အခန်း ၇၁၀
Vol. 48 Ch. 710
အခန်း (၇၁၀) မီးနှင့်ရေယန်ယန်ပညာရပ်။
"ငါ့ကိုသတ်မယ်၊ မင်းကလား…?" ချန်ကူသည် ချင်ယွင်ကိုကြည့်ကာ မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။
သူ၏ရှေ့မှ ဤလူငယ်သည် သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ထားရုံမျှသာ ဖြစ်သော် လည်း၊ သူသည် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင် ရှိနေသည် မှာ သိသာပါသည်။ သူသည် အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ရှိ သူ့ကိုပင် သတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ သူ၏အမြင်မှာတော့ ဤအရာက ဟာသတစ်ခုပင် ဖြစ်ပါသည်။
"ငါပဲ..။" ချင်ယွင်က နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်း မရှိဘဲ ပြောလိုက်ပြီး၊ သူ၏လေသံတွင် အထင်သေးသည့် အရိပ်ယောင်များ ရှိနေသည်။
"အဲဒါဆိုလည်း မင်းက ဒီလိုစကားတွေ ပြောနိုင်ရအောင် ဘယ်လိုခွန်အားတွေ ရှိနေလဲဆိုတာ ငါ ကြည့်ဦးမယ်" ချန်ကူ၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ၏လက်သီးမှ အနီရောင်မီးတောက်များ ထွက်ပေါ်လာပြန်သည်။
"ဘန်း…”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချန်ကူသည် မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက် သည်။ မြေပြင်သည် ချက်ချင်းပင် ပေါက်ကွဲသွားပြီး သူ၏ရုပ်အသွင်သည် ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အနီရောင် မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပြေးသွားခဲ့သည်။
ချင်ယွင်သည် သူ့ဆီသို့ ပြေးဝင်လာနေသော ချန်ကူကို ကြည့်လိုက်ပြီး၊ သူ၏ နှုတ်ခမ်းထောင့်စွန်းက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ၊ သူ၏ခန္ဓာကိုယ်မှ သိမ်မွေ့လေးနက်သော အဝါရောင် စွမ်းအင်များ ချက်ချင်း ထွက်ပေါ် လာသည်။
"ငရဲကို သွားလိုက်တော့!"
ချန်ကူသည် ချင်ယွင်၏ရှေ့မှာ လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ ညာလက်သီးရှိ နီမြန်းသော မီးတောက်သည် ချင်ယွင်၏ ဦးခေါင်းဆီသို့ ဟိန်းဟောက်နေသော ကျားတစ်ကောင်ကဲ့သို့ ပစ်ဝင်သွားသည်။
"နဂါးလက်သီး၏ ပထမဆုံးသိုင်းကွက်၊ နဂါးဟိန်းဟောက်ခြင်း" ချင်ယွင်၏ အသံသည် တိုးညှင်းသော်လည်း နက်ရှိုင်းသည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ဧရာမ နဂါးသဏ္ဍာန်ကြီးသည် သူ၏နောက်မှ ချက်ချင်း ထွက်ပေါ်လာပြီး သူ၏လက်သီးသည် လျင်မြန်သော ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဘုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ချန်ကူ၏ ကြက်သွေးရောင် မီးတောက် လက်သီးသည် ချင်ယွင်၏ လက်သီးနှင့် ပြင်းထန်စွာ တိုက်မိပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ နှစ်ဖက်စွမ်းအားများ ထိပ်တိုက်တွေ့ဆုံ မှုကြောင့် နောက်ဆက်တွဲ မြေတုန်ခါမူက အရှိန်အဟုန်ဖြင့် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ သဲများနှင့် ကျောက်တုံးများ အားလုံး ထိခိုက်မိပြီး အမှုန့် ဖြစ်သွားကြသည်။
ချန်ကူသည် ဤပြင်းထန်သော အင်အားကြောင့် နောက်ပြန်ဆုတ်သွားရသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချန်ကူသည် အဝေးသို့ လွင့်ပျံသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို ကြည့်ပြီး သူ့မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ သူ၏လက်သီးတွေမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏လက်ချောင်းတွေကလည်း ကွဲအက်နေပြီ။
