← Chapters

အခန်း ၂၁၆၅

Vol. 152 Ch. 2165

အခန်း ၂၁၆၅

Vol. 152 Ch. 2165

အပိုင်း ( 2165 ) ခွန်အားကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများ။

ဟန်ကျုံးက လုမင်နှင့် ချင်ယွဲ့တို့ကို သူတို့၏အဖွဲ့ထဲသို့ ပူးပေါင်းလာရန် အမှန်တကယ် မျှော်လင့်နေခဲ့သည်။

အခြားသူများ၏ မျက်နှာတွင်လည်း မျှော်လင့်ချက်အပြည့် ရှိနေကြ၏။

လုမင် ပြသခဲ့သည့် စွမ်းအားမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ သူက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရန် အခွင့်အလမ်း အလွန်များပြီး ဟန်ကျုံးထက်ပင် ပိုမိုသန်မာသေးသည်။

အကယ်၍ လုမင်နှင့် ချင်ယွဲ့တို့သာ သူတို့နှင့် ပူးပေါင်းရန် ဆန္ဒရှိပါက၊ သူတို့အဖွဲ့၏ အင်အားမှာ အဆမတန် တိုးတက်လာပေလိမ့်မည်။

သို့သော်လည်း လုမင်က ချက်ချင်းပင် ခေါင်းခါလိုက်ပြီး ထိုကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။

သူက အဘယ်ကြောင့် ဤအဖွဲ့မျိုးနှင့် ပူးပေါင်းရမည်နည်း။

သူက ဟန်ကျုံး၏ အဖွဲ့နှင့် ပူးပေါင်းခဲ့ခြင်းမှာ ဝူယွမ်တောင်သို့ သွားရောက်ကြည့်ရှုလိုသောကြောင့်သာ ဖြစ်သည်။

လုမင်၏ ငြင်းပယ်မှုကို မြင်တွေ့ရသောအခါ ဟန်ကျုံးနှင့် အခြားသူများမှာ စိတ်ပျက်သွားခဲ့ကြလေသည်။

"ညီလေးလု... ငါက အသက်ကြီးနေပြီမို့လို့ မင်းကို အကြံဉာဏ်တစ်ခု ပေးပါရစေ။ မင်းရဲ့ ကျင့်ကြံမှုက မအားနည်းဘူးဆိုပေမဲ့ အခု ကမ္ဘာကြီးက ပြန်လည်နိုးထနေတာဆိုတော့ လူတိုင်းရဲ့ ကျင့်ကြံမှုက အရှိန်အဟုန်နဲ့ တိုးတက်နေတာ။ ကျွမ်းကျင်သူတွေက နေရာတိုင်းမှာ ရှိနေတယ်လေ၊ အထူးသဖြင့် ကျယ်ပြောတဲ့ တောင်တန်းကြီးတွေထဲမှာ သူတော်စင်ဆေးပင်တွေနဲ့ ဝိညာဉ်ဆေးပင်တွေကို ရှာဖွေတဲ့အခါမျိုးပေါ့။ မင်းတို့က ပိုပြီးတော့ အစွမ်းထက်တဲ့ မိစ္ဆာသားရဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပိုပြီးတော့လည်း အန္တရာယ်များလာလိမ့်မယ်"

ဟန်ကျုံးက လက်မလျှော့ဘဲ ထပ်မံပြောလိုက်သည်။

တစ်နည်းအားဖြင့် ပြောရသော်၊ လုမင်၏ ကျင့်ကြံမှုမှာ မဆိုးလှသော်လည်း သူတို့နှစ်ယောက်တည်းနှင့် မလုံလောက်ချေ။ သူက အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လုမင်က ပြုံးလိုက်သော်လည်း ထိုကမ်းလှမ်းမှုကို လက်မခံသေးပေ။

"လူငယ်လေး... မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ။ မင်းလိုမျိုး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး သန်မာတယ်လို့ ထင်နေတဲ့ ကျင့်ကြံသူ အမြောက်အမြားကို ငါ မြင်ဖူးတယ်၊ ဒါပေမဲ့ သူတို့အားလုံးက နောက်ဆုံးမှာ သက်ဆိုးမရှည်နိုင်ခဲ့ဘူး"

