အခန်း ၇၀၂
Vol. 47 Ch. 702
အခန်း (၇၀၂) စည်းတံဆိပ်ကိုချိုးဖျက်ခြင်း။
"မျိုးမစစ်ကောင်၊ မင်း တစ်ခုခုကို မေ့သွားပုံရတယ် မဟုတ်လား?"
ချင်ယွင်သည် ရုတ်တရက် အသံကြောင့် ထိတ်လန့်သွားသော်လည်း သူသည် အနေရ ခက်ဟန်ဖြင့် ခေါင်းကို အလျင်အမြန် ကုတ်လိုက်မိသည်။
ဤအသံပိုင်ရှင်မှာ ချင်ယွင်၏ဆရာသခင် ရှေးဟောင်းတာအိုမှလွဲ၍ အခြားသူ မဟုတ်ပေ။
ရှေးဟောင်းတာအိုဆရာသခင်သည် တစ်ချိန်က ချင်ယွင်သည် အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ဖြတ်ကျော်သွားသည်နှင့် သူသည် မြူနှင်းချောက်နက်ဓား၏ စည်းတံဆိပ်ကို ပြန်ဖျက်နိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။
ယခုအချိန်တွင် ချင်ယွင်သည် အစောပိုင်း အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပြီး၊ ရှေးဟောင်းတာအိုဆရာသခင်၏ စည်းတံဆိပ်ကို ချိုးဖျက်ရာမှာ ကူညီပေးရန် သဘာဝအတိုင်း အချိန်ကျလာပြီ ဖြစ်သည်။
"မဟုတ်ပါဘူး၊ ဆရာကြီး၊ ကျွန်တော် မေ့သွားတာပါ" ချင်ယွင်သည် သူ၏မျက်နှာကို လျှာဖြင့် အမြန် သပ်လိုက်ပြီး ပြုံးလိုက်သည်။
"ဟမ့်၊ မင်း အင်မော်တယ်ကမ္ဘာကို တက်လှမ်းပြီးကတည်းက စည်းတံဆိပ်ကို ချိုးဖျက်နိုင်ဖို့ မင်း ငါ့ကို ကူညီပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ငါ ဘာမှ မပြောခဲ့ဘူး။ မင်းမှာ အသိတရားလေး ရှိမရှိ ငါ ကြည့်ချင်နေမိတယ်၊ မင်းကတော့ ကံတွေကောင်းနေလိုက်တာ။ ကောင်လေး၊ မင်းက ငါနဲ့ပတ်သက်တဲ့ အရာအားလုံးကို မေ့သွားပြီပေါ့။ မင်း ငါ့ကို ဘယ်အချိန်ကတည်းက ခွာထုတ်ပစ်ချင်နေတာလဲ?" ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် မြူနှင်းချောက်နက်ဓားမှ ထွက်ပေါ်လာသည်။ သိသာသည်က သူသည် အလွန် ဒေါသထွက်နေခဲ့သည်။
ချင်ယွင်သည် နေမထိထိုင်မသာဖြစ်ကာ ခေါင်းကိုသာ ကုတ်နေမိသည်။ သူသည် ဤအကြောင်းကို အမှန်တကယ် မေ့သွားခဲ့သည်။
"ဆရာကြီး၊ ကျွန်တော် အခုချက်ချင်း ဖြေရှင်းပေးပါ့မယ်။" ချင်ယွင်သည် ကမန်းကတန်း ပြောလိုက်ရသည်။ ထို့နောက် သူသည် မြူနှင်းချောက်နက်ဓားကို ကောက်ကိုင်လိုက်သည်။ ထို့နောက်တွင် ဖရိုဖရဲအင်မော်တယ်အနှစ်သာရသည် ချင်ယွင်၏ လက်မှ ထွက်ပေါ်လာပြီး မြူနှင်းချောက်နက်ဓားပျော့ကို ဖုံးအုပ်ထားသည်။ (အနှစ်သာရ, ချီ, စွမ်းအင်, အားလုံး အတူတူပင် ဖြစ်ပါသည်။ ပါသည့်အတိုင်း ပြန်ဆိုထားခြင်း ဖြစ်ပါသည်)။
ချွင်…..။
ချင်ယွင်၏ အစွမ်းထက်သော ဖရိုဖရဲ အင်မော်တယ် အနှစ်သာရသည် ဆက်လက် တိုက်ခိုက်နေသည်နှင့် အမျှ မြူနှင်းချောက်နက်ဓားကို ဖုံးအုပ်ထားသော စည်းတံဆိပ်သည် နောက်ဆုံးတွင် ကျိုးပဲ့သွားခဲ့သည်။
