အခန်း ၂၁၆၆
Vol. 152 Ch. 2166
အပိုင်း ( 2166 ) ယွမ်လုမှ ကျွမ်းကျင်သူများ။
အဝေးမှ လှမ်းကြည့်လိုက်ရုံဖြင့် ဝူယွမ်တောင်၏ ထိပ်ဖျားတွင် ကြီးမားသော သစ်ပင်ကြီးတစ်ပင် ရှိနေသည်ကို လုမင် မြင်တွေ့နိုင်သည်။ ၎င်းက နတ်ဘုရားသစ်ပင်တစ်ပင်ကဲ့သို့ တောက်ပနေခဲ့၏။
ထိုသစ်ပင်ကြီး၏ သစ်ကိုင်းများပေါ်မှာတော့ သစ်သီးကိုးလုံး ရှိနေခဲ့သည်။ ၎င်းတိုက မီးတောက်ကဲ့သို့ ရဲရဲနီနေကြပြီး မွှေးပျံ့သော ဆေးရနံ့များ ထွက်ပေါ်နေလေသည်။
ထိုအရာများမှာ သူတော်စင်ဝိညာဉ်သစ်သီးများ ဖြစ်ကြသည်။ သို့သော်၊ ၎င်းတို့က မရင့်မှည့်သေးချေ။
တောင်ပတ်ပတ်လည်တွင် လူရိပ်များ တစ်ခါတစ်ရံ ဖြတ်သန်းသွားနေကြသည်ကိုလည်း မြင်တွေ့ရသည်။ သူတို့အားလုံးမှာ ရတနာရှာဖွေရေးအဖွဲ့များ ဖြစ်ကြ၏။
သို့သော်လည်း သူတော်စင်ဝိညာဉ်သစ်သီးများမှာ မရင့်မှည့်သေးချေ။ မရင့်မှည့်သေးသော သူတော်စင်ဝိညာဉ်သစ်သီးများက အသုံးမဝင်သဖြင့် လူတိုင်းက သစ်သီးများ ရင့်မှည့်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
လုမင်နှင့် အခြားသူများသည်လည်း ရှေ့သို့ ပျံသန်းသွားခဲ့ကြလေသည်။
"ဝုန်း... အား..."
သူတို့ရှေ့ရှိ တောအုပ်ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ရတနာရှာဖွေရေးအဖွဲ့ နှစ်ဖွဲ့က တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်နေကြ၏။ လူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေခဲ့ကြတော့သည်
မကြာမီမှာပင် ရတနာရှာဖွေရေးအဖွဲ့ တစ်ဖွဲ့က အားလုံး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သူတို့၏ သိုလှောင်လက်စွပ်မှာလည်း လုယူခြင်းခံလိုက်ရ၏။ သူတို့၏အလောင်းများက ထိုနေရာတွင်ပင် ထာဝရ ကျန်ရစ်ခဲ့ရပြီ။
အနိုင်ရသွားသော ရတနာရှာဖွေရေးအဖွဲ့ကလည်း လုမင်နှင့် အခြားသူများကို သတိပြုမိသွားခဲ့သည်။ သူတို့က အေးစက်စွာ လှမ်းလှမ်းကြည့်လိုက်ပြီးနောက် ခဏချင်းအတွင်း ထွက်ခွာသွားခဲ့ကြလေသည်။
သူတို့ ဝူယွမ်တောင်သို့ ချဉ်းကပ်လာသည်နှင့်အမျှ ရတနာရှာဖွေရေးအဖွဲ့များ ပိုမို၍ ပေါ်ပေါက်လာခဲ့သည်။ လုမင်က သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ရာ အနည်းဆုံး ရတနာရှာဖွေရေးအဖွဲ့ တစ်ရာခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာတွင် လူပေါင်း တစ်ထောင်ကျော် ရှိနေခဲ့၏။
ထိုလူများက တစ်ဦးကိုတစ်ဦး အေးစက်စွာ စိုက်ကြည့်နေကြသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ကြချေ။
သူတို့က သူတော်စင်ဝိညာဉ်သစ်သီးများ ရင့်မှည့်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း ထင်ရှားသည်။
