်များကို ပြတ်ပြတ်သားသား ပြောပြရာရောက်သည်။ သို့သော် အနာဂတ်တွင် မည်သို့ဖြစ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ ထို့ကြောင့်၊ ပါရမီစွမ်းရည်ပြ အစီအရင်ချပ်ပြားများသည် ဤရုပ်ပုံများကို ပြသသည့်အခါ၊ အခြား အရာများဖြင့် အစားထိုးသွားနိုင်သည်။ ယင်းသည် အနာဂတ်၏ မရေရာမသေချာမှုကို ကိုယ်စားပြုသည်။
သို့သော်၊ ပါရမီစွမ်းရည်ပြ အစီအရင်ချပ်ပြားသည် ကိုးကားရန်အတွက် အလွန် တန်ဖိုးရှိနေဆဲ ဖြစ်သောကြောင့် အချို့သော အင်အားစုများသည် ၎င်းတို့၏ ကိုယ်ပိုင်ဂိုဏ်းများတွင် ကျင့်ကြံသူများ ပြသနိုင်သည့် ရုပ်ပုံများကို အလေးထားနေဆဲ ဖြစ်သည်။
အရင်ဆုံး၊ ရုပ်ပုံထဲမှ ချီလင်က အိုးယန်လျူသည် အင်မော်တယ်ဘုရင်အဆင့်ကို ရောက်မည်ဟု ကိုယ်စားပြုပါသည်။ အနက်ရောင်ချီလင်သည် ချီလင်တို့၏ ဘုရင် ဖြစ်သည်။ ထို့ကြောင့်၊ အိုးယန်လျူသည် ဤအတိုင်းသာ ဆက်လက်ကြီးထွားနိုင်မည်ဆို လျှင်၊ သူသည် သေချောပေါက် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး သို့မဟုတ် အင်မော်တယ်ဘုရင်နယ်ပယ်မှာပင် အထွက်ထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်မည်ဟုလည်း ဖော်ပြပါသည်။
အင်မော်တယ်ဘုရင်အဆင့်ကိုမူ၊ ၎င်းသည် အင်မော်တယ်ကမ္ဘာတွင်ပင် ထိပ်တန်း တည်ရှိမှုတစ်ခုအဖြစ် ယူဆလို့ရပါသည်။ လျူလီရန်မျိုးနွယ်စုမှာတောင် အင်မော်တယ် ဘုရင်မရှိပါဘူး။ ထို့ကြောင့် ချောင်ဖန်းသည် ထိတ်လန့်တုန်လှုပ်မူ ရှိမနေမှသာ ထူးဆန်းနေပါလိမ့်မည်။
"ဒီနေ့ မြင်တွေ့ခဲ့ရတာတွေကို တစ်လုံးတစ်ပါဒမှ ထုတ်ပြောခွင့်မရှိဘူး။ မဟုတ်ရင် မင်းတို့အားလုံး ဒီစားပွဲလို အပိုင်းပိုင်းကွဲပြီး ဖုန်တွေ ပြန့်ကျဲသွားရလိမ့်မယ်။" ချောင်ဖန်း သည် ထိတ်လန့်တုန်လှုပ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီး လူတိုင်းကို ခြိမ်းခြောက်လိုက် သည်။
သူသည် ထိုစကားကို ပြောနေစဉ်မှာ သူ၏ဘေးမှ ကြယ်မှင်နက်ကျောက်ဖြင့် ပြုလုပ်ထားသော ကျောက်စားပွဲကို ရိုက်ချလိုက်ရာ ထိုအဖိုးတန် ကြယ်မှင်နက်ကျောက် စားပွဲသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။
ချင်းဇီ၊ မိုလျှန် နှင့် အခြားသူများသည် စကားတစ်ခွန်းမှ မပြောဝံ့ဘဲ ခေါင်းညိတ်ကာ ကတိပြုလိုက်ကြသည်။
"သခင်လေးအိုးယန်၊ သခင်လေးရဲ့ အရည်အချင်းက အတွင်းခြံဝင်းထဲဝင်ခွင့် စမ်းသပ်မူ အောင်မြင်ဖို့ လုံလောက်ပါတယ်။ ကျွန်တော်လည်း သီးခြားကိစ္စတွေကို ခွဲခြား ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ သခင်လေးက အတွင်းခြံဝင်းထဲကို လိုက်ခဲ့ပြီးမှ အထက်ပုဂ္ဂိုလ် တွေဆီ သတင်းပို့ရပါမယ်။" ချောင်ဖန်းက အိုးယန်လျူကို လေးလေးစားစား ပြောလိုက် သည်။
