အခန်း ၁၆၂၉
Vol. 116 Ch. 1629
အခန်း ( ၁၆၂၉ ) လူထုအမြင် ပြောင်းလဲလာခြင်း။
ကျွင်းရှောင်ယောက်၏ လေသံမှာ အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် မူလက ဤတောင်ပိုင်းကြယ်စင်စုလောက၏ အရွေးချယ်ခံအနေဖြင့် သူ့အတွက် ပိုမိုများပြားသော အံ့ဩစရာများကို ယူဆောင်လာပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်... ဤမျှသာ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်သည် မဟာလောကကြီးတစ်ခု၏ အရွေးချယ်ခံတစ်ဦးက ဤမျှအထိ အားနည်းမနေသင့်ကြောင်း သိရှိထားသည်။
သူက သူ့လက်ထဲမှ ကျောက်စိမ်းဆွဲပြားကို ကြည့်ရှုလိုက်၏။
မမှားပေ၊ ၎င်းအတွင်း၌ တောင်ပိုင်းကြယ်စင်စုလောက၏ မူလစွမ်းအား အရိပ်အယောင်အချို့ ကိန်းအောင်းနေသော်လည်း ပမာဏက များပြားပုံမရပါ။
တစ်နည်းအားဖြင့် ပြောရလျှင်၊ စူးယုသည် တောင်ပိုင်းကြယ်စင်စုလောက၏ မူလစွမ်းအား အားလုံးကို အပြည့်အဝ မရရှိသေးခြင်း ဖြစ်သည်။
'သူက ဒီလောက်အထိ အားနည်းနေတာ မဆန်းပါဘူး၊ ငါ သီးနှံရိတ်သိမ်းတာ နည်းနည်း စောသွားတယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးတောလိုက်မိသည်။
သို့သော်လည်း၊ သူ ဂရုမစိုက်ပါချေ။
စူးယုသည် လောက၏အရွေးချယ်ခံအဖြစ် တည်ရှိနေသရွေ့၊ တောင်ပိုင်းကြယ်စင်စုလောက၏ မူလစွမ်းအားက နောက်ဆုံးတွင် ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။
ထိုအချိန်ကျမှသာ၊ ကျွင်းရှောင်ယောက်အနေဖြင့် နောက်ကွယ်ကနေ၍ အသီးအပွင့်ကို အလွယ်တကူ ဆွတ်ခူးလိုက်ရုံပင်။
ဤနည်းလမ်းက လွယ်ကူရိုးရှင်းပြီး ထိရောက်မှုရှိသည်။
တစ်ချိန်တည်းမှာပင်၊ ယွင်ရှီ၏ လှပသော မျက်နှာလေးပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်နေခဲ့ချေပြီ။
ကျွင်းရှောင်ယောက်၏ အမူအရာနှင့် လေသံကို မြင်တွေ့လိုက်ရသည့်အခါ...
ယွင်ရှီ၏ နှလုံးသားထဲတွင် ချိုမြိန်သော နွေးထွေးမှုကို ခံစားလိုက်ရသည်။
သူမ၏ အစ်ကိုကြီးက အမြဲတမ်း တည်ငြိမ်သော စိတ်နေစိတ်ထားမျိုးရှိပြီး ဘယ်အရာကမျှ သူ၏ နှလုံးသားထဲတွင် အနည်းငယ်မျှသော ဂယက်ထမှုကိုပင် ဖြစ်ပေါ်စေနိုင်ပုံမရချေ။
သို့သော်လည်း ယခုအချိန်တွင်၊ ယွင်ရှီသည် ကျွင်းရှောင်ယောက်၏ စိတ်အခြေအနေက အနည်းငယ် လှုပ်ခတ်နေသည်ကို ခံစားလိုက်ရသည်။
ဒါက သူမအတွက်ကြောင့်ပင်။
ဒါကပင် သူက ကျွင်းရှောင်ယောက်၏ နှလုံးသားထဲ၌ နေရာတစ်ခု ယူထားဆဲဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
ဤအရာကို တွေးတောမိလိုက်သည့်အခါ၊ ယွင်ရှီ၏ စိတ်ထဲတွင် မယုံနိုင်လောက်အောင် ပျော်ရွှင်ချိုမြိန်မှုကို ခံစားလိုက်ရလေသည်။
ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေသည့် စူးယုကိုမူ...