သူတော်စင်ဝိညာဉ်သစ်သီးများ ရင့်မှည့်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာပေလိမ့်မည်။
သူတော်စင်ဝိညာဉ်သစ်သီးက တန်ဖိုးကြီးလွနိးသည်။
သူတော်စင်ဝိညာဉ်သစ်သီး တစ်လုံးက သိုင်းသူတော်စင်နယ်ပယ် ပညာရှင်တစ်ဦးကို မွေးဖွားပေးနိုင်ပေသည်။
သူတော်စင်ဝိညာဉ်သစ်သီး ကိုးလုံးက သိုင်းသူတော်စင်နယ်ပယ် ကျွမ်းကျင်သူ ကိုးဦးနှင့် ညီမျှသည်။
ကမ္ဘာကြီးက ပြောင်းလဲသွားပြီး လူတိုင်း၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သော်လည်း သိုင်းသူတော်စင်နယ်ပယ် ကျွမ်းကျင်သူမှာမူ အလွန် ရှားပါးနေဆဲ ဖြစ်သည်။ သိုင်းသူတော်စင်နယ်ပယ် ပညာရှင်တိုင်းက ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ကြ၏။
စင်စစ်တွင်၊ ဤအထဲမှာ ယွမ်လုမှ ပညာရှင်များ မပါဝင်ဘဲ ရှန်းဟွမ်တိုက်ကြီးမှ လူများသာရှိသည်။
ယွမ်လုမှ ကျွမ်းကျင်သူများက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ၎င်းတို့ကို လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။
ရုတ်တရက်၊ လူအုပ်စုတစ်စုက လုမင်နှင့် အခြားသူများထံသို့ လျှောက်လှမ်းလာခဲ့ကြသည်။
ထိုနေရာတွင် လူတစ်ဒါဇင်ကျော် ရှိနေခဲ့သည်။ သူတို့၏ အရှိန်အဝါများမှာ ပြင်းထန်ပြီး တစ်ဦးစီတိုင်းက ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြ၏။
၎င်းမှာ အလွန် အစွမ်းထက်သော ရတနာရှာဖွေရေးအဖွဲ့တစ်ခု ဖြစ်သည်။
"မင်းတို့လို အားနည်းတဲ့ ရတနာရှာဖွေရေးအဖွဲ့ကလည်း သူတော်စင်ဝိညာဉ်သစ်သီးကို လုယူဖို့ စဉ်းစားနေတာလား။ မင်းတို့က အကောင်းအဆိုးကို တကယ် မသိဘူးပဲ။ မင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေကိုအပ်ပြီး ဒီကလစ်လိုက်ကြတော့"
အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ငေါက်ငမ်းလိုက်သည်။
ဟန်ကျုံးနှင့် အခြားသူများ၏ မျက်နှာများမှာ ဖြူလျော်သွားခဲ့ကြ၏။
ဤရတနာရှာဖွေရေးအဖွဲ့က အလွန်အမင်း သန်မာသည်။ သူတို့သည် ယခင်က သူတို့ကို ခြုံခိုတိုက်ခိုက်ခဲ့သော ရတနာရှာဖွေရေးအဖွဲ့ထက် သိသိသာသာ ပိုမိုသန်မာကြောင်း ထင်ရှားပေသည်။
ထိုကဲ့သို့သော ရတနာရှာဖွေရေးအဖွဲ့နှင့် ရင်ဆိုင်ရသောအခါ သူတို့တွင် တောင်းဆိုမှုကို သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။
သူတို့က လုမင်ကို ကြည့်လိုက်မိကြသည်။
သူတို့က သူတို့၏ သိုလှောင်လက်စွပ်များကို မအပ်နှံလိုကြသဖြင့် လုမင်အနေဖြင့် အံ့ဖွယ်တစ်ခုကို ဖန်တီးပေးနိုင်ရန် မျှော်လင့်နေခဲ့ကြပေသည်။
သိုလှောင်လက်စွပ်ထဲရှိ ရတနာများကို သူတို့၏ အသက်များနှင့်ရင်း၍ ရယူထားရခြင်း ဖြစ်သည်။
