အခန်း ၁၆၂၄
Vol. 116 Ch. 1624
အခန်း ( ၁၆၂၄ ) ဧကရာဇ်ငယ် ယွင်ရှောင်၏ တစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲ။
ကျွင်းရှောင်ယောက်၏ စကားများက ရောက်ရှိနေကြသော မှူးမတ်အပေါင်းတို့ကို အံ့ဩသွားစေခဲ့သည်။
ထို့နောက်တွင်မူ သူတို့အနေဖြင့် ခါးသီးသော အပြုံးတစ်ခုကိုသာ ထုတ်ဖော်နိုင်ကြတော့သည်။
လောက၏အရွေးချယ်ခံကို ပုရွက်ဆိတ်တစ်ကောင်သာသာ သဘောထားခြင်း...
မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားသူတစ်ဦးတည်းသာလျှင် ဤကဲ့သို့သော စကားမျိုးကို ပြောဆိုရန် အရည်အချင်း ပြည့်မီသည်။
"အစ်ကိုကြီး..."
ကျွင်းရှောင်ယောက်၏ နံဘေးတွင် ကပ်မှီနေသော ယွင်ရှီလည်း ချိုသာသော ပြုံးလိုက်လေသည်။
ကျွင်းရှောင်ယောက် ရှိနေသရွေ့၊ သူ လုံးဝ စိတ်ချထားနိုင်ပုံရသည်။
ယခင်က သူမ ခံစားခဲ့ရသော အနည်းငယ် မကျေနပ်မှုများနှင့် ဝေခွဲမရဖြစ်မှုများမှာလည်း ပျောက်ကွယ်သွားခဲ့ပေသည်။
"ကျွန်တော်မျိုးတို့ မှားသွားပါတယ်..."
ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး၊ အစစ်အမှန် အင်မော်တယ်တစ်ပါးကဲ့သို့ ပေါ်ထွက်လာကာ နတ်အလင်းတန်းများ ဝန်းရံထားသည့် ကျွင်းရှောင်ယောက်ကို အာရုံခံမိပြီးနောက်....
ထိုအမတ်အိုကြီးက ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။
သူ၏ မျက်နှာပြင်မှာ တုန်လှုပ်မှုများ ဖြစ်ပေါ်လာပြီး ကျောပြင်မှလည်း ချွေးစေးများ စီးကျလာတော့သည်။
ဘာရယ်ကြောင့်မှန်း မသိ။
သူ့ရှေ့မှောက်က ဧကရာဇ်ငယ်၏ ကျင့်ကြံမှုအခြေခံမှာ ဧကရီ ယွဲ့ကျစ်လန်ကို မယှဉ်နိုင်သေးသည်မှာ ထင်ရှားလှသော်လည်း...
ထိုမမြင်နိုင်သော တန်ခိုးအာဏာစက်က သက်ရှိသတ္တဝါအားလုံးကို ဦးညွှတ် အညံ့ခံသွားစေရန် လုံလောက်ပုံရသည်။
သူက မွေးဖွားလာကတည်းက ဧကရာဇ်တစ်ပါး ဖြစ်နေသကဲ့သို့ပင်။
"ဒါက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေရဲ့ စွမ်းအားလား..."
အခြားအမတ်များမှာလည်း ထိတ်လန့်သွားခဲ့ကြရသည်။
တစ်ချိန်တည်းမှာပင်၊ စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခုလည်း ရှိခဲ့ကြလေသည်။
ကံကောင်းထောက်မစွာဖြင့်၊ ဤမြင့်မြတ်ခန္ဓာ တာအိုသန္ဓေမှာ သူတို့ ရွှမ်းထျန်းနတ်ဘုရားမင်းဆက်၏ ဧကရာဇ်ငယ် ဖြစ်နေခဲ့သည်။
"လောကရဲ့ကလေးငယ်အတွက်တော့ အထူး စိုးရိမ်ပူပန်နေစရာမလိုပါဘူး အမေ၊ ကျန်တာတွေကို သားဆီသာ လွှဲထားလိုက်ပါ"
ကျွင်းရှောင်ယောက် အသာအယာပြုံးရင်း ပြောလိုက်သည်။
အန္တိမကပ်ဘေးကြီးနှင့် တိုက်ပွဲ၊ အမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်းများကို ကြုံတွေ့ခဲ့ဖူးသော ကျွင်းရှောင်ယောက်အတွက်...
