အခန်း ၂၁၆၈
Vol. 152 Ch. 2168
အပိုင်း ( 2168 ) အမည်မဲ့သေခြင်းနတ်ဘုရား။
လုမင်နှင့် ချင်ယွဲ့တို့က အလွန် လျင်မြန်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့က သူတော်စင်ဝိညာဉ်သစ်ပင်နှင့် နီးကပ်သွားခဲ့ပြီ။
လုမင်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ လက်လှမ်းလိုက်ရုံမျှဖြင့် ကြီးမားသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး သူတော်စင်ဝိညာဉ်သစ်သီးတစ်လုံးကိုဆွတ်ခူးကာ သိမ်းဆည်းလိုက်၏။
ထို့နောက် သူက ဒုတိယမြောက်တစ်လုံးကို ထပ်မံ ဆွတ်ခူးရန် လက်လှမ်းလိုက်သည်။
"မင်း သေချင်နေတာပဲ"
တိမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက အော်ဟစ်လိုက်သည်။ သူသည် လုမင်ထံသို့ ဓားတစ်ချက် ခုတ်ပိုင်းလိုက်၏။
ထိုသူမှာ အန္တိမသူတော်စင်နယ်ပယ် ပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ရှန်းဟွမ်တိုက်ကြီးရှိ လူတိုင်း၏ မျက်လုံးထဲတွင် ထိုဓားအလင်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး ခုခံရန် မဖြစ်နိုင်ချေ။ ထိုဓားအလင်း၏ အရိပ်အယောင်မျှ အထိခံရလျှင်ပင် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကြေမွသွားပေလိမ့်မည်။
"ဒီကောင်လေးတော့ သေပြီ"
တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
ဟန်ကျုံးနှင့် အခြားလူ သုံးယောက်တို့မှာလည်း ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ကြ၏။
သို့သော်လည်း နောက်အခိုက်အတန့်တွင် သူတို့၏ မျက်လုံးများမှာ မျက်တွင်းမှ ကျွတ်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။
လုမင်က ထိုတိုက်ခိုက်မှုကို လှည့်ပင် မကြည့်ခဲ့ချေ။ လက်ပြန်ရိုက်လိုက်ရုံမျှဖြင့် ဓားအလင်းကို ပျက်စီးသွားစေခဲ့သည်။ ထို့နောက် သူသည် အခွင့်အရေးကိုဆုပ်ကိုင်ကာ အခြားသော သူတော်စင်ဝိညာဉ်သစ်သီးတစ်လုံးကို ဆွတ်ခူးလိုက်ပြန်တော့သည်။
"သူ... သူ ခုခံလိုက်တာလား"
"မဟုတ်ဘူး... သူ ခုခံတာမဟုတ်ဘူး။ သူက ဓားအလင်းကို ဖျက်ဆီးပစ်လိုက်တာ"
လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။
ဟန်ကျုံးနှင့် အခြားသူ သုံးယောက်တို့မှာလည်း ထို့အတူပင်။
လုမင်က ဓားအလင်းကို ခုခံရုံတင်မကဘဲ၊ လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက လွယ်ကူလွန်းပုံရပေသည်။
တိမိသားစုမှ ကျွမ်းကျင်သူက မျက်မှောင်ကြုတ်လိုက်သည်။ သူ့ထံမှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့၏။
"သေစမ်း"
သူက သူ့ပြိုင်ဘက်ကို စွန့်လွှတ်လိုက်ပြီး လက်ထဲရှိ ဧကရာဇ်ဓားကို ကိုင်ဆွဲကာ လုမင်ထံသို့ ပြေးဝင်လာတော့သည်။ ဓားအလင်းက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လုမင်ထံသို့ ခုတ်ပိုင်းလိုက်သည်။