"ဘာလဲ... မင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေကို မအပ်ချင်ဘူးလား။ မင်းတို့ သေချင်နေတာလား"
ထိုထွားကျိုင်းသောအမျိုးသား၏ အသံမှာ အေးစက်သွားခဲ့သည်။
အခြား ရတနာရှာဖွေရေးအဖွဲ့၏ အဖွဲ့ဝင်များလည်း အေးစက်သော အပြုံးများဖြင့် စောင့်ကြည့်နေခဲ့ကြ၏။
ရတနာရှာဖွေရေးအဖွဲ့ဟူသည်မှာ မကြာသေးမီနှစ်များအတွင်းကမှ ပေါ်ပေါက်လာခဲ့သော လုပ်ငန်းတစ်ခု ဖြစ်သည်။ သူတို့က အမျိုးမျိုးသော အန္တရာယ်နယ်မြေများ၊ ကျော်ကြားသော တောင်များနှင့် မြစ်ကြီးများတစ်လျှောက် ခရီးနှင်ကြပြီး သေခြင်းရှင်ခြင်း တိုက်ပွဲများကို ကျင့်သားရနေခဲ့ကြပြီ။
စွမ်းအားမရှိပါက သေခြင်းတရားသာလျှင် စောင့်ကြိုနေလိမ့်မည် ဖြစ်သည်။
"လစ်စမ်း"
ထိုအခိုက်အတန့်တွင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ လုမင်ထံမှ ဖြစ်၏။
ထိုထွားကျိုင်းသောအမျိုးသားမှာ အံ့ဩသွားခဲ့ရသည်။ သူက လုမင်ကို လှမ်းကြည့်လိုက်၏။ သူ နားကြားမှားသည်ဟုပင် ထင်မှတ်လိုက်မိသည်။ ဤလူငယ်လေးက သူ့ကို အမှန်တကယ် ထွက်သွားရန် ပြောလိုက်တာလား။
သူ ရူးသွားတာများလား။
"ဝုန်း..."
သူ့ခန္ဓာကိုယ်မှ အစွမ်းထက်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်။
ထိုထွားကျိုင်းသောအမျိုးသားက သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် အခြားသော ရတနာရှာဖွေရေးအဖွဲ့များ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရ၏။ သူတို့ထဲမှ အများစုမှာ လေးနက်သော အမူအရာများ လှစ်ဟလာကြတော့သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးကို ရတနာရှာဖွေရေးအဖွဲ့များ၏ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်၏ ဖိအားက လုမင်နှင့် အခြားသူများကို ဆက်လက် ဖိနှိပ်ထားခဲ့၏။
သို့သော်လည်း လုမင်နှင့် ချင်ယွဲ့တို့မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟန်ကျုံးနှင့် အခြားသူများက လန့်ဖြန့်သွားခဲ့ကြရသည်။ သူတို့၏ ခန္ဓာကိုယ်များက ကြီးမားသော တောင်ကြီးတစ်တောင်၏ ဖိညှပ်ခြင်းကို ခံနေရသည့်အလား တုန်ရင်လာကြတော့သည်။
"ကောင်လေး... သေလိုက်စမ်း"
ထိုထွားကျိုင်းသောအမျိုးသားက အော်ဟစ်လိုက်သည်။ သူက လုမင်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
"မင်းပဲ သေရမှာ"
လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့မျက်ဝန်းများတွင် သေခြင်းတရား အလင်းရောင်တစ်ခု လက်သွားခဲ့၏။ ထို့နောက်တွင် ထိုထွားကျိုင်းသောအမျိုးသား၏ ခန္ဓာကိုယ်မှ သေခြင်းအရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။
"အား..."
