အခန်း ၇၀၅
Vol. 47 Ch. 705
အခန်း (၇၀၅) အဆင့်ကိုး အထွက်အထိပ်အဆင့် အစီအရင်ဝင်္ကပါ။
ရန်ဖန်းယာသည် ရန်ကလန်တွင် ထူးချွန်သူဖြစ်သည်။ သူမသည် ကျင့်ကြံရာမှာ ထူးချွန်ထက်မြက်သော ပါရမီအရည်အချင်းကို ပိုင်ဆိုင်ထားရုံသာမက အစီအရင်ဝင်္ကပါ အရာမှာလည်း ထင်ပေါ်ကျော်ကြားလောက်အောင်ပင် အောင်မြင်မှုများ ရရှိထားသည်။
ယခုဆိုလျှင်၊ သူမသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေရုံသာမက၊ အစီအရင်ဝင်္ကပါဆိုင်ရာအရ အဆင့်ကိုး နှောင်းပိုင်းသို့ပင် ရောက်ရှိနေခဲ့သည်။ အဆင့်ကိုး နှောင်းပိုင်းအောက်မှာရှိနေသမျှ၊ သူမအတွက် ခက်ခဲမှာ မဟုတ်ပါဘူး။
သို့သော်လည်း ဖန်လျှန်တောင်တန်းကြီးကို အပြင်ဘက်မှ မမြင်နိုင်ပေ။ သူမသည် ကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါထဲကို ဝင်ရောက်ပြီးမှသာ ကောက်ချနိုင်ပါလိမ့် မည်။
ရန်ဟန်နှင့် ရန်ရှန်းတို့ နှစ်ယောက်စလုံးသည် ခေါင်းညိတ်လိုက်ပြီး ဖန်လျှန်တောင်တန်းသို့ အပြေးအလွှား သွားရန် ပြင်ဆင်ကြသည်။
"ဖန်လျှန်တောင်တန်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအရင်ဝင်္ကပါကြီး ထင်သလောက် မရိုးရှင်းဘူး။ လွယ်လွယ်နဲ့ အလျင်စလို မဝင်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းတို့ အလွယ်တကူ အသက်ဆုံးရှုံးသွားနိုင်တယ်။"
ထိုအချိန်တွင် သူတို့၏ နားထဲသို့ အသံတစ်ခု ရုတ်တရက် တိုးတင်လာသည်။
ရန်ဟန်နှင့် အခြားလူများ တခဏမျှ မှင်သက် အံ့အားသင့်သွားကြသည်။ သူတို့ ရပ်တန့်ပြီး စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းကို လှည့်ကြည့်လိုက်၏။ သို့သော်၊ စကားပြေသည့်လူက အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင် ရှိနေသည့် ချင်ယွင် ဖြစ်နေ သည်ကို သူတို့ တွေ့လိုက်ရသောအခါတွင်၊ သူတို့၏မျက်နှာများသည် မနှစ်သက်သည့် အမူအရာများ ပေါ်လာသည်။
အိုးယန်လျူလည်း ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေသည်။ ချင်ယွင်သည် ထိုစကားများကို ရုတ်တရက် အဘယ်ကြောင့် ပြောလာသည်ကို သူမသိပါ။
"မျိုးမစစ်ကောင်၊ မင်းဝင်ရမှာကို ကြောက်နေတာလား?။ အဲဒါကြောင့် အစီအရင်ဝင်္ကပါက အန္တရာယ်ရှိနေတယ်လို့ မင်း တမင်တကာ ပြောလိုက်တာ မဟုတ်လား?။ ဒီလိုဆိုရင် မင်း ဒီမှာပဲ နေခဲ့လို့ရတယ်။ ဘာပဲဖြစ်ဖြစ်၊ တကယ်လို့ မင်းဝင်လာရင်တောင် ငါတို့ကို အနှောင့်ယှက်ပေးသလို ဖြစ်နေဦးမယ်" ရန်ရှန်းက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင် သည်။
"ဟုတ်တယ်၊ မင်းကြောက်ရင် နေခဲ့လိုက်" ရန်ဟန်၏ ပါးစပ်ထောင့်စွန်းသည်လည်း သရော်ဟန် ထွက်ပေါ်လာသည်။ သူနှင့် ရန်ရှန်းတို့က အတွေး အတူတူပဲ ဖြစ်သည်။ ချင်ယွင်က ကြောက်ရွံ့နေသည်ဟု သူတို့နှစ်ယောက်လုံးက ထင်နေကြသည်။ ထို့ကြောင့် သူက သူတို့ကို လှည့်လည်လှည့်ဖြားဖို့ လုပ်ကြံပြောဆိုခြင်း ဖြစ်လိမ့်မည်။ သူ့ကို သူတို့နှင့် အတူတူနေခိုင်းက သူတို့အတွက်ပင် အန္တရာယ်ရှိလာနိုင်သည်။
