အခန်း ၁၆၂၅
Vol. 116 Ch. 1625
အခန်း ( ၁၆၂၅ ) ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ စူးယု ရောက်ရှိလာပြီ။
ကျွင်းရှောင်ယောက်က လွတ်လပ်ပေါ့ပါးပြီး သန့်စင်သော အရှိန်အဝါများနှင့်အတူ သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါစွာ ရပ်နေခဲ့သည်။
သူ၏ နံဘေးတွင်မူ ဧကရီ ယွဲ့ကျစ်လန်နှင့် ယွင်ရှီတို့ အတူတူ ပေါ်ထွက်လာခဲ့ကြ၏။
"ဧကရီအရှင်မကို နှုတ်ခွန်းဆက်ပါတယ်၊ ဧကရာဇ်ငယ်အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ်၊ မင်းသမီး ယွင်ရှီကို နှုတ်ခွန်းဆက်ပါတယ်"
"ဧကရာဇ်ငယ်ရဲ့ မွေးနေ့ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်... အနာဂတ်မှာ ဧကရာဇ်ငယ်က တစ်လောကလုံးကို လွှမ်းမိုးပြီး ကြယ်စင်စုနယ်မြေတစ်ခုလုံးမှာ ကျော်ကြားလာမှာ ဧကန်မုချပါပဲ"
ရောက်ရှိနေကြသော ဧည့်သည်များက လက်ယှက်ပြီး နှုတ်ဆက်လိုက်ကြလေသည်။
မရေတွက်နိုင်သည့် အကြည့်များမှာတော့ ကျွင်းရှောင်ယောက်ထံသို့ စူးစိုက်ကျရောက်နေခဲ့ကြသည်။
နောက်ဆုံးတွင်၊ သူတို့အများစုက ဤပွဲသို့ လာရောက်ကြခြင်းမှာ သေမျိုးလောကသို့ ပြည်နှင်ဒဏ်ခံရသည့် အင်မော်တယ်တစ်ပါးကဲ့သို့ ရှိသည်ဟု ဆိုကြသော... ဤဒဏ္ဍာရီလာ ဧကရာဇ်ငယ် ယွင်ရှောင်မှာ မည်မျှထူးခြားသည်ကို ကြည့်ရှုလိုကြသောကြောင့် ဖြစ်ပည်။
အမှန်လည်း လက်တွေ့မြင်လိုက်ရချိန်တွင်၊ မရေတွက်နိုင်သော လူလကများမှာ အံ့အားသင့်သွားခဲ့ကြ၏။
အချို့သော ပျက်စီးခြင်းတာအိုသခင်များပင်လျှင် အံ့အားသင့်မှုနှင့် သံသယဖြစ်ခြင်း အမူအရာများ ထွက်ပေါ်လာကြတော့သည်။
သူတို့က ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအခြေခံအဆင့်နှင့် စွမ်းအားကို လုံးဝ ထိုးဖောက် မမြင်နိုင်ကြပါချေ။
သူတို့၏ မျက်ဝန်းထဲတွင် ကျွင်းရှောင်ယောက်က နက်ရှိုင်းသော ရေကန်ကြီးတစ်ခု သို့မဟုတ် အတိုင်းအဆမရှိ နက်ရှိုင်းလှသော ကြယ်တာရာကောင်းကင်ကြီးကဲ့သို့ ဖြစ်နေခဲ့သည်။
သူတို့က စူးစမ်းရန် ကြိုးစားခဲ့ကြသော်လည်း၊ မည်သည့်အချက်အလက်ကိုမျှ လုံးဝ ရှာဖွေမတွေ့ရှိနိုင်ခဲ့ကြပါချေ။
မသိခြင်းက ကြောက်စရာကောင်းဆုံးအရာ ဖြစ်သည်။
'ဒီဧကရာဇ်ငယ်က အဓိပတိနယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပြီလား'
'အဓိပတိ မဟာပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဆိုရင်တောင် အရှိန်အဝါ အချို့ကိုတော့ အာရုံခံမိသင့်တယ် မဟုတ်လား'
'ဖြစ်နိုင်တာကတော့ ဧကရီ ရွှမ်ထျန်းက သူ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ဖို့ တစ်ခုခု ပေးထားတာ ဖြစ်လိမ့်မယ်'