ယွင်ရှီက သူ့ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ပါချေ။
"အဟွတ်...ဟွတ်...၊ မင်း ငါ့ရဲ့ ကျောက်စိမ်းဆွဲပြားကို ပြန်ပေးစမ်း..."
စူးယုက နက်ရှိုင်းသော ကျင်းကြီးထဲမှနေ၍ လူးလဲထရပ်ရန် ရုန်းကန်နေခဲ့ရသည်။
သူသည် သူ၏ အတွင်းကလီစာများနှင့် ကြေမွသွားခဲ့ပြီဟု ခံစားနေရ၏။
သူဟာ ကျွင်းရှောင်ယောက်၏ တိုက်ကွက်တစ်ကွက်ကိုပင် အမှန်တကယ် မခုခံနိုင်ခဲ့ပါချေ။
ဒါက သူ့အတွက် လုံးဝ အရှက်ရစရာ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကမူ စူးယုကို လျစ်လျူရှုထားခဲ့ပြီး စကားတစ်ခွန်းမျှပင် မဆိုခဲ့ပေ။
တစ်ခါတရံတွင် လျစ်လျူရှုခြင်းက အကြီးမားဆုံးသော အရှက်ခွဲမှုမျိုး ဖြစ်သည်။
ဒါက စူးယုသည် သူ၏ အာရုံစိုက်မှုကို ခံယူရန်ပင် လုံးဝ မထိုက်တန်ကြောင်း သက်သေပြနေခြင်းပင်။
"မြင့်မြတ်ခန္ဓာ တာအိုသန္ဓေက တကယ်ကို အစွမ်းထက်တာပဲ..."
"လောကရဲ့အရွေးချယ်ခံတောင်မှ ဧကရာဇ်ငယ် ယွင်ရှောင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလား"
"ဒါဆိုရင် တကယ်တမ်း လောကရဲ့ အရွေးချယ်ခံက ဘယ်သူလဲ"
ဧည့်ခံပွဲသို့ ရောက်ရှိနေကြသော အင်မော်တယ်အင်အားစုများမှ ကျင့်ကြံသူများ၏ မျက်ဝန်းများမှာ တိတ်တဆိတ် အရောင်ပြောင်းလာခဲ့ကြသည်။ သူတို့၏ နှလုံးသားများမှာလည်း ပြင်းထန်စွာ တုန်ခါနေခဲ့ကြ၏။
ကျွင်းရှောင်ယောက်က ဤမြင်ကွင်းကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။
သူ၏ အစီအစဉ်က ပြီးပြည့်စုံသွားခဲ့ပြီဟု သတ်မှတ်နိုင်ပေသည်။
ကျွင်းရှောင်ယောက်အနေဖြင့် ဤအခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ စူးယုကို အနိုင်ယူရန် သက်သက်မျှသာ မဟုတ်ချေ။
သူ့တွင် အခြားသော ရည်ရွယ်ချက်တစ်ခုလည်း ရှိနေခဲ့သည်။
၎င်းက တောင်ပိုင်းကြယ်စင်စုလောကအတွင်းရှိ အင်အားစုအားလုံးကို သိရှိသွားစေရန် ဖြစ်ပေသည်။
လောက၏ရွေးချယ်ခံတစ်ဦး ရှိနေခြင်းက ယွမ်ကျူးနတ်ဘုရားမင်းဆက်ကို တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်စိုးသူ အင်အားစု ဖြစ်လာစေလိမ့်မည်ဟု မဆိုလိုပေ။
ယခင်က၊ လောက၏အရွေးချယ်ခံဖြစ်သော စူးယု၏ လွှမ်းမိုးမှုများကြောင့်...
