← Chapters

အခန်း ၄၄၁

Vol. 45 Ch. 441

အခန်း ၄၄၁

Vol. 45 Ch. 441

အခန်း ( ၄၄၁ ) စောင့်ကြည့်ကင်မရာများကို အားကျခြင်း

​ကျောင်းအုပ်ကြီးနှင့်အတူ လိုက်ပါလာကြသည့် ပညာရေးမှူးအချို့မှာ အစပိုင်းတွင် အနည်းငယ် နားမလည်နိုင် ဖြစ်နေကြသော်လည်း ကျောင်းအုပ်ကြီး၏ အထူးတလည် ချိန်ညှိထားသော ရှင်းလင်းပုံများနှင့် ဧည့်သည်တော်များ၏ ထူးခြားသည့် အငွေ့အသက်များ၊ သာမန်အခြေခံ အသိပညာများအပေါ် သူတို့၏ ဆန်းသစ်သည့် တုံ့ပြန်မှုများကို ပေါင်းစပ်လိုက်သည့်အခါ သူတို့က တဖြည်းဖြည်း နားလည် သဘောပေါက်လာကြသည်။

​ဟုန်ဝူဧကရာဇ်နှင့် သူ၏အဖွဲ့သားများကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည့်အခါ သူတို့၏ မျက်လုံးများက လုံးဝပြောင်းလဲသွားပြီး သူတို့၏ နှလုံးသားထဲတွင် ဖိနှိပ်၍မရနိုင်သော စိတ်လှုပ်ရှားမှုနှင့် ရိုသေလေးစားမှုများ မြင့်တက်လာရ၏။

​သူတို့က စည်းကမ်းချက်များကို နှလုံးသားထဲတွင် ခိုင်မာစွာ မှတ်သားထားပြီး မေးခွန်းများများ မမေးရဲကြဘဲ ဤသူတို့က မည်သည့်မင်းဆက်မှ ဧကရာဇ် သို့မဟုတ် စစ်သူကြီးများ ဖြစ်နိုင်သလဲဆိုသည်ကိုသာ စိတ်ထဲမှ အရူးအမူး ခန့်မှန်းနေကြတော့သည်။

​ကျောင်းအုပ်ကြီးက လူတိုင်းကို စာသင်ဆောင်၏ တိတ်ဆိတ်သော စင်္ကြံလမ်းတစ်လျှောက် လမ်းပြခေါ်ဆောင်သွားခဲ့သည်။ တောက်ပနေသည့် ပြတင်းပေါက်များမှတစ်ဆင့် စာသင်ခန်းများအတွင်း၌ စာသင်ကြားနေသည်ကို ဂရုတစိုက်နားထောင်နေကြသော ကျောင်းသားများနှင့် စင်မြင့်ပေါ်မှ စိတ်ရှည်လက်ရှည် သင်ကြားပြသပေးနေသည့် ဆရာ၊ ဆရာမများကို မြင်တွေ့နိုင်လေသည်။

​လူတိုင်းအတွက် ပညာရေးဟူသည့် ဤမြင်ကွင်းနှင့် အဆက်မပြတ် ထွက်ပေါ်နေသည့် စာဖတ်သံများကို ကြားရသည့်အခါ ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများမှာ များစွာ စိတ်လှုပ်ရှားသွားကြရ၏။

​ကျောင်းအုပ်ကြီးက အချိန်ကိုက်ပင် ဝင်ပြောလိုက်သည်။ "ကျောင်းနေအရွယ် ကလေးတိုင်း ကျား၊ မ မရွေး ပညာသင်ကြားခွင့်ရရှိစေဖို့ဆိုတာက ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံအမျိုးသားရေး မူဝါဒတစ်ခုပါ။ နိုင်ငံသား ပိုများများ ပညာသင်ကြားနိုင်မှ အခြေခံ သဘောတရားတွေကို နားလည်ပြီး အသိပညာတွေ ရရှိမှသာ တိုင်းပြည်က အရည်အချင်းရှိတဲ့ လူသားအရင်းအမြစ်တွေကို အဆက်မပြတ် ရရှိနိုင်ပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြီးပွားမှုကို ထိန်းသိမ်းနိုင်မှာပါ..."

