အခန်း ၇၁၆
Vol. 48 Ch. 716
အခန်း (၇၁၆) ကိုယ်ကျိုးအတွက် အသုံးချလိုခြင်း။
ပြိုင်ပွဲကွင်းလား?" ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။
ဤပြိုင်ပွဲကွင်းအကြောင်းကို သူသည် သဘာဝအတိုင်း ကြားဖူးပါသည်။ လူတို့သည် သေခြင်းရှင်ခြင်း တိုက်ပွဲများမှတဆင့် ငွေရှာသော နေရာတစ်ခုဖြစ်သည်။ ထိုနေရာသည် သွေးစွန်းပြီး ရက်စက်ကြမ်းကြုတ်သော နေရာဖြစ်သည်။
သင်သည် ပြိုင်ပွဲနှင့်ပတ်သက်ပြီး သေခြင်းရှင်ခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးသည်နှင့် တိုက်ပွဲတွင် ပါဝင်နိုင်ပြီး၊ သင်၏ပြိုင်ဘက်ကို သတ်ဖြတ်ခြင်းဖြင့် ငွေရရှိနိုင်ပါသည်။
ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူခြင်းမှ သင်ရရှိသော ငွေပမာဏသည် သင်အနိုင်ရရှိသော ပြိုင်ဘက်အဆင့်အလိုက် ကွဲပြားပါသည်။ အဆင့်ပိုမြင့်မားလေ၊ သင်သည် ငွေများများ ရလေလေ ဖြစ်ပါသည်။
ဟုတ်ပါသည်၊ ကိုယ့်ပြိုင်ဘက်တွေကို သတ်ဖြတ်ရုံအပြင်၊ သူတို့သည် ငွေရှာရန်အတွက် တရားမ၀င် အလောင်းအစားတွေကိုလည်း အသုံးပြုနိုင်ပါသည်။ ၎င်းသည် ပြိုင်ပွဲကွင်းအတွင်း ငွေရှာရန် အဓိကနည်းလမ်းလည်း ဖြစ်ပါသည်။
အလေလိုက်ပြီး လွတ်လွတ်လပ်လပ် နေလိုသော အဓိကအင်အားစုကြီးများ၏ တပည့်များသည် ဤအလောင်းစားမျိုးတွင် ပါဝင်ဆင်နွှဲကြပြီး အခြားသူများ သေသည် အထိ တိုက်ခိုက်နေကြသည်ကို ကြည့်ရှုကြသည်။ ယင်းက သူတို့ကို နှစ်သက် ပျော်ရွှင်မူကို ခံစားရစေသည်။
ချင်ယွင်သည် ယခင်က သူတို့တော်ဝင်ချင်မင်းဆက်၏ ကြီးမားသော ပြိုင်ပွဲကွင်းကြီး တစ်ခုရှိခဲ့ပြီး၊ သူသည် ထိုနေရာသို့ တစ်ကြိမ်သာ ရောက်ဖူးခဲ့ပြီး၊ နောက်တစ်ကြိမ် ဘယ်တုန်းကမှ ထပ်မသွားခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်၊ အခြားလူများ၏ သေခြင်း ရှင်ခြင်း တိုက်ပွဲများကို အပျော်သဘောအဖြစ် မဆက်ဆံလိုသောကြောင့် ဖြစ်ပါသည်။
သို့သော်လည်း ရီယွန်၏ အကြံပြုချက်ကြောင့် ချင်ယွင်၏ မျက်လုံးများသည် ဝင်းလက် တောက်ပလာခဲ့သည်။ ဤပြိုင်ပွဲကွင်းသည် အမှန်တကယ် ငွေရရန် အမြန်ဆုံး နေရာတစ်ခု ဖြစ်သည်။ ထိုနေရာသည် ဝင်ငွေရှာနိုင်ရုံသာမက သူ၏တိုက်ပွဲ အတွေ့အကြုံကိုလည်း တိုးမြင့်လာစေနိုင်ပါသည်။
ထို့အပြင်၊ သူ၏လက်ရှိအင်အားဖြင့်၊ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ သေခြင်းရှင်ခြင်းတိုက်ပွဲများတွင် မပါဝင်သရွေ့၊ အစစ်အမှန် အင်မော်တယ်နယ်ပယ်ရှိ မည်သူမျှ သူ၏ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။