"ဝိညာဉ်ပုံရိပ်ယောင်"
လုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူက လေထဲတွင် ခြေလှမ်းလိုက်ရာ အဆုံးမဲ့သော ရွန်းများ ပေါ်လာခဲ့၏။ ထို့နောက် ထိုရွန်းများက သေမင်းတံစဉ်ကောက်ကို ကိုင်ဆောင်ထားသော သေမင်းတစ်ပါးကဲ့သို့ အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းမှာ အမှန်တကယ်ပင် အစီရင်လမ်းစဉ်ရဲ့ ကျမ်းစာလိပ်ကိုးခုထဲမှ ဝိညာဉ်ပုံရိပ်ယောင်ကျမ်း ဖြစ်သည်။
ဝိညာဉ်ပုံရိပ်ယောင်ကျမ်းက မည်သည့် သတ္တဝါအဖြစ်မဆို ပြောင်းလဲနိုင်သည်။ လုမင်က ဝိညာဉ်ပုံရိပ်ယောင်ကျမ်းကို အသုံးပြု၍ သေမင်းတစ်ပါးအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။
သေမင်းက သေမင်းတံစဉ်ကောက်ကို ကိုင်ဆောင်ကာ တိမိသားစုမှ ကျွမ်းကျင်သူထံသို့ ခုတ်ပိုင်းလိုက်တော့သည်။
ပထမတစ်ချက် ခုတ်ပိုင်းမှုက တိမိသားစုမှ ကျွမ်းကျင်သူကို နောက်ဆုတ်သွားစေပြီး သွေးအန်သွားစေခဲ့သည်။ ဒုတိယမြောက် ခုတ်ပိုင်းမှုကမူ တိမိသားစုမှ ကျွမ်းကျင်သူ၏ ဦးခေါင်းကို ပြတ်တောက်သွားစေခဲ့တော့သည်။
ဂလု... ဂလု...
တံတွေးမျိုချလိုက်သံများ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းမှာ အမှန်တကယ်ပင် မှင်တက်သွားခဲ့ကြရ၏။ ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်ပမာ တိတ်ဆိတ်သွားတော့သည်။
ရှန်းဟွမ်တိုက်ကြီးမှ လူများ၏ မျက်လုံးထဲတွင် အန္တိမသူတော်စင်နယ်ပယ် ပြည့်စုံခြင်းသူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးက ပြိုင်ဘက်ကင်းလုနီးသော တည်ရှိမှု ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်မူ သူက လုမင်ထုတ်ဖော်လိုက်သော သေမင်း၏ ခုတ်ပိုင်းမှု နှစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရပြီ။
၎င်းမှာ မည်မျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်း ဖြစ်သနည်း။
ဤလူငယ်က ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်နေပါမည်လော။
ဤမြင်ကွင်းကြောင့် ယွမ်လု၏ အခြားသော အင်အားစု သုံးခုမှ လူများ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လာစေခဲ့သည်။
လုမင်က တိမိသားစုဝင်တစ်ဦးကို သတ်ဖြတ်ပြီးနောက် တတိယမြောက် သူတော်စင်ဝိညာဉ်သစ်သီးကို ဆွတ်ခူးလိုက်ပြန်သည်။
"လူတိုင်းပဲ... ငါတို့ သူတော်စင်ဝိညာဉ်သစ်သီးအတွက် မလုခင် ဒီလူကို အရင်ဆုံး ပူးပေါင်းပြီး ဘာလို့ မသတ်ရမှာလဲ"
တိမိသားစုမှ ဧကရာဇ်တစ်ပိုင်းတစ်ဦးက ပြောလိုက်သည်။
"ငါလည်း အဲဒါကိုပဲ တွေးနေတာ။ ဒီလူက မာနကြီးလွန်းပြီး ငါတို့ကို သူ့မျက်စိထဲတောင် မထည့်ဘူး။ သူ သေသင့်တယ်"
နွားနတ်ဘုရားနန်းတော်မှ တစ်စုံတစ်ယောက်ကလည်း အေးစက်စွာ ပြောလိုက်၏။