​"အခုခေတ်မှာ တန်ဖိုးအရှိဆုံး အရင်းအမြစ်က လူသားအရည်အချင်းပဲလို့ ပြောလို့ရပါတယ်..."

​"လူတွေကို သင်ကြားပြုစုပျိုးထောင်ပေးတယ်ဆိုတာက အရည်အချင်းရှိသူတွေကို ရွေးချယ်ဖို့သာမကဘဲ ပြည်သူတွေကို အသိပညာပေးဖို့နဲ့ နိုင်ငံသားတိုင်း လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာစေဖို့ပါ..."

​ဟုန်ဝူဧကရာဇ်၊ ရှတာ၊ လီရှန်ချန်းနှင့် အခြားသူများက သေချာ အာရုံစိုက်ပြီး နားထောင်နေကြသည်။ အထူးသဖြင့် ဟုန်ဝူဧကရာဇ်က စာသင်ခန်းထဲတွင် ပညာသင်ကြားနေသည့် လူငယ်လေးများ၏ မျက်နှာများကို စူးစိုက်ကြည့်နေရင်း ထိုသူများထံမှတစ်ဆင့် တိုင်းပြည်ပြန်လည် နိုးထလာမှုနှင့် အင်အားကြီးမားသော နိုင်ငံတစ်နိုင်ငံအတွက် အုတ်မြစ်ကို သူ ဖောက်ထွင်းမြင်နေရသကဲ့သို့ ရှိချေသည်။

​ကျောင်းကို လှည့်လည်ကြည့်ရှုပြီးနောက် ကျောင်းအုပ်ကြီး ကိုယ်တိုင်က အဖွဲ့ကို ကျောင်းဂိတ်တံခါးအထိ လိုက်ပို့ပေးခဲ့သည်။

​ဂုဏ်သရေရှိ ဧည့်သည်တော်များ ကားဖြင့် ထွက်ခွာတော့မည့်အချိန်တွင် ကျောင်းအုပ်ကြီးမှာ သိချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော်လည်း စည်းကမ်းချက်များကို မှတ်သားထားကာ မည်သည့် မေးခွန်းမှ ထပ်မမေးတော့ချေ။

​သူက ရိုးသားသော်လည်း အနည်းငယ် စိုးရိမ်နေသည့် အပြုံးတစ်ခုဖြင့် သူ၏ လက်များကို ပွတ်သပ်ကာ သူ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သည့် တောင်းဆိုမှုတစ်ခုကို ပြုလုပ်လိုက်၏။

​"ဂုဏ်သရေရှိ ခေါင်းဆောင်များနဲ့ လူကြီးမင်းတို့ခင်ဗျာ... ဒီနေ့ လူကြီးမင်းတို့အားလုံး ကျွန်တော်တို့ ကျောင်းကို ရောက်လာတာက တကယ်ကို ဂုဏ်ယူစရာပါပဲ... လူကြီးမင်းတို့ မထွက်ခွာခင်မှာ အမှတ်တရအနေနဲ့ အားလုံး အတူတူ အုပ်စုလိုက် ဓာတ်ပုံတစ်ပုံလောက် ရိုက်ခွင့်ပြုနိုင်မလား ခင်ဗျာ..."

​သူ၏ အကြည့်က ဟုန်ဝူဧကရာဇ်နှင့် အခြားသူများကို ဝေ့ကြည့်လိုက်ပြီးနောက် ဖြည့်စွက်ပြောလိုက်ပြန်သည်။ "အုပ်စုလိုက် ဓာတ်ပုံတစ်ပုံတည်းပါပဲ..."