ဘန်း…..။
မြူနှင်းချောက်နက်ဓားသည် ပြင်းထန်သော ခရမ်းရောင် အလင်းတန်းတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထို့နောက်တွင်၊ ကြီးမားသော စွမ်းအင်အတက်အကျလှိုင်း တစ်ခုသည် မြူနှင်းချောက်နက်ဓားမှ ချက်ချင်းထွက်လာပြီး အင်မော်တယ်ဘုရင်စံအိမ်ကြီး ၏ ကျင့်ကြံခြင်းခန်းထဲတစ်ဝိုက်တွင် ပျံသန်းသွားသည်။
"ဟား…၊ ဟား…၊ နောက်ဆုံးတော့ ငါထွက်လာနိုင်ပြီ။ ငါရှေးဟောင်းတာအိုက နောက်ဆုံးတော့ နေကို ပြန်မြင်နိုင်ပြီကွ။ ဟား…၊ ဟား….။ လွတ်လပ်မူက နေလို့ ကောင်းလိုက်တာ။" ခရမ်းရောင်စွမ်းအင် အတက်အကျလှိုင်းများမှ ပြင်းထန်သော ရယ်မောသံက ထွက်ပေါ်လာသည်။
"လွတ်လပ်မူက ကောင်းတယ်။ လွတ်လပ်မူက အရမ်းကို ကောင်းပါတယ်။" ချင်ယွင်က ဆောလျင်စွာ ပြုံးရင်း တောင်းပန်လိုက်သည်။
ဝှီး….။
ခရမ်းရောင်အလင်းတန်းသည် ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်လာခဲ့ပြီး ခရမ်းရောင် ဝတ်ရုံဝတ်ထားသော အဖိုးအိုတစ်ယောက်သည် သူ၏ရှေ့တွင် ပေါ်လာသည်။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းကို ဒီလိုပြောရုံနဲ့ ငါ ခွင့်လွှတ်နိုင်မယ် မထင်နဲ့။ မင်းက ငါ့အကြောင်းတွေကို အားလုံး မေ့သွားခဲ့တယ်လို့ မပြောခဲ့ဘူးလား?" ရှေးဟောင်း တာအိုဆရာသခင်က အေးစက်စွာ အော်ပြောလိုက်သည်။
"ညွှန်ပြပါ၊ ဘာများ ညွှန်ပြစရာရှိပါသလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဟမ့်၊ ငါ့ခန္ဓာကိုယ်ကို ပြန်လည်ပေါင်းစည်းသိပ်သည်းဖို့ အဆင့်ငါး အင်မော်တယ်ဆေးလုံး တစ်လုံး လိုတယ်။ မင်း ငါ့ကို ကူညီပေးပါ" ရှေးဟောင်းတာအိုဆရာသခင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"အဆင့်ငါး အင်မော်တယ်ဆေးလုံးလား..?" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် မှောင်မည်းသွားခဲ့သည်။
သို့သော်လည်း၊ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့ကို အများကြီး ကူညီပေးခဲ့ပြီး အကယ်၍ ရှေးဟောင်းတာအိုဆရာသခင်က စကားမပြောဘူးဆိုရင်တောင်မှ၊ သူသည် သူလိုအပ်သည်များကို ရှာဖွေပေးဖို့ ကူညီပေးရဦးမှာ ဖြစ်ပါသည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် အမှန်တကယ်ပင် ဆင်းရဲနေပါသည်။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးဟုခေါ်သော အဆင့်သုံး အင်မော်တယ်ဆေးလုံးသည်ပင် သူ့ကို ခေါင်းကိုက်စေ၏။ တန်ဖိုးမဖြတ်နိုင်သော အဆင့်ငါးအင်မော်တယ်ဆေးလုံးဆိုလျှင်၊ ပြောစရာပင် မလိုပါချေ။
