အခန်း ၁၆၂၆
Vol. 116 Ch. 1626
အခန်း ( ၁၆၂၆ ) ယွင်ရှီကို လက်ထပ်ခွင့်တောင်းခြင်း။
တောင်ပိုင်းကြယ်စင်စုလောက၏ အရွေးချယ်ခံဖြစ်သော စူးယုက လူမိုက်တစ်ယောက် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့်၊ အောက်ခြေဘဝမှ ရုန်းကန်တက်လှမ်းခဲ့ရသူဖြစ်သဖြင့် ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကို ဖမ်းဆီးရာမှာပင် သူ့အစွမ်းကုန် ထုတ်သုံးရသည်ဟူသော အခြေခံသဘောတရားကို သူက ပိုမိုနားလည်သည်။
ထို့ပြင် တစ်ဖက်လူက သမိုင်းတစ်လျှောက်တွင် အနှိုင်းမဲ့လှသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပိုင်ရှင် ဖြစ်၏။
ထို့ကြောင့် စူးယုက သတိကြီးစွာထားခဲ့သည်။
သို့သော်လည်း သူက တည်ငြိမ်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှု အချို့ ရှိနေသေးသည်။
သူက တောင်ပိုင်းကြယ်စင်စုလောက၏ အရွေးချယ်ခံ ဖြစ်သည်။
တောင်ပိုင်းကြယ်စင်စုလောက အတွင်း၌ သူသည် ဘုရင်တစ်ပါးကဲ့သို့ ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။
ထို့ပြင်၊ သူက တောင်ပိုင်းကြယ်စင်စုလောက၏ မူလစွမ်းအားကိုလည်း အသုံးချနိုင်သည်။
သူက တောင်ပိုင်းကြယ်စင်စုလောက၏ ကောင်းကင်နှင့် မြေပြင်စွမ်းအား အစိတ်အပိုင်းတစ်ခုကိုပင် လှုပ်နှိုးနိုင်စွမ်း ရှိခဲ့သည်။
၎င်းက သူ၏ ဝှက်ဖဲဖြစ်ပြီး၊ ကျင့်ကြံမှုအဆင့် မြင့်မားသူတစ်ဦးကိုပင် သတ်ဖြတ်နိုင်သော နောက်ဆုံးနည်းလမ်း ဖြစ်ပေသည်။
ထို့ကြောင့်ပင်၊ နက်ရှိုင်းပြီး အတိုင်းအဆမရှိသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပိုင်ရှင် ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရချိန်တွင်ပင်...
စူးယုက မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြသခဲ့ပါချေ။
ဤစမ်းသပ်သည့် လှုပ်ရှားမှုက ရောက်ရှိနေကြသော လူတိုင်းကို တိုးတိုးတိတ်တိတ် ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။
ဒါက လောက၏ကလေးငယ်နှင့် မြင့်မြတ်ခန္ဓာ တာအိုသန္ဓေတို့ကြားက အစဦး ပြိုင်ဆိုင်မှုပင် ဖြစ်မည်လော။
"မင်းတို့ ယွမ်ကျူးနတ်ဘုရားမင်းဆက် ဘာလုပ်ချင်နေတာလဲ"
ဧကရီ ယွဲ့ကျစ်လန်၏ မျက်ဝန်းများထဲတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
စူးယုက ကျောက်စိမ်းခေါင်းလောင်းတစ်ခုကို ပေးအပ်ခဲ့၏။
ကျွင်းရှောင်ယောက်၏ မွေးနေ့ပွဲတွင် ခေါင်းလောင်းတစ်ခုကို လက်ဆောင်အဖြစ် ပေးအပ်ခြင်း...
