အခန်း ၇၃၂
Vol. 49 Ch. 732
အခန်း (၇၃၂) နိယာမများကို ထိတွေ့မိခြင်း။
"ဘုန်း….”။
ပြင်းထန်သော တုန်ခါအသံတစ်ချက် ထွက်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို ပြင်းထန်သော စွမ်းအားများက ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။ ချင်ယွင် နှင့် ကျန်းဖန်တို့ နှစ်ယောက်စလုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
ကျန်းဖန်သည် အဝေးတစ်နေရာသို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး၊ သူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ သူ၏လက်ထဲမှ ငွေရောင်ဓားသည် ကျိုးသွားခဲ့ပြီး တစ်ဝက်သာ ကျန်ပါတော့သည်။
ထိုအချိန်တွင်၊ သူ၏မျက်နှာသည် အံ့သြမှု အပြည့်ရှိနေ၏။ ရွှဲ့ရှာသည် သူ၏ဓားကို အမှန်တကယ် ခုခံနိုင်လိမ့်မည်ဟု သူ မည်သည့်အခါမှ မထင်ထားခဲ့ပေ။
ဘန်း…။
သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်တော့မည်။
ကျန်းဖန်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် သူ၏လက်ဖဝါးကို မြေပြင်ပေါ်သို့ အလျင်အမြန် ပုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် မြေပြင်နှင့် ပေ ၃၀ အကွာထိ အလျားလိုက် ရွေ့လျားသွားသည်။
“ဘုန်း…”
ကျန်းဖန်သည် ရှောင်တိမ်းနေချိန်မှာ၊ အနှိုင်းမဲ့ ကြောက်စရာကောင်းသည့် စွမ်းအား တစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာပြီး မူလက သူရှိနေသည့်နေရာကို ရိုက်ချလာခဲ့သည်။
ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက မြေပြင်ကို ချက်ချင်း လွှမ်းခြုံသွားပြီး မြေပြင် တစ်ခုလုံးကို ဒီရေလှိုင်းလို ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ကာ ကျန်းဖန်ဘက်သို့ ပြင်းထန်စွာ ဝှေ့ယမ်းသွားခဲ့သည်။
ကျန်းဖန်သည် လျင်မြန်စွာ ပျံတက်သွားပြီး၊ တစ်ချိန်တည်းမှာပင် သူ၏လက်ကို ဓားဟန်ဖြင့် ဖြတ်တောက်ကာ တိုက်ရိုက် ခုတ်ပစ်လိုက်သည်။ ဓားအလင်းသည် ချက်ချင်းပင် လှိမ့်တက်လာသော မြေလှိုင်းကြီးကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။
ဝှီး….။
သို့သော်၊ ကျန်းဖန်၏ဓားသည် အစိပ်စိပ်မွှာမွှာဖြစ်သည့်အထိ ခုတ်ပိုင်းပြီးရုံရှိသေး၊ လျင်မြန်သော ရွှေရောင်အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ဖြတ်၍ ကျန်းဖန်၏ မျက်နှာရှေ့မှာ တိုက်ရိုက် ပေါ်လာသည်။
"အယ်?"
ကျန်းဖန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ပြင်းထန်သော ဓားဆန္ဒက ချက်ချင်းပင် ကြက်ခြေခတ်ပုံစံ ပွင့်ထွက်သွားသည်။ မမြင်နိုင်သော ဓားချီငါးချောင်းသည် ရွှေရောင်အလင်းတန်းဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။
သို့သော်လည်း၊ ချင်ယွင်သည် ၎င်းတို့ကို လျစ်လျူရှုထားပြီး ဓားချီငါးချောင်းကို သူ့ကို ထိတွေ့ဖို့ ခွင့်ပြုလိုက်သည်။ သူသည် ၎င်းတို့အား လက်ဖဝါးဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်က ချက်ချင်းပင် ချေဖျက်သွားခဲ့သည်။
"ဘုန်း…”။
ချင်ယွင်၏ လက်သီးချက်သည် ကျန်းဖန်၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားပြီး တုန်လှုပ် ချောက်ချားဖွယ်ရာ အင်အားတစ်ခုက သူ၏ ဝမ်းဗိုက်ဒန်တန်အပေါ်ကို ကျရောက် သွားသည်။ ကျန်းဖန်၏ ဒန်တန်တစ်ခုလုံး ပေါက်ကွဲသွားပြီး၊ လုံးဝ ပြိုကျသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အင်မော်တယ် အနှစ်သာရ လုံးဝ မကျန်တော့ချေ။
"ဖူး….!"
