အခန်း ၄၄၂
Vol. 45 Ch. 442
အခန်း (၄၄၂) သစ်ပင်တစ်ပင်
အချုပ်အားဖြင့်ဆိုရသော် ရှတာနှင့် လီရှန်ချန်းတို့ကဲ့သို့သော မင်မင်းဆက်၏ ထိပ်တန်းစစ်သေနာပတိကြီးများက စစ်ရေးဖြန့်ကျက်မှု၊ မြို့ပြကာကွယ်ရေး စီမံခန့်ခွဲမှုနှင့် ထောက်လှမ်းရေးသတင်းရယူမှုများတွင် မောင်းရှန်၏ ကြီးမားလှသော အလားအလာများကို ချက်ချင်းပင် သဘောပေါက်သွားကြသည်။
မောင်းရှန်က ကျန်းယဲ့ကို စိုက်ကြည့်ကာ အရေးကြီးဆုံးမေးခွန်းတစ်ခုအား မမေးဘဲ မနေနိုင်တော့ချေ။ "သခင်လေးကျန်း... ဒီလို နတ်ဘုရားအဆင့်ပစ္စည်းမျိုးကို မင်မင်းဆက်ဆီ ပြန်ယူသွားရင်ရော အသုံးပြုလို့ရနိုင်ပါ့မလား..."
ကျန်းယဲ့က ထိုမေးခွန်းကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ရာ ခေတ္တမျှစဥ်းစားလိုက်ပြီးနောက် လက်တွေ့ကျသော အဖြေတစ်ခုကို ပေးလိုက်၏။
"ကျွန်တော်က ကင်မရာတချို့ကိုတော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့..."
ထို့နောက် သူက စကားလမ်းကြောင်းပြောင်းကာ ဆက်ပြောလိုက်သည်။ "ဒီအရာ အလုပ်လုပ်ဖို့အတွက် တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအင် ထောက်ပံ့မှု၊ လိုအပ်တဲ့ ဝါယာကြိုးတွေ ပြီးတော့ ပုံရိပ်တွေကို ကြည့်ရှုဖို့နဲ့ သိမ်းဆည်းဖို့ အထူးပြုလုပ်ထားတဲ့ မျက်နှာပြင်တွေ၊ သိမ်းဆည်းရေးကိရိယာတွေ လိုအပ်တယ်ဗျ... ဒါက ပြီးပြည့်စုံတဲ့ စနစ်ကြီးတစ်ခုပဲ..."
"မင်မင်းဆက်ရဲ့ လက်ရှိစက်မှုအခြေခံနဲ့ နည်းပညာအဆင့်အတန်းအရဆိုရင်တော့ ဒါကို သီးခြားလွတ်လပ်စွာ ထောက်ပံ့ဖို့နဲ့ ထိန်းသိမ်းဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်..."
"အလွန်ဆုံးအနေနဲ့ နန်းတော်ရဲ့ အချက်အချာကျတဲ့ နေရာလိုမျိုး သေးငယ်တဲ့ ဧရိယာတစ်ခုမှာပဲ ကျွန်တော်ပေးတဲ့ မီးစက်တွေနဲ့ ကိရိယာအစုံအလင်ကို အားကိုးပြီး ကာလတိုပဲ သုံးလို့ရနိုင်လိမ့်မယ်။ ကြီးမားကျယ်ပြန့်တဲ့ အတိုင်းအတာတစ်ခုအထိတော့ အသုံးချလို့ မရနိုင်သေးဘူးလေ..."
