အခန်း ၁၆၂၁
Vol. 116 Ch. 1621
အခန်း ( ၁၆၂၁ ) တောင်ပိုင်းကြယ်စင်စုလောကရဲ့ အုပ်ချုပ်သူ ဘယ်သူဖြစ်လာမလဲဆိုတာ ငါ့အပေါ်မှာပဲ မူတည်တယ်။
ယွင်ရှီသည် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သို့ ပြန်ရောက်လျှင် ရောက်ချင်း ပြုလုပ်ခဲ့သည့် ပထမဆုံးအရာမှာ ရွှမ်ထျန်းနန်းတော်သို့ သွားရောက်ခြင်းပင်။
ရွှမ်ထျန်းနန်းတော်သည် ကျွင်းရှောင်ယောက် သီးခြားကျင့်ကြံရန်အတွက် နေရာဖြစ်သည်။
မူလက ရွှမ်းထျန်းဧကရီကိုယ်တိုင်ပင် ကျွင်းရှောင်ယောက်၏ ခွင့်ပြုချက်မရှိဘဲ အထဲသို့ ဇွတ်အတင်း မဝင်ရောက်ခဲ့ပေ။
သို့သော်လည်း၊ ယွင်ရှီကတော့ မနိုင်စိန်ဖြစ်ကာ ရွှမ်ထျန်းနန်းတော်သို့ အချိန်မရွေး ဝင်ထွက်သွားလာနေခဲ့သည်။
"ကိုကြီး..."
ယွင်ရှီက ရွှမ်ထျန်းနန်းတော်သို့ ဝင်လိုက်သည်နှင့်တပြိုင်နက်၊ နတ်ဘုရားမြူခိုးများအလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ဝတ်စုံဖြူဝတ် ပုံရိပ်တစ်ခုကို သူမ မြင်တွေ့လိုက်ရသည်။
"ရှီအာ... ဒီတစ်ကြိမ် လေ့ကျင့်မှုခရီးစဉ်အကြောင်းကို အစ်ကို ကြားသိပြီးပါပြီ"
"မင်းရဲ့ စွမ်းဆောင်ရည်က သိပ်ပြီး ကောင်းမွန်တယ်၊ ယွမ်မင်းသားငယ်ထက်လည်း သိပ်ပြီးတော့ နိမ့်ကျမနေပါဘူး"
ကျွင်းရှောင်ယောက်က အသာအယာပြုံးလျက် ပြောလိုက်သည်။
သူက ယွမ်မင်းသားငယ်ဆိုသူကို လုံးဝ ဂရုမစိုက်ပေ။
သို့သော်လည်း ယွင်ရှီက ဤမျှအထိ အစွမ်းထက်လာခြင်းမှာ သူမ ကြိုးစားပမ်းစား ကျင့်ကြံနေကြောင်းကို ဖော်ပြနေခဲ့သည်။
"ဟိဟိ..."
ယွင်ရှီက ကျေနပ်သွားဟန်ဖြင့် ရယ်လိုက်လေသည်။ သူမ၏ တောက်ပသော မျက်ဝန်းများမှာပင် လခြမ်းကွေးပုံသဏ္ဌာန် ဖြစ်သွားခဲ့ရသည်။
ကျွင်းရှောင်ယောက်၏ ချီးမွမ်းခြင်းကို ခံရခြင်းမှာ သူမအတွက် အကြီးမားဆုံးသော ပျော်ရွှင်မှုပင်။
"ဒီလေ့ကျင့်မှုအတွင်းမှာ တခြား ဘာကိစ္စမျိုးမှ မဖြစ်ခဲ့ဘူးမလား"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ထိုစကားကိုကြားတော့ ယွင်ရှီ၏ မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားပေသည်။ သူက ပြောလိုက်သည်။
"ညီမလေးက တော်တော်လေးကို ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တော့ ဆုံခဲ့တယ်..."