အင်အားစုတချို့မှ ကျွမ်းကျင်သူများက သူတို့၏ နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ တိုးတိုးတိတ်တိတ် ဆက်သွယ်နေကြသည်။
သူတို့အားလုံးက ယွဲ့ကျစ်လန်သည် ကျွင်းရှောင်ယောက်ကို အရှိန်အဝါ ဖုံးကွယ်ရန်အတွက် ရတနာတစ်ခုခု ပေးထားခဲ့ခြင်း ဖြစ်မည်ဟု တညီတညွတ်တည်း ယူဆလိုက်ကြလေသည်။
သို့မဟုတ်ပါက၊ သူတို့အနေဖြင့် မည်သည့်သဲလွန်စမျှ မရရှိဘဲ နေလိမ့်မည် မဟုတ်ချေ။
သူတော်စင်မလေးများနှင့် ပါရမီရှင် မိန်းမပျိုလေးများမှာတော့ ထိုမျှ နက်နက်နဲနဲ တွေးတောနိုင်စွမ်း ရှိမနေခဲ့ကြပါ။
ယခုအခါတွင်၊ မိန်းမပျိုလေးများ အားလုံး မျက်ဝန်းများထဲ၌ ကြယ်ပွင့်လေးများနှင့် အသည်းပုံရိပ်လေးများ တောက်ပနေခဲ့ကြပြီ ဖြစ်သည်။
"ကျွန်မ အရင်က အကြည့်တစ်ချက်နဲ့ ချစ်မိသွားတယ်ဆိုတာကို မယုံကြည်ခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ ယုံကြည်သွားပါပြီ..."
ခရမ်းရောင် ဆံနွယ်ရှည်များကို ပိုင်ဆိုင်ထားသော မိန်းမပျိုလေးတစ်ဦးက ရူးသွပ်မှုတို့ ပြည့်နှက်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"ခန်းမဆောင်ကို သန့်ရှင်းရေးလုပ်ပြီး ခေါင်းအုံးနဲ့ အိပ်ရာတွေကို ပြင်ဆင်ပေးပါရစေလား... အရှင့်သားရဲ့ အရှိန်အဝါက တကယ့်ကို ထူးကဲလွန်းလို့ပါ"
အခြားသော မြင့်မြတ်နယ်မြေတစ်ခုမှ မိန်းမပျိုတစ်ဦးကလည်း ဝေဝါးဝါး မျက်ဝန်းတို့နှင့်အတူ ရေရွတ်ပြောဆိုနေလေသည်။
"ဧကရာဇ်ငယ်အရှင့်သားက တစ်ချက် ကြည့်လိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားနိုင်တာပဲ"
ကျွင်းရှောင်ယောက် ပေါ်ထွက်လာသည့် အခိုက်အတန့်တွင်၊ ရောက်ရှိနေကြသော မရေတွက်နိုင်သည့် မိန်းမပျိုလေးများက ချက်ချင်း လွှမ်းမိုးခြင်း ခံလိုက်ရသည်။
ယခင်က၊ ကျွင်းရှောင်ယောက် အသက်တစ်ဆယ့်ငါးနှစ် အရွယ်တွင် ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်း၌ တစ်ကြိမ် ပေါ်ထွက်ခဲ့ဖူးသည်။
ထိုအရာက လွန်စွာ ကျော်ကြားသော ကောလာဟလအဖြစ် ပျံ့နှံ့ခဲ့၏။
အချို့သော သမီးတော်လေးများက ၎င်းကို မယုံကြည်ခဲ့ကြဘဲ၊ ပုံကြီးချဲ့ထားခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း ယခုအခါတွင် ကျွင်းရှောင်ယောက်ကို ထပ်မံ မြင်တွေ့လိုက်ရပြီးနောက် အမျိုးသမီးအားလုံး တွေးတောလိုက်မိသည်မှာ...
ထိုကောလာဟလများက အမှန်တကယ် လိုအပ်ချက် ရှိနေသည်ဟုပင် ဖြစ်တော့သည်။
လူကိုယ်တိုင် မြင်တွေ့ရမှ ကောလဟာလများထက် များစွာသာလွန်ကြောင်း သိလိုက်ကြရသည်။
ရိုသေလေးစားမှု၊ အံ့ဩချီးကျူးမှု၊ မြတ်နိုးမှုနှင့် ချစ်ခင်မှုများ ပြည့်နှက်နေသည့် မရေတွက်နိုင်သော အကြည့်များကို မြင်တွေ့ရသော်လည်း...