ဤအဖြေကြောင့် မောင်းရှန်နှင့် အခြားသူများ၏ စိတ်အားထက်သန်မှုက အနည်းငယ် လျော့ကျသွားခဲ့ရသော်လည်း နှောင်းခေတ်လူများ၏ နည်းပညာဆိုသည်မှာ သီးခြားတည်ရှိနေခြင်းမဟုတ်ဘဲ ကြီးမားခိုင်မာလှသော စက်မှုစနစ်ကြီးတစ်ခုအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သူတို့ကို ပိုမိုနားလည်သဘောပေါက်သွားစေခဲ့သည်။
ဟုန်ဝူဧကရာဇ်နှင့် သူ၏အဖွဲ့က ကျည်ဆန်ရထားကို စီးနင်းလိုက်ကြပြီး ချောမွေ့လှသော အမြန်နှုန်းနှင့် ပြတင်းပေါက်အပြင်ဘက်မှ တစ်မုဟုတ်ချင်း ပြောင်းလဲသွားသော မြို့ပြရှုခင်းများကြောင့် လူတိုင်းမှာ အံ့သြမှင်သက်စွာဖြင့် အသက်ရှူမှားခဲ့ကြပြန်၏။
ပေကျင်းသို့ ရောက်ရှိချိန်၌ ည ၁၀ နာရီပင် ထိုးနေပြီဖြစ်သည်။
လင်းထိန်နေသော ကျည်ဆန်ရထားဘူတာရုံမှ ထွက်လာသည်နှင့် စောင့်ဆိုင်းနေသည့် ဘတ်စ်ကားတစ်စီးက သူတို့ကို လာကြိုလေသည်။ ကားက ဟိုတယ်ဆီသို့ မဦးတည်ဘဲ တခြားအရပ်မျက်နှာတစ်ခုဆီသို့ မောင်းနှင်သွားခဲ့သည်။
ကျန်းယဲ့က ကားပေါ်ရှိလူတိုင်းကို နောက်ပြောင်လိုက်၏။ "အားလုံးအတွက် အထူးအစီအစဥ်တစ်ခု ပြင်ဆင်ထားတယ်... ဒါပေမဲ့ တစ်ညလုံး မအိပ်ဘဲ နေရနိုင်တယ်နော်..."
၎င်းကိုကြားသောအခါ ဟုန်ဝူဧကရာဇ်က လက်ကိုဝှေ့ယမ်းကာ ဂရုမစိုက်သည့်ဟန်ဖြင့် "သုံးရက်လောက် မအိပ်ရလည်း ငါတို့အတွက်တော့ အသေးအဖွဲကိစ္စလေးပါကွာ..." ဟုဆိုလေသည်။
အခြားသူများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ စိတ်အားထက်သန်မှုက အထင်းသားပေါ်လွင်နေကာ လာမည့်ခရီးစဥ်အတွက် မျှော်လင့်ချက်များ မြင့်တက်နေကြချေသည်။
ဘတ်စ်ကား ရပ်တန့်သွားပြီး လူတိုင်းဆင်းလာချိန်၌ သူတို့ မြင်လိုက်ရသည်က ညကောင်းကင်ယံအောက်ရှိ ခမ်းနားထည်ဝါလှသော ထျန်းအန်းမင် ဂိတ်တံခါးကြီးနှင့် အဝေးမှ တိတ်ဆိတ်ငြိမ်သက်နေသည့် နန်းတော်ကြီး၏ ပုံရိပ်ယောင်ပင်။
ကျန်းယဲ့က အဖွဲ့ကို ဦးဆောင်၍ ရှေ့သို့ဆက်သွားခဲ့ပြီး သူ၏အသံက တိတ်ဆိတ်နေသော ညဥ့်ယံ၌ ထူးကဲစွာ ရှင်းလင်းနေခဲ့သည်။ "အရှင်မင်းကြီး... ပြီးတော့ အားလုံးပဲ... ကျွန်တော်တို့ရှေ့က ဒီနန်းတော်ကြီးက နှောင်းခေတ်လူတွေ တားမြစ်မြို့တော်လို့ခေါ်ကြတဲ့ နေရာပါပဲ... ဒါက... ယန်မင်းသား ကျူးတိ ပေကျင်းကို မြို့တော်ပြောင်းပြီးတဲ့နောက်မှာ အပင်ပန်းခံ တည်ဆောက်ခဲ့တဲ့ ဧကရာဇ်နန်းတော်ကြီးပေါ့..."