ရန်ဖန်းယာသည်ပင် မျက်မှောင်ကြုတ်ကာ ချင်ယွင်ကို စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် ကြည့်နေသည်။ သေချာသည်မှာ သူမသည် ရန်ဟန်နှင့် ရန်ရှန်း၏ စကားကိုလည်း ယုံကြည်ပါသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။ မူလကတော့ သူသည် စကား သိပ်မပြောချင်ခဲ့ပေ။ ရွာသားတွေ အသတ်ခံရသည်ကို မြင်သောအခါ သူတို့၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်လာသော ဒေါသထွက်နေသည့် အမူအရာတွေကြောင့် သူသည် သူတို့ကို ကြင်နာစွာဖြင့် သတိပေးခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ယခုလိုအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဖန်လျှန်တောင်တန်း၏ ကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါကြီးသည် အမှန်တကယ် ကို မရိုးရှင်းပါဘူး။ အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ဖန်လျှန် တောင်တန်း၏ ကြီးမားသော အစီအရင်ဝင်္ကပါကြီးသည် အထွက်အထိပ်အဆင့် အဆင့်ကိုး တော်ဝင် အစီအရင်ဝင်္ကပါတစ်ခု ဖြစ်လိမ့်မည်။ အကယ်၍ အထွတ်အထိပ် အဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူတစ်ဦး ဝင်ရောက်သွားလျှင်ပင်၊ ၎င်းတို့သည် ပြန်လာနိုင်စွမ်း ရှိကောင်းမှ ရှိပါလိမ့်မည်။ ရန်ဖန်းယာသည် အဆင့်ကိုး အစီအရင် မှော်ဆရာတစ်ဦးဖြစ်နေလျှင်ပင်၊ သူမသည် ဤ အစီအရင်ဝင်္ကပါကို ချိုးဖျက်၍ မရနိုင်ပေ။
"ငါက အမှန်တိုင်းပြောနေတာ။ ယုံချင်ယုံ မယုံချင်နေ မင်းတို့သဘောပဲ" ချင်ယွင်က ကူကယ်ရာမဲ့ ပြောလိုက်သည်။
ယခုအချိန်တွင်၊ သူ မည်မျှပင် ပြောနေပါစေ၊ ဤလူသုံးယောက်သည် သူ့ကို ယုံကြည်မှာ မဟုတ်ဘူးဆိုသည် သူသိပါသည်။
“သူ့ကို လျစ်လျူရှုလိုက်ကြစို့။ သွားကြရအောင်။ ဒီကောင်က သူကိုယ်သူ ဘယ်သူများ ထင်နေလဲ?" ရန်ဟန်က အထင်သေးစွာ ပြောလိုက်သည်၊ ထို့နောက် သူသည် ရန်ဖန်းယာနှင့် ရန်ရှန်းတို့ကို ဖန်လျှန်တောင်တန်းပေါ်သို့ တက်သွားခဲ့သည်။
"အစ်ကိုချင်၊ ဒါဆို ဖန်လျှန်တောင်တန်းက တကယ် အန္တရာယ်များလား?" အိုးယန်လျူက ချင်ယွင်ကို လှည့်ကြည့်ပြီး မေးသည်။
"အရမ်းကို အန္တရာယ်များတယ်။" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။
"ဒါဆို အစ်ကိုချင်မှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလား?" အိုးယန်လျူက ဆက်မေးသည်။
သူသည် စကားပြောရသည်ကို မကြိုက်သော်လည်း၊ သူ၏အတွေးတွေက အရမ်းကို ရိုးရှင်းနေသည်။ ထို့ကြောင့် သူသည် ချင်ယွင်က လိမ်ပြောနေသည်ဟု မထင်မိပါဘူး။
ထို့အပြင် ချင်ယွင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု သူ အမြဲတမ်း ခံစားမိသည်။ ချင်ယွင်က ဤဖန်လျှန်တောင်တန်းသည် ထူးထူးခြားခြား ဖြစ်သည်ကို ရှာဖွေ တွေ့ရှိနိုင်ခဲ့ သည်။ ထို့ကြောင့်၊ ဆိုလိုသည်မှာ သူ့တွင် အဖြေတစ်ခုခု ရှိနေနိုင်မည် ဖြစ်သည်။