"ဘာပဲဖြစ်ဖြစ်၊ ငါ့အတွက် ရှင်ခြင်းသေခြင်းဆေးလုံးကို မင်းရှာပေးရမယ်။ မင်းကြိုက်တဲ့ နည်းလမ်းသုံး ငါ ဂရုမစိုက်ပါဘူး။ ငါ ဘယ်လောက်ကြာကြာ စောင့်ရမလဲဆိုတာ မင်းအပေါ်မှာ မူတည်တယ်။ ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲသို့ ထိုးဖောက်ဝင်ရောက်ရင်း ပြောလိုက်ပါသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။ ဤရှေးဟောင်းတာအို ဆရာသခင်သည် တကယ်ကို ကလေးတစ်ယောက်၏ စိတ်နေစိတ်ထားမျိုးနှင့် ကစားနေ၏။ သူသည် စည်းတံဆိပ်ထဲမှ လွတ်မြောက်လာသည့်အတွက် သူ၏ စိတ်ထဲ အလွန် ပျော်ရွှင်နေပုံရသည်။
"ဒါဆို အခု ရှေးဟောင်းတာအို ဆရာသခင်က ထွက်သွားပြီးဆိုတော့ မြူနှင်းချောက်နက် ဓားကို ဓားဝိညာဉ်နဲ့ ပေါင်းထည့်နိုင်ပြီပေါ့" ချင်ယွင်သည် သူ၏လက်ထဲတွင် သာမန် ဓားပျော့တစ်လက်အဖြစ် ပြောင်းလဲနေပြီဖြစ်သော မြူနှင်းချောက်နက်ဓားကို ကြည့်ရင်း သူ၏မျက်လုံးထဲတွင် အပြုံးရိပ် ပေါ်လာသည်။
ဟိုတချိန်တုန်းက သူသည် တုလုံကျွန်းအောက်ရှိ နန်းတော်တစ်ခုထဲမှ လေစွမ်းရည် အမျိုးစား ဓားဝိညာဉ်တစ်ခုကို ရရှိခဲ့ပါသည်။ သူက ထိုဓားဝိညာဉ်ကို မြူနှင်းချောက်နက် ဓားပျော့ထဲ ပေါင်းထည့်နိုင်မည့်နေ့ရက်ကို စောင့်မျှော်နေခဲ့ပြီး၊ တခြားဓားတွေထဲ ပေါင်းမထည့်ခဲ့ဖူးပါဘူး။
လေစွမ်းရည်အမျိုးစား ဓားဝိညာဉ်သည် မြူနှင်းချောက်နက် ဓားပျော့ကဲ့သို့ ပျော့ပျောင်းသော ဓားများအတွက် အသင့်တော်ဆုံး ဖြစ်သည်။ ၎င်းသည် ခန့်မှန်း၍ မရနိုင်လောက်အောင် ထက်ရှပြီး လေစွမ်းရည်နှင့်သက်ဆိုင်သော ဓားသိုင်းကွက်များ၏ အပြင်းထန်ဆုံးသော စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။
အနည်းငယ်မျှ တုန့်ဆိုင်းမတော့ဘဲ၊ ချင်ယွင်သည် လေစွမ်းရည်အမျိုးစား ဓားဝိညာဉ်ကို ထုတ်ယူကာ၊ မြူနှင်းချောက်နက်ဓားထဲသို့ ပစ်ချလိုက်သည်။
မြူနှင်းချောက်နက်ဓားသည် ခပ်တိုးတိုး ငိုရှိုက်သံ ထွက်ပေါ်လာပြီး ချက်ချင်းပင် အသက်ဝင်လာပုံရသည်။
ဓားရှည်သည် ကျင့်ကြံခြင်းခန်းတစ်ခုလုံးကို လျင်မြန်စွာ ဖြတ်ကျော်သွားသည်။
ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မြူနှင်းချောက်နက်ဓားကို သူ၏လက်ထဲသို့ တိုက်ရိုက်ပင် ပြန်စုပ်ယူလိုက်သည်။ သူသည် သူ၏လက်ချောင်းကို လှီးဖြတ်ကာ မြူနှင်းချောက်နက်ဓား၏ အရိုးပေါ်တွင် သွေးတစ်စက် ချလိုက်သည်။
သွေးတစ်စက်သည် မြူနှင်းချောက်နက်ဓားပေါ် ကျရောက်သွားသည်နှင့်၊ ဓားက စုပ်ယူသွား၏။ ထို့နောက် ချင်ယွင်၏ စိတ်ထဲတွင် မြူနှင်းချောက်နက်ဓားနှင့် ဆက်သွယ်မှု ရှိလာသည်။
ဘန်း….။