ဒါက လူတစ်ယောက်ကို နာရေးပို့ဆောင်ပေးခြင်း သို့မဟုတ် နောက်ဆုံးခရီး ပို့ဆောင်ခြင်းနှင့် အဘယ်မှာ ကွာခြားဦးမည်နည်း။
ဤအရာက ပေါ်တင် စိန်ခေါ်ရန်စလိုက်ခြင်းပင်။
(မှတ်ချက်။ ။တရုတ်ယဉ်ကျေးမှုတွင် ‘ခေါင်းလောင်းပေးအပ်ခြင်း’ (送钟 - Sòng zhōng) နှင့် ‘နာရေးပို့ဆောင်ခြင်း (送终 - Sòng zhōng) တို့သည် စာလုံးမတူသော်လည်း အသံထွက် တူညီနေသောကြောင့် မွေးနေ့ပွဲကဲ့သို့ မင်္ဂလာပွဲများတွင် ခေါင်းလောင်းလက်ဆောင်ပေးခြင်းကို အလွန်အမင်္ဂလာဖြစ်သော စော်ကားမှုအဖြစ် သတ်မှတ်ကြသည်)
"စူးယု... နင် ဒါ ဘာသဘောလဲ"
ယွင်ရှီ၏ နုနယ်လှပသော မျက်နှာလေးပေါ်တွင်လည်း အေးစက်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
စူးယုက သူမ၏ အစ်ကိုကြီးကို တိုက်ရိုက် ရန်စနေခြင်းပင် မဟုတ်ပါလား။
"ယွင်ရှီ... မင်းကို ပြန်တွေ့ရတာ ကိုယ်တကယ် ဝမ်းသာတယ်"
အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လွန်စွာ လှပလွန်းလှသည့် မိန်းကလေးကို မြင်လိုက်ရသည့်အခါ၊ စူးယု၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားခဲ့ရသည်။ တောင့်တမှု အရိပ်အယောင်တစ်ခုပင် ထွက်ပေါ်လာခဲ့ရ၏။
သူ အဘယ်ကြောင့် ဤမျှအထိ ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့ရသနည်း။
၎င်းမှာ တောင်ပိုင်းကြယ်စင်စုလောက၏ အနာဂတ်အုပ်စိုးသူ ဖြစ်လာချင်ရုံမကပေ။
နောက်ထပ် အရေးကြီးသော အကြောင်းရင်းတစ်ခုမှာ၊ သူက ယွင်ရှီ၏ ရှေ့တွင် ရပ်တည်ပြီး သူမကို ရိုးရိုးသားသားနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုချင်သောကြောင့် ဖြစ်သည်။
သူက ယွင်ရှီနှင့် ထိုက်တန်သည်။
အောက်ခြေဘဝမှ ရုန်းကန်တက်လှမ်းခဲ့ရသော ပုရွက်ဆိတ်တစ်ကောင်ပင်လျှင် တစ်နေ့တွင် ကောင်းကင်ဘုံသို့ ပျံသန်းလျက် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။
ယခုအခါတွင်မူ၊ သူက ၎င်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
"စူးယု... ငါ့အစ်ကိုကြီးကို ဒီလိုလက်ဆောင်မျိုး ပေးလိုက်တာက နင် ဘာသဘောလဲ"
ယွင်ရှီက စူးယု၏ မျက်ဝန်းထဲက အံ့ဩချီးကျူးမှုများနှင့် ချစ်မြတ်နိုးမှုများကို လုံးဝ လျစ်လျူရှုလိုက်သည်။
သူမ၏ အစ်ကိုကြီးအတွက် ရှင်းလင်းချက်တစ်ခုကိုသာ အမိအရ တောင်းဆိုရန် ဆုံးဖြတ်ထား၏။
စူးယုက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ယွင်ရှီ... ဒါက ကောင်းကင်ကိုးပါး အပြာရောင်ခေါင်းလောင်းတဲ့...၊ တွေ့ရခဲတဲ့ ရတနာတစ်ပါးပေါ့။ ကိုယ့်ရဲ့လက်ဆောင်က မကြီးကျယ်ဘူးလို့ မဆိုနိုင်ဘူးမဟုတ်လား"
စူးယုက ကျွင်းရှောင်ယောက်အပေါ်တွင် မည်သည့် အထင်အမြင်ကောင်းမှ ရှိမနေခဲ့ချေ။
သူက အောက်ခြေဘဝမှ ရုန်းကန်တက်လှမ်းခဲ့ရသူ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကမူ မွေးဖွားလာကတည်းက မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားခဲ့သည်။
သူ့တွင် အဖေနှင့် အမေ ရှိမနေခဲ့ပါချေ။
သို့သော်လည်း ကျွင်းရှောင်ယောက်တွင်မူ အစွမ်းထက်လှသော ဧကရီမိခင်တစ်ဦး ရှိနေခဲ့၏။
သူက အစပိုင်းတွင် လွန်စွာ သာမန်ဆန်ခဲ့သော်လည်း...
