← Chapters

အခန်း ၂၁၆၂

Vol. 152 Ch. 2162

အခန်း ၂၁၆၂

Vol. 152 Ch. 2162

အပိုင်း ( 2162 ) မြေကမ္ဘာ ပြန်လည်နိုးထခြင်း။

​လုမင်သည် တိုက်ကွက်တစ်ကွက်တည်းဖြင့် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွား၏။ မြို့ပြင်ရှိ လူများ၏ မျက်နှာများမှာ ဖြူလျော်သွားတော့သည်။

ကောင်းကင်ယံရှိ တိုက်ပွဲပင်လျှင် ရပ်တန့်သွားခဲ့သည်။ နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူများလည်း သူတို့၏ သက်ဆိုင်ရာ စခန်းများဆီသို့ ပြန်ဆုတ်သွားကြတော့သည်။

​"မိတ်ဆွေ... မင်း စည်းကျော်လာပြီ"

​သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ သူသည် လုမင်ကို စိုက်ကြည့်ကာ အားကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်၏။

'သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ပဲ'

​လုမင်က တစ်ဖက်လူ၏ ကျင့်ကြံမှုကို သိလိုက်သည်။

'ဒီကြီးမားတဲ့ ပြောင်းလဲမှုက ဖြစ်ပွားနေခဲ့တာ ကြာပြီနဲ့ တူတယ်။ ဒုတိယအဆင့်ရှိတဲ့ သူတော်စင်တစ်ပိုင်းတစ်ယောက်တောင် ပေါ်လာပြီ'

​လုမင်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်ပေါက်လာခဲ့သည်။

​"ဒီကိုလာစမ်း၊ မင်းကို မေးစရာ အချို့ရှိတယ်"

​လုမင်က ထိုဒုတိယအဆင့် သူတော်စင်တစ်ပိုင်း ကျွမ်းကျင်သူကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

လုမင်၏ မျက်လုံးထဲတွင် ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းဟူသည် ဘာမျှမဟုတ်ချေ။ သဘာဝအတိုင်း၊ သူ့လေသံမှာ လေးစားမှု လုံးဝ မရှိဘဲ အမိန့်ပေးသံကဲ့သို့ပင် ထွက်ပေါ်နေခဲ့သည်။

သူ့လေသံနှင့် စကားများက တစ်ဖက်လူ၏ နားထဲသို့ ကန့်လန့်ကြီး ဝင်ရောက်သွားပေရာ သူ့မျက်နှာက မည်းမှောင်သွားတော့သည်။

​"မင်းတို့နဲ့ ငါတို့ကြားမှာ သဘောတူညီချက် ရှိတယ်။ သူတော်စင်တစ်ပိုင်းက ဝင်ရောက်မစွက်ဖက်ရဘူး။ မင်း စည်းကျော်လာပြီ"

​သက်လတ်ပိုင်း အမျိုးသားက ထပ်မံ ပြောလိုက်သည်။

​"မင်းကို ဒီကိုလာဖို့ ငါပြောနေတယ်"

​လုမင်က ထပ်ပြောလိုက်၏။ သူ့မျက်နှာမှာလည်း အေးစက်သွားခဲ့သည်။

သူက အမှန်တကယ်ပင် မေးခွန်းများစွာဖြင့် ပြည့်နှက်နေသဖြင့် မေးမြန်းရန် တစ်စုံတစ်ယောက်ကို ရှာဖွေလိုနေခြင်း ဖြစ်သည်။

​"မင်းက တော်တော် မောက်မာတာပဲ။ မင်းမှာ ဘယ်လို စွမ်းရည်မျိုး ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

​သက်လတ်ပိုင်း အမျိုးသားသည်လည်း ဒေါသထွက်သွားခဲ့သည်။ သူက သူ့စွမ်းအားအပြည့်ကို ထုတ်ဖော်ကာ လုမင်ထံသို့ ပြေးဝင် တိုက်ခိုက်လိုက်၏။