သန်မာသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး သူ့ကို လှောင်ပြောင်လိုက်သည်။

"‌တိတ်စမ်း"

ဟန်ကျုံးက ငေါက်ငမ်းလိုက်၏။ ထိုအမျိုးသားလည်း ပါးစပ်ပိတ်သွားပြီး အထွန့်မတက်ရဲတော့ပေ။

"ညီလေးလု... သူ့ကို စိတ်ထဲမထားပါနဲ့။ သူက မင်းကို တမင်ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး"

ဟန်ကျုံးက ပြုံး၍ရှင်းပြလိုက်သည်။

"ရပါတယ်"

လုမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ လက်ရှိအဆင့်အရ ထိုလူမျိုး၏ စကားများအပေါ် မည်သို့မျှ ခံစားရခြင်း မရှိချေ။

ထို့ပြင် သူတို့က ဝူယွမ်တောင်သို့ ရောက်ရှိပြီး သူတော်စင်ဝိညာဉ်သစ်သီးကို ရရှိပြီးသည်နှင့် ဟန်ကျုံးတို့အဖွဲ့နှင့် ပတ်သက်မှုရှိတော့မည် မဟုတ်ပါ။

ထို့နောက်တွင် ဟန်ကျုံးက အနီရောင်ဆိပ်ဖူးသစ်ခွ ခုနစ်ပင်ကို ခူးဆွတ်လိုက်သည်။

"ညီလေးလု... မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ စုစုပေါင်း ခုနစ်ပင် ရှိတာဆိုတော့ မင်း သုံးပင် ယူလိုက်ပါ။ ဘယ်လိုလဲ"

ဟန်ကျုံးက အနီရောင်ဆိပ်ဖူးသစ်ခွ သုံးပင်ကို လုမင်ထံသို့ ကမ်းပေးလိုက်သည်။

သူတို့က လူခြောက်ယောက်ဖြစ်သည်။ အနီရောင်ဆိပ်ဖူးသစ်ခွက ခုနစ်ပင်သာ ရှိ၏။ သို့သော်လည်း ဤအကြိမ်တွင် လုမင်က အများကြီး ပါဝင်ကူညီခဲ့သဖြင့်၊ လုမင်ကို အနီရောင်ဆိပ်ဖူးသစ်ခွတစ်ပင် ပိုပေးခဲ့ခြင်း ဖြစ်သည်။

လုမင်ကလည်း အားနာမနေခဲ့ချေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အနီရောင်ဆိပ်ဖူးသစ်ခွ သုံးပင်ကို သိမ်းဆည်းလိုက်သည်။

ထို့နောက်တွင် လူတိုင်းက ဝူယွမ်တောင်သို့ ဆက်လက်ထွက်ခွာခဲ့လေသည်။

လမ်းခရီးတွင် သူတို့က သူတော်စင်ဆေးပင် အနည်းငယ်ကို ထပ်မံရရှိခဲ့ပြီး အညီအမျှ ခွဲဝေခဲ့ကြသည်။

"ဝှစ်..."

ရုတ်တရက်၊ သူတို့ရှေ့ရှိ တောင်ထိပ်မှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုက ဟန်ကျုံးထံသို့ ပြေးဝင်လာခဲ့သည်။

"ဆုတ်ကြ"

ဟန်ကျုံး၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူက အရှိန်အဟုန်ဖြင့် ဆုတ်ခွာလိုက်၏။

"ဝုန်း"

သူ ရပ်နေခဲ့သော နေရာက ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး တွင်းကြီးတစ်ခု ပေါ်လာတော့သည်။

"ဝှစ်... ဝှစ်..."