သူ့အမြင်တွင် ဤမင်းဆက်ကြီးနှစ်ခုကြားက တိုက်ပွဲမှာ ကလေးကစားစရာထက် မပိုပါချေ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ သူက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ဧကရာဇ်ငယ် ဖြစ်နေဆဲ ဖြစ်သည်။
သူ ကူညီပေးသင့်သော လူများ ရှိနေသေးသည်။
ထို့အပြင်၊ အချိန်ကို တွက်ချက်ကြည့်ရလျှင် စူးယုဟူသော ကြက်သွန်မြိတ်ကလေးက ယခုအချိန်တွင် တော်တော်လေး ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
သူ့ကို ရိတ်သိမ်းရန် အချိန်တန်ချေပြီ။
............
တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံးက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင်...
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က တုန်လှုပ်စရာကောင်းသော သတင်းစကားတစ်ခုကို ထုတ်ပြန်လိုက်၏။
ထိုအရာမှာ၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ဧကရာဇ်ငယ် ယွင်ရှောင်က သူ၏ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့အခမ်းအနားကို ကျင်းပတော့မည် ဖြစ်သည်။
ဤသတင်းက တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ပေသည်။
မကြာသေးမီနှစ်များအတွင်း၊ လောက၏အရွေးချယ်ခံ ဖြစ်သော စူးယုက တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံး၌ ကျော်ကြားလာခဲ့သော်လည်း...
၎င်းက ကျွင်းရှောင်ယောက်၏ တောက်ပမှုကို မဖုံးလွှမ်းနိုင်ခဲ့ချေ။
နောက်ဆုံးတွင်၊ အသက်တစ်ဆယ့်ငါးနှစ်အရွယ်ဖြင့် အဓိပတိနယ်ပယ်သို့ ရောက်ရှိခဲ့သော တည်ရှိမှုမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည်။
ထို့ပြင်၊ ထိုစဉ်က ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်း၌ ကျွင်းရှောင်ယောက်၏ အံ့အားသင့်စရာကောင်းသော စွမ်းဆောင်ရည်မှာလည်း တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သေးသည်။
သို့သော် ကျွင်းရှောင်ယောက်က လွန်စွာ အနေအထိုင် သိုသိပ်သည်။
ထိုတစ်ကြိမ်မှလွဲ၍၊ ကျွင်းရှောင်ယောက်သည် နောက်ထပ် သုံးနှစ်တာကာလပတ်လုံး တံခါးပိတ်နေခဲ့ပြီး နတ်ဘုရားမင်းဆက်၏ အပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မလှမ်းခဲ့ချေ။
ထို့ကြောင့်၊ တောင်ပိုင်းကြယ်စင်စုလောကထဲတွင် လူအနည်းငယ်သာ ကျွင်းရှောင်ယောက်၏ ထူးခြားပြောင်မြောက်သော ပါရမီကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးကြခြင်း ဖြစ်သည်။
လူတိုင်းက ဤဒဏ္ဍာရီလာ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေမှာ မည်မျှအထိ ထူးခြားမည်ကို လွန်စွာ သိချင်နေကြပေသည်။
သို့သော်လည်း စိတ်မကောင်းစရာက ကျွင်းရှောင်ယောက်ဟာ လွန်စွာ အနေအထိုင် အေးလွန်းခြင်း ဖြစ်သည်။
သူက သူ၏ အသက်ဆယ်နှစ်ပြည့် မွေးနေ့ပွဲကိုပင် မကျင်းပခဲ့ပေ။
ထို့ကြောင့် ယခုအခါတွင်၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က ကျွင်းရှောင်ယောက်၏ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပတော့မည်ဟူသော သတင်းကို ထုတ်ပြန်လိုက်သည့်အခါ...
တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။
အရှေ့တုန်ရွှမ်းနယ်မြေ၊ တောင်ပိုင်းနန်ယွမ်နယ်မြေ၊ မြောက်ပိုင်းပေမင်နယ်မြေ၊ အနောက်ပိုင်း ရှီးယိုနယ်မြေ...
