အခန်း ၇၀၉
Vol. 48 Ch. 709
အခန်း(၇၀၉) ရန်ဖန်းယာ ရှုံးနိမ့်ခြင်း။
"ကောင်မလေး..၊ စိတ်မပူပါနဲ့၊ မင်း ဒီလောက်မြန်မြန်ကြီး ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘူးလား?။ ငါ သူတို့အားလုံးကို သတ်လိုက်ပြီးတဲ့အခါ၊ မင်းကို စိတ်ချမ်းသာစေရမယ်လို့ ငါ အာမခံတယ်။" ချန်ကူ၏ ပါးစပ်ထောင့်စွန်းသည် ညစ်ညမ်းသော အပြုံးဖြင့် တွန့်ကွေးသွားပြီး သူ၏စကားများကြောင့် ပို၍ပင် ညစ်ညမ်းသွားသည်။
"မင်းရဲ့ပါးစပ်ကို ပွင့်ရဲသေးတယ်ပေါ့။ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ”။ ထိုစကားကိုကြားတော့ ရန်ဖန်းယာသည် ချက်ချင်း ဒေါသထွက်သွားသည်။ သူမသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူမ၏လက်ထဲမှ အင်မော်တယ်ဓားဖြင့် ချန်ကူဆီသို့ တိုက်ရိုက် ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။
ရန်ဖန်းယာ လေ့ကျင့်ထားသည့်ဓားသိုင်းမှာ ရန်ကလန်ရှိ လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားပန်းချွေဓားသိုင်းကျမ်း ဖြစ်သည်။ ၎င်းကို အင်မော်တယ် ဧကရာဇ် အမျိုးသမီးတစ်ဦးက ဖန်တီးထားခဲ့သည်။ မျဉ်းစောင်းတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် ပန်းပွင့်များသည် ကြီးမားသောစွမ်းအားနှင့်အတူ ကောင်းကင်ယံမှ ကျဆင်းလာသည်။
ထိုအချိန်တွင် ရန်ဖန်းယာသည် လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားပန်းချွေဓားသိုင်း ကို အသုံးပြုနေသည်။ သူမ၏ အင်မော်တယ်အနှစ်သာရသည် တိုးမြင့်လာသည်နှင့် အမျှ၊ ဓားအလင်းသည် ချန်ကူနှင့် အပြင်းအထန် တိုက်ခိုက်မည့် လှပသော ပွင့်ချပ်များ ကဲ့သို့ပင် ဖြစ်သွားသည်။
ပန်းပွင့်ချပ်တိုင်းတွင် အစွမ်းထက်သော စွမ်းအားများ ပါရှိနေသည်။ နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူများပင်လျှင် ဤပန်းပွင့်များကို ထိမိပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမည် ဖြစ်သည်။
"ဟမ့်၊ သုံးစားမရတဲ့ လှည့်ကွက်လေးတွေ၊ ဒီပန်းပွင့်လေးတွေနဲ့ ငါ့ကို ထိခိုက်စေချင်နေ တယ်။ အိပ်မက်မက်နေတာပဲ" ချန်ကူက အေးစက်စွာ ရယ်မောလိုက်သည်၊ သူ၏လက်သီးများပေါ်တွင် အနီရောင်မီးတောက်များ တဟုန်းဟုန်း တောက်နေပြီး ကောင်းကင်ယံမှာပင် လောင်ကျွမ်းနေသော အငွေ့အသက်များ အပြည့်ရှိနေသည်။
ချန်ကူသည် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး အနီရောင် မီးတောက်တွေက ကောင်းကင်ယံသို့ လျှံတက်သွားကာ၊ ကောင်းကင်ယံမှ ကျဆင်းလာသော ပန်းပွင့်လေးများနှင့် ချက်ချင်း တိုက်မိသွားသည်။
“ဘုန်း….”။
အနီရောင် မီးတောက်များ၏ ရိုက်ခတ်မှုအောက်မှာ ကောင်းကင်ယံမှ ပန်းပွင့်များသည် ချက်ချင်း ကွဲကြေသွား၏။
ချွင်…..။