အင်အားစုအမြောက်အမြားကို ယွမ်ကျူးနတ်ဘုရားမင်းဆက်ထံသို့ ခိုလှုံသွားစေရန် တွန်းအားပေးနိုင်ခဲ့သည်။
အချို့သော အင်မော်တယ်အင်အားစုများပင်လျှင် ယွမ်ကျူးနတ်ဘုရားမင်းဆက်နှင့် မဟာမိတ်ဖွဲ့ရန် လိုလားနေခဲ့ကြ၏။
လူအများအပြားက လောက၏ကလေးငယ် ရှိနေခြင်းနှင့်အတူ၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်သည် တောင်ပိုင်းကြယ်စင်စုလောကအတွင်း၌ အုပ်စိုးရှင် အင်အားစု သေချာပေါက် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားခဲ့ကြသည်။
ယခုတော့ ကျွင်းရှောင်ယောက်က ဤလှုပ်ရှားမှုဖြင့် လူတိုင်း၏ ရှေ့မှောက်တွင် စူးယုကို အနိုင်ယူပြခဲ့ပြီ။
ဒါက စူးယု၏ စိတ်ဓာတ်ကို ကျဆင်းသွားစေခဲ့ရုံသာမက...
ယွမ်ကျူးနတ်ဘုရားမင်းဆက်ထံသို့ ပူးပေါင်းလိုကြသော အင်အားစုများကိုပါ နားလည်သွားစေလိမ့်မည် ဖြစ်သည်။
လောက၏အရွေးချယ်ခံရသူက အရာအားလုံးကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ အနာဂတ်ကိုလည်း ဆုံးဖြတ်နိုင်ခြင်း မရှိချေ။
သူတစ်ဦးတည်းသာလျှင် တောင်ပိုင်းကြယ်စင်စုလောက၏ အနာဂတ်ကို ဆုံးဖြတ်နိုင်သည်။
"ရွှမ်ထျန်းဧကရာဇ်ငယ်ရဲ့ အနာဂတ်က အတိုင်းအဆမရှိဘူး"
"လောကရဲ့ကလေးငယ်တောင်မှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ။ တကယ်လို့ အနာဂတ်မှာ မမျှော်လင့်ထားတဲ့ ကိစ္စရပ်တွေ ဖြစ်မလာဘူးဆိုရင် တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံးတောင် သူ့ကို ထိန်းထားနိုင်လိမ့်မယ် မဟုတ်ဘူး"
"အမှန်ပါပဲ... တောင်ပိုင်းကြယ်စင်စုလောကဟာ မဟာလောကကြီးတစ်ခု ဖြစ်ပေမဲ့ မြစ်ငယ်လေးတစ်ခုမျှသာ ဖြစ်တယ်"
"ပြီးတော့ ရွှမ်ထျန်းဧကရာဇ်ငယ်ကတော့ ကောင်းကင်ကိုးပါးဆီကို ပျံသန်းသွားမဲ့ အစစ်အမှန် နဂါးတစ်ကောင် ဖြစ်လာဖို့ ကံပါလာပြီးသားပဲ"
"အရင်က၊ ကျုပ်က ယွမ်ကျူးနတ်ဘုရားမင်းဆက်ကို ဒီလောက်အထိ အစွမ်းထက်နေတော့ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်အနေနဲ့ ဖိအားတွေ ခံစားနေရမယ်လို့ ထင်ခဲ့တာ။ အခုကြည့်လိုက်မှ... ဘယ်သူက တကယ့်ဖိအားကို ခံစားနေရတာလဲဆိုတာ မသိနိုင်တော့ဘူး"
"ဒီကိစ္စ ပြီးဆုံးသွားပြီးတဲ့နောက်၊ ကျုပ်တို့ ဂိုဏ်းချုပ်ဆီကို ပြန်ပြီးအစီရင်ခံရမယ်။ ကျုပ်တို့ ဘယ်ဘက်က ရပ်တည်ရမလဲဆိုတာကို သေချာ စဉ်းစားဖို့ လိုအပ်လိမ့်မယ်"
ရောက်ရှိနေကြသော အင်မော်တယ်အင်အားစုများမှ ကျင့်ကြံသူအားလုံး၏ မျက်ဝန်းများ လှုပ်ခတ်သွားခဲ့ကြရသည်။
လူထုအမြင်၏ ပြောင်းလဲလာမှုကို မြင်လိုက်ရသည့်အခါ...