"လျူလီမြို့မှာ ပြိုင်ပွဲကွင်းရှိလို့လား.. ?" ချင်ယွင်က မေးသည်။
ချင်ယွင်၏ အမေးကို ရီယွန် ကြားလိုက်ရစဉ်မှာ၊ သူမ၏ လှပသော မျက်နှာပေါ်တွင် ချစ်စဖွယ်ကောင်းသော အပြုံးတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။
သူမသည် ချင်ယွင်ကို ပြိုင်ပွဲကွင်းသို့ သွားခိုင်းရခြင်း၏ အကြောင်းအရင်းမှာ သူ့ကို အင်မော်တယ် ကျောက်စိမ်းများရရှိအောင် ကူညီချင်ရုံ သက်သက်မဟုတ်ပေ။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကတော့ ချင်ယွင်သည် မည်မျှ သန်မာလဲဆိုသည်ကို သူမ မြင်ချင်သောကြောင့် ဖြစ်ပါသည်။
ချင်ယွင်၏ ပါရမီစွမ်းရည်သည် ကြီးမားလှ၏။ သူ၏လက်ရှိ အဆင့်တန်းက မနိမ့်ကျဘူး ဆိုသည်ကို သူမ သိပါသည်။ သူသည် ထိုလူပေါ်ကြော့သခင်လေးထက် အများကြီး မနိမ့်ပါဘူး။
ယခင်အနေထားမျိုးဆိုလျှင်၊ သူမသည် ဖြည်းညှင်းစွာ ချက်ပြုတ်ပြီး ဖြည်းညှင်းစွာ စောင့်ဆိုင်း နေပေလိမ့်မည်။ ချင်ယွင် ကြီးထွားလာချိန်ရောက်မှ သူမသည် ကောက်ကိုင် လိုက်မိမည် ။
သို့သော် ယခုအချိန်တွင် သူမအတွက် အချိန်သိပ်မကျန်တော့ပါ။ အကယ်၍ သူမသည် ထိုသခင်လေးကို နှိမ်နှင်းနိုင်သူတစ်ဦးကို ရှာမတွေ့ပါက၊ သူမသည် ထိုသခင်လေး၏ ကစားစရာအဖြစ်သို့ လျော့ကျသွားပေလိမ့်မည်။
ထို့ကြောင့် သူမသည် ချင်ယွင် မည်မျှသန်မာသည်ကို ကြည့်နိုင်ရန်အတွက် ပြိုင်ပွဲကွင်းကို ငှားကြည့်ချင်သည်။ အကယ်၍ သူသည် ထိုသခင်လေးကို ဆန့်ကျင်ရန် လုံလောက်အောင် သန်မာနေပါက၊ သူမသည် ဤအရာကို အခွင့်ကောင်းယူကာ သူ့အပေါ် လုံးလုံးလျားလျား ပြိုဆင်းပစ်လိုက်တော့မည်။
"လျူလီမြို့မှာ ပြိုင်ပွဲကစားကွင်း မရှိပါဘူး။ ဒါပေမယ့် လျူလီမြို့အနီး ဖီးနစ်နေမြို့မှာ ပြိုင်ပွဲကွင်းကြီးတစ်ခု ရှိတယ်။ ဒီပြိုင်ပွဲကွင်းကို ရန်ကလန်နဲ့ အနီးနားမှာရှိတဲ့ အခြားသော မျိုးနွယ်စုကြီးနှစ်ခုက ပူးတွဲ ထိန်းချုပ်ထားပါတယ်။ သခင်ငယ်၊ တကယ်လို့၊ သခင်လေး ဆန္ဒရှိတယ်ဆို၊ ရီယွန်က ခေါ်ဆောင်သွားပေးပါ့မယ်။ သခင်လေး၊ အဲဒီမှာ ပြိုင်ပွဲဝင်လို့ ရနိုင်ပါတယ်။" ရီယွန်က ပြုံးပြီး ပြောလိုက်သည်။
"မိန်းကလေးရီက လျူလီခန်းမကနေ ထွက်သွားနိုင်လို့လား?" ချင်ယွင်က ပြုံးပြုံးလေး မေးသည်။
“သေချာပေါက် ရတာပေါ့။ ဒါ့အပြင်၊ ဖီးနစ်နေမြို့က သိပ်မဝေးပါဘူး။ ဆယ်ရက်နဲ့ တစ်လခွဲလောက် ကျွန်မ ထွက်သွားလို့ရပါတယ်၊ ကျွန်မက အမိန့်ပေးရုံသက်သက် ပါပဲ။" ရီယွန်က အပြုံးနှင့်အတူ ပြောလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာပါ သည်။ "ဒါဆိုရင်လည်း မိန်းကလေးရီယွန်နဲ့ အတူ သွားကြတာပေါ့။"