ရန်ဖန်းယာ၏ ပုံရိပ်သည် ချက်ချင်း နောက်မှလိုက်ပါသွားခဲ့ပြီး၊ သူမ၏လက်ထဲမှ အင်မော်တယ်အနှစ်သာရက ဓားအလင်းနှင့်အတူ ချန်ကူ၏ရင်ဘတ်ဆီသို့ လွင့်ပျံသွား သည်။
ဝှီး….။
ရန်ဖန်းယာ၏ ထက်ရှသော ဓားတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ချန်ကူ၏ ရုပ်အသွင်သည် ဝင်းလက်တောက်ပလာသည်။
ဓားအလင်းမှဖြစ်ပေါ်နေသော ဓားအရိပ်သည် အဝေးရှိ တောအုပ်ထဲတွင် ရှည်လျားသော ဓားအမှတ်အသားတစ်ခုကို ဖြစ်ပေါ်စေခဲသည်။
ချွင်…။
ရန်ဖန်းယာသည် သူမ၏ဓားချက်က လွဲချော်သွားသည်နှင့်၊ သူမ၏ဓားကို ပုံရိပ်ယောင်များဖြစ်သည်အထိ လှည့်ပတ်ဝှေ့ယမ်းလိုက်ပြီး ချန်ကူဘက်သို့ ခုတ်ပိုင်းလိုက်ပြန်သည်။
ဓားအလင်းသည် အလွန်ထက်ရှသဖြင့် ချန်ကူ၏လည်ပင်းသည် နောက်သို့ တိမ်းရှောင်လိုက်ရသည်။
"ဟမ့်၊ မင်းက ငါ့ကို သတ်ချင်ပေမယ့်၊ နည်းနည်းတော့ အံ့အားသင့်စရာ ကောင်းနေတုန်းပဲ။"
ချန်ကူသည် သူ၏ လက်ဖဝါးကြီးကို ဆန့်ထုတ်လိုက်ပြီး ရန်ဖန်းယာ၏ အင်မော်တယ် ဓားကို မရှောင်တိမ်းတော့ဘဲ ဆုပ်ကိုင်လိုက်ရင်း သူက အေးစက်စွာ ဟစ်အော်လိုက် သည်။
ချွင်…။
ချန်ကူ၏ လက်ဖဝါး နှင့် ရန်ဖန်းယာ၏ ဓားတို့သည် အချင်းချင်း ထိပ်တိုက်တွေ့ပြီး လှပသော မီးပွားများ ဖန်တီးပေးသည်။
"ဘာလဲ?" သူမ၏အင်မော်တယ် ဓားသည် ချန်ကူ၏လက်ဖဝါးကို ခုတ်ဖြတ်နိုင်ခြင်း မရှိသည့်အတွက် ရန်ဖန်းယာ သိသိသာသာ ထိတ်လန့်သွားသည်။
ထိုအချိန်တွင် ချန်ကူ၏ လက်ဖဝါးသည် အနီရောင် လက်အိတ်အလွှာဖြင့် ဖုံးအုပ်ထား သည်။ ရှင်းနေသည်မှာ ဤလက်အိတ်ကြောင့် ရန်ဖန်းယာ၏ ဓားကို သူသည် လျစ်လျူရှုနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဟမ့်၊ မင်းမှာပဲ အင်မော်တယ်အဆင့် လက်နက်ရှိတယ်လို့ မင်းထင်နေတာလား?။ ငါမှာလည်း မရှိနိုင်ဘူးလား?" ချန်ကူ၏နှုတ်ခမ်းတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏လက်ဖဝါးမှ ပြင်းထန်သော အနီရောင် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြန်သည်။ နီမြန်းသော လက်အိတ်၏ ထောက်ပံ့မူဖြင့် သူ၏ စွမ်းအားသည် ပို၍ ကြောက်စရာကောင်းလာသည်။
"မကောင်းတော့ဘူး”။ ရန်ဖန်းယာ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး နောက်ပြန်ဆုတ်ရန်အတွက် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်အနှစ်သာရကို အလျင်အမြန် စုစည်းလိုက်သည်။
သို့သော် သူမ၏ဓားသည် ချန်ကူ၏ လက်ဖဝါးတစ်ဖက်မှ တင်းကျပ်စွာ ဆုပ်ကိုင်ထား သည်ကို တွေ့ရှိလိုက်ရသဖြင့် သူမ အံ့အားသင့်သွားသည်။ သူမသည် မည်သို့ပင် ဆွဲထုတ်စေကာမူ၊ ဆွဲထုတ်၍ မရတော့ပေ။
ရန်ဖန်းယာ သည် အလွန်ပြတ်သားသော လူဖြစ်သည်။ သူမသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ သူမ၏ ဓားကို တိုက်ရိုက်စွန့်လွှတ်ပြီး နောက်ပြန် ပြေးသွားသည်။
"မင်းက အခုမှ ထွက်ပြေးချင်နေတာလား?။ အရမ်းကို နောက်ကျနေပြီ!"