ကျွင်းရှောင်ယောက်၏ အမူအရာမှာ လွန်စွာ တည်ငြိမ်နေခဲ့ပေသည်။
သူက လူအများ၏ အာရုံစိုက်မှုဗဟိုချက် ဖြစ်ရခြင်းကို ကြာမြင့်စွာကတည်းက ကျင့်သားရနေခဲ့ပြီးသား ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ယွင်ရှီ၏ မျက်ခုံးလေးများက ပင့်တက်သွားပြီး တိတ်တဆိတ် ပြုံးလိုက်မိ၏။
ဒါက သူမ၏ အစ်ကိုကြီး ဖြစ်သည်။
ဤကဲ့သို့သော အစ်ကိုတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရသည့်အတွက်လည်း ဂုဏ်ယူမိလေသည်။
သို့သော်လည်း လူအုပ်ကြီးထဲတွင် ခါးသီးသော အရိပ်အယောင်များနှင့် မိမိကိုယ်ကိုယ် လှောင်ပြောင်မှုများ ရှိနေသည့် လှပသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
၎င်းက သဘာဝအတိုင်း ပိုင်ရွယ်ဝေပင်။
ကျွင်းရှောင်ယောက်ကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍ သုံးနှစ်တာကာလ ကုန်ဆုံးသွားခဲ့ပြီ။
သုံးနှစ် ကြာပြီးနောက်တွင်၊ ကျွင်းရှောင်ယောက်က ပို၍ပင် ထူးခြားပြီး အရှိန်အဝါကြီးမားလာခဲ့သည်။
သူက ဝေးလံရာသို့ လွင့်မျောသွားတော့မည့် အင်မော်တယ်တစ်ပါးကဲ့သို့ဖြစ်ပြီး၊ သူမနှင့် လုံးဝ ခြားနားသော ကမ္ဘာတစ်ခုမှ လူတစ်ယောက် ဖြစ်နေခဲ့ချေပြီ။
စိတ်ပျက်ရဆုံး အချက်မှာ၊ ပိုင်ရွယ်ဝေတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့်အတူ ရှိနေရန်၊ သူ့နံဘေးတွင် ရပ်တည်ရန် အခွင့်အရေး ရှိခဲ့ဖူးခြင်း ဖြစ်သည်။
သို့သော်လည်း သူကိုယ်တိုင်ပင် ဤအခွင့်အရေးကို ဖျက်ဆီးပစ်ခဲ့ပေသည်။
ထိုအတွက် သူ့စိတ်ထဲတွင် နောင်တမရှိပါဟု ပြောဆိုခြင်းမှာ လိမ်ညာနေခြင်းသာ ဖြစ်မည်။
ပိုင်ရွယ်ဝေ၏ ရင်ထဲတွင် ခါးသီးသော အရသာကို ခံစားနေရစဉ်မှာပင်...
ကျွင်းရှောင်ယောက်သည်လည်း ပိုင်ရွယ်ဝေကို မြင်တွေ့သွားခဲ့သည်။
ထို့နောက်တွင် သူက အနည်းငယ် ပြုံးလျက် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏
ကျွင်းရှောင်ယောက်အနေဖြင့် ဤကဲ့သို့ အခြေအနေကို နားလည်ပေးတတ်သော မိန်းကလေးအပေါ်တွင် ကျေးဇူးတင်ရှိမှုကို ခံစားမိပေသည်။
"ကျွန်တော့်ရဲ့ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်က လက်ယှက်ပြီး အနည်းငယ် ဦးညွတ်လိုက်သည်။
"ဧကရာဇ်ငယ်အရှင့်သားက ယဉ်ကျေးလွန်းပါပြီ"
"ဟုတ်ပါတယ်... ဧကရာဇ်ငယ်က ကျုပ်တို့ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အနှိုင်းမဲ့ မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပဲ...၊ ဒီတည်ခင်းဧည့်ခံပွဲမှာ ရှိနေရတာကတောင် ကျုပ်တို့ရဲ့ ဂုဏ်ယူမှုတစ်ခု ဖြစ်နေပါပြီ"
ရောက်ရှိနေကြသော ဧည့်သည်များကလည်း ပြုံးလျက် လက်ယှက်ပြလိုက်ကြလေသည်။
မည်သူမျှ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပိုင်ရှင်ကို မပြစ်မှားလိုကြချေ။
အထူးသဖြင့် ယခုအချိန်တွင်၊ သူတို့က ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအခြေခံအဆင့်ကို ထိုးဖောက် မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။
"သူက အခု ဘယ်လို ကျင့်ကြံမှုအဆင့်အထိ ရောက်နေပြီလဲ"
လူအုပ်ကြီးထဲတွင်၊ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ကျွင်းရှောင်ယောက်ကို ကြည့်နေသည်။
သူက အခြားသူမဟုတ်ပေ။
တွေ့ရခဲလှသော ထိုက်ယန်နတ်ဘုရားသွေးကြောကို ပိုင်ဆိုင်ထားသူ၊ လီဟော်နတ်ဂိုဏ်း၏ ကျော်ကြားလှသော ပါရမီရှင် ရန်ခုန်းကျင်း ဖြစ်သည်။