ထိုစကားကိုကြားတော့ လူတိုင်း အံ့သြသွားကြသည်။
ချောင်ဖန်း၏ နောက်ကွယ်မှ ရီယွန်သည်လည်း ထိတ်လန့်သွား၏။ အဆင့်နိမ့် ဘဏ္ဍာစိုး ဖြစ်သော ချောင်ဖန်းပင်လျှင် အလွန်ရိုသေရသည်။ အိုးယန်လျူ၏ အရည်အချင်းသည် ထူးထူးခြားခြား ဖြစ်နေပုံရ၏။ ဤအရာက သူမအား အိုးယန်လျူကို ပို၍ပင် တောက်ပသောအပြုံးဖြင့် ကြည့်လိုက်မိစေသည်။
ချင်ယွင်သည် ဤအရာကို လုံးဝ မအံ့သြပါဘူး။ အိုးယန်လျူ၏ အရည်အချင်းအရ၊ အဆင့်နိမ့် ဘဏ္ဍာစိုးဖြစ်သော ချောင်ဖန်းကို အသာထား၊ အလယ်လတ်အဆင့် ဘဏ္ဍာစိုးများပင် အရိုသေးပေးရ နိုင်ပါသည်။ အဆင့်မြင့် ဘဏ္ဍာစိုးတစ်ယောက်တောင်မှ အနာဂတ်မှာ သူ့ကို တွေ့သည့်အခါ လေးစားမှု ရှိရပါမည်။
"ကောင်းပြီ၊ စမ်းသပ်မူလည်း ပြီးသွားပြီ။ ကျွန်တော် သခင်လေးအိုးယန်ကို အတွင်းခြံဝင်းထဲ အရင်ခေါ်သွားမယ်။ ကျန်တာတွေ မင်းနဲ့ ထားခဲ့လိုက်မယ်။" ချောင်ဖန်း က ရီယွန်အား ပြောလိုက်သည် ။ ထို့နောက် သူသည် အိုးယန်လျူ နှင့်အတူ ထွက်သွား တော့မည်။
"ခဏနေပါဦး”။
သို့သော် ထိုအချိန်တွင် ခန်းမထဲမှာ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
ချောင်ဖန်း နှင့် အိုးယန်လျူတို့၏ ခြေလှမ်းများသည် ချက်ချင်း ရပ်တန့်သွားသည်။ သူတို့သည် အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ခန်းမထဲမှ တခြားလူများသည်လည်း တစ်နေရာကို လှည့်ကြည့်လိုက်သည်။
ပုံရိပ်တစ်ခုသည် အဖွဲ့ထဲမှ ထွက်လာပြီး ချောင်ဖန်းဆီသို့ လျှောက်လာပါသည်။ မှန်ပါသည်၊ ထိုလူကတော့ အနားမှာ တစ်ချိန်လုံး ငြိမ်သက်နေသော ချင်ယွင် ဖြစ်ပါသည်။
"မင်း ဘာလုပ်နေတာလဲ?။ ပြန်လာခဲ့စမ်း" ချင်းဇီသည် ချင်ယွင် ချောင်ဖန်းဆီသို့ လျှောက်သွားသည်ကို မြင်သောအခါ ချက်ချင်း အော်ပြောလိုက်သည် ။
အကယ်၍ ချောင်ဖန်းသာ ဒေါသထွက်သွားမည်ဆိုလျှင်၊ ချင်ယွင် သေဆုံးရုံသာမက၊ သူ့ကိုခေါ်ဆောင်လာသော အစောင့်ကြပ်များပင် ကံကောင်းလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ချင်ယွင် လုံးဝ မကြားသည့်အလား ချောင်ဖန်းဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားခဲ့သည်။
ချောင်ဖန်းသည် တစ်စုံတစ်ယောက်၏ တားဆီးမူကြောင့် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသော်လည်း လှုပ်ရှားခြင်းတော့ မရှိခဲ့ပေ။ ယင်းအစား သူက ပြောလိုက်သည် "မင်းက ဘာကိစ္စ ရှိလို့လဲ?"