သို့သော် ချန်ကူ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ရုပ်အသွင်သည် ရန်ဖန်းယာ၏ရှေ့တွင် အနီရောင်အရိပ်တစ်ခုကဲ့သို့ ပေါ်လာ သည်။ မီးလျှံတောက်လောင်နေသော လက်သီးချက်က ရန်ဖန်းယာ၏ ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ထိုးထွင်း ဝင်ရောက်သွားသည်။
“ဖူး”
ရန်ဖန်းယာသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရပြီး၊ သူမသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားကာ ရှည်လျားသော စွပ်ကြောင်းတစ်ခုကိုပင် ချန်ထားရစ်ခဲ့ သည်။
"ဟား…၊ ဟား…၊ မင်းရဲ့အလှပကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ဒီလက်သီးချက်နဲ့ မင်းကို သတ်ပြီးသွားပြီ။ မင်းရဲ့ဒန်တန်ဟာ ငါ့ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး။ ဒီတော့ မင်းရဲ့ အင်မော်တယ်စွမ်းအင်ကို အချိန်တိုးအတွင်း မလှုပ်ရှားနိုင်တော့ဘူး။ နာခံစွာ စောင့်စားပြီး ငါ့ရဲ့ကစားစရာအရုပ်လေး ဖြစ်လာလိုက်တော့။"
ချန်ကူသည် လေထဲတွင် ဖြောင့်တန်းစွာ ရပ်နေပြီး၊ မြေပြင်ပေါ်သို့ လဲကျသွားသော ရန်ဖန်းယာကို ကြည့်ရင်း၊ သူ၏မျက်လုံးများတွင် အထင်သေးသည့် အမူအရာများ ပြည့်နှက်နေသည်။ သူ၏မျက်လုံးများသည် ဆော့ကစားလိုဟန် အရိပ်ယောင်များ ပြည့်နှက်နေသည်။
ရန်ဖန်းယာသည် ထိုစကားကို ကြားသောအခါတွင် မလိုလားသည့် အရိပ်အယောင်က သူမ၏ လှပသောမျက်နှာပေါ်တွင် ချက်ချင်း ပေါက်ဖွားလာခဲ့သည်။ သို့သော် ယခုအချိန်တွင် သူမသည် ခုခံရန် အင်အားမရှိပေ။ ချန်ကူပြောသလိုပင်၊ သူမ၏ ဒန်တန်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး၊ သူမသည် အင်မော်တယ်စွမ်းအင် အနည်းငယ်ကိုမျှ မစုစည်းနိုင်တော့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချင်ယွင်နှင့် အိုးယန်လျူတို့သည် မျက်မှောင် ကြုတ်သွားကြသည်။ ထင်ရှားသည်မှာ၊ ဤကဲ့သို့သော အခင်းအကျင်းမျိုး ပေါ်ပေါက် လာရန် သူတို့ မမျှော်လင့်ခဲ့ကြသည်မှာ ထင်ရှားပါသည်။
"ဟား…၊ ဟား….၊ မင်းရဲ့ ခွန်အားကို ဖြုန်းတီးမနေပါနဲ့။ မင်းက ငါ့ကို နာခံမှုအပြည့်နဲ့ ထမ်းဆောင်နေသမျှ ငါ မင်းကို သတ်မှာမဟုတ်ဘူးလို့ ကတိပေးတယ်။" ချန်ကူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရန်ဖန်းယာဆီသို့ တစ်လှမ်းချင်း လှမ်းသွားကာ သူ၏မျက်လုံးများတွင် ညစ်ညမ်းမှုများ အပြည့်ရှိနေသည်။