မကြာမီမှာပင်၊ အင်အားစုသုံးခုက သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ကြပြီး တိုက်ပွဲကို ရပ်တန့်လိုက်ကြသည်။ ထို့နောက် သူတို့က လုမင်ထံသို့ ရုတ်တရက် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ကြတော့သည်။
"ကောင်လေး... မင်း ငါ့တိမိသားစုက လူကို သတ်ရဲတယ်ပေါ့။ သေစမ်း"
"မင်းကများ ဘယ်လိုလုပ် သူတော်စင်ဝိညာဉ်သစ်သီးကို ဆွတ်ခူးရဲရတာလဲ။ သေစမ်း"
"သတ်"
တိမိသားစု၊ နွားနတ်ဘုရားနန်းတော်နှင့် နဂါးနန်းတော်တို့မှ ကျွမ်းကျင်သူများအားလုံးက ဧကရာဇ်တစ်ပိုင်းများ အပါအဝင် လုမင်ထံသို့ အလုံးအရင်းဖြင့် ပြေးဝင်လာခဲ့ကြသည်။ သူတို့၏ စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်း၏။
ဤနေရာတွင် သာမန်ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်နေခဲ့ပါက ချက်ချင်း သတ်ဖြတ်ခြင်း ခံရမည် ဖြစ်သည်။
သို့သော်၊ လုမင်က ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်သော်လည်း သာမန်ဧကရာဇ်တစ်ပိုင်း မဟုတ်ပါ။
"ဝုန်း"
လုမင်လည်း သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဤလက်ဝါးချက်က ကောင်းကင်ဓားတစ်လက်ကဲ့သို့ ဟင်းလင်းပြင်ကိုပင် ဖြတ်တောက်သွား၏။
လက်ရှိ ရှန်းဟွမ်တိုက်ကြီးသည် ယခင်ကနှင့် မတူတော့ကြောင်း သိထားရမည် ဖြစ်သည်။ ဟင်းလင်းပြင်က ယခုအခါ မယုံကြည်နိုင်လောက်အောင် တည်ငြိမ်နေပြီး ယွမ်လုနှင့်ပင် နှိုင်းယှဉ်နိုင်လောက်ပေသည်။
ဧကရာဇ်တစ်ပိုင်းတစ်ဦးပင်လျှင် ဟင်းလင်းပြင်ကို လွယ်လွယ်နှင့် မဖောက်ထွက်နိုင်ချေ။
လူတိုင်း၏ တိုက်ခိုက်မှုများမှာ လုံးဝ ပျက်စီးသွားခဲ့ရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာခဲ့၏ယ ကျွမ်းကျင်သူ အယောက်နှစ်ဆယ်နီးပါးက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကြရပြီး သွေးအမြောက်အမြား အန်ထုတ်လိုက်ကြရသည်။ သူတို့က အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြပြီ။
အားနည်းသူတချို့၏ ခန္ဓာကိုယ်များဆိုလျှင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့ရသည်။
"ပုံရိပ်ယောင်"
ထို့နောက် လုမင်က လက်ညှိုးညွှန်ပြလိုက်သည်။ အဆုံးမဲ့သော ရွန်းစာလုံးများ ပေါ်လာခဲ့ပြီး သေမင်း အယောက်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားခဲ့၏။
ဤသေမင်းများက အစီရင်နိယာမသက်သက်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ချေ။ ၎င်းတို့တွင် အခြားသော နိယာမများလည်း ပါဝင်နေခဲ့သည်။
သေမင်းအယောက်ပေါင်းများစွာတို့က အင်အားစု သုံးခုမှ လူများထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ကြတော့သည်။
"ဝုန်း..."