​သူက ထိုထူးခြားလှသည့် သက်ကြီးရွယ်အိုကြီး သို့မဟုတ် အခြားမည်သူမဆိုနှင့် သီးသန့် ဓာတ်ပုံ တွဲရိုက်ချင်စိတ်များ ပြင်းပြနေသော်လည်း အထက်မှ ညွှန်ကြားချက်များကို စဉ်းစားမိကာ မိမိကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး အလွန်အကျွံ မတောင်းဆိုရဲတော့ချေ။

​ကျောင်းအုပ်ကြီး၏ မျှော်လင့်ချက် ပြည့်နှက်နေသော်လည်း သတိထားနေသည့် အမူအရာကို မြင်သည့်အခါ ဟုန်ဝူဧကရာဇ်က အတော်လေး နားလည်ပေးကာ အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီလေ..."

​ကျောင်းအုပ်ကြီးနှင့် ပညာရေးမှူးအချို့မှာ အလွန်အမင်း ဝမ်းသာသွားကြပြီး သူတို့၏ အပြုံးများကို ဖုံးကွယ်မထားနိုင်တော့ဘဲ နေရာချထားရန် အလျင်အမြန် စတင်လိုက်ကြ၏။

​မကြာမီတွင် လူတိုင်းက စာသင်ဆောင်ရှေ့ရှိ လှေကားထစ်များပေါ်တွင် နေရာယူလိုက်ကြသည်။

​ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများက သဘာဝကျကျပင် ရှေ့ဆုံးတန်းတွင် နေရာယူကြပြီး ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ ပညာရေးမှူးနှင့် အခြား ကျောင်းအုပ်ချုပ်ရေးမှူးများက နောက်တန်းတွင် သပ်ရပ်စွာ ရပ်လိုက်ကြသည်။

​အရာအားလုံး အဆင်သင့်ဖြစ်နေချိန်တွင် ကျောင်းအုပ်ကြီးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူအုပ်၏ အပြင်ဘက်တွင် ရပ်နေသည့် ကျန်းယဲ့ကို တွေ့လိုက်ရ၏။ ကျန်းယဲ့မှာ သူ၏ အနုပညာဆန်ဆန် လူလတ်ပိုင်း ရုပ်ဖျက်ထားသည့် အသွင်အပြင်ဖြင့်သာ ရှိနေသေးပြီး ဓာတ်ပုံအရိုက်ခံရန် ရည်ရွယ်ထားပုံ မပေါ်ချေ။

​ကျောင်းအုပ်ကြီးက ရိုးသားစွာ ဖိတ်ခေါ်လိုက်၏။ "ဒါရိုက်တာကျန်း... ဒါက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးလေးပါ... ဘာလို့... ရုပ်ဖျက်ထားတာကို ဖယ်လိုက်ပြီး ကျွန်တော်နဲ့ အတူတူ ဓာတ်ပုံ မရိုက်တာလဲ... အမှတ်တရလေး ဖြစ်သွားတာပေါ့..."

​ကျန်းယဲ့က စာသင်ချိန်ဖြစ်၍ ထူးထူးခြားခြား တိတ်ဆိတ်နေသည့် ကျောင်းဝင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ကျောင်းအုပ်ချုပ်ရေးမှူးများ၏ မျှော်လင့်နေသော မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။ သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်၏။

​"ကောင်းပါပြီ..."

​သူက စကားပြောနေရင်း သူ၏ ဆံပင်တု၊ မုတ်ဆိတ်၊ နေကာမျက်မှန်နှင့် အခြား ရုပ်ဖျက်ထားသည်များကို စတင် ဖယ်ရှားလိုက်လေသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်းနှီးပြီး ချောမောလှသည့် ဒါရိုက်တာကျန်းက လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ပြန်လည် ပေါ်ထွက်လာ၏။

​"ဝိုး..."