ဧကရီ ယွဲ့ကျစ်လန်က အနည်းငယ် ပြုံးလိုက်သည်။
ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ အာဏာစက်ချဲ့ထွင်မှုကို ဟန့်တားနိုင်သရွေ့၊ သူတို့၏ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်အနေဖြင့် အချိန်နှင့် အရင်းအမြစ်များကို ရရှိနေဆဲပင် ဖြစ်လိမ့်မည်။
"ရှောင်အာ... မင်းက တကယ့်ကို အမေရဲ့ လာဘ်ကောင်လေးပဲ..."
ယွဲ့ကျစ်လန် တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ လူများမှာမူ၊ မှုန်ကုပ်ကုပ် မျက်နှာများနှင့်အတူ စူးယုကို ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့ကြရသည်။
သူတို့ ဤနေရာသို့ လာရောက်ရသည့် မူလရည်ရွယ်ချက်မှာ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ကို ဦးညွတ်လာစေရန်အတွက် ဖိအားပေးရန် ဖြစ်သည်။
အကယ်၍ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သာ ယွင်ရှီကို စူးယုနှင့် လက်ထပ်ပေးခဲ့မည်ဆိုပါက...
၎င်းက သွယ်ဝိုက်သောနည်းဖြင့် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သည် အားနည်းမှုကို ပြသလျက် အညံ့ခံလိုက်ခြင်းကို ဖော်ပြနေခြင်း ဖြစ်လိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ လုပ်ရပ်များက ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ အစီအစဉ်များကို လုံးဝ ပျက်စီးသွားစေခဲ့သည်။
ရလဒ်အနေဖြင့်၊ လောက၏အရွေးချယ်ခံဖြစ်သော စူးယုမှာ သူ၏ ဂုဏ်သိက္ခာနှင့် ကံတရားများ ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရတော့သည်။
သူတို့ ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ ဤခရီးစဉ်မှာ...
ကြက်သွားခိုးရင်း ဆန်ပါ ဆုံးရှုံးခဲ့ရသည့် အဖြစ်မျိုး ဖြစ်ခဲ့သည်။
မထွက်ခွာမီ၊ စူးယုက လွန်စွာ အေးစက်သော မျက်ဝန်းများနှင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်ခဲ့၏။
မူလက၊ သူ့ထံတွင် ကြီးမားသော ရည်မှန်းချက်တစ်ခုသာ ရှိခဲ့ကြသည်။
၎င်းက လောကအတွင်းရှိ မတရားမှုအားလုံးကို ဖယ်ရှားပစ်ရန် ဖြစ်ပေသည်။
ဒါက ကျင့်ကြံသူအားလုံးကို အဆင့်အတန်း သို့မဟုတ် လူမှုရေးအခြေအနေ ခွဲခြားမှုမရှိဘဲ တန်းတူညီမျှမှု ရှိစေရန် ဖြစ်သည်။
ဒါက ကြီးမြတ်သော စံပြရည်မှန်းချက်တစ်ခုလည်း ဖြစ်ပေသည်။
ဖြစ်ကောင်းဖြစ်နိုင်တာက၊ ဤကြီးမြတ်သော စံပြရည်မှန်းချက်ကြောင့်ပင် စူးယုက တောင်ပိုင်းကြယ်စင်စုလောက၏ အလိုတော်မှ လောက၏ကလေးငယ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ...