သူ၏ စွမ်းအားမှာလည်း ထူးခြားပြောင်မြောက်လှပေသည်။
တောင်ပိုင်းကြယ်စင်စုလောကရှိ မျိုးဆက်သစ်လူငယ်များထဲတွင် ချိတ်ပိတ်ထားသော ဘုရင်ငယ်အချို့မှလွဲ၍ သူ့ကို ယှဉ်ပြိုင်နိုင်သူ အလွန်နည်းသည်။
သို့သော်၊ သူသည်လည်း ကျွင်းရှောင်ယောက်ကို ထိုးဖောက် မမြင်နိုင်ပါချေ။
ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် လူငယ်က လုံးဝ ခြားနားသော ကမ္ဘာတစ်ခုမှ တည်ရှိမှုတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
'သူက ဘယ်လိုလုပ်ပြီးတော့များ ကျင့်ကြံခဲ့တာလဲ။ သူက သူ့အမေဗိုက်ထဲမှာကတည်းက ကျင့်ကြံခဲ့ရင်တောင် ဒီလောက်အထိ မိစ္ဆာဆန်ဖို့က မဖြစ်နိုင်ဘူး...'
ရန်ခုန်းကျင်းမှာ သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
လူတိုင်းက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ ထူးခြာသော သဘာဝကို အံ့ချီးမဆုံး ဖြစ်နေကြစဉ်...
ရုတ်တရက်၊ ဝေးလံသောအရပ် ကောင်းကင်ယံ၌ စစ်သင်္ဘောကြီးများ ပေါ်ထွက်လာခဲ့သည်။
စစ်သင်္ဘောပေါ်ရှိ အလံများမှာလည်း လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေကြ၏။
အလံများအပေါ်မှာတော့ 'ယွမ်'ဟူသော စာလုံးတစ်လုံးကို ရေးထိုးထားပေသည်။
၎င်းက အခြားမဟုတ်ဘဲ ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ စစ်သင်္ဘော ဖြစ်သည်။
"ယွမ်ကျူးနတ်ဘုရားမင်းဆက်က တကယ်ပဲ ရောက်လာခဲ့ပြီ"
စစ်သင်္ဘောကြီး၏ ကုန်းပတ်ထက်တွင်မူ ဓားသဏ္ဌာန် မျက်ခုံးများနှင့် တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး၊ အရပ်ရှည်ကာ ထူးခြားခန့်ညားသော လူငယ်တစ်ဦး ရပ်နေသည်။
ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပသော ကျောက်စိမ်းပြားတစ်ခုကိုလည်း သူ့ခါးတွင် ချိတ်ဆွဲထား၏။
သူ၏ အရှိန်အဝါကမူ မိုးနဲ့မြေနှင့် တစ်သားတည်း ပေါင်းစပ်နေပုံရကာ ပြီးပြည့်စုံသော ဟန်ချက်ညီမှုတို့ ရှိနေသည်။
ဤအခိုက်တွင်၊ ထိုလူငယ်လေးက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်စကားဆိုလိုက်လေသည်။
"ယွမ်ကျူးနတ်ဘုရားမင်းဆက်ရဲ့ စူးယုက ဧကရာဇ်ငယ် ယွင်ရှောင်ရဲ့ မွေးနေ့ အခမ်းအနားကို လာရောက်ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး ဒီလက်ဆောင်ကို လက်ခံပေးပါ"
ဤလူငယ်က အခြားသူမဟုတ်ဘဲ စူးယု ဖြစ်သည်။
သူက သူ့လက်ကို မြှောက်လိုက်သည့်အခါ၊ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော ခေါင်းလောင်းလေးတစ်ခု ပေါ်ထွက်လာခဲ့၏။
စူးယုက သူ့စွမ်းအားများကို လျှို့ဝှက်စွာ ထည့်သွင်းပြီး ကျွင်းရှောင်ယောက်ထံသို့ ရုတ်တရက် ပစ်လွှတ်လိုက်တော့သည်။
ဒါက ရိုးရှင်းသော လှုပ်ရှားမှုဖြစ်သော်လည်း ပါရမီရှင်အများအပြားကို ထိတ်လန့်သွားစေခဲ့သည်။
ပိုင်ရွယ်ဝေနှင့် ရန်ခုန်းကျင်းတို့ အပါအဝင် ပါရမီရှင် အားလုံး၏ မျက်ဝန်းအိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွား၏။
သူတို့က ထိုခေါင်းလောင်းလေးကို လုံးဝ မကိုင်တွယ်နိုင်ကြပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာကမူ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါ။
သူက လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်သည်။
"ဒေါင်..."