ကျွင်းရှောင်ယောက်ကမူ မွေးဖွားလာသည့် အခိုက်အတန့်ကတည်းက တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ဖြစ်သည်။
စူးယုက မွေးရာပါ ကြီးမြတ်ကြသော ကျွင်းရှောင်ယောက်ကဲ့သို့သော လူမျိုးများကို မုန်းတီးသည်ဟု ဆိုနိုင်ပေသည်။
သူ၏ မျှော်မှန်းချက်မှာ လူအတန်းအစား ခွဲခြားမှုများ၊ အဆင့်အတန်း သတ်မှတ်ချက်များနှင့် မတရားမှုများ မရှိသော ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခုကို ဖန်တီးရန် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က မွေးရာပါ ဧကရာဇ်တစ်ပါးကဲ့သို့ အားလုံး၏ အထက်တွင် ရပ်တည်ရန် ကံပါလာခဲ့ပုံရပြီး၊ သူ၏ မျှော်မှန်းချက်များကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပေသည်။
ထို့ကြောင့်ပင်၊ စူးယုက ကျွင်းရှောင်ယောက်အပေါ်၌ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ရွံရှာမုန်းတီးမှုကို ခံစားနေရခြင်း ဖြစ်သည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ၊ သူက ယွင်ရှီ၏ အစ်ကို ဖြစ်နေဆဲပင်။
အကယ်၍ မမျှော်လင့်ထားသော အရာများ ဖြစ်မလာခဲ့ဘူးဆိုလျှင်၊ သူက အနာဂတ်တွင် သူ၏ယောက်ဖ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် စူးယုသည် ယွင်ရှီက သူ့ကို ငြင်းပယ်သွားမည်ကို စိုးရိမ်သဖြင့် တောက်တောက်ခါးခါးကြီးတော့ ပြုလုပ်လိုစိတ် မရှိပေ။
သို့သော်လည်း သူသည် ကျွင်းရှောင်ယောက်က ယွင်ရှီ၏ နှလုံးသားထဲတွင် မည်ကဲ့သို့သော နေရာကို ယူထားမှန်း လုံးဝ မသိရှိခဲ့ပါချေ။
သူ၏အပြုအမူများက ယွင်ရှီ၏ နှလုံးသည်းပွတ်ကို ထိခိုက်စေသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
သူမက စူးယုအပေါ်၌ အေးစက်သော ရွံရှာမုန်းတီးမှုများကို ခံစားနေရပြီ။
သို့သောလည်း၊ ကျွင်းရှောင်ယောက်ကိုယ်တိုင်ကမူ မည်သည့်အရာကိုမျှ ခံစားရခြင်း မရှိပါချေ။
သူ့အမြင်တွင် ဤလှုပ်ရှားမှုက ကလေးကလား ရန်ပွဲတစ်ခုကဲ့သို့ဖြစ်ပြီး၊ လုံးဝ ကလေးဆန်လှသည်။
ကျွင်းရှောင်ယောက်က လက်ကို အသာအယာဆုပ်လိုက်သည့်အခါ ကောင်းကင်ကိုးပါး အပြာရောင်ခေါင်းလောင်းလေးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲလျက် လွင့်စင်သွားရတော့သည်။
"မင်းက စူးယုပေါ့"
ကျွင်းရှောင်ယောက်၏ တည်ငြိမ်ပြီး အေးချမ်းသော အမူအရာကို မြင်ရသည့်အခါ...
ရောက်ရှိနေကြသော လူတိုင်းက ခေါင်းညိတ်လိုက်မိသည်။
စော်ကားမှု၊ အရှက်ခွဲမှုတို့ကို ရင်ဆိုင်နေရသော်လည်း တည်ငြိမ်စွာ ရှိနေသော ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်ကြည့်လျှင်...