"အလို... ထူးဆန်းတဲ့ လူတစ်ယောက်လား"
ကျွင်းရှောင်ယောက်၏ မျက်ဝန်းထဲတွင် ထူးခြားသော အရိပ်အရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ထို့နောက်တွင်မူ၊ ယွင်ရှီက စူးယုနှင့် ပတ်သက်သည့် အကြောင်းအရာ အားလုံးကို ပြောပြလိုက်လေသည်။
နားထောင်ပြီးနောက်၊ ကျွင်းရှောင်ယောက်၏ မျက်ဝန်းထဲတွင် ဆန်းကြယ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘာကြောင့်များ ဤဇာတ်ကွက်က ဤမျှအထိ ရင်းနှီးနေရပါသနည်း။
အောက်ခြေလောကမှ ကောင်လေးတစ်ဦးက မြင့်မားသောလောကမှ အထက်တန်းစား မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့သည်။
ထိုလူနှစ်ဦး၏ လူမှုအဆင့်အတန်းက လွန်စွာ ကွာခြားလွန်း၏။
ထို့ပြင်၊ ဗီလိန်အသေးစားလေးအဖြစ် သရုပ်ဆောင်ကာ ထိုကောင်လေးကို နှောင့်ယှက်ပြီး အရှက်ခွဲမည့် ရှန်းလဲ့ လည်း ရှိနေသေးသည်။
ထို့နောက်တွင်မူ ထိုလူငယ်လေးက ကံကောင်းခြင်းများနှင့် ဆုံတွေ့ရပြီး၊ လေ့ကျင့်မှုအချို့ ပြုလုပ်ပြီးနောက် ရှန်းလဲ့၏ မျက်နှာကို ဖြတ်ရိုက်ကာ သူ၏ အရှက်ရမှုကို ဆေးကြောပစ်ခဲ့သည်။
ထို့နောက်မှာတော့ လူငယ်လေးက သူချစ်ရသူ ထိုမိန်းကလေးကို ရှာဖွေရန်အတွက် ပိုမိုမြင့်မားသော လောကကြီးဆီသို့ ခရီးဆန့်ပေလိမ့်မည်။
ဤဇာတ်ကွက်တွင် ထိုကဲ့သို့သော ခံစားချက်မျိုး ရှိနေသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ...
ပုံမှန်အားဖြင့် ထိုကောင်လေးသည် သူ၏ အရှက်ရမှုကို ဆေးကြောပြီးနောက်၊ မိန်းကလေးမှာလည်း စိတ်လှုပ်ရှားသွားပြီး သူ့အပေါ်တွင် စိတ်ခံစားချက်များ ဖြစ်ပေါ်လာကာ တဖြည်းဖြည်းနှင့် သူ့ကို ချစ်မိသွားရမည် ဖြစ်သည်။
သို့သော်လည်း ယွင်ရှီက ထိုကဲ့သို့သော လူစားမျိုး မဟုတ်ခဲ့ချေ။
ကျွင်းရှောင်ယောက်ကဲ့သို့ ထူးချွန်လွန်းပြီး ယုတ္တိမတန်သူမျိုးကို စံနမူနာအဖြစ် ထားရှိသောကြောင့် ယွင်ရှီ၏ တောင်းဆိုမှုများမှာ ပိုမိုမြင့်မားလာခဲ့ပြီ ဖြစ်သည်။
သူက စူးယုအပေါ်တွင် စိတ်ခံစားချက်များ အလွယ်တကူ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်သည်မှာ ထင်ရှားပေသည်။
ကံကောင်းထောက်မစွာဖြင့်၊ ကျွင်းရှောင်ယောက်က ဤနေရာတွင် ရှိနေခဲ့သည်။
မဟုတ်ပါက၊ ယွင်ရှီဟူသော မုန်ညင်းထုပ်လေးမှာ ဝက်တစ်ကောင်၏ စားသောက်ခြင်းကို ခံလိုက်ရလိမ့်မည်။
"ရှီအာ့... မင်း အဲဒီ စူးယု ဆိုတဲ့ ကောင်လေးအပေါ်မှာ ဘာစိတ်ခံစားချက်မျိုးမှ မရှိဘူးမလား"
ကျွင်းရှောင်ယောက်က ယွင်ရှီကို နက်နဲသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။
သူက ယခုအခါတွင် စူးယုသည် ဤတောင်ပိုင်းကြယ်စင်စု မဟာလောကကြီး၏ အရွေးချယ်ခံ ဖြစ်ကြောင်းကို အတော်လေး သေချာနေခဲ့ပြီ။
၎င်းက လောကတစ်ခုလုံး၏ ကံကြမ္မာနှင့် အရင်းအမြစ်များကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။
သူတို့၏ အနာဂတ် အောင်မြင်မှုများမှာ အမှန်တကယ်ပင် အကန့်အသတ်မရှိ ဖြစ်ပေလိမ့်မည်။
အကယ်၍ ယွင်ရှီသာ ၎င်းအပေါ်တွင် အနည်းငယ်မျှသော စိတ်ခံစားချက်မျိုး ရှိနေခဲ့မည်ဆိုပါက...