ကြယ်စင်စုနယ်မြေလေးခုလုံးရှိ အင်မော်တယ်အင်အားစုများ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
"ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ရဲ့ ဧကရာဇ်ငယ်က ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး"
"အဲအချိန်က ဧကရာဇ်ငယ်ဟာ အသက်တစ်ဆယ့်ငါးနှစ် အရွယ်နဲ့တင် အဓိပတိနယ်ပယ်ကို ရောက်ရှိခဲ့တာ...၊ အခု သုံးနှစ် ကြာပြီးနောက်မှာတော့ သူက အဓိပတိနယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေလောက်ပြီ မဟုတ်လား"
"ကျုပ်က အစစ်အမှန် မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒီတစ်ကြိမ်တော့ ကျုပ်က သေချာပေါက် သွားရမယ်"
အင်မော်တယ်အင်အားစုများ အားလုံးမှာ ရွှမ်ထျန်းဧကရာဇ်ငယ်၏ မွေးနေ့ပွဲသို့ သွားရောက်၍ ပါဝင်ဆင်နွှဲရန်အတွက် ပြင်ဆင်လိုက်ကြသည်။
ဟုတ်သည်၊ စိတ်လှုပ်ရှားဆုံး ဖြစ်နေကြသည်မှာ အရပ်မျက်နှာအသီးသီးမှ မိန်းမပျိုလေးများ ဖြစ်ကြလေသည်။
"ကျွန်မ ကြားဖူးတာကတော့ ဧကရာဇ်ငယ် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ စွမ်းအားပိုင်းမှာတင် အနှိုင်းမဲ့တာ မဟုတ်ဘဲ၊ ရုပ်ရည်ပိုင်းမှာလည်း ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ နတ်သားတစ်ပါးလိုမျိုး ချောမောလွန်းတယ်တဲ့"
"တကယ်လို့ အရှင့်သားက ကျွန်မကို သဘောကျမယ်ဆိုရင်၊ အစေခံမိန်းကလေးတစ်ယောက် ဖြစ်ရမယ်ဆိုရင်တောင် လိုလိုလားလား ရှိပါတယ်..."
မိန်းမပျိုတစ်ဦးက ရူးသွပ်စွာ ပြောဆိုလိုက်သည်။
"ဉာဏ်နည်းလိုက်တာ၊ စိတ်ကူးယဉ်မနေတော့နဲ့။ ဧကရာဇ်ငယ်လို ပုဂ္ဂိုလ်မျိုးက ရှင့်ကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင်၊ ဒါက ဘဝသုံးဘဝစာ ကောင်းမှုကံတွေကြောင့် ရရှိလာတဲ့ ကောင်းချီးတစ်ခုပဲ"
အရပ်မျက်နှာအသီးသီးမှ ပြင်ဆင်မှုများ ပြုလုပ်နေကြစဉ်မှာပင်...
အချို့သော လူများမှာမူ၊ ပိုမိုနက်နဲသော အရာများကို တွေးတောမိကြသည်။
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ စူးယုက ယွင်ရှီကို ချစ်မြတ်နိုးနေကြောင်း သတင်းကို ထုတ်ပြန်ပြီးနောက်...
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ ဧကရာဇ်ငယ်က မွေးနေ့ပွဲကို ကျင်းပတော့မည်ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။
"မထူးဆန်းတော့ပါဘူး၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က တကယ်ကို လိမ်မာပါးနပ်တယ်"
"တကယ်လို့ သူတို့က ယွင်ရှီကို ယွမ်ကျူးနတ်ဘုရားမင်းဆက်ဆီ စေလွှတ်ပြီး စူးယုကို သွားရှာခိုင်းမယ်ဆိုရင်၊ ဒါက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က အားနည်းချက်ပြပြီး အညံ့ခံလိုက်တဲ့သဘော သက်ရောက်စေလိမ့်မယ်"
"ဒီအခြေအနေမှာ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က မွေးနေ့ပွဲအခမ်းအနားကို ကျင်းပနေလိုက်ရင်တော့... ဒါက စူးယုသာ ယွင်ရှီကို တွေ့ချင်တယ်ဆိုရင် သူကပဲ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ဆီကို အစပြုပြီး လာရောက်သင့်တယ်လို့ ဆိုလိုတာပဲ"
"ဒါက ရွှမ်းထျန်းနတ်ဘုရားမင်းဆက်အတွက် မျက်နှာပန်းလှစေရုံတင်မကဘဲ၊ အချိန်လည်းဆွဲနိုင်တယ်။
နောက်ပိုင်းမှာ စူးယုရဲ့ စွမ်းအားကို အကဲဖြတ်ဖို့အတွက်လည်း အခွင့်အရေး ရစေနိုင်သေးတယ်။ ဒါက အားလုံးအတွက် အဆင်ပြေစေမဲ့ အခြေအနေပဲ"
"ဟုတ်တယ်၊ ဒီအကြံဉာဏ်ကို ဘယ်သူပဲ ထုတ်ဖော်ခဲ့ပါစေ၊ အရမ်းပါးနပ်တယ်"
"ဒါက ရွှမ်းထျန်းဧကရီရဲ့ အကြံဉာဏ်ပဲ ဖြစ်မှာပေါ့"
ရှေးဟောင်းပုဂ္ဂိုလ်ကြီးများနှင့် အဓိပတိနယ်ပယ် ခုနစ်ခုမှ ကျွမ်းကျင်သူအများအပြားမှာ ဤအခြင်းအရာကို သဘောပေါက်သွားကြပြီးနောက် ရွှမ်းထျန်းဧကရီ၏ ဉာဏ်ပညာနှင့် နည်းဗျူဟာများကို အံ့ချီးမဆုံး ဖြစ်သွားကြလေသည်။
သို့သော်လည်း သူတို့ မသိကြသည်မှာ...