လူတစ်ယောက်ကို နာရေးပို့ဆောင်သည့်အလား စမ်းသပ်ရန် ကြိုးစားခဲ့သော စူးယု၏ နည်းလမ်းက အတန်ငယ် ကလေးဆန်ပြီး နိမ့်ကျသွားခဲ့ပုံရသည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ... မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပိုင်ရှင်ပီပီ၊ ဧကရာဇ်ငယ်ရဲ့ အမြင်နဲ့ သဘောထားတို့က စူးယု လုံးဝ မယှဉ်နိုင်တဲ့ အရာပဲ"
"ဒါကတော့ သေချာတာပေါ့... မဟုတ်ရင်၊ ဧကရာဇ်ငယ်က ပြင်ပကမ္ဘာရဲ့ ကောလာဟလတွေနဲ့ အတင်းအဖျင်းစကားတွေကြားမှာ တစ်ဆယ့်ငါးနှစ်တာကာလပတ်လုံး ဘယ်လိုလုပ်ပြီး မတုန်မလှုပ်ဘဲ တည်ငြိမ်နေနိုင်ပါ့မလဲ။ လူဘယ်နှယောက်ကများ ဒီလိုမျိုး စိတ်နေသဘောထားကို ပိုင်ဆိုင်နိုင်လို့လဲ"
သူ၏ ရိုးရှင်းသော စမ်းသပ်မှုက သူ့ကို ပြန်လည်ထိခိုက်စေလိမ့်မည်ဟု စူးယုကိုယ်တိုင်ပင် ထင်မှတ်ခဲ့မည် မဟုတ်ချေ။
ကျွင်းရှောင်ယောက်၏ တည်ငြိမ်အေးချမ်းသော အမူအရာက လူအများထံမှ ချီးမွမ်းမှုများကို ရရှိစေခဲ့သည်။
ပထမဆုံး ဆုံတွေ့မှုကတည်းကပင် သူက အားနည်းချက် ဖြစ်သွားခဲ့ရပြီ။
ဒါက စူးယုကို အနည်းငယ် မကျေမနပ် ဖြစ်သွားစေခဲ့သည်။
သို့သော်လည်း လောက၏အရွေးချယ်ခံအနေဖြင့် သူ၏ စိတ်နေသဘောထားက ထူးခြားသည်။
သူက သူ့ကိုယ်သူ ထိန်းချုပ်ပြီး ပြောလိုက်၏။
"ဟုတ်ပါတယ်... ကျုပ်က စူးယုပဲ။ ဧကရာဇ်ငယ်က မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေပိုင်ရှင်တစ်ယောက် ဖြစ်တယ်လို့ ကြားဖူးတယ်။ ဒီနေ့ မြင်တွေ့လိုက်ရတော့မှ တကယ်ကို ထူးခြားပြောင်မြောက်မှန်း သိရပါတယ်။ ယွင်ရှီက ခင်ဗျားအပေါ်မှာ ဒီလောက်အထိ ကပ်တွယ်နေတာ မဆန်းတော့ဘူး"
မည်သို့ပင်ဆိုစေ၊ သူ၏ အရှိန်အဝါက ကျွင်းရှောင်ယောက်၏အောက်သို့ ရောက်ရှိသွား၍ မဖြစ်ချေ။
"မင်း ဒီနေ့ ဒီကို လာတာ၊ ကျုပ်ကို တွေ့ဖို့သက်သက်ပဲလား"
ကျွင်းရှောင်ယောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါပေါ့... လုံးဝ မဟုတ်ပါဘူး"
စူးယုက ပြောဆိုပြီးနောက်၊ ယွင်ရှီကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် နက်နဲသော ချစ်မြတ်နိုးမှုများနှင့် စိတ်အားထက်သန်မှုများ ပေါ်ပေါက်လာ၏။
"ကျုပ် ဒီနေ့ ဒီကို လာတာက ယွင်ရှီကို လက်ထပ်ခွင့်တောင်းဖို့ အတွက်ပါပဲ"
ထိုစကားသံများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်၊ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရသည်။
ဒါက ကြီးမားသော ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့၏။
ရောက်ရှိနေကြသော လူတိုင်းက စူးယုသည် ယွင်ရှီအပေါ်၌ ခံစားချက်များ ရှိနေမှန်း သိရှိထားကြသော်လည်း...