"ငါ တစ်ရာရာခိုင်နှုန်း မသေချာဘူး။" ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ လက်ရှိ အင်မော်တယ်စိတ်အာရုံသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ၏ အစီအရင်ဝင်္ကပါ ကျင့်ကြံမူသည် အဆင့်ကိုး၏ အထွတ်အထိပ်အဆင့်ထိ သဘာဝအတိုင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ သို့သော်၊ အဆင့်တစ်ဆယ်ရှိ ဖန်လျှန်တောင်တန်း၏ တော်ဝင်အစီအရင်ဝင်္ကပါ ကြီးကို ကိုင်တွယ်ဖြေရှင်းရန် သူ့တွင် ယုံကြည်မှု မရှိခဲ့ပေ။
"မေ့လိုက်ပါ၊ ငါတို့က သူတို့ကို စွန့်စားတာကို စောင့်ကြည့်နေလို့ မရဘူး။ သွားကြရ အောင်။" ချင်ယွင်က အိုးယန်လျူကို ကူကယ်ရာမဲ့ ပြောလိုက်သည်။
အိုးယန်လျူသည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး ချင်ယွင်နောက်သို့ လိုက်သွားခဲ့သည်။
"ဟမ့်၊ မင်း ငါတို့နောက်ကို လိုက်ဖို့ သူရဲဘောကြောင်နေတာ မဟုတ်လား?" ရန်ရှန်းနှင့် အခြားသူများသည် ချင်ယွင် နှင့် အိုးယန်လျူတို့ နောက်မှလိုက်လာသည်ကို တွေ့သောအခါ၊ သူတို့၏ပါးစပ်ထောင့်စွန်းများသည် ချက်ချင်းပင် မထီမဲ့မြင်ပြုဟန် လှောင်ပြောင်မှုတစ်ခု ထွက်ပေါ်လာသည်။
ရန်ဟန်၏ မျက်နှာသည် ချင်ယွင်အပေါ်မှာ ပို၍ပင် အထင်သေးသွားပြီး၊ ရှုတ်ချမူအပြည့် ရှိနေသည်။
သို့သော်၊ သူတို့သည် ဖန်လျှန်တောင်တန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်၊ သူတို့သည် ချင်ယွင်အတွက် ခက်ခဲသောအရာများကို မပြုလုပ်တော့ပေ။
ဖန်လျှန်တောင်တန်းသို့ ရောက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တွင် မြူခိုးများ ထူထပ်စွာ ပေါ်လာသည်။
ထိုမြူခိုးတွေက အလွန်မင်း ထူထပ်လွန်းသည်။ ကိုယ့်လက်ချောင်းကိုပင် မမြင်နိုင်တော့ ချေ။ သူ၏အင်မော်တယ်စိတ်အာရုံနှင့်ပင်၊ သူနှင့်ပတ်ပတ်လည် သုံးမီတာအတွင်းမှ အရာများကိုသာ အာရုံခံစားနိုင်ခဲ့သည်။
ယင်းကြောင့် ရန်ဟန်နှင့် အခြားသူများသည် မျက်မှောင်ကြုတ်သွားကြသည်။ သုံးမီတာ အကွာအဝေးသည် အစစ်အမှန် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူများအတွက် အလွန် တိုတောင်းလွန်းသည်။ အကယ်၍၊ ရန်သူက သူတို့ကို တိုက်ခိုက်သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိနေလျှင်၊ သူတို့အနေဖြင့် တုံ့ပြန်ရန်ပင် အချိန်ရှိမည် မဟုတ်ပေ။
ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ အကယ်၍၊ သူ မမှားပါက၊ ဤမြူခိုးများကို အဆင့်ကိုး ထိပ်တန်းအဆင့် ထောင်ချောက် အစီအရင်ဝင်္ကပါဖြင့် ဖွဲ့စည်းထားသင့်သည်။ မည်ကဲ့ အစီအရင်ဝင်္ကပါမျိုး ဖြစ်သည်ကိုမူ သူသည် ပိုင်းခြား၍ မရပေ။