ကျွင်းရှောင်ယောက်သည် ယွင်ရှီ၏ မျက်နှာကို ထောက်ထားသောအားဖြင့် သူ၏ တံစဉ်ကို အမှန်တကယ် ချထားမိကောင်း ချထားမိလိမ့်မည်။
"အစ်ကိုကလည်း... အထင်မှားနေပြီ။ ရှီအာက အဲဒီကောင်လေးကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမိမှာလဲ"
ယွင်ရှီက ကျွင်းရှောင်ယောက် အထင်မှားသွားမည်ကို စိုးရိမ်သဖြင့် အလျင်အစလို ရှင်းပြလိုက်သည်။
"ကောင်းပါပြီ... အစ်ကို သဘောပေါက်ပြီ"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညှိတ်လိုက်သည်။
ယွင်ရှီက စူးယုကို စိတ်ထဲမထားသည့်အတွက်ကြောင့်...
ကျွင်းရှောင်ယောက်အနေဖြင့် ယဉ်ကျေးနေရန် မလိုတော့ပါချေ။
ကျွင်းရှောင်ယောက်၏ ယခုလက်ရှိ အမြင်အရဆိုလျှင်...
သူက ဤကဲ့သို့ ကြီးမားကျယ်ပြန့်သော လောကကြီးတွင် ကြီးမြတ်ရန် ကံပါလာသော ပုဂ္ဂိုလ်တစ်ဦးကိုပင် ထည့်တွက်နေမည် မဟုတ်ပါ။
အကယ်၍ ကျွင်းရှောင်ယောက်သာ ဤကဲ့သို့သော တည်ရှိမှုမျိုးနှင့် အားပြိုင်နေရမည်ဆိုပါက၊ ၎င်းက သူ၏ အဆင့်အတန်းနှင့် ကိုက်ညီလိမ့်မည် မဟုတ်ပါချေ။
သို့သော်ငြားလည်း၊ အကယ်၍ မိမိ၏ ပါးစပ်အနားသို့ အစာအဖြစ် အရောက်လာပို့သော စူးယုကို အသုံးမချမိဘူးဆိုပါက...
၎င်းက မိုက်မဲလွန်းရာကျမည် ဖြစ်သည်။
"အစ်ကိုကြီး... စူးယုဆီမှာ ထူးခြားတဲ့ အရာတစ်ခုခု ရှိနေလို့လား"
ကျွင်းရှောင်ယောက်က စူးယုအပေါ်တွင် အာရုံစိုက်နေပုံရသည်ကို မြင်တွေ့ရသည့်အခါ၊ ယွင်ရှီက စူးစမ်းလိုစိတ်ဖြင့် မမေးဘဲ မနေနိုင် ဖြစ်သွားခဲ့ရသည်။
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပြုံးပြီး ပြောလိုက်၏။
"တကယ်လို့ အဲဒီသူက အနာဂတ်မှာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အုပ်ချုပ်သူ ဖြစ်လာလိမ့်မယ်လို့ ပြောရင် မင်း သူ့အပေါ်မှာ စိတ်ခံစားချက်တွေ ရှိလာမလား၊ ရှီအာ..."