ဤမျှအထိ ပွင့်လင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါချေ။
သူက လက်ထပ်ခွင့်တောင်းရန်အတွက် အိမ်တံခါးဝအထိ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ထို့ပြင်၊ လူတိုင်းက ပိုမိုနက်နဲသော အဓိပ္ပာယ်ကို တွေးတောမိလိုက်ကြ၏။
စူးယုက ယွင်ရှီကို လက်ထပ်ခွင့်တောင်းလိုသည်။
အကယ်၍ ယွင်ရှီက သဘောတူလိုက်မည်ဆိုပါက...
ဒါဟာ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က ယွမ်ကျူးနတ်ဘုရားမင်းဆက်ထံသို့ အညံ့ခံ ဦးညွှတ်လိုက်သော အဓိပ္ပာယ်ပင်။
နောက်ဆုံးတွင်၊ မင်းသမီးတစ်ပါးကို လက်ထပ်ထိမ်းမြားစေခြင်းဖြင့် မဟာမိတ်ဖွဲ့ခြင်းက တိုင်းပြည်များအတွက် ငြိမ်းချမ်းရေးကို ရှာဖွေရန်နှင့် အားနည်းချက်ပြရန်အတွက် အမြဲတမ်း အသုံးပြုလေ့ရှိသော နည်းလမ်းတစ်ခု ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ၊ ယွင်ရှီက တိတ်တဆိတ် လက်သီးဆုပ်လိုက်မိသည်။
သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မည်သည့် အမူအရာမျှ ရှိမနေခဲ့သော်လည်း...
စိတ်ထဲမှာတော့ စတင်၍ နောင်တရမိနေခဲ့ပြီ။
သူသည် ထိုဂဠုန်နတ်ဆိုးကြီးကို သတ်ဖြတ်မိပြီး စူးယုနှင့် ဆုံတွေ့ခဲ့ရခြင်းကို နောင်တရမိခြင်း ဖြစ်သည်။
အကယ်၍ သူသာ စူးယုနှင့် မဆုံတွေ့ခဲ့ဘူးဆိုလျှင်၊ ဖြစိကောင်းဖြစ်နိုင်တာက ဤပြဿနာများအားလုံး ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
သူမအနေဖြင့် ရွှမ်ထျန်းနတ်ဘုရားမင်းဆက် သို့မဟုတ် ကျွင်းရှောင်ယောက်အတွက် ဤကဲ့သို့သော ပြဿနာများကို လုံးဝ မဖန်တီးလိုပါ။
ထိုအခိုက်အတန့်တွင်၊ ယွင်ရှီက မိမိကိုယ်ကိုယ် အပြစ်တင်စိတ်များကို ခံစားလိုက်ရသည်။
သို့သော်လည်း စူးယုက ထိုအကြောင်းများကိုမသိဘဲ ဆက်လက်ပြောဆိုလေသည်။
"ယွင်ရှီ... ကိုယ်အရင်က ဒီလိုစကားမျိုးကို ပြောဖို့ ဒါမှမဟုတ် မင်းရဲ့ ရှေ့မှာ ရပ်တန့်ဖို့အတွက်တောင် အမှန်တကယ်ပဲ အရည်အချင်း မပြည့်မီခဲ့ပါဘူး"
"ဒါပေမယ့် အခုက မတူတော့ဘူး။ ကိုယ်က မင်းနဲ့ ထိုက်တန်နေပြီဖြစ်သလို မင်းရဲ့ နံဘေးမှာ ရပ်တည်ပြီး မင်းကို ကာကွယ်ပေးနိုင်စွမ်းလည်း ရှိနေပြီ"
"မင်းသာ သဘောတူမယ်ဆိုရင် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်နဲ့ ယွမ်ကျူးနတ်ဘုရားမင်းဆက်ကြားက ရန်ငြိုးတွေကိုတောင် ဖြည်းဖြည်းချင်း ဆွေးနွေးပြီး ဖြေရှင်းလို့ ရပါတယ်"
စူးယုက ဤနတ်သမီးလေးကဲ့သို့ မိန်းကလေးကို ဘယ်တော့မှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ချေ။