​"ဒါရိုက်တာကျန်း အစစ်ကြီးပဲဟ"

​ကျောင်းအုပ်ကြီးနှင့် မှူးကြီးအချို့မှာ အနည်းငယ် ကြိုတင် ခန့်မှန်းထားပြီးဖြစ်သော်လည်း ကျန်းယဲ့ကို လူကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ သူတို့မှာ အံ့အားသင့်စွာဖြင့် အသက်ရှိုက်လိုက်မိကြဆဲပင်။

​သူတို့ တစ်ယောက်ချင်းစီတိုင်းက သူတို့၏ အိုက်ဒေါနှင့် အောင်မြင်စွာ တွေ့ဆုံခွင့်ရသည့် ပရိသတ်တစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေကြပြီး သူတို့၏ အပြုံးများက ပို၍ပင် တောက်ပလာရ၏။

​ပညာရေးမှူးက ကျန်းယဲ့ထံသို့ စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။ "လာပါ... ဒါရိုက်တာကျန်း... ဒီမှာ ရပ်ပါ... ဒါက နေရာကောင်းပဲ"

​နောက်ဆုံးတွင်တော့ ကျန်းယဲ့မှာ ကျောင်းအုပ်ကြီးနှင့် ဒုကျောင်းအုပ်ကြီးကြားတွင် ညပ်နေပြီး သူ၏ အရှေ့တည့်တည့်တွင်တော့ မင်မင်းဆက်၏ ထိုက်ကျူ ဧကရာဇ်က ရပ်နေလေသည်။

​လူတိုင်းက သက်တောင့်သက်သာရှိပြီး ပျော်ရွှင်သည့် အပြုံးများဖြင့် ကင်မရာကို ကြည့်နေကြ၏။

​နောက်ခဏ၌ ဓာတ်ပုံဆရာက ထောင့်ကို ချိန်ညှိကာ အော်ဟစ်လိုက်သည်။ "အဆင်သင့်... တစ်... နှစ်... သုံး..."

​တစ်ပြိုင်နက်တည်း အော်ဟစ်သံများကြားတွင် ကင်မရာ ရှပ်တာ နှိပ်သံများ ကြည်လင်စွာ ထွက်ပေါ်လာခဲ့သည်။

​အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်ကာ အတိတ်နှင့် ပစ္စုပ္ပန်ကို ပေါင်းစပ်ထားသည့် ဤထူးခြားလှသော အုပ်စုလိုက်ဓာတ်ပုံလေးမှာ အချိန်ထဲတွင် ထာဝရ မှတ်တမ်းတင်ခံလိုက်ရချေပြီ။

​ဓာတ်ပုံများထဲတွင် ရွှေခေတ်ကို ဖွင့်လှစ်ပေးခဲ့သည့် ဧကရာဇ်များနှင့် စစ်သူကြီးများ၊ အတိတ်နှင့် ပစ္စုပ္ပန်ကို ချိတ်ဆက်ပေးသည့် အချိန်ခရီးသွား ဧည့်လမ်းညွှန်နှင့် အနာဂတ်လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးရန် ဆက်ကပ်အပ်နှံထားသည့် ခေတ်မီ ပညာရေးပညာရှင်များ ပါဝင်နေချေသည်။

​ထိုအခိုက်အတန့်တွင် အံ့ဩဖွယ်ကောင်းသော တိုက်ဆိုင်မှုတစ်ခုကြောင့် လူတိုင်း၏ အပြုံးများက တစ်နေရာတည်းတွင် ဆုံစည်းသွားခဲ့ကြ၏။

​ထို့နောက် ကျန်းယဲ့က ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများကို ခေတ်သစ်ရှိ သာမန်ပြည်သူများ၏ နေ့စဉ်ဘဝနှင့် ကုန်ဈေးနှုန်းများကို ကိုယ်တိုင် ကိုယ်ကျ ခံစားသိရှိနိုင်စေရန် ဧရာမ စူပါမားကတ်ကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။