ခေါင်းလောင်းသံတစ်ချက်နှင့်အတူ ကျောက်စိမ်းခေါင်းလောင်းလေးက သူ၏ လက်ဖဝါးထဲသို့ ကျရောက်သွား၏။
၎င်းအထဲ၌ ရှိနေသော စွမ်းအားများမှာလည်း မပေါက်ကွဲနိုင်ဘဲ လုံးဝ ပျောက်ကွယ်သွားရတော့သည်။
"ဟင်..."
စူးယု၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။
ထူးဆန်းသော အလင်းတစ်ခုလည်း ဖြတ်သန်းသွားခဲ့၏။
သူက ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တစ်ချက် လှုပ်ရှားလိုက်ခြင်းမှာ၊ တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံးတွင် ကျော်ကြားသော ဤမြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။
ဤခေါင်းလောင်းက အပေါ်ယံတွင် မြင်ရသကဲ့သို့ မရိုးရှင်းကြောင်း သိထားကြရမည်။
၎င်းအထဲ၌ တောင်ပိုင်းကြယ်စင်စုလောက၏ မူလစွမ်းအား အပိုင်းအစတစ်ခုပင် ပါဝင်နေခဲ့သည်။
ဤမူလစွမ်းအား၏ မြစ်ဖျားခံရာကမူ သူ့ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲပြား ဖြစ်ပေသည်။
ဒါကိုလည်း စူးယုက နောက်ပိုင်းကျမှသာ သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။
ဤကျောက်စိမ်းဆွဲပြားထဲတွင် တောင်ပိုင်းကြယ်စင်စုလောက၏ မူလစွမ်းအား အစိတ်အပိုင်းတစ်ခု ပါဝင်နေခဲ့သည်။
နောက်ပိုင်းတွင်၊ သူက ဤစွမ်းအားကို ပြီးပြည့်စုံစွာ အသုံးချနိုင်ခဲ့ပေသည်။
တစ်နည်းအားဖြင့်ဆိုရလျှင်၊ အခြားသူများက ဤကျောက်စိမ်းဆွဲပြားကို ရရှိသွားခဲ့လျှင်ပင် သူတို့အတွက် ၎င်းကို သန့်စင်ပြီး အသုံးချရန် လွန်စွာ ခက်ခဲလိမ့်မည် ဖြစ်သည်။
ထို့ပြင် ဤမူလစွမ်းအား အလင်းတန်းကို ရောက်ရှိနေကြသော ပါရမီရှင်များထဲမှ မည်သူမျှ အလွယ်တကူ ခုခံနိုင်စွမ်း ရှိမနေခဲ့ကြပေ။
ပိုင်ရွယ်ဝေနှင့် ရန်ခုန်းကျင်းတို့ကဲ့သို့သော ပါရမီရှင်များပင်လျှင် သူတို့၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးကြရမည် ဖြစ်သည်။
သို့သော်လည်း၊ ကျွင်းရှောင်ယောက်ကမူ ဂရုပင်မစိုက်ဘဲ ပေါ့ပေါ့ပါးပါး ဖမ်းယူလိုက်ခြင်း ဖြစ်၏။
ထိုအခိုက်အတန့်တွင်၊ စူးယု၏ နှလုံးသားထဲ၌ သတိထားခြင်း ခံစားချက်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာရတော့သည်။