ဟုတ်ပါသည်။ အကယ်၍၊ ဤ အစီအရင်ဝင်္ကပါသည် ထောင်ချောက် အစီအရင်ဝင်္ကပါ တစ်ခုသာ ဖြစ်ခဲ့ရင် ကောင်းပါလိမ့်မည်။ ချင်ယွင် အမှန်တကယ် စိုးရိမ်နေသည့်အရာက အကယ်၍၊ ထောင်ချောက် အစီအရင်ဝင်္ကပါထဲတွင် ဖုံးကွယ်ထားသော သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါ တစ်ခုရှိနေပါက၊ သူတို့သည် အမှန်တကယ်ပင် အန္တရာယ်ရှိလိမ့်မည် ဖြစ်သည်။
"ငါ့နောက်ကနေ လိုက်ခဲ့ကြပါ။ ငါရဲ့ အင်မော်တယ်စိတ်အာရုံက ငါ့ပတ်ဝန်းကျင်ရဲ့ မီတာ ငါးဆယ်ရှိတဲ့ ဧရိယာကို မြင်နိုင်တယ်။" ရန်ဖန်းယာ ပါးစပ်ကိုဖွင့်ကာ ပြောလိုက်ပြီး ရှေ့သို့ လျှောက်သွားသည်။ ဤအရာကို သူမလည်း ကောင်းကောင်း သိပါသည်။
အကယ်၍ သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခု အမှန်တကယ် ရှိနေခဲ့ပါက၊ သူတို့သည် မည်သည့်အရာကိုမျှ မမြင်နိုင်ဖြစ်ကာ၊ အလွန်အန္တရာယ်များမည် ဖြစ်သည်။ ဤမြင်ကွင်း က ချင်ယွင် ရှေ့မှာ ပြောခဲ့သည့်စကားတွေကို အမှတ်ရစေတယ်။
"သူက ဒီအန္တရာယ်ကို ကြိုသိထားလို့များ ဖြစ်နိုင်မလား?” ရန်ဖန်းယာက သူမကိုယ်သူ တွေးနေမိသည်။
သို့သော် ချင်ယွင်သည် အဖွဲ့၏နောက်ကွယ်တွင် အမှန်တကယ် သတ္တိကြောင်စွာ ပုန်းနေခဲ့သည်ကို သူမသိထားသောကြောင့် သူမသည် ဤအကြံကို အမြန်ငြင်းဆန်ခဲ့သည်။
ဖန်လျှန်တောင်တန်း၏ အစီအရင်ဝင်္ကပါ၏ အန္တရာယ်များကို သူမသည်ပင် ရှာမတွေ့ခဲ့ပေ။ အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ၎င်းကို မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း?။ ထို့ကြောင့် သူမသည် ထိုအကြောင်းကို မတွေးတော့ဘဲ အနီးနားရှိ အစီအရင်ဝင်္ကပါများကို သူမကိုယ်တိုင် စူးစမ်းရှာဖွေပြီး၊ အစီအရင်ဝင်္ကပါကို ချိုးဖျက်ရန် နည်းလမ်းရှာလိုသည်။
ချင်ယွင်သည် ကြောက်ရွှံ့သောကြောင့် သဘာဝအတိုင်း နောက်မှ လျှောက်လာသည် မဟုတ်ပေ။
အဆင့်ကိုး အထွတ်အထိပ်အဆင့် အစီအရင်မှော်ဆရာတစ်ဦးအနေဖြင့်၊ ချင်ယွင်၏ အင်မော်တယ် စိတ်အာရုံသည် အချင်းဝက် မီတာ ၁၅၀ အထိ လွှမ်းခြုံထားနိုင်သည်။ ထို့ကြောင့် ချင်ယွင်သည် နောက်မှ လမ်းလျောက်လာစဉ်၊ သူတို့ကို လုံးဝ သတိပေး တားဆီးထားနိုင်သည်။
အကယ်၍ ရန်ဖန်းယာသည် သူ၏ ရည်ရွယ်ချက်ကောင်းများကို သူရဲဘောကြောင်သူဟု ထင်မြင်နေသည်ကို သူ သိရှိပါက၊ သူ မည်သို့ခံစားရမည်ကို မသိနိုင်ပေ။
ချင်ယွင် နှင့် အခြားသူများသည် လမ်းတစ်လျှောက်လုံး ရှေ့ဆက်ထွက်လာခဲ့ကြသည်။ အမွှေးတိုင် တစ်ချောင်းထွန်းညှိချိန်လောက် လမ်းလျှောက်ပြီးနောက် နောက်ဆုံးမှာတော့ သူတို့သည် ဖန်လျှန်တောင်တန်း၏ အစွန်းကို ရောက်လာကြသည်။
ဘန်း….။
သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ တုန်ခါသံတစ်ချက် ထွက်ပေါ်လာပြီး သည်းထိပ်ရင်ဖို့ ဖြစ်စေလောက်သည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ချင်ယွင်နှင့် အခြားလူများကို ချက်ခြင်း ဖုံးအုပ်လိုက်သည်။
"မကောင်းတော့ဘူး အန္တရာယ်ရှိတယ်”။ ချင်ယွင်သည် အန္တရာယ်ကို ချက်ချင်း သိရှိပြီး ကမန်းကတန်း အော်လိုက်သည်။