"မဖြစ်နိုင်တဲ့အရာတွေက နောက်မှာ ရှိနေတုန်းပဲ။" ချင်ယွင်က ပြောလိုက်ပြီး၊ သူ၏ရုပ်အသွင်က ဝင်းလက်တောက်ပလာကာ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း လွင့်ပျံထွက်သွားသည်။
ဤအခိုက်အတန့်တွင်၊ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အနှစ်သာရနှင့် လျှို့ဝှက်ဆန်း ကြယ်သော အဝါရောင်စွမ်းအင်တို့သည် သူ၏ခန္ဓာကိုယ်ထဲသို့ တပြိုင်နက် တိုးဝင်လာခဲ့ ပြီး ချင်ယွင်၏ ခွန်အားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိလုနီးပါးပင် ဖြစ်နေပြီ။ သူ၏အမြန်နှုန်းက သရဲတစ္ဆေထက်ပင် ပို၍မြန်ဆန်နေပြီး၊ ချန်ကူ၏ ရှေ့မှာ တိုက်ရိုက်ပေါ်လာသည်။
ချန်ကူ၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ အနီရောင် လက်အိတ် နှစ်ခုစလုံးက သူ၏လက်သီးများပေါ်တွင် ချက်ချင်းပေါ်လာပြီး၊ သူ၏လက်သီးများသည် အနီရောင် မီးတောက် မီးလျံများဖြင့် တောက်လောင်နေကာ ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်လေသည်။
“ဟွမ့်၊ အရမ်းနှေးလွန်းတယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ချန်ကူ၏ လက်သီးများကို တားဆီးရန် သူ၏လက်ဖဝါးကို တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။
ချန်ကူ၏လက်သီးပေါ်ရှိ အနီရောင်မီးတောက်များသည် ချက်ချင်းပင် ဘာမှမရှိသည်၏ အဖြစ်သို့ ပြောင်းလဲသွားသည်။
“ဒါ…”
ချန်ကူ၏ မျက်နှာသည် နှိုင်းစာရမရအောင်ပင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ပေါ်လာသည်။ သူ၏လက်သီးများသည် ရန်ဖန်းယာ၏ ပြင်းထန်သော ဓားချက်များကို ပင် ဖြိုခွဲနိုင်ခဲ့သော်လည်း၊ ၎င်းကို သူ၏ရှေ့မှ ဤလူငယ်သည် အမှန်တကယ်ပင် အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
"လက်သီးဆိုတာ ဒီလို ထိုးရတယ်။" ချင်ယွင်က လှောင်ပြောင်ပြီး သူ၏ညာလက်ကို လက်သီးအဖြစ် ဆုပ်ကာ ချန်ကူ၏ ဝမ်းဗိုက်ထဲကို တိုက်ရိုက် ထိုးသွင်းလိုက်ပါသည်။
"အား…..”။
ချန်ကူသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အော်ဟစ်သံကို ထုတ်အော် လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်း ကွေးညွှတ်သွားကာ သူ၏နောက်ကျောကို ဖောင်းကားလာစေသည်။
ချန်ကူ၏ မျက်နှာပေါ်မှ ချွေးသီးချွေးပေါက်များ စီးကျလာပြီး အလွန်နာကျင်နေပါသည်။ ဤလူငယ်၏ လက်သီးချက်၏ အစွမ်းသည် အလွန် ကြောက်စရာကောင်းသည်။ ဤအရာသည် သူအမြဲဂုဏ်ယူခဲ့ရသည့် ရုပ်ခန္ဓာကိုယ် ခွန်အား ဖြစ်သည်။ သို့သော်၊ သူသည် ဤလူငယ်လေးရှေ့မှောက်တွင် တစ်ချက်ထိုးနှက်ချက်ကိုပင် ခံနိုင်ရည် မရှိပါဘူး။
"မင်း... မင်းက ဘယ်သူလဲ?၊ မင်းရဲ့စွမ်းအားက အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာ ရှိနေတာ သေချာပါတယ်။" ချန်ကူက ဒေါသတကြီး ပြောလိုက်ပြီး သူ၏ပါးစပ်ထောင့်မှာ သွေးစများက တွဲလောင်းကျနေဆဲပင်။
ရန်ဖန်းယာသည် အဝေးမှ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေကာ၊ သူမသည် အဝေးမှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသော ရုပ်အသွင်ပြင်ကို ကြည့်နေရင်း၊ သူမ၏ မျက်လုံးများတွင် မနှိုင်းယှဉ်နိုင်လောက်အောင် အံ့သြသည့် အမူအရာများ ဖြစ်ပေါ်နေသည်။