ဒုတိယအဆင့် သူတော်စင်တစ်ပိုင်းက နိယာမများကို စတင်ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ အခြားသူများ၏အမြင်တွင် သူတို့၏ စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်၏။ သို့သော်၊ လုမင်၏ မျက်လုံးထဲတွင်မူ သူတို့က ပုရွက်ဆိတ်များနှင့် မခြားနားချေ။

​လုမင်က လက်တစ်ဖက်ကို သာမန်ကာလျှံကာ ဆန့်ထုတ်လိုက်ရာ ဧရာမ လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက ထိုသက်လတ်ပိုင်း အမျိုးသားကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် လုမင်က အနည်းငယ် အားစိုက်လိုက်ရာ သက်လတ်ပိုင်း အမျိုးသားက နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။ သူ့ခန္ဓာကိုယ်အနှံ့မှ အရိုးများ ကျိုးကြေသွားသော အသံများ ထွက်ပေါ်လာခဲ့သည်။ သူ၏ အရိုးအမြောက်အမြား ကျိုးကြေသွားခဲ့ရပြီ။

​မြို့အတွင်းနှင့် အပြင် နှစ်ဖက်စလုံး ငြိမ်ကျသွားခဲ့ရသည်။

သူတော်စင်တစ်ပိုင်းတစ်ယောက်က လုမင်၏လက်ထဲတွင် ကလေးငယ်တစ်ဦးနှင့် မခြားနားပေ။ သူက ရိုက်ချက်တစ်ချက်ကိုပင် မခံနိုင်ခဲ့ပါ။

ထိုအခါ မြို့ထဲမှ လူများက ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့က စိတ်ဓာတ်တက်ကြလာကြ၏။

"ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး သူတို့ကို သတ်ပစ်ကြစို့"

​"ဟုတ်တယ်ဟေ့၊ သူ့ကို သတ်ပစ်ကြ"

​မြို့တွင်းပိုင်းမှ ကျွမ်းကျင်သူများက ဤအခွင့်အရေးကို မည်သို့လက်လွတ်ခံပါမည်နည်း။

လုမင်က မြို့ပြင်သို့ လျှောက်သွားခဲ့သည်။ သူသည် အစွမ်းထက်သော နည်းလမ်းများဖြင့် ရန်သူ့ဘက်မှ ကျွမ်းကျင်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့၏။ သူတော်စင်တစ်ပိုင်းအဆင့် ရှိသူပင်လျှင် သူ၏ တိုက်ခိုက်မှုတစ်ခုကို မခုခံနိုင်ခဲ့ချေ။ ရလဒ်အနေဖြင့် ရန်သူများ၏ စိတ်ဓာတ်က အလွန်အမင်း ကျဆင်းသွားခဲ့ရမည်မှာ သေချာသည်။ ၎င်းက တိုက်ခိုက်ရန်အတွက် အကောင်းဆုံး အခွင့်အရေးပင်။

​"သတ်"

​မြို့အတွင်းမှ ကျွမ်းကျင်သူများက မြို့ပြင်သို့ ပြေးထွက်ကာ တိုက်ခိုက်ကြတော့သည်။

လုမင်၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။

သူသည် မြို့ကို ကူညီရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်း မဟုတ်ချေ။ တစ်ဖက်လူက သူ့ကို အရင် တိုက်ခိုက်ခဲ့သောကြောင့်သာ သူက ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စင်စစ်တွင်၊ သူက မေးခွန်းအချို့ မေးမြန်းလိုခြင်းသာ ဖြစ်ပေသည်။

သို့သော်လည်း မြို့ထဲမှလူများက သူ့စွမ်းအားကို ငှားယူကာ သူ့ကို လူမိုက်ကဲ့သို့ အသုံးချလိုနေကြသည်။

​"မင်းတို့အားလုံး... ထွက်သွားကြစမ်း"

​လုမင်က လှည့်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက သူ့ပါးစပ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး မြို့ထဲမှ ကျွမ်းကျင်သူများထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွား၏။

​"ဝုန်း... ဝုန်း..."