ထိုစကားကို ကြားရသည့်အခါ၊ ယွင်ရှီက ခေါင်းကို ခပ်သွက်သွက်လေး ခါယမ်းလိုက်မိသည်။
"ရှီအာရဲ့ နှလုံးသားထဲမှာတော့ အစ်ကိုကြီးကသာ လောကမှာ တစ်ဦးတည်းသောသူပဲ"
"စူးယုက အနာဂတ်မှာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အုပ်ချုပ်သူ ဖြစ်လာရင်တောင် အစ်ကိုကြီးနဲ့ နှိုင်းယှဉ်ဖို့ ... မဟုတ်ဘူး၊ သူက လုံးဝ နှိုင်းယှဉ်လို့တောင် မရပါဘူး"
ယွင်ရှီက ကျွင်းရှောင်ယောက်ကို သေသေချာချာ ကြည့်လိုက်သည်။
သူမ၏ လှပသော မျက်နှာထက်မှာတော့ ရိုသေလေးစားမှု၊ အားကျမှုများဖြင့် ပြည့်နှက်နေလေသည်။
သူမ၏ နှလုံးသားထဲရှိ သူ့အစ်ကိုကြီး၏ ရပ်တည်ချက်ကို မည်သူမျှ အစားထိုးနိုင်ခြင်း မရှိပါချေ။
"ရှီအာ... အစ်ကို မင်းကို ပြောပြနိုင်တာကတော့ အနာဂတ်မှာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အုပ်ချုပ်သူ ဘယ်သူဖြစ်လာမလဲဆိုတာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အလိုဆန္ဒအတိုင်း ဆုံးဖြတ်မှာ မဟုတ်ဘူး"
"ဒါက အစ်ကို့အပေါ်မှာပဲ မူတည်တယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
အကယ်၍ သူ အလိုမရှိပါက၊ စူးယု၏ တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်ချုပ်သူ ဖြစ်လာမည့် အိပ်မက်မှာ အိပ်မက်တစ်ခုမျှသာ ဖြစ်လိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကိုယ်တိုင်ကမူ တောင်ပိုင်းကြယ်စင်စုလောက၏ သခင် ရာထူးအတွက် အားပြိုင်ရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိပါ။
၎င်းက သူ့အတွက် မည်သည့်အဓိပ္ပာယ်မျှ မရှိပါချေ။
လောကတစ်ခု၏ အရှင်သခင် ဟူသော ဘွဲ့အမည်က အခြားသူများအတွက်မူ အမြင့်မားဆုံးသော ဂုဏ်ဒြပ် ဖြစ်နိုင်သည်။
သို့သော် ကျွင်းရှောင်ယောက်အတွက်မူ၊ ၎င်းက ပုံမှန်မျှသာ ဖြစ်ပြီး မည်သည့်ဆွဲဆောင်မှုမျိုးမျှ မရှိပါချေ။
ကျွင်းရှောင်ယောက်က အနာဂတ်တွင် တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်ချုပ်သူ မည်သူဖြစ်လာမည်ကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ၊ ၎င်းက စူးယုတော့ သေချာပေါက် ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။
တောင်ပိုင်းကြယ်စင်စုလောက၏ အလိုဆန္ဒ ဟု ခေါ်သော အရာနှင့် ပတ်သက်၍မူ...
ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေ၏ အလိုဆန္ဒကိုပင် မကြောက်ရွံ့ဘဲ ဆန့်ကျင်ဘက်ပြုခဲ့သူ ဖြစ်သည်။
သူသည် မဟာလောကတစ်ခု၏ အလိုဆန္ဒကို ဘာကြောင့် ဂရုစိုက်နေရမည်နည်း။
ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ၏ လောကအဆင့်အတန်းမှာ မဟာလောကတစ်ခုထက် များစွာ ပိုမိုမြင့်မားလှပေသည်။
..............