ကျန်းဖန်သည် အဆုံးမဲ့ သွေးများကို အန်ထုတ်နေရပြီး၊ သူ၏မျက်လုံးများက ထိတ်လန့် တုန်လှုပ်မူအပြည့် ရှိနေပါသည်။
ကျန်းဖန်သည် စိတ်ပျက်လက်ပျက်ဖြစ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။ သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများ အဆက်မပြတ် စီးကျနေပြီး၊ သူ၏မျက်လုံးများက အသက်မဲ့ပြီး မှုန်မှိုင်းနေခဲ့သည်။
သူသည် အမှန်တကယ် ရှုံးသွားခဲ့ပြီ။ ဤအရာသည် သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးသည့် အရာဖြစ်ပါသည်။
"အမှန်တကယ်ဆို မင်းရဲ့ဓားပညာက ငါ့အထက်မှာ ရှိနေပါတယ်"
ချင်ယွင်သည် သူ၏ရှေ့တွင် ဒူးထောက်နေသော ကျန်းဖန်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးတွေက အေးစက်နေ၏။ သူ၏မျက်နှာပေါ်ရှိ အရေပြား တစ်ဝက်ကျော်သည် ပြိုကျနေပြီး ရွှေရောင်အကြေးခွံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေကာ၊ ရွှေရောင်အလင်းတန်းများက ပြိုးပြိုးပြက်ပြက် လင်းလက် ထွက်ပေါ်နေသည်။
"ဟမ့်၊ ရှုံးတာက ရှုံးတာပဲပေါ့။ ငါကျန်းဖန်ရဲ့ဘဝမှာ ရှုံးနိမ့်ကို ဘယ်တော့မှ မကြောက်ရွှံ့ခဲ့ဘူး။ ငါ့ကို သတ်လိုက်ပါ။ တကယ်လို့ မင်း ရှုံးသွားခဲ့ရင် ငါ သေချာပေါက် တွန့်ဆုတ်နေမှာ မဟုတ်ဘူး။" ကျန်းဖန်က အေးစက်စွာ ပြောသည်။
ချင်ယွင်သည် ကျန်းဖန်၏ စကားကို ကြားလိုက်ရသောအခါ၊ သူ၏မျက်လုံးများတွင် လေးစားမှု အရိပ်အယောင် ပေါ်လာသည်။ ကျန်းဖန်သည် အနည်းငယ် မာနကြီးသော် လည်း သူသည် သံမဏိချပ်ဝတ်ကို ၀တ်ဆင်ထားဆဲ ဖြစ်ပါသည်။
"ဖူး..”။
ချင်ယွင်၏ လက်ချောင်းမှ ဓားအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ပြီး ကျန်းဖန်၏ မျက်ခုံးများကြားရှိ နေရာလွတ်ကို ချက်ချင်း ထိုးဖောက်သွားသည်။
ကျန်းဖန်၏ မျက်ခုံးကြားတွင် သွေးထွက်သံယို အပေါက်တစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
ကျန်းဖန်၏ သတ်ဖြတ်လိုသည့်ဆန္ဒကြောင့် ချင်ယွင်က သူ့ကို ရှင်သန်ခွင့် မပြုခဲ့ပေ။ ကျန်းဖန် ပြောသလိုပင်။ အကယ်၍၊ လဲကျသွားသူသာ သူဖြစ်နေမည်ဆိုလျှင်၊ ကျန်းဖန်သည် သူ့ကို မဆိုင်းမတွ သတ်ပစ်ပါလိမ့်မည်။
အောင်နိုင်သူ အသက်ရှင်နိုင်ပြီး၊ ရှုံးနိမ့်သူကတော့ သေဆုံးရလိမ့်မည်။ ဤသည်မှာ ပြိုင်ပွဲတစ်ခု၏ နောက်ဆုံး ကံကြမ္မာပင် ဖြစ်သည်။ အကယ်၍ သူတို့ တိုက်ခဲ့သည့် နေရာသည် ပြိုင်ပွဲကွင်းထဲမှာ မဟုတ်ရင်တောင်၊ သူတို့သည် တိုက်ပွဲတစ်ခုစီတိုင်းကို ရှင်ခြင်သေခြင်း တိုက်ပွဲတစ်ခုအဖြစ် သဘောထားနေကြဆဲ ဖြစ်ပါသည်။
ဒေါင်!