ထိုအချိန်တွင်၊ အရပ်မျက်နှာအနှံ့မှ သူတို့ထံသို့ ဦးတည်ပြေးဝင်လာသော လူရိပ် ငါးခု၊ ခြောက်ခုကို မြင်လိုက်ရသည်။ သူတို့၏ အေးစက်သော သတ်ဖြတ်လိုစိတ်များက လူတို့ကို ကျောချမ်းသွားစေခဲ့ပေသည်။

"မကောင်းဘူး... ဒါက အခြားရတနာရှာဖွေရေးအဖွဲ့ပဲ။ သွားကြစို့။ သွားကြစို့"

ဟန်ကျုံးက အော်ဟစ်လိုက်ပြီး အခြားသူများနှင့်အတူ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။

ရတနာရှာဖွေရေးအဖွဲ့များက သူတော်စင်ဆေးပင်များနှင့် ဝိညာဉ်ဆေးပင်များကို ရှာဖွေရန် ကျော်ကြားသော တောင်များနှင့် မြစ်များထဲသို့ ဝင်ရောက်တတ်ကြသည်။

သို့သော်လည်း သူတို့အတွက် အကြီးမားဆုံး အန္တရာယ်မှာ မိစ္ဆာသားရဲများ မဟုတ်ပေ။ အခြားသော ရတနာရှာဖွေရေးအဖွဲ့များမှ လူများ ဖြစ်ကြသည်။

အကယ်၍ သူတို့သာ တောထဲတွင် အစွမ်းထက်သော ရတနာရှာဖွေရေးအဖွဲ့တစ်ခုနှင့် ကြုံတွေ့ရပါက၊ သူတို့ကို သတ်ဖြတ်ပြီး ရတနာများကို လုယူခံရရန် အခွင့်အလမ်း အလွန်များပေသည်။

သူတို့က ထိုကဲ့သို့သော ရတနာရှာဖွေရေးအဖွဲ့တစ်ခုနှင့် တိုးမိသွားခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

ဟန်ကျုံးနှင့် အခြားသူများက ဆုတ်ခွာခဲ့ကြသော်လည်း သူတို့၏ အရှိန်မှာ အလွန်အမင်း မြန်ဆန်သည်။

"ဝုန်း..."

တောင်လုံးတမျှ ကြီးမားသော လက်ဝါးပုံရိပ်တစ်ခုက သူတို့ထံသို့ ရိုက်ချလာ၏။ ဟန်ကျုံးနှင့် အခြားသူများက ထိုလက်ဝါးအောက်တွင် ပိတ်မိသွားတော့သည်။

ဟန်ကျုံး၊ သန်မာသော အမျိုးသားနှစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့က လက်ဝါးပုံရိပ်ကို ခုခံရန် ကြိုးစားရင်း အော်ဟစ်လိုက်ကြသည်။

ဟန်ကျုံးက ခြေလှမ်းအနည်းငယ်သာ နောက်သို့ ဆုတ်သွားခဲ့ရသဖြင့် အခြေအနေမဆိုးလှပေ။ သို့သော်လည်း အခြားသူများက သွေးများအန်ရင်း နောက်သို့ လွင့်ထွက်သွားခဲ့ကြရသည်။

"သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်"

ဟန်ကျုံးက အော်ဟစ်လိုက်သည်။

"ဝုန်း... ဝုန်း..."

လူရိပ်ခြောက်ဦးက အရပ်မျက်နှာအနှံ့မှ သူတို့ကို ဝိုင်းရံထားခဲ့ကြ၏။ တစ်ဦးစီတိုင်းက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြတော့သည်။

တတိယအဆင့် သိုင်းအုပ်ချုပ်သူ သုံးဦး၊ စတုတ္ထအဆင့် နှစ်ဦးနှင့် ပဉ္စမအဆင့် တစ်ဦး ဖြစ်ကြသည်။

လုမင်က တစ်ဖက်လူများ၏ ကျင့်ကြံမှုကို လွယ်ကူစွာ သိရှိခဲ့ပေသည်။

"သိုင်းအုပ်ချုပ်သူနယ်ပယ် ပဉ္စမအဆင့်"

ဟန်ကျုံးက မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။

"သတ်"

သိုင်းအုပ်ချုပ်သူနယ်ပယ် ပဉ္စမအဆင့် ကျွမ်းကျင်သူက သူ့လက်ထဲရှိ ဓားဖြင့် ဟန်ကျုံးကို ခုတ်ပိုင်းလိုက်၏။

ဟန်ကျုံးအနေဖြင့် ထိုခုတ်ချက်ကို ခုခံနိုင်မည့် နည်းလမ်း မရှိချေ။

ဟန်ကျုံးနှင့် အခြားသူများမှာ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားခဲ့ကြရသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် လုမင်၏ပုံရိပ်က ဟန်ကျုံး၏ ရှေ့မှောက်၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ဓားက လုမင်က ခုတ်ချလိုက်၏။

"လုမင်..."

