အခန်း ၇၃၅
Vol. 49 Ch. 735
အခန်း (၇၃၅) ရီယွန် တစ်စုံတစ်ခု ဖြစ်ခြင်း။
အမျိုးသမီး သုံးဦးသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက်၊ ရှောင်ဘိုင်၊ ရှောင်ကျင်း၊ လင်းဝူရွှန်းနှင့် ဧကရာဇ်ပျားဘုရင်မတို့သည် ကပ်ဘေးဒုက္ခကို တစ်လှည့်စီ ဖြတ်ကျော်ခဲ့ ကြသည်။
ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း ရွှေရောင်အလင်းတန်း ကောင်းချီးပေးမူ အောက်တွင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသူ လင်းဝူရွှန်းမှလွဲ၍၊ ကျန်လူအားလုံးသည် ကပ်ဘေးဒုက္ခကို အဆင်ပြေ ချောမွေ့စွာ ဖြတ်ကျော်နိုင် ခဲ့ကြသည်။
သူတို့လေးယောက်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို အထိခိုက်မရှိဘဲ ဖြတ်ကျော်နိုင်ကြသည်ကို ချင်ယွင် မြင်သောအခါတွင် သူသည် သူ၏ စိတ်ထဲတွင် သက်သာရာ ရသွားသည်။
သူတို့လေးယောက်သည် ချင်ယွင်နှင့်အတူ၊ တလမ်းလုံး လျှောက်လှမ်းလာခဲ့ကြပြီး၊ အထူးသဖြင့် ရှောင်ကျင်း နှင့် ရှောင်ဘိုင်တို့သည် သူနှင့်အတူ အကြိမ်ကြိမ် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်ပါသည်။ ချင်ယွင်သည် သူတို့အား ညီအစ်ကိုများအဖြစ် အမြဲတမ်း မှတ်ယူထားခဲ့သည်။
ဘန်း…။
သို့သော် သူတို့လေးယောက်သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသည့် နောက်တွင် ရှဖန်းနှင့် နှင်းအမျိုးသမီးတို့သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးမှ ထွက်လာခဲ့ကြ သည်။ ရှောင်ဟောင် နှင့် ရှောင်ဟေးတို့တောင်မှ သူတို့နောက်မှ လိုက်ပါလာကြသည်။
နှင်းအမျိုးသမီးသည် သူမ၏ကိုယ်ပွားဖြစ်သောကြောင့်၊ သူမ၏အစစ်အမှန် ခန္ဓာကိုယ်သည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့်၊ သူမ၏ကိုယ်ပွားသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို မခံရတော့ဘဲ သူမသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာ ဖြတ်ကျော်သွားခဲ့ပြီး၊ အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်သို့ ပင် တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
"ချင်ယွင်၊ ငါ ရှဖန်းနဲ့ ဆွေးနွေးပြီးသွားပြီ။ ရှောင်ဘိုင်နဲ့ အခြားလူတွေကို မင်းရဲ့ဘေးနားမှာ နေခိုင်းတာက သူတို့အတွက် သိပ်ပြီး အဓိပ္ပာယ်မရှိဘူး။ သူတို့ကို အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲမှာ ထည့်ထားခြင်းက သူတို့ရဲ့ ကြီးထွားမှုအတွက် ဘာအထောက်အကူမှ ဖြစ်လာမှာ မဟုတ်ဘူး။ မင်း သူတို့ကို ဘာလို့ ငါ့ လက်လက်ထဲ မအပ်လိုက်တာလဲ?။ ငါ သူတို့ကို ကူပြီး သင်ကြားပေးမယ်ဆိုရင်ရော ဘယ်လိုလဲ?။" နှင်းအမျိုးသမီးက ချင်ယွင်ကို ပြောသည် ။