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
ဟင်းလင်းပြင်အက်ကွဲကြောင်းများ ပေါ်လာခြင်းနှင့်အတူ၊ အနက်ရောင်ကပ်ဘေးမျိုးနွယ်များလည်း ပိုမိုညထွက်ပေါ်လာခဲ့ကြ၏။
တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးမှာ သတိပေးချက် အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားပုံရသည်။
ထို့နောက်၊ တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းများက အချိန်မရွေး ပေါ်ပေါက်လာကြသည်။
တစ်ချိန်တည်းမှာပင်၊ ဟင်းလင်းပြင်အက်ကွဲကြောင်းများမှတစ်ဆင့် ပေါ်လာကြသော ပါ့မျိုးနွယ် သတ္တဝါများမှာ ပိုမို အစွမ်းထက်လာခဲ့ကြ၏။
တောင်ပိုင်းကြယ်စင်စုလောကရှိ အဓိက အင်မော်တယ်အင်အားစု အားလုံးမှာလည်း သတိကြီးစွာ ထားနေကြရတော့သည်။
အနက်ရောင်ကပ်ဘေးမျိုးနွယ်များ၏ ကျူးကျော်မှုကြောင့်လား မသိ...
တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးသည်လည်း တုံ့ပြန်မှုများ ရှိခဲ့သည်။
ထူးခြားပြောင်မြောက်သော ပါရမီရှင်များ၊ အနှိုင်းမဲ့ ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ပေါ်ပေါက်လာခဲ့ကြ၏။
ရှေးဟောင်းခေတ်ကာလကတည်းက ချိပ်ပိတ်ခြင်း ခံထားရသော ဘုရင်ငယ်အချို့လည်း ရှိနေသေးသည်။
သူတို့သည် အင်မော်တယ်နယ်မြေ၏ မျိုးစေ့အဆင့် ပါရမီရှင်များနှင့် ဆင်တူပြီး၊ တစ်ဦးချင်းစီတွင် ကိုယ်ပိုင် အရည်အချင်းများ ရှိကြသည်။
၎င်းက ကျင့်ကြံခြင်းအတွက် ရွှေရောင်ခေတ်ကာလကြီးတစ်ခု ချဉ်းကပ်လာနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်ဟု ဆိုနိုင်ပေသည်။
ထို့ပြင်၊ မြင့်မြတ်ခန္ဓာတာအိုသန္ဓေဖြစ်သော ကျွင်းရှောင်ယောက်လည်း မွေးဖွားလာခဲ့သည်။
တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးတွင် အင်မော်တယ်အင်အားစု အားလုံးက ယုံကြည်ထားကြသည်မှာ……
တောင်ပိုင်းကြယ်စင်စုလောကကြီးက ကြီးမားသော အပြောင်းအလဲတစ်ခု၊ ကံကြမ္မာ၏ အလှည့်အပြောင်းတစ်ခုကို ကြုံတွေ့ရတော့မည် ဖြစ်သည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ တောင်ပိုင်းကြယ်စင်စုလောကကို အမှန်တကယ် အုပ်ချုပ်မည့်သူ ပေါ်လာတော့မည်။
တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်ချုပ်သူ မွေးဖွားလာရန် အလွန်တရာ အလားအလာများနေပြီ။
ထိုကဲ့သို့ ခမ်းနားပြီး လှိုင်းထန်သော ခေတ်ကာလကြီးတွင်...
အင်မော်တယ်အင်အားစုတစ်ခုက မျှော်လင့်မထားဘဲ စတင်၍ ကြီးထွားလာခဲ့သည်။
ထိုအရာမှာ ယွမ်ကျူးနတ်ဘုရားမင်းဆက်ပင်။
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှာ မူလကပင် တောင်ပိုင်းကြယ်စင်စုလောကတွင် ကျော်ကြားသော အင်မော်တယ်နတ်ဘုရားမင်းဆက်တစ်ခု ဖြစ်သည်။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ကဲ့သို့ပင်၊ ၎င်းက တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်ချုပ်မှုအာဏာအတွက် ပြင်းထန်သော အားပြိုင်သူတစ်ဦး ဖြစ်၏။
ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာနှင့် တာအိုသန္ဓေ ဆင်းသက်လာပြီးနောက်...