သွေးများက နေရာအနှံ့ ပက်ဖြန်းသွားခဲ့သည်။ ဦးခေါင်းပြတ်များလည်း လွင့်စဉ်သွားခဲ့ရ၏။
အင်အားစု သုံးခုမှ လူများက လုမင်၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိထားပြီးသား ဖြစ်သည်။ သူတို့က သေမင်းများ၏ တိုက်ခိုက်မှုများကို မည်သို့ ခုခံနိုင်မည်နည်း။ သူတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် ချက်ချင်း သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် အင်အားစု သုံးခုမှ ကျွမ်းကျင်သူအားလုံး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိခဲ့ချေ။
လုမင်က သူတော်စင်ဝိညာဉ်သစ်သီး ကိုးလုံးကို တစ်လုံးပြီးတစ်လုံး ဆွတ်ခူးလိုက်သည်။
'ဒဏ္ဍာရီက မှားနေပုံရတယ်။ သူတော်စင်ဝိညာဉ်သစ်သီးတစ်လုံးက သိုင်းသူတော်စင်တစ်ဦးကို တိုက်ရိုက် မဖန်တီးပေးနိုင်ဘူး'
လုမင်က နောက်ဆုံး သူတော်စင်ဝိညာဉ်သစ်သီးကို ဖမ်းယူကာ ဂရုတစိုက် စစ်ဆေးလိုက်သည်။
လုမင်၏ လက်ရှိ အမြင်နှင့် ဆေးပညာနိယာမအပေါ် နားလည်မှုအရ၊ သူသည် အချို့သော သူတော်စင်ဆေးပင်များ၏ ဆေးအာနိသင်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
သူတော်စင်ဝိညာဉ်သစ်သီးက ဒဏ္ဍာရီများကဲ့သို့ ၎င်းကို စားသုံးပြီးနောက် သိုင်းသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တိုက်ရိုက် ဖန်တီးပေးနိုင်ရန် မဖြစ်နိုင်ချေ။
သို့သော်လည်း အကယ်၍ တတိယအဆင့် သူတော်စင်တစ်ပိုင်းတစ်ဦးက ၎င်းကို စားသုံးမည်ဆိုလျှင်၊ ၎င်းက သိုင်းသူတော်စင်တစ်ဦး ဖြစ်လာနိုင်ခြေကို အမှန်တကယ် တိုးမြင့်ပေးနိုင်သည်။ သူတော်စင်နှလုံးသား ပေါင်းစည်းနိုင်ခြေကိုပင် တိုးမြင့်ပေးနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော်၊ ၎င်းက ရှားပါးပြီး အဖိုးတန်သော သစ်သီးတစ်လုံး ဖြစ်နေဆဲ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူတိုင်းမှာတော့ ကျောက်ဖြစ်သွားသလို တောင့်တောင့်ကြီး ရပ်နေခဲ့ကြပေသည်။
အချို့လူများက အိပ်မက်မက်နေသည်ဟု ထင်မှတ်ကာ သူတို့၏ မျက်လုံးများကို အသည်းအသန် ပွတ်သပ်နေခဲ့ကြသည်။
ယွမ်လု၏ အင်အားစု သုံးခုမှ ကျွမ်းကျင်သူများဖြစ်ကြသော ဧကရာဇ်တစ်ပိုင်း အမြောက်အမြား အပါအဝင် လူအားလုံးမှာ လုမင်၏ လက်ချက်ဖြင့် ထိုကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရပေသည်။
အထူးသဖြင့် ဟန်ကျုံးနှင့် အခြားသော သုံးယောက်တို့မှာ ဖော်ပြ၍မရနိုင်လောက်အောင် တုန်လှုပ်ချောက်ချားသွားခဲ့ကြရသည်။
အဆုံးမှာတော့ လုမင်သည် သူတို့နှင့်အတူ ရောက်ရှိလာခဲ့ခြင်း မဟုတ်ပါလား။
အထူးသဖြင့် ယခင်က လုမင်ကို လှောင်ပြောင်ခဲ့သော ထွားကျိုင်းသောအမျိုးသားသည် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူက ချွေးစေးများ ပြန်နေခဲ့ပြီး ရင်တုန်ပန်းတုန် ဖြစ်နေတော့သည်။
အကယ်၍ လုမင်သာ သူ့ကို အပြစ်ယူလိုပါက၊ အသက်ရှူထုတ်ရုံမျှဖြင့် သူ့ကို သတ်ဖြတ်နိုင်သည်။
"ချင်ယွဲ့... သွားကြရအောင်"
လုမင်က ပြုံးလိုက်ပြီး ချင်ယွဲ့နှင့်အတူ လျှောက်လှမ်းသွားခဲ့သည်။ သူက ဟန်ကျုံးနှင့် အခြားသော သုံးယောက်၏ ဘေးမှ ဖြတ်သန်းသွား၏။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအားတစ်ခုက သူတို့လေးဦးကို ရစ်ပတ်ကာ အတူတကွ ခေါ်ဆောင်သွားတော့သည်။