ဟန်ကျုံး အံ့အားသင့်သွားခဲ့ရသည်။

လုမင်၏ ခွန်အားက တော်တော်လေး အထင်ကြီးစရာ ကောင်းသော်လည်း ထိုဓားခုတ်ချက်ကို ခုခံနိုင်မည့် နည်းလမ်း မရှိချေ။ သူသည် ဟန်ကျုံးကို ကာကွယ်ပေးရင်း သေရပေတော့မည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူ ကြက်သေသေသွားခဲ့ရသည်။

လုမင်က လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ညင်သာစွာ ညှပ်လိုက်သည်။ ထိုဓားကို သူ၏ လက်နှစ်ချောင်းဖြင့် ဖမ်းထားလိုက်၏။

ထိုဓားက လုမင်၏ လက်ထဲတွင် ရပ်တန့်သွားခဲ့ပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

ဟန်ကျုံး၊ သန်မာသော အမျိုးသားနှစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့လည်း မျက်လုံးများ ပြူးကျယ်လျက် စိုက်ကြည့်နေခဲ့မိသည်။

၎င်းမှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ပဉ္စမအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခုတ်ချက် ဖြစ်သည်။ သိုင်းအုပ်ချုပ်သူနယ်ပယ် တတိယအဆင့်တစ်ဦးက ထိုခုတ်ချက်ကြောင့် တိုက်ရိုက် သေဆုံးသွားနိုင်၏။ သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့် ကျွမ်းကျင်သူတစ်ဦးမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိပေလိမ့်မည်။ သို့သော်လည်း လုမင်က ဓားကို လက်ချောင်းနှစ်ချောင်းတည်းဖြင့် လွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းက မည်သို့သောကျင့်ကြံမှုမျိုး ဖြစ်သနည်း။ ၎င်းက သို့သော စွမ်းအားမျိုး ဖြစ်သနည်း။

တစ်ဖက်လူများသည်လည်း ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူမှာမူ ပို၍ပင် ထိတ်လန့်သွားခဲ့ရတော့သည်။

သူက သူ၏ ဓားချက်မှ စွမ်းအားကို ကောင်းစွာသိရှိသည်။ သို့သော်လည်း လုမင်၏ လက်ချောင်းများမှာ ထိုက်ရှန်းတောင်ကဲ့သို့ တတည်ငြိမ်နေခဲ့၏။ သူက မည်မျှပင် ကြိုးစားပါစေ၊ ဓားကို လုံးဝ မဆွဲယူနိုင်ခဲ့ပေ။

"ပြေးကြ... ပြေးကြ... အခုချက်ချင်း ထွက်သွားကြစို့"

ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူက အော်ဟစ်လိုက်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူတစ်ဦးနှင့် တိုးမိသွားခြင်း ဖြစ်ကြောင်း သိလိုက်၏။

အကယ်၍ သူ အခု မထွက်သွားပါက သေဆုံးရပေလိမ့်မည်။

သူက ဓားကို ချက်ချင်း လွှတ်ချလိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

"အခုမှ နောက်ဆုတ်ချင်ရင် နောက်ကျသွားပြီ"

လုမင်က သူ၏ လက်ချောင်းများဖြင့် ဓားကို ညှပ်ထားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ခွမ်း"

ဓားက ခြောက်ပိုင်း ကျိုးသွားခဲ့ပြီး ပေါက်ကွဲသံနှင့်အတူ ပျံထွက်သွားခဲ့၏။ အပိုင်းအစတစ်ခုစီတိုင်းက ပြိုင်ဘက်တစ်ဦးစီထံသို့ ဦးတည်သွားခဲ့သည်။

"ဝှစ်... ဝှစ်..."