​မြို့အတွင်းဘက်မှ၊ အရှေ့ဆုံးမှ ပြေးဝင်လာကြသော ကျွမ်းကျင်သူများမှာ လေထဲတွင် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားခဲ့ကြတော့သည်။ သူတို့ထဲမှ ဒါဇင်ပေါင်းများစွာမှာ ခဏချင်းအတွင်း သေဆုံးသွားခဲ့ရသည်။

​"အား... နောက်ဆုတ်ကြစို့"

​"ဆုတ်ခွာကြ"

​ကျန်ရှိနေသော လူများမှာလည်း လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ချွေးစေးများပြန်လျက် ကသောမျောပါး နောက်ဆုတ်ပြေးကြတော့သည်။

ယခုအခါတွင် လုမင်က မည်သည့်ဘက်ကမျှ မဟုတ်ကြောင်း လူတိုင်း နားလည်သွားခဲ့ကြပြီ ဖြစ်သည်။

​"ဝှစ်..."

ထို့နောက်တွင် လုမင်က မြို့ထဲသို့ ကြီးမားသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အဖိုးအိုတစ်ဦးကို ဖမ်းဆီးလိုက်သည်။

လူတိုင်း အသက်ရှူရပ်မတတ် ဖြစ်သွားကြ၏။ ဤအဖိုးကြီးသည်လည်း သူတော်စင်တစ်ပိုင်းအဆင့် ရှိသူတစ်ဦးဖြစ်ပြီး လက်ရှိ ရှန်းရွှီတိုက်ကြီး၏ ထိပ်သီး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

​"မင်း... မင်းက လုမင်လား"

​ထိုအဖိုးကြီးက လုမင်ကို စိုက်ကြည့်ကာ ရုတ်တရက် အော်ဟစ်လိုက်သည်။

​"ဘာ..."

​လူတိုင်း ထိတ်လန့်သွားကြ၏။ သူတို့ မှတ်ဉာဏ်များ၏ အနက်ရှိုင်းဆုံးနေရာမှ မိစ္ဆာဆန်သော နာမည်တစ်ခု ပေါ်ထွက်လာတော့သည်။

လုမင်...

လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က သူသည် ရှန်းရွှီတိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့ဖူးသည်။ သူ့ကို မည်သူက မသိဘဲ နေပါမည်နည်း။

ထိုအချိန်တုန်းက ရှန်းရွှီတိုက်ကြီး၏ ထိပ်သီးကျွမ်းကျင်သူများ အားလုံးနီးပါး သတ်ဖြတ်ခြင်း ခံခဲ့ရသော်လည်း အသက်ရှင်ကျန်ရစ်သူများ ရှိနေသေးသည်။

​"ဒါက တကယ်ကို လုမင်ပဲ။ ကျုပ် သူ့ကို မှတ်မိတယ်"

​တစ်စုံတစ်ဦးက ထပ်မံ အော်ဟစ်လိုက်သည်။

ယခင်က၊ လုမင် ပထမဆုံး စတင်ပေါ်လာချိန်မှာ လူအများစုသည် သူ့ကို မမှတ်မိခဲ့ကြချေ။

နောက်ဆုံးတွင်၊ ဆယ်နှစ်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ လုမင်၏ ရုပ်ရည်နှင့် အမူအရာမှာလည်း ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရပေသည်။ ထို့ကြောင့် လူအများစုမှာ အချိန်မီ သတိမပြုမိခဲ့ကြချေ။

သို့သော်လည်း ယခုကဲ့သို့ သိရှိသွားသောအခါ လူအများ၏ မျက်နှာက ဖြူရော်သွားခဲ့ကြပြီ ဖြစ်သည်။

သူက အစွမ်းထက်သော မိစ္ဆာတစ်ကောင်ပင်။

​ထို့ပြင် သူသည် ယွမ်လုသို့ သွားခဲ့ပြီးပြီ မဟုတ်လား။ သူက အဘယ်ကြောင့် ပြန်ရောက်လာသနည်း။

လူအများက ရုတ်တရက် သဘောပေါက်သွားကြသည်။ သူသည် ယွမ်လုမှ ယခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်ရမည်။ ထို့ကြောင့်သာ သူက မြို့ထဲတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