"စီနီယာ နှင်းအမျိုးသမီးက ထွက်သွားချင်ပြီလား?" ချင်ယွင်က နှင်းအမျိုးသမီးကို အံ့သြစွာ ကြည့်လိုက်သည်။
"အင်း..၊ ငါ ထွက်သွားဖို့ အချိန်ရောက်ပြီ။ ငါ သူတို့ကို တော်ဝင်ချင် အင်မော်တယ် မင်းဆက်ဆီ ပြန်ခေါ်သွားပေးမယ်။ တကယ်လို့ မင်း ငါ့ကို တွေ့ချင်တယ်ဆိုရင် မင်းက တော်ဝင်ချင် အင်မော်တယ် မင်းဆက်ရဲ့ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို လာပြီး ငါ့ကို လာရှာလို့ရတယ်။" နှင်းအမျိုးသမီးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကောင်းကင်နှင်း မြင့်မြတ်နယ်မြေလား..?" ချင်ယွင်သည် အံ့သြသည့် အမူအရာကို ထုတ်ပြလိုက်သည်။
သူသည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေ အကြောင်း သဘာဝအတိုင်း ကြားဖူးထား သော်လည်း သူသည် ထိုနေရာကို မရောက်ဖူးပေ။ သို့သော်၊ ကောင်းကင်နှင်း မြင့်မြတ် နယ်မြေ၏ ပိုင်ရှင်သည် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူ သိထား သည်။ စီနီယာ နှင်းအမျိုးသမီးကသည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ ပိုင်ရှင်များ ဖြစ်နိုင်မလား?။
"မင်းသိချင်နေတဲ့လူ အပါအဝင် အနာဂတ်မှာ မင်း သွားကြည့်တဲ့အခါ မင်း သိလာပါလိမ့်မယ်။" စီနီယာ နှင်းအမျိုးသမီးက ပြောသည်။ သူမပြောပြီးသည်နှင့် သူမသည် ချင်ယွင်၊ ရှောင်ဘိုင်နှင့် အခြားလူတွေကို နှုတ်ဆက်သည့်အလား၊ လှည့်ကြည့်လိုက်သည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ချက်ချင်းပင် လျှောက်လှမ်းလာကြပြီး၊ သူတို့၏ မျက်နှာတွေက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်မူ အပြည့် ရှိနေပါသည်။
"အကိုကြီး၊ ရှောင်ဘိုင်နဲ့ စောစောက ဆွေးနွေးပြီးသွားပြီ။ ဒါပေမယ့်၊ ငါတို့ စီနီယာ နှင်းအမျိုးသမီးနဲ့ လိုက်သွားဖို့ ဆုံးဖြတ်ထားတုန်းပဲ။ အင်မော်တယ်ဘုရင်စံအိမ်ထဲမှာ တစ်ချိန်လုံး နေရတာ ပျင်းဖို့ကောင်းတယ်။" ရှောင်ကျင်းသည် ချင်ယွင်ထံသို့ လျှောက်လာပြီး မခံချိမခံသာစွာ ပြောလိုက်သည်။
"အစ်ကိုကြီး၊ ငါတို့ သန်မာလာတဲ့အခါ၊ ငါတို့က မင်းကို သေချာပေါက် ကူညီပေးမှာပါ" ရှောင်ဘိုင်က အေးစက်စွာ ပြောသည်။
"ငါရော၊ ငါရောပဲ ။" ရှောင်ဟေးနှင့် ရှောင်ဟောင်တို့လည်း အလျင်အမြန် ပြေးလာကြ သည်။
ချင်ယွင်သည် သူတို့လေးယောက်ကို အပြုံးမပျက် ကြည့်နေကြသည်။ သူက ပြောလိုက်သည် “သွားကြပါ၊ တကယ်လို့ မင်းတို့ ငါ့အနားမှာပဲ ရှိနေမယ်ဆိုရင်၊ မင်းတို့အတွက် အလွယ်ကူပြီး၊ တိုးတက်ဖို့ ခက်ခဲလိမ့်မယ်။ စီနီယာ နှင်းအမျိုးသမီး နောက် လိုက်သွားပြီး စနစ်တကျ ကျင့်ကြံကြပါ"။
"အယ်..၊ စိတ်မပူပါနဲ့ အစ်ကိုကြီး။ ငါတို့ ကျိန်းသေပေါက် လေးလေးနက်နက် ကျင့်ကြံပြီး၊ အချိန်ရောက်လာတဲ့အခါ မင်းရဲ့ ရန်သူအားလုံးကို သတ်နိုင်အောင် ကူညီပေးမယ်။" ရှောင်ကျင်းက ကမန်းကတန်း ပြောလိုက်သည်။