သူမနှင့် ရန်ဟန်တို့ နှစ်ဦးစလုံးသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူများ ဖြစ်ကြပြီး ချန်ကူသည်လည်း အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ သို့သော်၊ ချန်ကူ၏ ပေါက်ကွဲအားသည် ရန်ဖန်းယာနှင့် ရန်ဟန်တို့၏စွမ်းအားကို ကျော်လွန်နေ သည်မှာ သေချာပါသည်။
သို့သော်၊ ချင်ယွင်နှင့် ရင်ဆိုင်ရသောအခါ၊ သူတို့သည် ချင်ကူနှင့် ရင်ဆိုင်စဉ်ကကဲ့သို့ ချန်ကူသည် အမှန်တကယ် ကူရာမဲ့ ဖြစ်နေခဲ့သည်။
ယင်းကြောင့် ရန်ဖန်းယာသည် ချင်ယွင်အား မည်သို့သော ခွန်အားမျိုး ပိုင်ဆိုင် ထားသည်ကို မတွေးဝံ့တော့ပေ။
"သူက တက်လှမ်းလာသူတစ်ဦး မဟုတ်ဘူးလား?။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်မှာလဲ?" ရန်ဟန်က မထိန်းနိုင်ဘဲ အံ့သြစွာ မေးလိုက်သည်။
"ဟုတ်တယ်၊ သူက လွန်ခဲ့တဲ့ တစ်လလောက်ကမှ တက်လှမ်းလာတာလို့ တတိယ အကြီးအကဲက ပြောခဲ့တယ်" ရန်ရှန်း အံ့သြစွာ ပြောသည်။
ရန်ဟန်သည် သူ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု တိုးဝင်လာသလို ခံစားလိုက် ရသည်။ လအနည်းငယ်သာ ကြာသေးသည့် တက်လှမ်းလာသူသည် အလွန် အစွမ်းထက်သော အထွက်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို လက်တုံ့ပြန်ရန် မစွမ်းနိုင်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။ အကယ်၍၊ ဤအကြောင်းကို ပြောပြလိုက်မည်ဆိုလျှင်၊ မင်အင်မော်တယ်မင်းဆက် တစ်ခုလုံး တုန်လှုပ်သွားနိုင်ပါသည်။
အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင်၊ ကိုယ့်ထက် အဆင့်မြင့်မားသော တစ်စုံတစ်ဦး ကို စိန်ခေါ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူသည် သဘောဝလွန် စွမ်းအားကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦး မဟုတ်ပါက၊ ကိုယ့်ထက် အဆင့်မြင့်သော တစ်စုံတစ်ဦးကို စိန်ခေါ်ရန်မှာ မဖြစ်နိုင်ပေ။
ဟုတ်ပါသည်၊ အဓိကအင်အားစုကြီးများ၏ လက်ရွေးစင် ပါရမီရှင်တွေလောက်သာ၊ သူတို့ထက် ပိုပြီးအဆင့်မြင့်သူများကို စိန်ခေါ်နိုင်ပါသည်။ သို့သော်လည်း ချင်ယွင်သည် ယခုအခါ အဆင့်သုံးဆင့်ကို ကျော်လွန်ပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။ ယင်းက သူတို့၏ နားလည်မှု လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ထုတ်ဖော်လိုက်ပါ။ မဟုတ်ရင် ဒီလိုတိုက်ပွဲက ဘာမှ အဓိပ္ပာယ် မရှိဘူး။" ချင်ယွင်သည် ချန်ကူကို ကြည့်ရင်း ပြုံးလိုက်သည်။
သူသည် ထူးဆန်းသော အနန္တဒြဗ်စင်များကို ပေါင်းစည်းသိပ်သည်းပြီး ကတည်းက၊ သူ၏နယ်ပယ်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေဆဲ ဖြစ်သော်လည်း၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင်၊ သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်သည် မသေမျိုးနယ်ပယ်၏ အလယ်အလတ်အဆင့်အထိ ချိုးဖြတ်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအားသည်လည်း အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ထက် မနိမ့်ကျပေ။
ယခုအခါတွင် ထိုစွမ်းအားနှစ်ရပ်ကို ပေါင်းစည်းထားပြီး၊ သူ၏ နည်းလမ်းမျိုးစုံဖြင့် ပေါင်းစပ်ထားသောကြောင့်၊ သူသည် နက်နဲသိမ်မွေ့ခြင်း အစစ်အမှန် အင်မော်တယ် နယ်ပယ်အောက်တွင် ပြိုင်ဘက်ကင်း အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။
ချန်ကူ၏ ခွန်အားသည် သာမန် အထွက်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်ပညာရှင်များထက် သာလွန်သော်လည်း ချင်ယွင်၏ ရှေ့တွင်မူ ရှုံးနိမ့်ဖို့အရေးသာ ရှိသေးသည်။