ထိုထွားကျိုင်းသော အမျိုးသားက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရသည်။ လူအုပ်ကြီး၏ အံ့အားသင့်ေနသော အကြည့်အောက်တွင် သူ့ခန္ဓာကိုယ်က ပြာအဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည်။
အသက်ပြင်းပြင်း ရှူရှိုက်သံများကို ကြားလိုက်ရသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့် ကျွမ်းကျင်သူတစ်ဦးက သတ်ဖြတ်ခြင်း ခံလိုက်ရပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။ အရေးကြီးဆုံးအချက်မှာ၊ လုမင်က မည်သို့မည်ပုံ လှုပ်ရှားခဲ့မှန်း မည်သူမျှ မမြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ဂလု...
ဟန်ကျုံးနှင့် အခြားသူများလည်း အံ့အားသင့်လွန်းသဖြင့် တံတွေးများကို မျိုချလိုက်မိကြသည်။ လုမင်၏ စွမ်းအားက သူတို့ မျှော်လင့်ထားသည်ထက် ပိုမိုကျော်လွန်နေပုံရပေသည်။
"မင်းတို့ရော သေချင်သေးလား"
လုမင်က ထိုရတနာရှာဖွေရေးအဖွဲ့၏ ကျန်ရှိနေသော အဖွဲ့ဝင်များကို လှမ်းကြည့်လိုက်သည်။
သူတို့အားလုံး မျက်နှာပျက်သွားကြ၏။ သူတို့က ကမန်းကတန်း ဆုတ်ခွာသွားခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့ ပျောက်ကွယ်သွားခဲ့ကြပြီး အရိပ်အယောင်ပင် မမြင်ရတော့ပေ။
ကျန်ရှိနေသော လူများသည်လည်း လုမင်ကို အံ့ဩလေးစားမှုများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
၎င်းမှာ လုမင် အလိုရှိခဲ့သော ရလဒ် ဖြစ်သည်။ ဤနည်းအားဖြင့် အခြားသူများက သူတို့ကို ပစ်မှတ်ထားရန် ဝံ့ရဲကြတော့မည် မဟုတ်ပေ။ ၎င်းက သူတို့ကို များစွာ အလုပ်ရှုပ်သက်သာစေသည်။
"ဒီလူငယ်လေးက ဘယ်သူလဲ။ ကျုပ် သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးနဲ့ သူက ယွမ်လုက ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေမလား"
"မဖြစ်နိုင်တာ။ ယွမ်လုက လာတဲ့လူတိုင်းက အရမ်း ကြောက်ဖို့ကောင်းတာ။ သာမန် သိုင်းသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတွေက သူတို့ရှေ့မှာ ပုရွက်ဆိတ်တွေလိုပဲ။ အားနည်းတဲ့သူတစ်ယောက်မှ မရှိဘူး"
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီလူငယ်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုစွမ်းအားမျိုး ရှိနေတာ...၊ သူက ရှန်းဟွမ်တိုက်ကြီးရဲ့ ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်နေမလား"
"မဟုတ်ဘူးဗျ၊ ကျုပ်က ထိပ်တန်း ပါရမီရှင် ဆယ်ယောက်စလုံးကို မြင်ဖူးတယ်။ ဒီလိုလူမျိုး မရှိပါဘူး"
လူအချို့က တိုးတိုးတိတ်တိတ် ပြောဆိုလိုက်ကြသည်။
'ထိပ်တန်း ပါရမီရှင် ဆယ်ယောက်လား'
လုမင်၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
လူအုပ်ကြီးက ဆက်လက် စောင့်ဆိုင်းနေခဲ့ကြလေသည်။
"ဝူ..."