နှစ်ပေါင်းတစ်ရာအတွင်းမှာပင် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က ယွမ်ကျူးနတ်ဘုရားမင်းဆက်ကို သေချာပေါက် ဖိနှိပ်ထားနိုင်မည်ဟု လူတိုင်းက ယုံကြည်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေ၊ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေက စွမ်းအားကြီးမားလွန်းသည်။
၎င်းကြီးပြင်းလာသည်နှင့်တစ်ပြိုင်နက်၊ ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း လူတိုင်း အံ့အားသင့်သွားရသည်မှာ...
ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ စွမ်းအားနှင့် အခြေခံအုတ်မြစ်က မူလကပင် ရွှမ်းထျန်းနတ်ဘုရားမင်းဆက်နှင့် နှိုင်းယှဉ်နိုင်လောက်သည်။
ဤကာလအတွင်း၌မူ၊ ထိုတိုင်းပြည်က အရှိန်အဟုန်ဖြင့် တိုးတက်နေပုံရပြီး၊ ၎င်း၏ ကံကောင်းခြင်းမှာလည်း မြင့်တက်လာတော့သည်။
၎င်း၏ သြဇာလွှမ်းမိုးမှု နယ်ပယ်မှာလည်း တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာခဲ့သည်။
တောင်ပိုင်းနယ်မြေတစ်ခုလုံးကို စုစည်းရန်အတွက် ဦးတည်နေသည့် လမ်းကြောင်းတစ်ခုပင် ရှိနေသေးသည်။
အကယ်၍ ယွမ်ကျူးနတ်ဘုရားမင်းဆက်သာ တောင်ပိုင်းယွမ်နယ်မြေကို အမှန်တကယ် စုစည်းနိုင်ခဲ့မည်ဆိုပါက...
၎င်းက တောင်ပိုင်းကြယ်စင်စုလောက၏ နယ်မြေလေးပုံတစ်ပုံကို သိမ်းပိုက်လိုက်ခြင်း ဖြစ်လိမ့်မည်။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က အရှေ့တုန်ရွှမ်းနယ်မြေ၏ အရှင်သခင် ဖြစ်သော်လည်း...
တကယ်တမ်းမှာတော့ အရှေ့တုန်ရွှမ်းနယ်မြေတစ်ခုလုံးကို လုံးဝ သိမ်းပိုက်ထားခြင်း မရှိပါ။
ဥပမာအားဖြင့် မျောလွင့်တိမ်တိုက် မြင့်မြတ်နယ်မြေနှင့် တင်းထျန်းဓားအဆောင် နှစ်ခုစလုံးမှာ အရှေ့တုန်ရွှမ်းနယ်မြေရှိ အင်မော်တယ်အင်အားစုများ ဖြစ်ကြပြီး၊ ရွှမ်းထျန်းနတ်ဘုရားမင်းဆက်ထက် များစွာ နိမ့်ကျမနေပါချေ။
ဤအခြေအနေက ရွှမ်ထျန်းဧကရီ ယွဲ့ကျစ်လန်ကို ဖိအားများ ခံစားရစေခဲ့သည်။
သူမထံတွင် ထူးချွန်သော ပါရမီရှင် သားတော်တစ်ဦးရှိသော်လည်း...
မြင့်မြတ်ခန္ဓာတာအိုသန္ဓေက မည်မျှပင် ထူးခြားပါစေ၊ ၎င်းတို့ ကြီးပြင်းလာရန်အတွက် အချိန်လိုအပ်နေသေးသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကမူ ဤသတင်းကို ကြားရသည့်တိုင် တည်ငြိမ်နေခဲ့သည်။
အကြောင်းမူ၊ အရာအားလုံးက သူ၏ မျှော်လင့်ချက်များအတွင်းမှာ ရှိနေခဲ့သောကြောင့်ပင်။