မြူနှင်းချောက်နက်ဓားလည်း အနည်းငယ် တုန်ခါသွားသည်။ ယခုအခါတွင် ၎င်းသည် ဓားဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ထို့ကြောင့် မြူနှင်းချောက်နက်ဓားသည် အဆင့်နိမ့် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းအထိ မြင့်တက်လာခဲ့သည်။
ဓားဝိညာဉ်သည် ပိုမိုအားကောင်းလာသည်နှင့်အမျှ၊ မြူနှင်းချောက်နက်ဓားသည် ၎င်း၏အဆင့်ကို စဉ်ဆက်မပြတ် တိုးမြင့်စေနိုင်ပြီး ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
"ဆရာကြီး၊ ဓားဝိညာဉ်ကို မြန်မြန်ကြီးထွားအောင်လုပ်ဖို့ နည်းလမ်းမရှိဘူးလား?" ချင်ယွင် က ရှေးဟောင်းတာအိုဆရာသခင်ထံ အသံပို့လွှတ်လိုက်သည်။
"ဟုတ်တယ်၊ ငါ့မှာ လျှို့ဝှက်နည်းပညာရပ်တစ်ခု ရှိတယ်။ မင်း ဒီလျှို့ဝှက်နည်းပညာရပ် အတိုင်း လိုက်နာပြီး ဒီဓားကို မင်းရဲ့သွေးနဲ့ နေ့တိုင်းကျွေးမွေးရမယ်။ နောင် သုံးနှစ်လောက် ကြာတဲ့အခါ ဒီဓားက ထိပ်တန်းအဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းဖြစ်သည် အထိ ကြီးထွားလာလိမ့်မယ်။" ရှေးဟောင်းတာအို ဆရာသခင်က ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏စိတ်ထဲတွင် များပြားလှသော သတင်းအချက်လက်များ ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး”။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်သွားဟန်က ပေါ်လွင်နေသည်။ ဤ မြူနှင်းချောက်နက်ဓားသည် သူအသုံးပြုရာမှာ အဆင်ပြေဆုံး ဓားဖြစ်သည်။ အကယ်၍ ဤဓားသည် ထိပ်တန်းအဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းအဖြစ် ကြီးထွားလာ နိုင်ပါက၊ သူ၏ ခွန်အားသည် ပိုမိုအားကောင်းလာမည် ဖြစ်သည်။
"စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးရဲ့ နေရာကို ရှာဖွေဖို့ အချိန်ရောက်ပြီ ။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ထို့နောက် သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးမှထွက်လာကာ အပြင်ဘက် စံအိမ်သို့ ပြန်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ချင်ယွင်သည် ပုံစံပျက်ယွင်းနေသော အနန္တ ဒြဗ်စင်များကို ပေါင်းစည်းသိပ်သည်းရန်အတွက် တစ်လလုံး တံခါးပိတ် ကျင့်ကြံနေခဲ့သည်။
သူသည် နည်းနည်းလေးမှ ဂရုမစိုက်နိုင်တော့ဘဲ သူ၏ကိုယ်ပွားနှစ်ခုကိုပင် ကျင့်ကြံခိုင်းခဲ့သည်။ ထို့ကြောင့် သူသည် ရန်ကလန်နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမှ မသိတော့ပါဘူး။
သို့သော်လည်း ချင်ယွင်သည် သူ့အိမ်မှ ထွက်လာစဉ်တွင် သူ့ကိုရှာရန် လာနေသော အိုးယန်လျူကို တွေ့လိုက်ရသည်။