ချင်ယွင်သည် ပြုံးလိုက်ပြီး ရှောင်ကျင်း၏ ခေါင်းကို ထိလိုက်သည်။
ထို့နောက်မှာတော့၊ သူတို့သည် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သည့် အမူအရာဖြင့် လမ်းခွဲ လိုက်ကြပါသည်။ နောက်ဆုံးတွင် နှင်းအမျိုးသမီးကသည် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော ရှောင်ဘိုင်၊ အခြားလူများနှင့်အတူ တိုက်ရိုက် ထွက်ခွာသွားခဲ့ပါသည်။
ချင်ယွင်သည် ငြိမ်သက်သွားပြီး၊ လျူလီမြို့ဆီသို့ အမျိုးသမီးသုံးဦးကို ခေါ်ဆောင် မသွားမီ၊ ရှောင်ဘိုင်နှင့် အခြားလူများ သူ၏အမြင်အာရုံမှ လုံးဝ ပျောက်ကွယ် သွားသည်အထိ စောင့်ကြည့်နေခဲ့ပါသည်။
အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်နှင့် အပြင် ထွက်ခွင့်ပြုမည်ဟု ချင်ယွင်သည် ယခင်ကတည်းက သူ၏အမျိုးသမီးသုံးဦးအား ကတိပေးထားသောကြောင့်၊ သူမတို့သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးသို့ ထပ်မံ ဝင်ရောက်ရန် မလိုအပ်တော့ပေ။ သေချာသည်မှာ၊ အကယ်၍၊ သူတို့သည် အန္တရာယ် ကြုံတွေ့လာရသည့်အခါ ဝင်နေရပါဦးမည်။
ထို့ကြောင့် အမျိုးသမီးသုံးဦးသည် အင်မော်တယ်ကမ္ဘာကြီးကို အမှန်တကယ် မြင်လိုကြ သည်။ ချင်ယွင်လည်း သူမတို့ ပျင်းနေပြီဆိုသည်ကို သိထားသည့်အတွက်၊ သူသည် သူမတို့ကို သဘာဝအတိုင်း လွှတ်ပေးထားလိုက်သည်။
သို့သော် ချင်ယွင်သည် သူမှားယွင်းခဲ့ကြောင်း လျင်မြန်စွာ သဘောပေါက်သွားပါသည်။ အပြင်ဘက် တောအုပ်အထဲမှာ ရှိနေစဉ်က အဆင်ပြေပါသေးသည်။ နောက်ဆုံးမှာ တော့၊ ထိုတောအုပ်သည် လူဦးရေကျဲပါးလှသည်။ သို့သော်၊ သူတို့ လျူလီမြို့သို့ ရောက်သောအခါ၊ သူသည် သူ့အမျိုးသမီးသုံးယောက်၏ ဆွဲဆောင်နိုင်စွမ်းကို လျှော့တွက်ထားကြောင်း သူ သိသွားရပါသည်။
အမျိုးသမီး သုံးယောက်သည် လျှူလီမြို့၏ လမ်းများပေါ်တွင် အတူတကွ လျှောက်လှမ်းလာခဲ့ကြသည်။ ယင်းမြင်ကွင်းက သေမျိုးကမ္ဘာထဲသို့ ကျဆင်းသွားသော နတ်သမီးလေးများကဲ့သို့ပင် ဖြစ်နေပါသည်။ ထို့အပြင်၊ အမျိုးသမီး သုံးဦးသည် တစ်ပြိုင်နက်တည်း ပေါ်လာကြသည်။ ယောက်ျားထုကြီး အားလုံး၏အကြည့်တွေက အမျိုးသမီး သုံးယောက်အပေါ် ကျရောက်သွားကြသည်။ တစ်ယောက်ပြီးတစ်ယောက် ဆိုသလို၊ သူတို့သည် သူတို့လုပ်နေဆဲအလုပ်တွေ ဆက်လုပ်ရန်ပင် မေ့သွားကြပြီး၊ ထိုမူလနေရာမှာ ရပ်နေကြသည်။
တချို့ဆို၊ ခံနိုင်ရည် အားနည်းပြီး၊ သွားရေးတမြားမြား ကျလာသည်။
ချင်ယွင်သည် သဘာဝအတိုင်း ကြီးမားသည့် အမုန်းတရားများကို ဆွဲဆောင်နေသည့် အမျိုးသမီးသုံးဦး၏ ဘေးမှ လျှောက်လာခဲ့သည်။ အကယ်၍၊ ပတ်ဝန်းကျင်မှ လူများ၏ အကြည့်တွေက သတ်ဖြတ်နိုင်စွမ်း ရှိမည်ဆိုလျှင်၊ ချင်ယွင်သည် အကြိမ်ရာနှင့်ချီ၍ သေဆုံးသွားပေလိမ့်မည်။