"ချန်ကူ၊ မင်း ဘာလိုချင်လို့လဲ?" ရန်ဟန်သည် ချန်ကူ ရန်ဖန်းယာထံ ချဉ်းကပ် လာသည်ကို မြင်သောအခါ၊ သူသည် အဝေးမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါ ဘာလုပ်ချင်နေတလဲ? ဟုတ်လား။ ငါ့ရဲ့ရည်ရွယ်ချက်တွေက အရမ်းကို ရှင်းရှင်း လင်းလင်း ရှိနေဘူးလား? သေချာတာပေါ့၊ ငါက သူမကို ဒီအဖေကြီးရဲ့ မိန်းမ ဖြစ်စေချင်တယ်။ မျိုးနွယ်စုကြီးတစ်ခုရဲ့ မိန်းမပျိုးလေးတစ်ယောက်က ဘယ်လိုမျိုးလဲ ဆိုတာ ငါ တကယ်သိချင်မိတယ်" ချန်ကူက ဖောက်ပြန်သော အပြုံးဖြင့် ပြောသည်။
"မင်း" ရန်ဟန်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။
"ဟင့်၊ မင်းက ဘာလို့ လက်မခံနိုင်ရတာလဲ? မင်းက ဒီမိန်းမကို အရမ်းကြိုက်နေပုံရ တယ်။ တကယ်လို့၊ မင်းမှာ အရည်အချင်းရှိရင် ငါ့ကို လာသတ်လိုက်လေ။ ဒါမှ မဟုတ်ရင်၊ ငါ မင်းရှေ့မှာပဲ သူမနဲ့ ကစားပြမယ်" ချန်ကူသည် အဝေးမှ ရန်ဟန်ကို ကြည့်ရင်း အေးစက်စွာ ဟစ်အော်လိုက်သည်။
ချန်ကူ၏စကားကို ကြားတော့ ရန်ဟန်၏ မျက်လုံးများသည် ဒေါသနှင့် ပြည့်နှက် သွားလေသည်။ သူသည် သွားများကို တင်းတင်းကြိတ်ပြီး လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားသည်။ သို့သော်လည်း သူသည် ထပ်မံတိုက်ခိုက်ရန် မဝံ့ရဲခဲ့ပေ။ သူ၏ဒဏ်ရာ က အပြည့်အဝ မသက်သာသေးသည်ကို အသာထား။ အကယ်၍ သူ၏ အထွက်အထိပ် အခြေအနေမှာဆိုလျှင်ပင်၊ သူသည် ချန်ကူကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
ချန်ကူသည် ရန်ဟန်၏ မျက်လုံးများတွင် ရုန်းကန်နေသည့် အမူအရာကို မြင်သောအခါ၊ သူ၏မျက်နှာပေါ်တွင် အထင်မြင်သေးသည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာပြီး “သူရဲဘောကြောင်တဲ့ကောင်”ဟု ကျိန်ဆဲလိုက်ရင်း သူသည် ရန်ဖန်းယာဆီသို့ ဆက်လျှောက်လာသည်။
ရန်ဖန်းယာသည် ချန်ကူ သူမဆီသို့ ဆက်လက်လျှောက်လှမ်းလာသည်ကို မြင်သော အခါ၊ သူမမျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်သည့် အရိပ်အယောင်တစ်ခု ချက်ချင်း ပေါ်လာသည်။
"ငါ သေရင်တောင် ငါ့ခန္ဓာကိုယ်ကို မင်းကို ညစ်ညမ်းအောင်လုပ်ခွင့် မပြုနိုင်ဘူး။" ရန်ဖန်းယာသည် ဒေါသတကြီး ပြောလိုက်ပြီး သူမ၏မျက်လုံးများသည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် လင်းလက်နေသည်။ ထို့နောက် သူမ၏လက်ထဲတွင် ဓားမြှောင် တစ်ချောင်း ပေါ်လာပြီး သူမ၏နှလုံးသားထဲသို့ ချက်ချင်း ထိုးသွင်းလိုက်သည်။
"ဟမ့်၊ မင်းကများ ငါ့ရှေ့မှာ ကိုယ့်ကိုယ်ကို သတ်သေချင်သေးလား? အိပ်မက် မက်နေတယ်!" ချန်ကူက လှောင်ပြောင်ပြီး ပုံရိပ်ယောင်တစ်ခုအဖြစ် ရန်ဖန်းယာ၏ ရှေ့မှာ ချက်ချင်းပေါ်လာပါသည်။
ဖန်း….။
ရန်ဖန်းယာ၏ ဓားမြှောင်သည် ချန်ကူကြောင့် အဝေးသို့ တိုက်ရိုက် လွင့်ထွက်သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုသည် ချန်ကူ၏လက်နှစ်ဖက်ဖြင့် တိုက်ရိုက် ဖမ်းဆီးခြင်း ခံလိုက်ရသည်။