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ မှိန်ဖျော့သွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုကျသွားသည်။
ထိုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်ရှိ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရသည် လုံးဝ ဆုတ်ယုတ်သွားပြီ ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် စွမ်းအားသည်ပင် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင်၊ သူသည် နဂါးလက်သီးသိုင်း၏ စတုတ္ထမြောက် သိုင်းကွက်ကို အပြင်းအထန် အသက်သွင်းခဲ့ သည်။ ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြိုကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ချင်ယွင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေလိုက်သည်။ ယခုအချိန်မှာ၊ သူသည် လက်ညှိုးထိုးရန်ပင် ခွန်အား မရှိတော့ပါဘူး။ ယခုအချိန်မှာ၊ သူ့ကို သေမျိုးတစ်ယောက်ပင် အလွယ်တကူ သတ်ပစ်နိုင်သည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးနည်းပညာရပ်ကို ဖြန့်ကျက် လိုက်ပြီး ကမ္ဘာကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်ကို စုပ်ယူနေရင်း မြေပြင်ပေါ်တွင် လဲလျောင်းနေပါသည်။ ဤအရိုင်းဆန်သော အင်မော်တယ် စွမ်းအင် သည် အလွန်မင်း ကြမ်းတမ်းပြီး အလွယ်တကူ စုပ်ယူနိုင်ခြင်း မရှိသော်လည်း၊ ဤလျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်ကို မည်သည့်ပြဿနာမျှမရှိဘဲ စုပ်ယူနိုင်ပါသည်။
လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် စွမ်းအင်လှိုင်းလုံးများသည် ချင်ယွင်၏ ခန္ဓာကိုယ် ထဲသို့ စီးဆင်းသွားသည်။ ဤသိမ်မွေ့လေးနက်သော အဝါရောင် စွမ်းအင်များ၏ စီးဆင်းမှုအောက်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် တစ်ဖန် ခွန်အားများနှင့် ပြန်လည် ပြည့်ဝလာသည်။
သို့သော်လည်း ချင်ယွင်သည် လှုပ်ရှားခြင်းမရှိဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေသေး သည်။ သူက အစောပိုင်းက တိုက်ပွဲကို ပြန်တွေးကြည့်နေပါသည်။ သူသည် အစောပိုင်းက တိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အလွန်မင်း တွန်းအားပေးခံခဲ့ရသည်။ အကယ်၍ ကျန်းဖန်သည် ဓားတာအို၏ နိယာမနယ်ပယ်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့ပါက ကျရှုံးရမည့်လူမှာ သူချင်ယွင် ဖြစ်နေပါလိမ့်မည်။
"ဟူး!"