​စင်များပေါ်တွင် တောင်လိုပုံနေသည့် ဆန်၊ ဂျုံမှုန့်၊ စားသုံးဆီများနှင့် ကပ်ထားသည့် စျေးနှုန်း တံဆိပ်များကို သူတို့ ကြည့်လိုက်ကြ၏။

​ဟုန်ဝူဧကရာဇ်နှင့် အခြားသူများက ၎င်း၏ ဈေးနှုန်းကို ထိုအချိန်က မင်မင်းဆက်ရှိ ဆန်စပါး ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လိုက်ကြရာ ခေတ်သစ်ရှိ သာမန်ပြည်သူများအတွက် ဆန်စပါး ဈေးနှုန်းက မည်မျှ ဈေးသက်သာကြောင်းကို တွေ့ရှိသွားကြသည်။

​ဤမျှ သက်သာလှသည့် ဈေးနှုန်းကြောင့် လူတိုင်းမှာ အံ့အားသင့် မှင်တက်သွားကြရလေသည်။

​ဟုန်ဝူဧကရာဇ်က လေလုံစနစ်ဖြင့် ထုပ်ပိုးထားသည့် ဆန်အိတ်တစ်အိတ်ကို ကောက်ကိုင်လိုက်ပြီး ၎င်းပေါ်တွင် ရေးမှတ်ထားသည့် အလေးချိန်နှင့် ဈေးနှုန်းကို ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။ ထို့နောက် သူက ဘေးရှိ လီရှင်းကို တိုးတိုးလေး ပြောလိုက်၏။ "အကယ်၍ ငါကိုယ်တော်ရဲ့ မဟာမင်မင်းဆက်က ပြည်သူတွေလည်း ဆန်တွေကို ဒီလောက် လွယ်လွယ်ကူကူနဲ့ လုံလုံလောက်လောက် ဝယ်နိုင်မယ်ဆိုရင်... ဘယ်လောက်တောင် ကောင်းလိုက်မလဲ..."

​စူပါမားကတ်မှ ထွက်လာပြီးနောက် ဟုန်ဝူဧကရာဇ်က လမ်းမပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ လမ်းဆုံရှိ သတိမထားမိလောက်သော အနက်ရောင် အလုံးခြမ်းပုံစံကိရိယာလေးတစ်ခုအပေါ်တွင် အကြည့်များ ရပ်တန့်သွားခဲ့သည်။

​သူ တစ်နေ့လုံး လှည့်လည်သွားလာနေစဉ်အတွင်း ဤပစ္စည်းလေးများက နေရာတိုင်း၊ လမ်းထောင့်တိုင်းနှင့် ဆိုင်ထောင့်တိုင်းတွင် ရှိနေပုံရကြောင်းကို သတိထားမိခဲ့ရာ ၎င်းက သူ၏ သိချင်စိတ်ကို နှိုးဆွနေ၏။

​သူက ထိုကိရိယာကို လက်ညှိုးထိုးပြကာ ကျန်းယဲ့ကို မေးလိုက်သည်။ "မိတ်ဆွေငယ်လေးကျန်း... နေရာတိုင်းမှာ ရှိနေတဲ့ အဲ့ဒီ အနက်ရောင်ပစ္စည်းလေးတွေက တိတိကျကျ ဘာတွေလဲ... သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ..."

​ကျန်းယဲ့က သူ၏ အကြည့်များနောက်သို့ လိုက်ကြည့်လိုက်ပြီးနောက် ရှင်းပြလိုက်၏။ "အရှင်မင်းကြီး... အဲ့ဒါကို စောင့်ကြည့်ကင်မရာလို့ ခေါ်ပါတယ်... ရိုးရိုးရှင်းရှင်းဆိုရင်တော့ စောင့်ကြည့်ဖို့အတွက်ပါ..."