"ကိစ္စမရှိပါဘူး၊ သခင်လေးချင်၊ ဒီမှာ ခဏစောင့်ပါဦး။ ကျွန်မ ဘဏ္ဍာစိုးတစ်ယောက်နဲ့ စကားပြောပါရစေဦး" ရီယွန်က ချင်ယွင်ကို ပြုံးပြလိုက်ပြီး သိမ်မွေ့ညင်သာစွာဖြင့် လှည့်ထွက်သွားကာ၊ ကြောင်မလေးတစ်ကောင်၏ ခြေလှမ်းမျိုးဖြင့် အခန်းတစ်ခုဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ချင်ယွင်သည် ထိုနေရာတွင် ရပ်လိုက်ပြီး ရီယွန်၏ ယိမ်းနွဲ့စွာ လှုပ်ရှားနေသော ကိုယ်ဟန်အနေအထားကို ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်စွန်းတွင် သရော်ဟန် အပြုံးတစ်ခုက မထင်မရှား ထွက်ပေါ်လာသည်။
"ကောင်စုတ်လေး၊ ဒီကောင်မလေးက မလွယ်ဘူးကွ။ သူမက မင်းကို အပေါ်ယံ ကူညီပေးနေတာ။ တကယ်တော့ သူမက မင်းကို အသုံးချနေတာ။ ဒါပေမယ့်၊ ဒါကလည်း ကောင်စုတ်လေးမင်းရဲ့ ကံကြမ္မာကောင်းလည်း ဖြစ်တယ်။ မင်းလို ငါးရှဉ့်လိုချောမွတ်နေတဲ့ အကောင်တစ်ကောင်နဲ့ တွေ့မှတော့ ပိုးဖလံမျိုး မီးကိုတိုး ဆိုသလို ဖြစ်သွားမှာတောင် ငါ စိုးရိမ်မိပါတယ် ။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။
"ဆရာကြီး ဘာတွေပြောနေတာလဲ?။ ကျွန်တော်က အဲဒီလို လူစားမျိုးလား?" ချင်ယွင်က ဆိုးသွမ်းသော အပြုံးဖြင့် ပြောလိုက်သည်။
တကယ်တော့၊ ရီယွန်သည် သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် လှည့်ဖြားနေသည်ကို သူ သတိထားမိပြီးသား ဖြစ်ပါသည်။ သို့သော်လည်း ရီယွန်၏ ရည်ရွယ်ချက်ကိုတော့ သူ မမြင်ရသေးပေ။ အကယ်၍ ရီယွန်မှာ မကောင်းသော ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပါက၊ သူသည် သဘာဝအတိုင်း ရီယွန်ကို ဘာမှ လုပ်မည်မဟုတ်ပေ။
သို့သော်လည်း၊ အကယ်၍၊ ရီယွန်သည် ရှေးဟောင်းတာအိုဆရာသခင် ပြောသကဲ့သို့၊ သူ့ကို အသုံးချလိုမူ အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပါက၊ သူသည် ပညာရှိလူ တစ်ယောက်၏ စိုးရိမ်ပူပန်ခြင်း တစ်ထောင်ထဲတွင် သေချာပေါက် အမှားအယွင်းတစ်ခု ရှိနေသည်ဆိုသည်ကို ရီယွန်အား ညင်သာစွာဖြင့် သိရှိသွားစေရန် သင်ပေးရမည် ဆိုလျှင်လည်း စိတ်ထဲထားမည် မဟုတ်ပေ။
သူချင်ယွင်သည် လူတွေကို အမြဲတမ်း စိတ်ရင်းမှန်ဖြင့် ရိုးသားစွာ ဆက်ဆံဖူး သော်လည်း သူ့ကို စိတ်ပါလက်ပါ အသုံးချလိုသူများအတွက်မူ၊ သူသည် တစ်ဖက်လူက သူ့ကို အသုံးချလိုလျှင် ဖြစ်ပျက်လာမည့်အရာတွေကို သေချာသိသွားစေရန် တတ်နိုင်သမျှ လုပ်ဆောင်ပေးမည် ဖြစ်သည်။
"သခင်လေးချင်၊ ကျွန်မကို စောင့်နေရတာကြာသွားပြီ၊ သွားကြရအောင်။" မကြာမီ ရီယွန်သည် လှေကားမှဆင်းလာကာ ချင်ယွင်ကို ပြုံးပြပြန်သည်။