"အိုး.. ငါ့ခွန်အားကို ဖုံးကွယ်ထားတယ်ဆိုတာ မင်းက ဘယ်လိုလုပ် သိနေတာလဲ?" ချန်ကူ၏ နှုတ်ခမ်းထောင့်များသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေး သွားခဲ့ ပြီး သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်ရန် လက်ဖဝါးတဖက်ကို ဆန့်ထုတ်လိုက် သည်။
''ဒဏ္ဍာရီလာ မီးနဲ့ရေယင်ယန်ပညာရပ်က ကမ္ဘာပေါ်ရှိ မီးနဲ့ရေပေါင်းစပ်မှု ပညာရပ်တွေထဲမှာ အစွမ်းထက်ဆုံး ပညာရပ်တစ်ခုပဲ။ အစကတည်းက ယခုအချိန် အထိ မင်းက မီးစွမ်းအားကိုသာ အသုံးပြုခဲ့ပေမယ့် ရေရဲ့စွမ်းအားကိုတော့ တစ်ခါမှ အသုံးမပြုခဲ့သေးဘူး။ မင်းရဲ့စွမ်းအားကို ဖုံးကွယ်ထားတယ်ဆိုတာ ငါ ဘယ်လိုလုပ် သိတယ်ထင်လဲ?" ချင်ယွင်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
"ငါ ကျင့်ကြံထားတဲ့ မီးနဲ့ရေယင်ယန်ပညာရပ် အကြောင်း မင်းက တကယ် သိနေတာပဲ။ အစကတော့ မင်း မြင်တာနဲ့ ကြောက်သွားမယ်လို့ ကျွန်မ ထင်နေတာ။ သခင်လေးက သာမာန်လူ ဟုတ်ပုံမရဘူး။" ချန်ကူ၏ အသံသည် ရုတ်တရက် သိမ်မွေ့ပြီး ချစ်စရာ ကောင်းလာသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲသွားသည်။ သူသည် သန်မာထွားကျိုင်းသော ယောက်ျားကြီးအဖြစ်မှ အပြာရောင် ၀တ်စုံဖြင့် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ?"
ရန်ဟန်နှင့် ခပ်လှမ်းလှမ်းမှ အခြားလူများသည် အံ့အားသင့်နေသည့် အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။ ချန်ကူသည် ယောက်ျားကြီးအဖြစ်မှ မိန်းမအဖြစ်သို့ အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားသည်ကို သူတို့ နားမလည်ခဲ့ကြပေ။ ချန်ကူက အမြဲတမ်း မိန်းမတစ်ယောက်များ ဖြစ်နေမလား?။
ချင်ယွင်ကတော့ လုံးဝ အံ့သြခြင်း မရှိပေ။ ယင်းအစား သူ၏ပါးစပ်ထောင့်မှ လှောင်ပြောင်သရော်ဟန် အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။
ဤမီးနှင့်ရေယင်ယန်ပညာရပ်သည် ချင်ယွင် ယခင်က မြင်ဖူးခဲ့သော ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖြစ်သည်။ ထိုအချိန်တုန်းက သူသည် ဤကျင့်ကြံခြင်း နည်းစနစ်သည် အလွန်ထူးဆန်းသည်ဟု ခံစားမိသောကြောင့် စပ်စုကြည့်မိသည်။ ၎င်းကို ကြည့်ပြီးနောက် ချင်ယွင်သည် ဤထူးဆန်းသော ကျင့်ကြံခြင်း နည်းစနစ်ကို ဘေးသို့ ပစ်ချလိုက်သည်။
အကြောင်းပြချက်က အရမ်းကို ရိုးရှင်းပါသည်။ ဤနည်းပညာရပ်ကို လေ့ကျင့်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးသည် အမျိုးသားမဟုတ်၊ အမျိုးသမီးမဟုတ် အဖြစ် ပြောင်းလဲသွားလိမ့်မည်။ နောက်ဆုံးတွင်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လူနှစ်ယောက်၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအဖြစ် ကွဲထွက်သွားမည် ဖြစ်သည်။ သူတို့သည် စွမ်းအားတိုးစေရန် ယင်နှင့်ယန်ပညာရပ် နှစ်မျိုးလုံးကို မှီခို အားထားကြသည်။
ချင်ယွင်သည် ထိုသို့သော ကျင့်ကြံခြင်း နည်းစနစ်မျိုးသည် မူမမှန်လွန်းကြောင်း အမြဲလိုလို ခံစားရသည်။ ၎င်းပညာရပ်ကို မည်သူမျှ ကျင့်ကြံရန် မဖြစ်နိုင်ပေ။ ယနေ့၊ သူသည် သူ၏မျက်လုံးဖြင့် အမှန်တကယ် မြင်တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားမိပေ။ ထိုမျှသာမက၊ ချန်ကူသည် ဤမီးနှင့်ရေ ယင်ယန်ပညာရပ်ကို အချိန်အတော်ကြာအောင် ကျင့်ကြံထားခဲ့ပုံရသည်။