ချင်ယွင်သည် အလွန်အံ့သြသွားသည်။ ဤအိုးယန်လျူ၏ ပင်ကိုယ်စရိုက်သည် အထီးကျန်တစ်ယောက်တည်း နေရခြင်းကို နှစ်သက်သူ ဖြစ်သည်။ အဘယ်ကြောင့် သူသည် သူ့ကို အရင်ဆုံး လာရောက်ရှာဖွေရသနည်း?။ အရေးကြီးတာ တစ်ခုခုတော့ ရှိရလိမ့်မည်။
"အစ်ကိုချင်၊ ငါနဲ့လိုက်ခဲ့။" ချင်ယွင်ကိုတွေ့သည်နှင့် အိုးယန်လျူက ပြောသည်။
"ဘာဖြစ်တာလဲ အစ်ကို အိုးယန်?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ (ဤနေရာ၌ အချင်းချင်းလေးစားသမူဖြင့် အစ်ကိုဟုသာ သုံးနှုန်းပါမည်။)
“မျိုးနွယ်စုရဲ့ တပည့်တွေကြားမှ ဘာမှ လုပ်စရာမလိုပေမယ့်၊ မင်းက လစဉ်လတိုင်း မစ်ရှင်ကို ပြီးအောင် လုပ်ရလိမ့်မယ်။ ပြီးခဲ့တဲ့လက မင်း မစ်ရှင်မလုပ်ဆောင်ခဲ့လို့ မင်းရဲ့အင်မော်တယ် ကျောက်စိမ်းအားလုံးကို သိမ်းဆည်းပြီး မင်းကို အပြစ်ဒဏ်ပေး ပြီးသွားပြီ။ တကယ်လို့ ဒီလပါ မစ်ရှင်ကို မလုပ်ဘူးဆိုရင်၊ မင်းကို ပိုပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးလိမ့်မယ်။" အိုးယန်လျူက ပြောသည်။
"မစ်ရှင်လား..?" ထိုမှသာလျှင် ချင်ယွင်သည် မျိုးနွယ်စု၏ တပည့်တစ်ဦးအနေနှင့် လစဉ် မစ်ရှင်ကို ပြီးမြောက်ရမည်ဟု တတိယအကြီးအကဲက အမှန်ပင် ပြောခဲ့ကြောင်း ချင်ယွင် သတိရသွားမိသည်။
ဤအလုပ်အများစုမှာ ရိုးရှင်းပါသည်။ ရည်ရွယ်ချက်မှာ မျိုးနွယ်စု၏ တပည့်များကို ပြုစုပျိုးထောင်ပေရန် ဖြစ်ပါသည်။ နောက်ဆုံးမှာတော့၊ ဖန်လုံအိမ်ထဲတွင် မြင့်မားသော သစ်ပင်များ မကြီးထွားနိုင်ပါ။
"ဒါဆို ငါတို့ မစ်ရှင်ခန်းမကို သွားကြမလား?" ချင်ယွင်က မေးသည်။
"မဟုတ်ဘူး၊ မစ်ရှင်ခန်းမကနေ မင်းရဲ့မစ်ရှင်ကို ငါ လက်ခံပြီးပြီ။ မင်း ငါ့နောက်ကို အခုချက်ချင်း လိုက်ခဲ့လို့ရပြီ" အိုးယန်လျူက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး အိုးယန်လျူကို သူ၏စိတ်နှလုံးထဲမှ ကျေးဇူးတင်ကြောင်း အရိပ်အမြွက် ပြလိုက်ပါသည်။
မည်သည့်တာဝန်ကိုမျှ သူ ဂရုမစိုက်သော်လည်း အိုးယန်လျူသည် သူ့ကို ကူညီပေးခဲ့ပါ သည်။ ထို့ကြောင့် သူသည် အခြားသူများ၏ ရည်ရွယ်ချက်ကောင်းများကို သဘာဝအတိုင်း မငြင်းပယ်နိုင်ပါ။ ထို့အပြင်၊ သူသည် ယခုအချိန်တွင် ရန်ကလန်မှာ နေချင်ပါသေးသည်။ ထို့ကြောင့်၊ သူသည် ဤမစ်ရှင်ကို သဘာဝအတိုင်း ပြီးမြောက်အောင် လုပ်ရပါမည်။
"ကောင်းပြီ ဒါဆိုလည်း သွားရအောင်!" ချင်ယွင် ခေါင်းညိတ်လိုက်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် လျူလီမြို့တံခါးဆီသို့ ထွက်ခွာသွားကြသည်။