စူးယု၏ နှလုံးသားထဲ၌ ဤအရှက်ရမှုနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ စံပြရည်မှန်းချက်များအားလုံး ပျောက်ကွယ်သွားခဲ့ရချေပြီ။
သူ၏ နှလုံးသားထဲ၌ မယုံနိုင်လောက်အောင် ပြင်းထန်သော စွဲလမ်းစိတ်တစ်ခုသာ ကျန်ရှိသည်။
၎င်းက ကျွင်းရှောင်ယောက်ကို အနိုင်ယူရန် ဖြစ်ပေတော့သည်။
မည်မျှအထိ ပေးဆပ်ရပါစေ သို့မဟုတ် မည်သည့်နည်းလမ်းကိုပဲ သုံးရစေဦးတော့... သူ ဂရုမစိုက်တော့ပါ။
မူလက ကြီးမြတ်သော ရည်မှန်းချက်များ ရှိခဲ့သည့် အရွေးချယ်ခံတစ်ဦးမှာ...
ဤအခိုက်အတန့်တွင် အမှောင်ဘက်သို့ လုံးဝ ကူးပြောင်းသွားခဲ့ရချေပြီ။
ကျွင်းရှောင်ယောက်က စူးယု၏ အေးစက်စူးရှသော အကြည့်များကို သဘာဝအတိုင်း သတိပြုမိလိုက်သည်။
'သူ့ရဲ့ ယုံကြည်ချက်တွေ ပြိုလဲသွားတာလား'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော်လည်း သူက စူးယုကို အနည်းငယ်မျှ ဂရုမစိုက်ပါချေ။
တစ်နည်းအားဖြင့် ဤမဟာလောကကြီးအတွင်း၌၊ သူ၏ အာရုံစိုက်မှုကို ခံယူရန် ထိုက်တန်သူ မည်သူမျှ မရှိပါ။
သူ၏ ပြိုင်ဘက် ဖြစ်လာရန်မှာမူ ပို၍ပင် ဝေးကွာလှသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်က၊ ပိုမိုမြင့်မားသော အဆင့်အတန်းရှိသည့် တစ်ခုတည်းသောစကြဝဠာအတွင်း၌သာ သူ့ကို စိတ်ဝင်စားစေမည့်လူများ ရှိနေနိုင်သည်။
ယွမ်ကျူးနတ်ဘုရားမင်းဆက် ထွက်ခွာသွားခဲ့ပြီးနောက်...
မွေးနေ့အခမ်းအနား၏ အငွေ့အသက်များက ထပ်မံ၍ သက်ဝင်လှုပ်ရှားလာခဲ့ပြန်သည်။
ကျန်ရှိနေခဲ့ကြသော အင်မော်တယ်အင်အားစုများ အားလုံးသည်လည်း သူတို့၏ အကြည့်များကို ကျွင်းရှောင်ယောက်ထံသို့ တစ်ဖန် လွှဲပြောင်းလိုက်ကြ၏။
သို့သော်လည်း ယခုအချိန်မှာ သူတို့က ပို၍ ရိုသေလေးစားမှုများ ရှိလာခဲ့ကြတော့သည်။
အင်အားစုအသီးသီးမှ သမီးပျိုများနှင့် သူတော်စင်မလေးများ၏ လှပသော မျက်ဝန်းများထဲမှာလည ကြည်ညိုလေးစားမှုများနှင့် တောင့်တမှုများ ပြည့်နှက်နေခဲ့ကြပြီ ဖြစ်သည်။
သူသည် မြင့်မြတ်သော အဆင့်အတန်းဖြင့် မွေးဖွားလာသည့်အပြင် အနှိုင်းမဲ့လှသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလည်း ပိုင်ဆိုင်ထားသည်။
အင်မော်တယ်တစ်ပါးကဲ့သို့ ထူးကဲသော ရုပ်အဆင်းလည်း ရှိ၏။
သူသည် တောင်ပိုင်းကြယ်စင်စုလောက၏ အရွေးချယ်ခံကိုပင် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ဖိနှိပ်ပစ်ခဲ့သေးသည်။