ချင်ယွင်၏ မျက်နှာပေါ်သို့ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ချင်ယွင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး တိုက်လတ်လာလေကို ခံစားလိုက်ရသည်။
လေစွမ်းရည်နိယာမကို ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်း၊ လေ၏ကိုယ်ပွား နှင့် လျှပ်တပြက်မိုင်တစ်သောင်းဆိုပြီး သုံးမျိုး ခွဲခြားထားပါသည်။ (ဟိုရှေးမှာတုန်းက တစ်နေရာမှာ ရှေးဟောင်း ဖရိုဖရဲ ဖြတ်တောက်ခြင်း နိယာမနယ်ပယ်ဆိုပြီး ရေးသားခဲ့ပါသည်။ ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်းနှင့် အတူတူပင် ဖြစ်မည် ထင်ပါသည်)။
ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်းသည် လေထုဖြတ်တောက်ခြင်း သဘောတရားမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ လေ၏ကိုယ်ပွားသည် လေဝိညာဉ်သဘောတရားမှ ဖြစ်ပေါ် လာခြင်း ဖြစ်ပါသည်။ လျှပ်တပြက်မိုင်တစ်သောင်းအတွက်မူ၊ ၎င်းသည် လေကို အသွင်ပြောင်း ခြင်းသဘောတရားမှ ပြောင်းလဲလာခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ လေစွမ်းရည် သဘောတရား သုံးပါးအပေါ် နားလည် သဘောပေါက်မှုသည် အံ့ဩဖွယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်တစ်ဆင့်ကတော့ နိယာမနယ်ပယ် ဖြစ်ပါသည်။
သို့ရာတွင်၊ နိယာမအဆင့်ကို ဦးစွာထိတွေ့မိရန်မှာ ကံကြမ္မာပေါ်တွင်လည်း မူတည်ပါ သည်။
ဖန်းယု၏ “လေအရိပ်တစ်ထောင်အက”သည် လေ၏ကိုယ်ပွား နိယာမမှ ပြောင်းလဲ ဖန်တီးထားသော လှုပ်ရှားမှု သိုင်းပညာရပ်တစ်ခု ဖြစ်ပါသည်။ သို့သော်လည်း သူသည် လေ၏ကိုယ်ပွားနိယာမနယ်ပယ်၏ တံခါးပေါက်နှင့် အမှန်တကယ် ထိတွေ့မှု မရှိသေးပါချေ။ ထိုသို့မဟုတ်လျှင်၊ ဖန်းယု၏ ခွန်အားသည် အဆင့်သစ်တခုသို့ ချက်ချင်း မြင့်တက်သွားလိမ့်မည်။ ချင်ယွင်သည်ပင် ဖန်းယု၏ကိုယ်ပွားများကို အလွယ်တကူ သတ်နိုင်တော့မည် မဟုတ်ပေ။
လေက ဟိန်းဟောက် မြည်တမ်းနေတုန်းပင်။ လေနှင့်အတူ သဲတွေက ချင်ယွင်၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေပါသည်။
ဤတောအုပ်ကြီးသည် မူလကတည်းက ဘာမှမရှိပေ။ ထို့အပြင်၊ ချင်ယွင်နှင့် ကျန်းဖန်တို့အကြား တိုက်ပွဲသည် ဤနေရာရှိ မြေပြင်အား ဖြိုခွဲလုနီးပါး ဖြစ်စေခဲ့သည်။ ထို့ကြောင့် ဤတောကန္တာရထဲတွင် လေပြင်းများသည် နူးညံ့ပျော့ပြောင်းသွားမည်ပုံ မပေါ်ချေ။
ချင်ယွင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေပြီး အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားနေသည်။
လေနှင့် သဲတို့သည် သူ၏ကိုယ်ပေါ်သို့ ဆက်လက် တိုက်ခတ်နေသည်။ အဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ဝက်သည် လေနှင့် သဲများဖြင့် မြှုပ်နှံထားသလို ဖြစ်သွားခဲ့ပြီး၊ သူ၏မျက်နှာသာ ပေါ်လွင်ထင်ရှားနေသည်။
ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ လေထု၏ ပြောင်းလဲမှုများကို အဆက်မပြတ် ခံစားနေခဲ့ပြီး၊ တိုက်ခတ်နေသော လေထဲမှ လေ၏ နိယာမများကို ဖမ်းယူလိုသည်။
နိယာမများသည် အတွင်းဘက်ကျသည့် တရားများဖြစ်ပြီး၊ လေဒြဗ်သည် နိယာမများမှ ဆင့်ကဲဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
လေဒြဗ်၏ နောက်ကွယ်မှ နိယာမတရားများကို စူးစမ်းလေ့လာရန်မှာ လည်ပတ်မူကို ထွင်းဖောက်မြင်ခြင်း နှင့် အတွင်းဖွဲ့စည်းပုံကို ထွင်းဖောက်မြင်ခြင်းကဲ့သို့ပင် ဖြစ်သည်။ ယင်းက လေ၏အသံကို နားလည်ရန်အတွက် နှလုံးသားဖြင့် နားထောင်ရန် လိုအပ်ပါသည်။
ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး တဖြည်းဖြည်းနှင့်၊ သူသည် အံ့သြဖွယ် ကောင်းသော အခြေအနေတစ်ခုထဲသို့ ရောက်သွားပုံရပါသည်။
ထိုအချိန်တွင် ကမ္ဘာကြီးက တဖြည်းဖြည်း ပျောက်ကွယ်သွားသလိုပင်။ သူ၏နားထဲမှာ လေတိုက်သံကိုသာ ကြားနေရသည်။ ချင်ယွင်ကိုယ်တိုင်က ကောင်းကင်နှင့် မြေကြီးကြားတွင် ပြေးလွှားနေသည့်အလား၊ လေပြင်းနှင့်အတူ ဝှေ့ယမ်း လှုပ်ခတ်နေ သော သစ်ရွက်ကဲ့သို့ပင် ဖြစ်နေသည်။
"လေနဲ့အတူ ရွေ့လျားခြင်း..။ လေနဲ့အတူ ရွေ့လျားခြင်း..။ ငါ နားလည်ပြီကွ။"
ချင်ယွင်သည် ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး၊ သူ၏တစ်ကိုယ်လုံးသည် ရုတ်တရက် ထထိုင်လိုက်သည်။ လေစွမ်းရည်၏ စွမ်းအင်အတက်အကျလှိုင်းများသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မထင်မရှား လေပြေ လေအေးက တိုးမြင့်လာသည်။
ဝှီး….။
ချင်ယွင်သည် သူရှိနေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး မီတာ တစ်သောင်းအကွာ တောင်ကုန်းတစ်ခုပေါ်တွင် ပြန်ပေါ်လာသည်။
"ဘယ်လောက်တောင် မြန်ဆန်လိုက်လဲ!"
ချင်ယွင်သည် နောက်ပြန်လှည့်ကြည့်လိုက်ပြီး၊ သူ ချက်ချင်း ဖြတ်ကူးလာခဲ့သော မီတာတစ်သောင်းအကွာအဝေးကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်နှာက တုနှိုင်းမဲ့ စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာသည်။
ဤသည်မှာ သူသည် နိယာမနယ်ပယ်၏ တံခါးခုံသို့ တရားဝင် ဝင်ရောက်သွားခြင်း ဖြစ်ပြီး၊ ၎င်းသည် လျှပ်တပြက်မိုင်တစ်သောင်း၏ နိယာမဖြစ်သည်။
ဝှီး….။
ချင်ယွင်၏ရုပ်အသွင်သည် ရုတ်တရက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး၊ မီတာတစ်သောင်း အကွာရှိ သူ၏မူလနေရာသို့ ပြန်ရောက်သွားခဲ့သည်။
ဤအရာသည် လေဟာနယ်သလင်းကျောက်တွေနှင့် ဖန်တီးထားသည့် လေဟာနယ် ဖြတ်ကျော်ခြင်း မဟုတ်သလို လှုပ်ရှားမှုနည်းပညာတွေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘူးဆိုသည်ကိုလည်း သိထားရလိမ့်မည်။