"အင်း၊ သွားကြရအောင်” ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
ထို့နောက်၊ ချင်ယွင် နှင့် ရီယွန်တို့သည် ဖီးနစ်နေမြို့ဆီသို့ အတူတူ သွားခဲ့ကြသည်။
ဖီးနစ်နေမြို့သည် လျူလီမြို့ နှင့် အနီးဆုံးမြို့ဖြစ်သော်လည်း ခရီးကွာခြားချက်က အလှမ်းဝေးနေဆဲ ဖြစ်သည်။ ချင်ယွင် နှင့် ရီယွန်တို့သည် ဖီးနစ်နေမြို့သို့ မရောက်ရှိမီ သုံးရက်ကြာ ပျံသန်းခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ရီယွန်သည် ချင်ယွင်၏ သေမျိုးကမ္ဘာရှိ ချင်ယွင်၏ အခြေအနေကို ရည်ရွယ်ချက်ရှိရှိတစ်မျိုး မရည်ရွယ်ဘဲတစ်ဖုံ မေးမြန်းနေခဲ့ပြီး၊ သူမသည် ချင်ယွင်၏ အတိတ်ကို အလွန်သိချင်နေကြောင်း ပြသနေသည်။
ထို့အပြင်၊ လမ်းတွင်၊ သူမသည် ချင်ယွင် နှင့် အကြိမ်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိဖြင့် ၎င်း သို့မဟုတ် မရည်ရွယ်ဘဲ၎င်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်သွယ်မူများ ပြုလုပ်ခဲ့ပြီး ချင်ယွင်ကို ဆွဲဆောင်ရန်အတွက် ဆွဲဆောင်မှုရှိသော ကိုယ်နေဟန် အနေအထား အားလုံးကို တမင်တကာပင် ပြုလုပ်ပြခဲ့သည်။
သို့သော် သူမသည် ချင်ယွင်ကို လျှော့တွက်နေဆဲ ဖြစ်သည်။ ချင်ယွင်၏ အမျိုးသမီး လေးယောက်ထဲက မည်သည့်တစ်ယောက်ကိုမဆို ထုတ်ပြလိုက်မည်ဆိုလျှင်၊ သူမတို့၏ ရုပ်ရည်အသွင်ပြင်နှင့် ပတ်သက်၍၊ မည်သူမဆို သူမထက် သာလွန်ကြပါ သည်။ ထို့ကြောင့် ချင်ယွင်သည် ပြင်းထန်သော ဆွဲဆောင်မူဒဏ်ကို ခုခံနိုင်ခဲ့ပါသည်။
အကယ်၍၊ အခြားလူတစ်ယောက်သာဆိုလျှင်၊ ထိုလူသည် သူ၏ရှေ့မှ ဤနတ်ဆိုးမ၏ သွေးဆောင်ခြင်းကို ခံရပြီး သူမ၏ သလဲသီးအ၀တ်အစားအောက်တွင် အရိုသေပေးပြီး ဦးညွှတ်နေလောက်ပါပြီ။
ဟုတ်ပါသည်။ ချင်ယွင်သည် မည်သည့်ထူးခြားဟန်ကိုမှ မပြသပါဘူး။ ယင်းအစား၊ သူသည် သူမ၏ ရည်ရွယ်ချက်အမှန်ကို ရှင်းရှင်းလင်းလင်း သိမြင်စေရန်အတွက် ရီယွန်၏ သွေးဆောင်ခြင်းခံရသည့် အသွင်အပြင်ကို တမင်တကာ ကြံစည်ကာ ရီယွန်က သူ့ကို ဖမ်းစားနိုင်သည်ဟု ထင်မြင်စေခဲ့သည်။
သူစားရန်အတွက် အိမ်တံခါးအထိ တို့ဟူးလာပို့မှတော့၊ သူကရော မည်သို့ မစားဘဲ နေမည်နည်း?။
"သခင်လေးချင်၊ ရှေ့မှာ ဖီးနစ်နေမြို့ ရှိတယ်။ သခင်လေး ဒီနေ့ ပြိုင်ပွဲကွင်းကို သွားဖို့ စိတ်ကူးထားလား?။ ဒါမှမဟုတ် လောလောဆယ် မြို့ထဲမှာနေပြီး မနက်ဖြန်အထိ စောင့်မှာလား?" ရီယွန်က ချစ်စဖွယ် ပြုံးပြပြီး သူမ၏ အသံက အလွန်မင်း နူးညံ့သည်။