​"ငါ မင်းကို မေးခွန်းအချို့ မေးမယ်။ တကယ်လို့ မင်း ငါ့ကို ရိုးရိုးသားသား ဖြေရင် ငါ မင်းကို မသတ်ဘူး"

​လုမင်က အေးစက်စွာ ပြောလိုက်သည်။

​"မဟာမိတ်ခေါင်းဆောင် လု... ကျေးဇူးပြုပြီး မေးပါ။ ကျွန်တော်တို့ သိသမျှ အားလုံးကို ပြောပြပါ့မယ်"

​မြို့ထဲမှ အဖိုးကြီးက ပျာပျာသလဲ ပြောလိုက်သည်။

​"ကျွန်တော်လည်း အတူတူပါပဲ... ကျွန်တော်လည်း အတူတူပါပဲ"

​သက်လတ်ပိုင်း အမျိုးသားကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်လေသည်။

လုမင်၏ လက်ရှိ စွမ်းအားမှာ အတိုင်းအဆမရှိ ကြီးမားလွန်းသည်။ သူတို့က အနည်းငယ်မျှပင် ဆန့်ကျင်ရန် မဝံ့ရဲကြချေ။

​"မင်းတို့ကို ငါ မေးမယ်၊ ဒီကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ။ မူလစွမ်းအင်တွေက ဘာဖြစ်လို့ ဒီလောက်တောင် သိပ်သည်းနေရတာလဲ။ ဒါက အရင်ကထက် အဆပေါင်းများစွာ ပိုပြီး သိပ်သည်းနေတယ်"

​လုမင်က သူ့နှလုံးသားထဲမှ မေးခွန်းများကို ထုတ်ဖော်မေးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း၊ သူသည် ယွမ်လုမှ ခုတင်တင် ပြန်ရောက်လာခြင်းပင်။

​"မဟာမိတ်ခေါင်းဆောင် လု... ဒါက ဒီလိုပါ..."

​မြို့ထဲမှ အဖိုးကြီးက ပျာပျာသလဲ ဖြေကြားလိုက်ပြီး နှစ်များတစ်လျှောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြလိုက်သည်။ သက်လတ်ပိုင်း အမျိုးသားကလည်း တစ်ခါတစ်ရံတွင် ထပ်လောင်း ဖြည့်စွက်ပေးလေသည်။

ထိုစကားများကို ကြားပြီးနောက်တွင် လုမင် အံ့ဩသွားခဲ့ရသည်။

ဤအရာအားလုံးမှာ ရှန်းဟွမ်တိုက်ကြီးကြောင့် ဖြစ်သည်။

​တိတိကျကျ ပြောရရင် ၎င်းမှာ ရှန်းဟွမ်တိုက်ကြီး၏ နဂါးကိုးကောင်မြို့တော်ကြောင့် ဖြစ်၏။

လွန်ခဲ့သော ရှစ်နှစ်၊ ကိုးနှစ်ခန့်က နဂါးကိုးကောင်မြို့တော်တွင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ နဂါးကိုးကောင်မြို့တော်၏ အလယ်ဗဟိုတွင် ရုတ်တရက် လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ နဂါးကိုးကောင်မြို့တော်ကို ဖိနှိပ်ထားသော နဂါးသွေးကြောကိုးခုနှင့် နဝမနဂါးဒယ်စောက်အိုးများသည် ထိုလမ်းကြောင်းထဲသို့ တစ်ခုပြီးတစ်ခု ပျံသန်းဝင်ရောက်သွားခဲ့ကြပေသည်။

​ထိုလမ်းကြောင်းထဲမှ အဆုံးမရှိသော မူလစွမ်းအင်များ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ရှန်းဟွမ်တိုက်ကြီး၏ မူလစွမ်းအင်ကို အလွန်အမင်း သိပ်သည်းလာစေခဲ့သည်။ ၎င်းက ရှန်းရွှီတိုက်ကြီးကဲ့သို့သော ပတ်ပတ်လည်ရှိ တိုက်ကြီးများသို့ပင် ပျံ့နှံ့သွားခဲ့ပေသည်။