သူ လင်းယွင်ဂြိုဟ်ပေါ်တွင် ကျင့်ကြံခဲ့ရသော အချိန်များကိုလည်း မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ပါ။
သူ့ကို ရှန်းလဲ့က ဒဏ်ရာရအောင် ပြုလုပ်ခဲ့စဉ်က၊ ယွင်ရှီသည် သူ့ကို သူတော်စင်ဆေးလုံးတစ်လုံး ပေးအပ်ခဲ့သည်။
သူက ဤမြင်ကွင်းကိုလည်း ဘယ်တော့မှ မေ့ပျောက်လိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ယွင်ရှီကတော့ စူးယုအပေါ်၌ ရွံရှာမုန်းတီးမှုများမှလွဲ၍ မည်သည့်အရာကိုမျှ မခံစားရပါ။
စူးယုက သူမကို ပိုင်ဆိုင်နိုင်ရန် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်အတွက် ပြဿနာအများအပြားကို ဖန်တီးခဲ့သည်။
ယခုအခါတွင်၊ သူက သူမ၏ အစ်ကိုကြီးကိုပင် ရန်စဝံ့နေပြီ။
ဒါက ယွင်ရှီအတွက် လုံးဝ လက်ခံနိုင်စရာ မရှိသောအရာ ဖြစ်သည်။
ထိုစဉ်... ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"စူးယု... မင်းလို အောက်ခြေလောကရဲ့ နိမ့်ကျတဲ့ ပိုးကောင်တစ်ကောင်က မင်းသမီး ယွင်ရှီကို လက်ထပ်ခွင့်တောင်းဖို့ ဘာအရည်အချင်း ရှိလို့လဲ"
စကားပြောဆိုလာသူမှာ အခြားသူမဟုတ်ဘဲ ရှန်းလဲ့ ဖြစ်သည်။
စူးယု မျက်မှောင်ကြုတ်သွား၏။
သူ့နားထဲတွင် "ပိုးကောင်" ဟူသော စကားလုံးကို မကြားရသည်မှာ ကြာမြင့်လှချေပြီ။
စူးယု ရုတ်တရက် လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"အဲဒီနေ့က မင်း ငါ့ကို စော်ကားခဲ့သမျှ အရာအားလုံးအတွက် ဒီနေ့ ငါ ဆယ်ဆ ပြန်ပေးဆပ်ရမယ်"
ဤ လှုပ်ရှားမှုက ရုတ်တရက် ဆန်လွန်းလှသဖြင့် ရှန်းလဲ့ ထိတ်လန့်သွားခဲ့သည်။
သူက ထိုလက်ညှိုးအင်အားကို လုံးဝ မခုခံနိုင်ပေ။
ထိုအစား သူကိုယ်တိုင်ပင် အသက်ဆုံးရှုံးရတော့မည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင်...
ကျွင်းရှောင်ယောက်၏ ဝတ်စုံလက်စများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
သိမ်မွေ့သော စွမ်းအားလှိုင်းတစ်ခု ဖြာထွက်လာပြီး ထိုလက်ညှိုးအင်အားကို ချေဖျက်လိုက်၏။
"စူးယု... မင်းက ဘာဖြစ်လို့ ဒီလောက်တောင် ရန်လိုနေရတာလဲ။ တကယ်တော့ မင်းက ကျုပ်ရဲ့ညီမလေးကို လက်ထပ်ချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်က တည်ငြိမ်ပြီး အေးချမ်းစွာ ရှိနေဆဲ ဖြစ်သည်။
သို့သော်လည်း သူ၏ မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးနေရာ၌မူ အေးစက်ပြီး အထင်မြင်သေးသော လှောင်ပြောင်သရော်မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့ပြီ။
ဒါက သူ့လက်ဖဝါးထဲက ကစားစရာ အရုပ်တစ်ခုကို ကြည့်ရှုနေသကဲ့သို့ပင် ဖြစ်သည်။