"မိန်းကလေးရီက ခရီးပင်ပန်းနေရောမယ်။ တစ်ညအိပ်ပြီး မနက်ဖြန်အထိ စောင့်ရအောင်။" ချင်ယွင်က သူမအပေါ် စိုးရိမ်မူအရိပ်အယောင်ပြသည့် လေသံဖြင့် ပြောလိုက်သည်။
ရီယွန်သည် ထိုစကားကိုကြားသောအခါ သူမ၏နှုတ်ခမ်းများသည် မထင်မရှား လိုက်လိုက်ဟန်ဖြင့် တွန့်ကွေးသွားသည် ။
သူမသည် သူမ၏ ရုပ်ရည်အသွင်အပြင်နှင့် ကိုယ်နေဟန်ကို ယုံကြည်မှု အပြည့် ရှိပါသည်။ သူမသည် ချင်ယွင်ကို လမ်းတလျှောက်လုံး ဖြားယောင်းသွေးဆောင်နေခဲ့ သည်။ ထို့ကြောင့် ထိုယောက်ျားသည် ခုခံနိုင်မည်ဟု သူမ မယုံကြည်ခဲ့ပေ။
"ဒါဆိုလည်း မြို့ထဲကို သွားကြစို့။ ဖီးနစ်နေမြို့မှာတော့ ဖီးနစ်နေတည်းခိုခန်းက မဆိုးဘူးလို့ ကျွန်မ သိထားတယ်။ ဒီည အဲဒီမှာ တည်းရအောင်။" ရီယွန်က ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပြီလေ”။ ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
ထို့ကြောင့်၊ သူတို့နှစ်ဦးသည် ဖီးနစ်နေမြို့ ဆီသို့ လျှောက်လာခဲ့ကြသည်။ ဖီးနစ်နေမြို့ နှင့် လျူလီမြို့တို့၏ စည်းမျဉ်းများသည် တူညီသည်။ သူတို့ မြို့ထဲသို့ ဝင်ရန်အတွက် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတစ်တုံး လိုအပ်ပါသည်။
ချင်ယွင်သည် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း နှစ်တုံးကို တိုက်ရိုက် ထုတ်ပေးလိုက်ပြီး ရီယွန်နှင့်အတူ ဖီးနစ်နေတည်းခိုခန်းဆီသို့ လျှောက်သွားခဲ့သည်။
ဖီးနစ်နေမြို့သည် မျိုးနွယ်စုကြီး သုံးခု၏ တွေ့ဆုံရာ ဗဟိုမြို့ဖြစ်သောကြောင့်၊ ၎င်းသည် မျိုးနွယ်စုကြီး သုံးခု၏ အရောင်းအ၀ယ်ပြုလုပ်ခြင်း၏ ဗဟိုအချက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဤမြို့၏ အရွယ်အစားသည် လျူလီမြို့ထက် နိမ့်ကျခြင်း မရှိပေ၊ ၎င်း၏ လူဦးရေသည် လျူလီမြို့ထက် များစွာ များပြားပါသည်။
"ကြိုဆိုပါတယ်ခင်ဗျ၊ သခင်လေးတို့က တည်းခိုရုံပဲလား? ဒါမှမဟုတ် ထိပ်တန်း ဧည့်သည်တော်အဖြစ် ခံယူချင်သေးလား?။”
ချင်ယွင်နှင့် ရီယွန်တို့သည် ဖီးနစ်နေတည်းခိုခန်း၏ထဲသို့ ဝင်သွားသည်နှင့် စားပွဲထိုးသည် စူးရှသော မျက်လုံးများဖြင့် နှုတ်ဆက်သည်။
ချင်ယွင်ကို အံ့သြစေသည်က၊ ထိုစားပွဲထိုးသည် အမှန်တကယ်ပင်၊ အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းကိုပါ။
"တည်းခိုမယ်” ချင်ယွင်က တိုက်ရိုက်ပြောသည် ။
"ဒါဆိုရင်တော့ ဒီဧည့်ကြိုက ဧည့်ဝတ်မကျေနိုင်တော့ပါဘူး။ ကျွန်တော်တို့ဆိုင်မှာ ဧည့်ခန်းတစ်ခန်းပဲ ကျန်တော့တယ်။" စားပွဲထိုးက ပြုံးပြုံးလေး ပြောလိုက်ပါသည်။