အခြားသူများမှာ အချိန်အတန်ကြာမှ သတိပြန်ဝင်လာခဲ့သည်။ ချက်ချင်းပင် ထိုနေရာ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
သူတို့က လုမင်ကို ယွမ်လုမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကြသည်။ သို့မဟုတ်ပါက၊ သူသည် ဤမျှအထိ သန်မာနေရန် မဖြစ်နိုင်ချေ။
သို့သော်လည်း သူတို့သည် လုမင်၏ နာမည်ကို မသိကြချေ။ ထို့ကြောင့် အမည်မဲ့သေခြင်းနတ်ဘုရားဟု နာမည်ပေးလိုက်ကြသည်။ မကြာမီ၊ ထိုသတင်းက ပျံ့နှံ့သွားခဲ့ပြီး ရှန်းဟွမ်တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်။
လုမင်က ဟန်ကျုံးနှင့် အခြားသူသုံးယောက်ကို ခေါ်ဆောင်ကာ ခဏချင်းအတွင်းမှာပင် မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့သည်။ သူတို့က တောင်တန်းနယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိသောအခါမှသာ ရပ်တန့်လိုက်ကြလေသည်။
"ကောင်းပြီ၊ ဒီမှာဆိုရင် ဘေးကင်းပါပြီ"
လုမင်က ဤစကားကို ချန်ထားခဲ့ပြီး ချင်ယွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ ပျောက်ကွယ်သွားခဲ့ကြ၏။
ဟန်ကျုံးနှင့် အခြားသော သုံးယောက်တို့မှာမူ မှင်တက်နေခဲ့ကြသည်။ ထို့နောက် သူတို့ သက်ပြင်းချလိုက်ကြလေသည်။
..........
လုမင်နှင့် ချင်ယွဲ့တို့သည် တောင်ဘက်သို့ ဦးတည်သွားခဲ့ကြသည်။ မကြာမီမှာပင်၊ သူတို့က မြောက်ဘက်လွင်ပြင်မှ ထွက်ခွာလာခဲ့ကြပြီး ဗဟိုတိုက်ကြီးသို့ ရောက်ရှိလာခဲ့ကြ၏။
ဗဟိုဒေသက အလွန် စည်ကားသည်။ ကြီးမားသော မြို့ကြီးများက ကောင်းကင်နှင့် မြေပြင်အကြားတွင် တည်ရှိနေခဲ့ကြ၏။
၎င်းတို့ အများစုမှာ အတိတ်က ဤနေရာတွင် မရှိခဲ့ကြချေ။ ၎င်းကို မကြာသေးမီ နှစ်များအတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
လုမင်နှင့် ချင်ယွဲ့တို့က မြို့ကြီးတစ်မြို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အတွင်းသို့ ဝင်လာခဲ့ကြသည်။
လုမင်က နဂါးမဟာမိတ်၏ လက်ရှိ အခြေအနေနှင့် နဂါးမဟာမိတ်အဖွဲ့ဝင်များ မည်သို့ရှိနေကြသည်ကို သိလိုခဲ့ပေသည်။
ထိုအတွက် စုံစမ်းရန် အကောင်းဆုံးနေရာမှာ စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သည်။
၎င်းမှာ လူသားတို့၏ သဘာဝတစ်ခုပင်။
အရက်မူးရင်း ကျွဲခိုးပေါ်သကဲ့သို့၊ လူတစ်ဦးက စားရင်း သောက်ရင်း စကားစမြည်ပြောဆိုရင်းဖြင့် အဆုံးမရှိသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ကြသည်။
လုမင်နှင့် ချင်ယွဲ့တို့လည်း စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ လျှောက်လှမ်းဝင်ခဲ့ကြသည်။ သူတို့က ဟင်းလျာနှင့် အရက်အချို့ကို မှာယူလိုက်ကြပြီး စတင် စားသောက်ကြလေသည်။
တစ်ချိန်တည်းမှာပင်၊ လုမင်က သူ၏ဝိညာဉ်အသိကို ဖြန့်ကြက်လိုက်ပြီး အခြားသူများ၏ စကားဝိုင်းများကို တိတ်တဆိတ် နားထောင်လိုက်သည်။
လုမင်၏နားထဲသို့ အသံများ ဆက်တိုက်ဝင်ရောက်လာ၏။ မကြာမီတွင် လုမင်၏မျက်ဝန်းများက လင်းလက်သွားပြီး အသုံးဝင်သော အချက်အလက်အချို့ကို အမှန်တကယ် ကြားလိုက်ရတော့သည်။