ရန်ဖန်းယာ မည်မျှပင် ခက်ခဲစွာ ရုန်းကန်နေခဲ့ရပါစေ၊ သူမသည် ချန်ကူ၏လက်မှ မလွတ်မြောက်နိုင်ပေ။
"ဟား…၊ ဟား…၊ ရုန်းကန်မနေပါနဲ့။ မင်း ငါ့လက်ထဲနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။" ချန်ကူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူ၏လက်များသည် ရန်ဖန်းယာ၏ လှုပ်ရှားနေသော ခန္ဓာကိုယ်ဆီသို့ ဆန့်တန်းသွားသည်။
"မဟုတ်ဘူး" ရန်ဖန်းယာ၏မျက်လုံးများသည် စိတ်ပျက်အားငယ်မှု အပြည့်ရှိနေသည်။
မျက်ဝန်းတစ်စုံမှ မျက်ရည်များ ဆက်တိုက် စီးကျလာပြီး သူမ၏ စိတ်နှလုံးသည် စိတ်ပျက်အားငယ်မူ အပြည့်ရှိနေ၏။
"ယောင်္ကျားကြီးတစ်ယောက် အမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့်နေတာလား? မင်းအစား ငါ တကယ်ရှက်လိုက်တာ"
သို့သော်၊ ချန်ကူ၏လက်သည် ရန်ဖန်းယာ၏ ခန္ဓာကိုယ်အနှံ့ ထိကိုင်တော့မည် အချိန်တွင်၊ ရေခဲတမျှ အေးစက်သော လှောင်ပြောင်အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
ချန်ကူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အေးစက်သွားသော်လည်း၊ သူသည် အသံထွက်ပေါ်သည့် လမ်းကြောင်းကို စိုက်ကြည့်လိုက်သည်။ ရန်ဖန်းယာ၏ ခန္ဓာကိုယ် ပေါ်သို့ ဆင်းသက်တော့မည့် ဆိုးသွမ်းသော လက်သည်းသည် လေထဲတွင် ရပ်သွားကာ ကျဆင်းခြင်း မရှိတော့ပေ။
"ချင်ယွင်လား… ?"
ရန်ဖန်းယာသည် ဤအသံကို ကြားလိုက်သောအခါ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်း ပြန်လည်ရှင်သန်လာပုံရသည်။ သူမသည် အဝေးမှာ ရပ်နေသော ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်ရင်း သူမ၏ စိတ်ပျက်အားငယ်နေသော မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်များ တစ်ဖန်ပြန်ဝင်လာသည်။
မှန်ပါသည်။ ခုနက စကားပြောလိုက်သည့်လူက တချိန်လုံး ဘေးမှာ နှုတ်ဆိတ်နေခဲ့ သော ချင်ယွင် ဖြစ်ပါသည်။
အဝေးတွင်၊ ရန်ဟန် နှင့် ရန်ရှန်းတို့သည် ချင်ယွင်ကို ကြည့်လိုက်ပြီး ဤကောင်သည် သေခြင်းတရားကို တောင်းခံနေခြင်း ဟုတ်မဟုတ် သိချင်နေလေသည်။
"ကလေး၊ မင်းက ဘယ်သူလဲ?"
ချန်ကူသည် သူ၏ မျက်လုံးများကို ရန်ဖန်းယာအထံမှ ရုတ်သိမ်းလိုက်ပြီး အဝေးမှ ချင်ယွင်ကို စူးစိုက်ကြည့်နေသည်။
"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ မင်း ငါ့လက်ထဲမှာ သေတော့မယ်ဆိုတာကိုပဲ မင်း သိထားဖို့လိုတယ်" ချင်ယွင်က လှောင်ပြောင်ပြောဆိုလိုက်ပြီး အိုးယန်လျူ၏ အံ့အားသင့်သော အကြည့်အောက်မှာပင် ထွက်လာခဲ့သည်။