ဒါက ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သော အကြံပြုချက်တစ်ခုမျှသာ ဖြစ်သည်။
အကယ်၍ စူးယုက ယွင်ရှီအပေါ်တွင် အမှန်တကယ်ပင် စိတ်ခံစားချက်များ ရှိနေမည်ဆိုပါက၊ သူသည် ဤပွဲတော်သို့ တက်ရောက်ရန် အစပြုလာပေလိမ့်မည်။
ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက်မှာ စူးယုဟူသော ဤကြက်သွန်မြိတ်ကလေးက မည်မျှအထိ ကြီးထွားလာခဲ့ပြီလဲဆိုသည်ကို ကြည့်ရှုလိုရုံမျှသာ ဖြစ်သည်။
............
မကြာမီမှာပင်၊ မွေးနေ့ပွဲနေ့သို့ ရောက်ရှိလာခဲ့ပြီ။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်တစ်ခုလုံးက တောက်ပစွာ အလှဆင်ထားပြီး လူသူများဖြင့် စည်ကားသိုက်မြိုက်နေခဲ့သည်။
အင်အားစုပေါင်းစုံက လူများကို စေလွှတ်၍ သူတို့၏ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ကြလေသည်။
မိုးပျံလှေများ၊ အထပ်ပေါင်းများစွာပါသော သင်္ဘောကြီးများနှင့် ရှေးဟောင်း မိုးပျံသားရဲကြီးများမှာ ကောင်းကင်နှင့် မြေပြင် ဖုံးလွှမ်းထားလျက် ရေလှိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ကြသည်။
ဤမြင်ကွင်းမျိုးက လွန်စွာ တွေ့ရခဲလှသည်ဟု ဆိုနိုင်ပေသည်။
အခြား မည်သည့် ပါရမီရှင်၏ မွေးနေ့အခမ်းအနားကများ ဤမျှအထိ ခမ်းနားထည်ဝါပြီး စည်ကားနိုင်ပါဦးမည်နည်း။
အရပ်မျက်နှာအနှံ့မှ ဧည့်သည်တော်များကို ဆွဲဆောင်နိုင်ခြင်း ရှိပါဦးမည်နည်း။
မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားသူတစ်ဦးတည်းသာလျှင် ဤအရာကို အောင်မြင်နိုင်သည်။
ထိုကဲ့သို့သော ခန္ဓာမျိုးမှာ တွေ့ရခဲပေသည်။
တောင်ပိုင်းကြယ်စင်စုလောကကို မဆိုထားဘိ၊ နယ်နိမိတ်ပင်လယ် တစ်ခုလုံးတွင်ပင် ခေတ်တစ်ခေတ်လုံး၌ တစ်ယောက် ထွက်ပေါ်လာရန် ခဲယဉ်းသည်။
ထို့ပြင်၊ အင်အားစုအသီးသီးက ဤဒဏ္ဍာရီလာ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို မြင်တွေ့လိုကြခြင်းအပြင်...