ဤကဲ့သို့သော အမျိုးသားမျိုးကို ဘယ်နေရာမှာ ရှာဖွေနိုင်ပါဦးမည်နည်း။
ဤသူတော်စင်မလေးများမှာ ပုံမှန်အားဖြင့် မယုံနိုင်လောက်အောင်ပင် ထိန်းသိမ်းနေထိုင်တတ်ကြသည်။
ဂုဏ်ယူဝင့်ကြွားလှကာ၊ ရေခဲနတ်ဘုရားမကဲ့သို့ သီးခြားဆန်သူများ ဖြစ်ကြပေသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင်မူ၊ သူတို့အားလုံးမှာ ဝံပုလွေမများနှင့် ကျားသစ်မများကဲ့သို့ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့ကြပြီ ဖြစ်သည်။
ယွင်ရှီလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ဤအမျိုးသမီးများက လွန်စွာပင် အိဒ္ဒြေသိက္ခာမဲ့လှပေသည်။
ယခုအခါတွင် ကျွင်းရှောင်ယောက်ကို ကာကွယ်ပေးရန် သူမ၏အလှည့် ရောက်ရှိလာခဲ့ပြီ ဖြစ်ပုံရသည်။
ကျွင်းရှောင်ယောက်ကတော့ သိပ်ပြီး ဂရုစိုက်ပုံမရပါ။
ဤအခိုက်အတန့်တွင်၊ သူက မျက်ခုံးပင့်လိုက်ပြီး ဟင်းလင်းပြင်အတွင်းရှိ နေရာတစ်ခုသို့ကြည့်၍ တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ကျုပ်တို့ရဲ့ အိမ်တံခါးဝဆီကို ဒီလိုမျိုး မွန်မြတ်တဲ့ ဧည့်သည်တော်တွေ ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ကောင်းကောင်း မကြိုဆိုနိုင်ခဲ့တဲ့အတွက် အားနာမိပါတယ်"
ထိုစကားကို ကြားသောအခါ လူတိုင်းက ဇဝေဇဝါဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထိုစဉ်...
အဘိုးအိုတစ်ဦး၏ ရယ်မောသံက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
"မဆိုးဘူး... ဒဏ္ဍာရီလာ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေခန္ဓာကိုယ်ပိုင်ရှင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ဒီအဘိုးကြီးက ဘာဂုဏ်ပြုလက်ဆောင်မှ ယူမလာခဲ့မိဘူး၊ ဒါကြောင့် ဒီသေးငယ်တဲ့ လက်ဆောင်လေးကိုပဲ လက်ခံပေးပါ"
ထိုအသံက အိုမင်းရင့်ရော်လှပြီး၊ လူကိုမမြင်တွေ့ရဘဲ အသံကိုသာ ကြားလိုက်ရခြင်း ဖြစ်သည်။
ထို့နောက်၊ ဟင်းလင်းပြင်အတွင်း၌ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့၏။
အလင်းစက်ဝန်းတစ်ခု သက်ဆင်းလာသည်။
၎င်းအတွင်းမှာတော့ မွှေးပျံ့သော အနံ့အသက်တို့ကို ထုတ်လွှတ်နေသည့် ဆေးပင်တစ်ပင် ရှိနေလေသည်။
၎င်း၏ ရနံ့က လူကို လုံးဝ လန်းဆန်းသွားစေခဲ့ပြီး၊ ကောင်းကင်ဘုံသို့ ပျံတက်တော့မည့်အလား ခံစားလိုက်ရစေသည်။
တစ်စုံတစ်ဦးက မနေနိုင်တော့ဘဲ အံ့အားသင့်စွာ အော်ဟစ်လိုက်မိလေသည်။
"ဒါက... အင်မော်တယ်တစ်ပိုင်း ဆေးပင်လား"