“အတွင်းခြံဝင်း စစ်ဆေးမှုမှာ ကျွန်တော်လည်း ပါဝင်ချင်ပါတယ်” ချင်ယွင်က တည်ငြိမ်စွာ ပြောသည်။
ချပ်စ်…။
ချင်ယွင်၏ စကားများက ချက်ချင်းပင် အထင်သေးမူကို ပေါက်ကွဲထွက်ပေါ်စေပြီး ချင်းဇီ နှင့် တန်ယုတို့ နှစ်ဦးစလုံးသည် မထီမဲ့မြင်ပြုသော အပြုံးများ ထွက်ပေါ်လာကြသည်။
ချောင်ဖန်း၏ မျက်နှာအမူအရာလည်း မကျေမနပ်ဖြစ်သွားကာ အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။ ရှင်းရှင်းပြောရလျှင်၊ ဤလူငယ်လေးသည် ယခုလိုစကားမျိုး ပြောလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့သည်မှာ ထင်ရှားပါသည်။
တစ်ဖက်တွင်မူ၊ ရီယွန်သည် ယခင်က သူမ လျစ်လျူရှုထားခဲ့သော ဤလူငယ်ကို ကြည့်လိုက်ပြီး စူးစမ်းလိုစိတ် အရိပ်အယောင် ထုတ်ဖော်လာသည်။
"မျိုးမစစ်ကောင်၊ ပြန်လာခဲ့စမ်း။ မင်းကများ အတွင်းခြံဝင်း စစ်ဆေးမှုမှာ ပါဝင်ချင်နေသေး တယ်။ ဒီအတွက် မင်း အကျယ်ကြီး လှောင်ပြောင်ရယ်မောခံရမှာ မကြောက်ဘူးလား?။ မင်းက မွေးရာပါ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကိုတောင် အသက်မသွင်းနိုင်မှာ ငါ ကြောက်မိတယ်။" တန်ယုက လှောင်ပြောင်ရယ်မောကာ ပြောလိုက်သည်။
အိုးယန်လျူသည် အတွင်းခြံဝင်းစစ်ဆေးမှုတွင် ပါဝင်နိုင်ခဲ့သည်။ ဤအရာကို သူက ဝန်ခံနိုင်သည်။ နောက်ဆုံးမှာတော့၊ အိုးယန်လျူ၏ ပါရမီက ကြောက်စရာကောင်းလွန်း၏။ သို့သော် သူ၏ရှေ့မှ ဤလူ၏ ကျင့်ကြံမှုအဆင့်က သူနှင့်မှ အတူတူနီးပါး ဖြစ်သည်။ သူ၏အမြင်အရဆို၊ သူ့ထက်ပင် နိမ့်ကျသော တောရွာဇနပုဒ်မှ တောသားလူနုံလူအ တစ်ဦးက အတွင်းခြံဝင်း စစ်ဆေးမူမှာ ပါဝင်ချင်နေခံသည်။ ယင်းကြောင့် သူတန်ယုသည် သဘာဝအတိုင်း မပျော်မရွှင် ဖြစ်သွားရသည်။
"အတွင်းခြံဝင်း စစ်ဆေးမူမှာ ဘယ်သူမဆို ပါဝင်ဖို့ အရည်အချင်း ပြည့်မှီတယ်လို့ မင်း ထင်နေသလား?။ ဒီကို ပြန်လာစမ်း။" ချင်းဇီက အေးစက်စွာ ထပ်ပြောသည်။
ချောင်ဖန်း မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ၊ သူသည် သူ့ကိုယ်သူ တွေးနေခဲ့သည် "မကောင်းတော့ဘူး၊ သူသည် ချင်ယွင်ကို အဓိပ္ပါယ်မဲ့ စကားတွေ သေချာပေါက် ဆက်ပြောခိုင်းလို့ မရပါဘူး။ အကယ်၍ ချောင်ဖန်းသာ အမှန်တကယ် ဒေါသထွက်သွားမည်ဆိုလျှင်၊ သူသည် တကယ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပါဘူး"
ချောင်ဖန်းသည် ချင်ယွင်၏ စကားကို မကြားဟန် ပြုထားလိုက်သည်။