အခြား အကြောင်းရာတစ်ခုကိုလည်း သိရှိလိုကြသေးသည်။
ဤမြင့်မြတ်ခန္ဓာ တာအိုသန္ဓေနှင့် လောက၏ကလေးငယ် ဖြစ်သော စူးယုတိို့အနက် မည်သူက ပိုမိုအစွမ်းထက်မည်နည်း။
အချိန်တန်လျှင်၊ ဤအခမ်းအနားက တကယ့်ကို ကြည့်ကောင်းမည့် မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
"ထျန်းယွမ်ဂိုဏ်းက အင်မော်တယ် ဆေးလုံးငါးလုံးကို ဆက်သပါတယ်"
"မြောလွင့်တိမ်တိုက် မြင့်မြတ်မြေ ရှေးဟောင်း ကျမ်းစာလိပ်တစ်ခုကို ဆက်သပါတယ်"
"ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က ရေခဲနှလုံးသား နဂါးကျောက်စိမ်းတစ်ခုကို ဆက်သပါတယ်"
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်၏ နာမည်ကို ကြေညာလိုက်သည့်အခါ၊ ရောက်ရှိနေကြသော လူတိုင်း ခေတ္တမျှ ဆိတ်ငြိမ်သွားခဲ့ကြရသည်။
ရေခဲပြာရောင် မျက်ဝန်းများနှင့် ရေခဲပြာရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့၏။
သူက ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်၏ သူတော်စင်မလေး ပိုင်ရွယ်ဝေပင်။
သူ့အမူအရာက တည်ငြိမ်သော်လည်း နှလုံးသားမှာတော့ နာကျင်နေရသည်။
လွန်ခဲ့သော သုံးနှစ်က၊ ဟင်းလင်းပြင်အက်ကွဲကြောင်းဖြစ်ရပ်တွင် ကျွင်းရှောင်ယောက် ပေါ်ထွက်လာခဲ့ကတည်းက...
ပိုင်ရွယ်ဝေသည် တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံး၏ လှောင်ပြောင်စရာတစ်ခု ဖြစ်လာခဲ့ရသည်။
လူတိုင်းက သူ့ကို လွန်စွာ ဟန်ကြီးပန်ကြီး လုပ်ခဲ့ပြီး၊ ရလဒ်အနေဖြင့် သူမ၏ တောက်ပသော အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့မိသည်ဟု ဆိုကြလေသည်။
ထိုစဉ်က၊ သူသာ စေ့စပ်မှုကို ဖျက်သိမ်းရန် သဘောမတူခဲ့ဘူးဆိုလျှင်...
ရွှမ်းထျန်းနတ်ဘုရားမင်းဆက်အနေဖြင့် သူမအား စေ့စပ်မှု ဖျက်သိမ်းရန် အတင်းအကျပ် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါချေ။
ထိုသို့ဆိုလျှင်၊ ပိုင်ရွယ်ဝေက ဧကရာဇ်ငယ်၏ စေ့စပ်ထားသူအဖြစ် ရှိနေဆဲ ဖြစ်ပေလိမ့်မည်။
အနာဂတ်တွင်၊ ကျွင်းရှောင်ယောက်နှင့်အတူ ရှိနေရန် ကံပါလာခဲ့မည်ဖြစ်ပြီး တောင်ပိုင်းကြယ်စင်စုလောကနှင့် နယ်နိမိတ်ပင်လယ် တစ်ခုလုံးတွင်ပင် အတူတူ ကျော်ကြားလာနိုင်သည်။
ပိုင်ရွယ်ဝေက ပါရမီရှင် သမီးပျိုအများအပြား လိုချင်နေကြသည့် စေ့စပ်ထားသူ အဆင့်အတန်းကို သူမဘာသာ ဖြတ်တောက်ပစ်ခဲ့ခြင်း ဖြစ်သည်။
ထိုအကြည့်များက အပ်များကဲ့သို့ပင် ပိုင်ရွယ်ဝေကို ထိုးဆွဲနေခဲ့ကြပေသည်။
ထိုအခိုက်အတန့်တွင်၊ ခန်းမကြီးတစ်ခုလုံး၏ လေထုမှာ ရုတ်တရက် မြင့်မားသွားရသည်။
ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ဤနေရာသို့ ဆင်းသက်လာခဲ့၏။
ဤပွဲ၏ အဓိကဇာတ်ဆောင် ရောက်ရှိလာခဲ့ပြီ။