ရုတ်တရက်၊ ဝေးကွာသော ကောင်းကင်ယံမှ နွားတစ်ကောင်၏ နားကွဲလုမတတ် အော်ဟစ်သံကို ကြားလိုက်ရသည်။
ထို့နောက် လူအုပ်ကြီးသည် တောင်လုံးတမျှ ကြီးမားသော နွားကြီး ငါးကောင်၊ ခြောက်ကောင်ခန့် သူတို့ထံသို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရ၏။ သူတို့ နင်းလျှောက်လာသောအခါ လေဟာနယ်က တုန်ခါသွားခဲ့ရပေသည်။
ထိုနေရာတွင် နွားသိုးကြီး ငါးကောင်၊ ခြောက်ကောင်ခန့်သာ ရှိသော်လည်း လူပေါင်း ထောင်ချီပါဝင်သော စစ်တပ်ကြီးတစ်ခုနှင့် တူလှသည်။
ထိုနွားသိုးကြီးများက မယုံကြည်နိုင်လောက်အောင် မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့က ဝူယွမ်တောင်၏ အထက်သို့ ရောက်ရှိလာခဲ့ကြ၏။ ထို့နောက် နွားသိုးကြီးများ၏ ခန္ဓာကိုယ်များက လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး ထွားကျိုင်းသော အမျိုးသား ခြောက်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက သူတို့ထံမှ ပေါက်ကွဲထွက်လာခဲ့ပြီး လူတိုင်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားရတော့သည်။
"ဒါက နွားနတ်ဘုရားနန်းတော်က ကျွမ်းကျင်သူတွေပဲ"
တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"အူဝူး..."
ထိုအခိုက်အတန့်တွင် အခြားလားရာတစ်ခုမှ သားရဲတစ်ကောင်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ လူအုပ်ကြီးသည် စစ်ရထားတစ်စီးကို ဆွဲလာသော ဧရာမ ဝံပုလွေအချို့ကို မြင်တွေ့လိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က ဝူယွမ်တောင်၏ အထက်သို့ ရောက်ရှိလာခဲ့ကြပြန်သည်။
စစ်ရထားထဲမှာတော့ သားရဲအရေခွံများကို ဝတ်ဆင်ထားသော ထွားကျိုင်းသည့် အမျိုးသား ခုနစ်ဦး ရှိနေခဲ့ပေသည်။
"ဒါက တောရိုင်းနဂါးနန်းတော်က လူတွေပဲ"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
'ဧကရာဇ်တစ်ပိုင်းအဆင့်နဲ့ အန္တိမသူေတာ်စင်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်'
လုမင်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။
သူသည် ထိုလူများ၏ ကျင့်ကြံမှုကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်၏။
သူတို့ထဲမှ တစ်ဝက်မှာ ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြပြီး ကျန်ရှိနေသောသူများမှာမူ ပြီးပြည့်စုံသော အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူတို့က ရှန်းဟွမ်တိုက်ကြီးမှ မဟုတ်ကြသည်မှာ သေချာပေသည်။ ရှန်းဟွမ်တိုက်ကြီးက ပြန်လည်နိုးထလာခဲ့သည်မှာ ဆယ်နှစ်ပင်မပြည့်သေးချေ။ ဤအချိန်အတွင်းမှာ၊ ထိုကဲ့သို့သော အစွမ်းထက်သည့် တည်ရှိမှုမျိုး မွေးဖွားလာရန်မှာ မဖြစ်နိုင်ပါ။
ထိုလူများက ယွမ်လုမှ ဖြစ်နိုင်ချေများသည်။
သို့သော်လည်း လုမင်ကို အံ့အားသင့်သွားစေသည့်အချက်မှာ ထိုလူများသည် စန်းပြည်နယ်၊ တိပြည်နယ် သို့မဟုတ် ယွင်ပြည်နယ်တို့မှ မဟုတ်ကြခြင်းပင်။
'စန်းပြည်နယ်၊ ယွင်ပြည်နယ်နဲ့ တိပြည်နယ်တို့အပြင် ရှန်းရွှီတိုက်ကြီးဆီကို ဦးတည်နေတဲ့ အစီရင်တွေရှိတဲ့ တခြားနေရာတွေ ရှိနေသေးတာလား'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။