"သခင်ဘဏ္ဍာစိုး၊ ခင်ဗျားအနေနဲ့၊ ဒီအခွင့်အရေးကို မပေးဘူးဆိုရင်၊ နောင်တချိန်မှာ ခင်ဗျား နောင်တရလိမ့်မယ်" ချင်ယွင်က ညင်သာစွာ ပြုံးလိုက်သည်။ ဤချောင်ဖန်းသည် ယခုလိုမျိုး တုံ့ပြန်လာမည်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။
"မိုက်မဲလိုက်တာ”။ ချောင်ဖန်း၏ ခြေလှမ်းများသည် ချက်ချင်း ရပ်သွားသည်။ သူသည် နောက်ပြန် လှည့်ကြည့်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အသံက မိုးခြိမ်းသံလို မြည်ဟီးနေသည်။
ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်ပြီး ခန်းမထဲသို့ ဝင်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကြသည်။ သို့သော်လည်း ချင်ယွင်၏ ရုပ်အသွင်ပြင်သည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေပြီး သူသည် လုံးဝ လှုပ်ရှားခြင်းမရှိခဲ့ပေ။
"အယ်?" ဤမြင်ကွင်းက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
ရီယွန်၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။ သေချာသည်မှာ၊ ဤလူငယ်သည် ဘဏ္ဍာစိုးချောင်၏ ဖိအားကို အမူအရာတစ်ချက်မှ မပြောင်းလဲဘဲ အမှန်တကယ် ရင်ဆိုင်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့မိသည်မှာ ထင်ရှားပါသည်။
အိုးယန်လျူလည်း ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"သခင် ဘဏ္ဍာစိုး၊ သူ့ကို ဘာကြောင့် စမ်းသပ်ကြည့်ခွင့် မပြုရတာလဲ?။ သူက နည်းနည်းတော့ စွမ်းဆောင်နိုင်ပုံ ပေါ်တယ်လို့ ကျွန်မ ထင်ပါတယ်။ တကယ်လို့ သူက ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို အသက်မသွင်းနိုင်တော့မှ သူ့ကို အပြစ်ပေးမယ်ဆိုရင် လည်း သိပ်ပြီး နောက်ကျမှာ မဟုတ်ပါဘူး။" ရီယွန်က ပြောသည်။
ချောင်ဖန်းသည် အေးစက်စွာ မျက်မှောင်ကြုတ်နေဆဲဖြစ်ပြီး မတုန်လှုပ်ဘဲ ဆက်နေခဲ့သည်။
"သခင်ဘဏ္ဍာစိုး၊ ဘာကြောင့် သူ့ကို ခွင့်မပြုတာလဲ?။" အိုးယန်လျူ ရုတ်တရက် ပြောလိုက်သည်။
ချောင်ဖန်းသည် အိုးယန်လျူ၏စကားကို ကြားသောအခါ၊ သူသည် တခဏကြာ တွန့်ဆုတ်နေသေးပြီး ပြောလိုက်သည် "ကောင်းပြီလေ၊ ငါ မင်းကို အခွင့်အရေး ပေးလိုက်မယ်။ ဒါပေမယ့် မင်းအနေနဲ့ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို အသက်သွင်းဖို့ ကျရှုံးခဲ့မယ်ဆိုရင်၊ မင်း ရန်ကလန်နဲ့ ပူးပေါင်းပြီးနောက် ရရှိလာမယ့် အင်မော်တယ် ကျောက်စိမ်းဆယ်တုံးကို သိမ်းဆည်းရလိမ့်မယ်။"