အထူးသဖြင့် ချင်ယွင်ဆီသို့ ကြည့်လာသည့် အမျိုးသမီးသုံးယောက်၏ မရေရာသော အကြည့်များကို ထိုယောက်ျားထုကြီး မြင်သောအခါတွင် သူတို့အားလုံးသည် သူတို့၏ သွားများကို တင်းတင်းကြိတ်သည်အထိ မုန်းတီးနေကြသည်။
ဤမျိးမစစ်ကောင်သည် ထိပ်တန်း အလှပိုင်ရှင် အမျိုးသမီး သုံးယောက်၏ မျက်နှာသာ ပေးကို အမှန်တကယ် ချက်ချင်း ရသွားခဲ့သည်ဟု သူ့ကို ပြောနေချင်သလိုပင်။
မြို့ထဲမှာ တိုက်ပွဲတွေ တားမြစ်ထားခြင်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ ဤလူများသည် ရှေ့ကို ပြေးထွက်ပြီး ချင်ယွင်ကို အပိုင်းပိုင်း ဆုတ်ဖြဲကြလိမ့်မည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသော်လည်း၊ သူသည် အနည်းငယ် ဝမ်းသာနေသေးသည်။ နောက်ဆုံးတော့၊ ဤအရာသည်၊ သူ၏အမြင်အရ၊ တုနှိုင်းမရသည့် ဂုဏ်ယူစရာတစ်ခုလည်း ဖြစ်ပါသည်။
ချင်ယွင်သည် အမျိုးသမီးသုံးဦးကို လျူလီခန်းမဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ချင်ယွင်သည် ရီယွန်အား အင်မော်တယ် ကျောက်စိမ်းများကို ပေးဆောင်ရန် ပြင်ဆင် ထားပြီး စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးနှင့် ပတ်သက်သည့် သတင်းများ ရရှိခြင်း ရှိမရှိကိုလည်း တချိန်တည်း မေးမြန်းလိုသည်။
သို့သော်လည်း ချင်ယွင်နှင့် အခြားသူများသည် လျူလီခန်းမအတွင်းသို့ ရောက်ရှိသည် နှင့် လျူလီခန်းမ အဝင်ဝတွင် လူအများအပြား စုဝေးကြပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေသကဲ့သို့ အော်ဟစ်ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ရန်ကလန်၏ သခင်လေး တစ်ဦးသည် သူမနောက်ကို လိုက်နေခဲ့ပြီး၊ သူမကို အတင်းကြပ် သိမ်းပိုက်ရန် အသင့်ဖြစ်နေပြီဟု တချိန်က ရီယွန်ပြောခဲ့ဖူးသည်ကို သူ သတိရသွားမိသည်။ ထို့အပြင်၊ ရီယွန် သူ့ကို သွေးဆောင်ရသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းက ရန်ကလန်မှ ထိုသခင်လေး၏ကြောင့်ပင် ဖြစ်ပါသည်။
"ရန်ချန်၊ မင်းရဲ့ အဲဒီနှလုံးသားကို အသေသတ်လိုက်ပါ။ တကယ်လို့၊ ဒီနေ့ ငါ သေသွား မယ်ဆိုရင်တောင်၊ သေချာပေါက်၊ ငါ မင်းနဲ့အတူ ထွက်သွားမှာ မဟုတ်ဘူး။ ငါကို တခြားတစ်စုံတစ်ယောက်က ပိုင်ဆိုင်ပြီးသွားပြီ"။
ထိုအခိုက်တွင်၊ ရေခဲပမာ အေးစက်စက် အသံက ချင်ယွင်၏ နားထဲသို့ ဝင်ရောက် လာသည်။
အသံပိုင်ရှင်မှာ ရီယွန်ဖြစ်ကြောင်း သိလိုက်ရလျှင်၊ ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့သည်။
ချင်ယွင်သည် တုံ့ဆိုင်းမနေတော့ဘဲ၊ လူအုပ်ကြီးကို တိုက်ရိုက် တွန်းထုတ်လိုက်သည်။ ဟုတ်ပါသည်၊ သူသည် လျူလီခန်းမ၏ တံခါးဝမှာ ရပ်တန့်နေသော ရီယွန်ကို တွေ့လိုက်ရပါသည်။