ချင်ယွင်၏ စကားကို ကြားတော့ ရန်ဖန်းယာသည် သူမ၏အမူအရာ ချက်ချင်း မပြောင်းလဲမီ၊ တစ်ခဏမျှ မှင်သက်သွားခဲ့သည်။ သူမ၏ လက်ချောင်းများသည် ပန်းပွင့်များအသွင် ပြောင်းလဲပြီး သူမ၏လက်များသည် အရိပ်ပေါင်းများစွာအဖြစ်သို့ ပြောင်းလဲသွားသည်။ ချက်ခြင်းပင်၊ သူမ၏လက်များမှ ပြင်းထန်သော အင်မော်တယ် အနှစ်သာရက ပျံ့နှံ့သွားပြီး သူမ၏ရှေ့တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော အင်မော်တယ် အနှစ်သာရ အလင်းအကာကွယ်ဒိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
အင်မော်တယ်အနှစ်သာရ အလင်းအကာကွယ်ဒိုင်းကို ဖွဲ့စည်းပြီးသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော အရိပ်တစ်ခုသည် အဝေးမှ ပျံသန်းလာပြီး ရန်ဖန်းယာ၏ အင်မော်တယ် အနှစ်သာရ အလင်းအကာကွယ်ဒိုင်းကို အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားများဖြင့် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ချွင်….။
နက်မှောင်သော လှံတစ်ချောင်းသည် အင်မော်တယ်အနှစ်သာရ အလင်းအကာကွယ် ဒိုင်းကို ပြင်းထန်စွာ ထိုးထွင်းဝင်ရောက်သွားသည်။ လှည့်ပတ်နေသော လှံထိပ်ဖျားသည် အင်မော်တယ်အနှစ်သာရ အလင်းအကာကွယ်ဒိုင်းနှင့် တိုက်မိပြီး လှပသော မီးပန်းမီးပွားများ ဖြစ်လာသည်။
ရန်ဖန်းယာသည် သူမ၏ သွားများကို တင်းတင်းကြပ်ကြပ် ကြိတ်ထားသည်။ အနက်ရောင်လှံမှ ထွက်လာသော စွမ်းအားကို သူမပင် တောင့်မခံနိုင်သည်မှာ ထင်ရှားသည်။
“ဘုန်း…”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အနက်ရောင်လှံသည် ကန်ထွက်သွားသော်လည်း ရန်ဖန်းယာသည်လည်း နောက်ပြန်လွင့်စင်ကာ အဝေးသို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
"အံဝင်ခွင်ကျလား?။ ရန်ဟန်က ချက်ချင်းအော်လိုက်သော်လည်း သူသည် မည်သည့် အရာကိုမှ မမြင်ရပါဘူး။
ရန်ဖန်းယာသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးထွက်လာသည်။ သို့သော် သူမ သက်ပြင်းတစ်ချက်ချကာ သူမ အဆင်ပြေကြောင်း လူတိုင်းကို အသိပေးခါနီးတွင် အနက်ရောင် လှံတစ်ချောင်းသည် သူမ၏ အင်မော်တယ် စိတ်အာရုံခံစားမှု၏ အကွာအဝေးကို ချက်ချင်းဖြတ်ကျော်ကာ သူမ၏ မျက်ခုံးကြား နေရာဆီသို့ တည့်တည့် တိုးဝင်လာနေသည်။
ရန်ဖန်းယာသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး၊ တွန်းလှန်ရန်အတွက် သူမ၏ အင်မော်တယ်အနှစ်သာရကို အလျင်အမြန် ဖြန့်ကျက်လိုက်ချင်သည်။
သို့သော် အနက်ရောင် လှံ၏အရှိန်ဟုန်သည် မြန်လွန်းလှသည်။ သူမ သတိထားမိချိန်က အရမ်းကို နောက်ကျနေပြီ။ ထို့ကြောင့် သူမ၏ အင်မော်တယ်အနှစ်သာရသည် သူမ၏ ဒန်တန်ထဲမှ ထွက်မလာမီ၊ အနက်ရောင် လှံသည် သူမ၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ငါ သေရတော့မှာလား?" ရန်ဖန်းယာ၏စိတ်ထဲ အတွေးတစ်ခုက နောက်ဆုံး ဝင် ရောက် လာခဲ့သည်။
စာစဉ် (၄၇) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။