မူလစွမ်းအင် သိပ်သည်းလာသည်နှင့်အမျှ၊ မိုးနှင့်မြေ၏ နိယာမများမှာ အလွန် ရှင်းလင်းလာပြီး နားလည်သဘောပေါက်ရန် လွယ်ကူလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ကလည်း အလွန်အမင်း တည်ငြိမ်လာခဲ့၏။

​နဂါးသွေးကြောတစ်ခုနှင့် နဝမနဂါးဒယ်စောက်အိုးတစ်ခု ပျံသန်းသွားသည့် အကြိမ်တိုင်းတွင် ထိုလမ်းကြောင်းထဲမှ မူလစွမ်းအင်များမှာ ပို၍ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ရှန်းဟွမ်တိုက်ကြီးနှင့် အခြားသော တိုက်ကြီးများ၏ မြေအောက်အနက်ရှိုင်းဆုံးနေရာများတွင် မရေမတွက်နိုင်သော ဝိညာဉ်အမြစ်များ သို့မဟုတ် ဆေးပင်များ၏ မျိုးစေ့များ နစ်မြုပ်နေခဲ့ပုံရသည်။ ယခုကဲ့သို့ မူလစွမ်းအင် သိပ်သည်းလာသောအခါ ထိုဝိညာဉ်အမြစ်များနှင့် ဆေးပင်များ၏ မျိုးစေ့များ အားလုံး နိုးထလာပြီး ပွင့်လန်းလာခဲ့ကြ၏။ ကမ္ဘာတစ်ဝန်းလုံးတွင် မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များနှင့် သူတော်စင်ဆေးပင်များ ပေါ်ပေါက်လာခဲ့ကြတော့သည်။

​ဤကာလအတွင်းမှာပင် သိုင်းလမ်းစဉ်သည်လည်း အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လာခဲ့သည်။

လူတိုင်း၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လာခဲ့ပြီး ကြီးမားသော ခြေလှမ်းများဖြင့် ရှေ့သို့ တက်လှမ်းနိုင်ခဲ့ကြပေသည်။

အထူးသဖြင့်၊ ရှန်းဟွမ်တိုက်ကြီးတွင် ကျွမ်းကျင်သူများမှာ မိုးတိမ်များကဲ့သို့ပင် များပြားလှသည်။ သိုင်းအုပ်ချုပ်သူများသာမက၊ သိုင်းသူတော်စင်များပင်လျှင် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြ၏။

​၎င်းက လုမင်နှင့် ချင်ယွဲ့တို့ကို ဆွံ့အသွားစေခဲ့သည်။

ကမ္ဘာကြီး၏ ပြောင်းလဲမှုများက နဝမနဂါးဒယ်စောက်အိုးနှင့် ဆက်စပ်နေလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။

ကမ္ဘာတစ်ခုလုံး နိုးထလာခဲ့ပြီး အသက်စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။

'နဝမနဂါးဒယ်စောက်အိုးရဲ့ ဒဏ္ဍာရီက မှားယွင်းနေခဲ့တာလား'

လုမင် တွေးလိုက်မိသည်။

​ဒဏ္ဍာရီများအရ နဝမနဂါးဒယ်စောက်အိုးများကို နဂါးသွေးကြောကိုးခုကို ဖိနှိပ်ရန်အတွက် ရှေးခေတ်မှ လူသားမျိုးနွယ် ကျွမ်းကျင်သူများက သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခု လုမင် ခန့်မှန်းမိသည်မှာ၊ နဝမနဂါးဒယ်စောက်အိုးနှင့် နဂါးသွေးကြောကိုးခုက တစ်ခုတည်းဖြစ်ပြီး ထိုလမ်းကြောင်းကို ဖိနှိပ်ရန်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

'အဲဒီလမ်းကြောင်းက ဘယ်နေရာကို ဦးတည်နေတာလဲ'

လုမင်၏စိတ်ထဲတွင် အတွေးများစွာ ပေါ်လာပြီး မေးခွန်းများစွာလည်း ပေါ်လာခဲ့သည်။

All Chapters