ရီယွန်သည် ရှေးရိုးဆန်ဆန် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏လက်ထဲတွင် အလွန်ကောင်းမွန်သော ဓားမြှောင်တစ်ချောင်းကို ကိုင်ထားသည်။ ဓားမြှောင်မှ အေးစက်စက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး၊ သူမသည် သူမနှင့် ဆန့်ကျင်ဘက် မှာ ရှိနေသော လူငယ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
ရီယွန်၏ ဆန့်ကျင်ဘက်တွင် ရန်ကလန် တပည့်များ၏ အဝတ်အစားကို ဝတ်ဆင်ထား သော လူငယ်တစ်ယောက် ရပ်နေပါသည်။ သူသည် သာမန်အသွင်အပြင်နှင့် အတော်လေး ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိသည်။ သူ၏ ကျင့်ကြံမူ အဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သို့သော်၊ ချင်ယွင် အမှန်တကယ် အာရုံစိုက်မိသည်မှာ ရန်ကလန် တပည့်၏ အဝတ်အစားကို ဝတ်ဆင်ထားသည့် ဤလူငယ် မဟုတ်ဘဲ၊ ထိုလူငယ်၏ နောက်တွင် တိတ်တဆိတ် ရပ်နေပြီး၊ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားသော အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါသည်။ ဤလူ၏ ကျင့်ကြံမူအဆင့်သည် နက်နဲသိမ်မွေ့ ခြင်း အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ဤအနက်ရောင် ဝတ်စုံဝတ် အမျိုးသားသည် ဤရန်မျိုးရိုးလူငယ်၏ လက်အောက်ခံ တစ်ဦး ဖြစ်ကြောင်း ထင်ရှားပါသည်။
"ဘာဖြစ်တယ်။ မင်းကို တခြားတစ်ယောက်ယောက်က ပိုင်သွားပြီလို့ မင်း ပြောလိုက်တာလား?" ရန်ကလန်မှလူငယ် ရီယွန်၏စကားကို ကြားသောအခါ အံ့သြသွားသည့် အမူအရာ ပေါ်လာပြီး သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ရဲ့ ပထမဆုံးအကြိမ်ကို ငါ တခြားတစ်ယောက်ဆီ ပေးလိုက်ပြီ။ အခု ငါက သူ့လူဖြစ်သွားပြီဆိုတော့၊ မင်းအနေနဲ့ ငါ့ကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး" ရီယွန်က အေးစက်စွာ ပြောလိုက်သည်၊ သူမ၏လေသံက စိတ်ပိုင်းဖြတ်မှု အပြည့်ရှိနေသည်။
ချင်ယွင်သည် လူအုပ်ထဲတွင် ရပ်နေပြီး သူ၏နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်လာသည်။ ရီယွန်သည် ဤမျှ ပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"သူက ဘယ်သူလဲ?။ ငါ သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်တယ်" ရန်ချန်၏ မျက်လုံးများ သည် ချက်ချင်းပင် နီမြန်းလာပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက သူ၏ ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။
အနီးနားရှိ လူတိုင်းသည် ဤပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားမိကြပြီး၊ ကြောက်လန့်တကြား ခြေတစ်လှမ်း နောက်ဆုတ်သွားကြသည်။
စာစဉ် (၄၉) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။