​ထို့နောက် သူက စောင့်ကြည့်ရေး စနစ်၏ အခန်းကဏ္ဍကို အသေးစိတ် ဆက်လက် ရှင်းပြလိုက်သည်။

​ဖြတ်သန်းသွားလာနေသူများ၏ ပုံရိပ်များနှင့် လှုပ်ရှားမှုများကို မည်သို့ မှတ်တမ်းတင်ကြောင်း၊ အစိုးရမှ အမှုအခင်းများ စုံစမ်းစစ်ဆေးရာတွင်နှင့် အများပြည်သူ လုံခြုံရေးထိန်းသိမ်းရာတွင် မည်သို့ ကူညီပေးကြောင်း ထို့အပြင် ဆိုင်များတွင် သူခိုးရန်မှ မည်သို့ ကာကွယ်ပေးကြောင်း စသည်တို့ကို ရှင်းပြလိုက်၏။

​စောင့်ကြည့်ရေး စနစ်၏ မိုင်ထောင်ချီ မြင်နိုင်စွမ်း နှင့် သူမြင်သမျှကို မှတ်မိနိုင်စွမ်းအကြောင်း ကြားရသည့်အခါ သူတို့ အားလုံး အံ့အားသင့်သွားကြရသည်။

​ချီမင်းသားက အရင်ဆုံး အံ့အားသင့်စွာဖြင့် အသက်ရှိုက်လိုက်၏။ "ဘုရားရေ... ဒါက နန်းတွင်း ကိုယ်ရံတော်တပ်တွေထက်တောင် ပိုစွမ်းနေတာ မဟုတ်ဘူးလား... သူတို့ရဲ့ အမြင်အာရုံက ပိုတောင် စူးရှသေးတယ်... အကယ်၍ ဒီအရာကြီးအောက်မှာ ဘာပဲလုပ်လုပ် လုံးဝကို ပိတ်မိနေမှာပဲ..."

​ဘေးတွင် ရပ်နေသည့် နန်းတွင်း ကိုယ်ရံတော်တပ်မှူး မောင်းရှန်မှာ ကျန်းယဲ့၏ စောင့်ကြည့်ရေးအကြောင်း မိတ်ဆက်စကားကို ကြားပြီးနောက် သူ၏ မျက်လုံးများက တလက်လက် တောက်ပလာရသည်။

​သူက စောင့်ကြည့်ကင်မရာကို တန်ဖိုးဖြတ်မရသည့် ရတနာတစ်ခုကဲ့သို့ စိုက်ကြည့်နေရင်း အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။ "အကယ်၍ ကျွန်တော်မျိုးရဲ့ ကိုယ်ရံတော်တပ်နဲ့ မြို့တော်မှာရှိတဲ့ အရေးကြီးတဲ့ နေရာတိုင်းမှာသာ ဒီလို အံ့ဩစရာ ပစ္စည်းမျိုး တပ်ဆင်ထားနိုင်မယ်ဆိုရင်..."

​ထိုသို့သာဆိုလျှင် အမတ်များ အားလုံးကို ကြီးကြပ်ကွပ်ကဲရန်.... မြို့တော်တွင်း လှုပ်ရှားမှုများကို ထိန်းချုပ်ရန်နှင့် ဥပဒေချိုးဖောက်သူများကို ဖမ်းဆီးရန်က သူတို့အတွက် အလွန် လွယ်ကူသွားမည် မဟုတ်ပါလော။

​သူက ဤပစ္စည်းအပေါ်တွင် တည်ဆောက်ထားသည့် မမြင်ရသော်လည်း အရာအားလုံးကို လွှမ်းခြုံထားနိုင်သော စောင့်ကြည့်ရေး ကွန်ရက်ကြီးတစ်ခုကို ကြိုတင် မြင်ယောင်နေပုံရချေသည်။

အခန်း ၄၄၁ပြီး၏။

All Chapters