သွေးများ နေရာအနှံ့ စင်သွားခဲ့၏။ တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ ခြောက်ဦးစလုံးက ဓားအပိုင်းအစများ၏ ထိုးဖောက်ခြင်းကို ခံရပြီး ထိုနေရာတွင် ချက်ချင်း သေဆုံးသွားခဲ့ကြတော့သည်။

ဟန်ကျုံး၊ သန်မာသော အမျိုးသားနှစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့လည်း မျက်လုံးများ ပြူးကျယ်လျက် ထိုမြင်ကွင်းကို စိုက်ကြည့်နေကြတော့သည်။

ထိုကျင့်ကြံသူ ခြောက်ဦးအနက် အားအနည်းဆုံးတစ်ဦးပင် ဟန်ကျုံးနှင့် အဆင့်တူ ဖြစ်သည်။ သို့ရာတွင်၊ သူသည်လည်း လုမင်၏ သတ်ဖြတ်ခြင်းကို ခဏချင်းအတွင်း ခံလိုက်ရပေသည်။

ထို့ပြင်၊ လုမင်က သူ၏ နေရာမှပင် မရွေ့လျားခဲ့ချေ။

ယခုမှသယ သူတို့က ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ရကြောင်း သတိပြုမိလိုက်သည်။ သူတို့အားလုံး တုန်လှုပ်သွားကြ၏။

လုမင်၏ ကျင့်ကြံမှုက အဘယ်နည်း။

သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်၊ အဋ္ဌမအဆင့် သို့မဟုတ် ထိုထက်မက မြင့်မားနေသလား။

သူတို့က သူတို့၏ အတွေးများကို ပြန်လည်စုစည်းရန်ပင်အချိန်တော်တော်လေး ယူခဲ့ရသည်။

"လု... လုမင်... အရင်က ကျုပ်မှားခဲ့ပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ..."

အထူးသဖြင့် သန်မာသောအမျိုးသားတစ်ဦးက မျက်နှာကြီးနီမြန်းလျက် လုမင်ကို တောင်းပန်လိုက်သည်။

ယခင်က သူသည် လုမင်ကို သူတို့နှင့် မပူးပေါင်းလိုသဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသည်ဟု လှောင်ပြောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအခါ လုမင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်း မဟုတ်ကြောင်း သူ သိရှိသွားခဲ့ပြီ။ သူက သူ့ကိုယ်သူ ယုံကြည်မှုရှိသဖြင့် သူတို့ကို လုံးဝ စိတ်ဝင်စားခြင်း မရှိခဲ့သည်မှာ ထင်ရှားသည်။

သူတို့၏ အင်အားမှာ လုမင်အတွက် မည်သို့မျှ အထောက်အကူ မဖြစ်ခဲ့ချေ။

လုမင်လည်း မည်သို့မျှ စိတ်အနှောင့်အယှက် မဖြစ်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူက လက်ကို ဝှေ့ယမ်းကာ ကျင့်ကြံသူ ခြောက်ဦး၏ သိုလှောင်ခြင်းလက်စွပ်များကို သိမ်းဆည်းပြီး ပြောလိုက်သည်။

"ဝူယွမ်တောင်ကို သွားကြစို့"

ထို့နောက်၊ သူတို့အဖွဲ့က ဝူယွမ်တောင်သို့ ဆက်လက်ထွက်ခွာခဲ့ကြလေသည်။ သို့သော်လည်း ဟန်ကျုံးနှင့် အခြားသူများ၏ လုမင်နှင့် ချင်ယွဲ့အပေါ် ထားရှိသော သဘောထားမှာ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ သူတို့၏ အပြုအမူများက အလွန်အမင်း ရိုသေကိုင်းရှိုင်းနေကြပြီ။

တောင်အချို့ကို ဖြတ်ကျော်ပြီးနောက် တိမ်တိုက်များထဲထိ ထိုးဖောက်လျက်ရှိသော တောင်ကြီးတစ်တောင်က သူတို့၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။

ဝူယွမ်တောင်သို့ ရောက်ရှိပြီ။

All Chapters