ဟုန်ဝူဧကရာဇ်နှင့် သူ၏အခြွေအရံများက ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး သမိုင်းတစ်လျှောက် နှစ်ပေါင်းခြောက်ရာတိုင်တိုင် မားမားမတ်မတ် ရပ်တည်နေခဲ့သည့် နန်းတော်ကြီးကို မော့ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာအမူအရာများက ရှုပ်ထွေးနေပြီး ရင်ထဲတွင်လည်း ရေတွက်မရနိုင်သော ခံစားချက်ပေါင်းများစွာ ပြည့်နှက်သွားကြရသည်။
လရောင်က နန်းတော်၏ ခေါင်မိုးစွန်းများနှင့် ထောက်တိုင်များကို ပုံဖော်ပေးနေပြီး ၎င်းက သူတို့ မှတ်ဉာဏ်ထဲရှိ ယင်ထျန်းမြို့တော်၏ ဧကရာဇ်နန်းတော်ကြီးနှင့် ဆင်တူသလို ကွဲပြားမှုတွေလည်း ရှိနေခဲ့သည်။
သူ တွေးထင်ထားသည်ထက်ပင် ပိုမိုကြီးကျယ်ခမ်းနားနေသော ထိုအဆောက်အဦးကြီးကို ကြည့်ကာ ချီမင်းသားက မနေနိုင်တော့ဘဲ တိုးတိုးလေး ရေရွတ်လိုက်မိ၏။ "နောင်တော်လေး... သူက တကယ်ပဲ..."
စကားများက ဆုံးခန်းတိုင်မသွားခဲ့သော်လည်း သူ၏ လေသံထဲတွင် ခါးသက်မှုအနည်းငယ် ရောယှက်နေသည့် ဖော်ပြမရနိုင်သော အံ့သြမှင်သက်မှုများ ပါဝင်နေခဲ့သည်။
ရှတာ၊ လီရှန်ချန်းနှင့် အခြားဝါရင့်အမတ်ကြီးများကလည်း မတူညီသော မျက်နှာအမူအရာများ ရှိနေကြပြီး သူတို့၏ နက်ရှိုင်းလှသော မျက်ဝန်းများက အနီရောင်နံရံများနှင့် အဝါရောင်အုတ်ကြွပ်များကို ဖောက်ထွင်း၍ ဧကရာဇ်အာဏာ အပြောင်းအလဲများ၏ အတိတ်ဖြစ်ရပ်များနှင့် သားအဖ၊ ညီအစ်ကိုများကြားရှိ လှိုင်းလေထန်လှသော သမိုင်းကြောင်းများကို မြင်တွေ့နေရသည့်အလား....
ကြိုတင်၍ အထူးသတင်းပို့ထားခြင်းကြောင့် ပုံမှန်အားဖြင့် ညဘက်တွင် အများပြည်သူအတွက် ဖွင့်လှစ်လေ့မရှိသော တားမြစ်မြို့တော်ကြီးက ဤအချိန်၌ သူတို့အတွက် တံခါးများ ဖွင့်ဟပေးထားခဲ့သည်။
ကျန်းယဲ့ပင်လျှင် ဤမျှ တိတ်ဆိတ်ငြိမ်သက်နေသော ညဥ့်ယံ၌ ဤရှေးဟောင်းနန်းတော်ကြီးထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်းဖြစ်သည်။ ဤသို့သော ဂုဏ်ကျက်သရေမျိုးကို ခံစားရသူဆိုသည်မှာ အလွန်ပင် နည်းပါးလှ၏။
ညဘက်တွင် တားမြစ်မြို့တော်က နေ့ခင်းဘက်၏ ဆူညံပွက်လောရိုက်မှုများနှင့် ကမ္ဘာလှည့်ခရီးသည်များ၏ ခြေရာများကို ခွာချလိုက်ကာ လုံးဝကွဲပြားခြားနားသည့် အသွင်အပြင်ကို ပြသနေသည်။
ပြဒါးများ မြေပြင်ပေါ်သို့ ဖိတ်စင်ကျလာသကဲ့သို့ လင်းလက်နေသော လရောင်က လူသူကင်းမဲ့နေသော ရင်ပြင်နှင့် ရှည်လျားလှသည့် နန်းတော်လမ်းမကြီးတစ်လျှောက် စီးဆင်းနေပြီး တစ်ဖက်တစ်ချက်စီရှိ ကြက်သွေးရောင် နံရံကြီးများကို ညဥ့်ယံတွင် ပိုမိုနက်ရှိုင်းကာ ခမ်းနားထည်ဝါနေစေသည်။
နန်းဆောင်များနှင့် မဏ္ဍပ်များ၏ ပုံရိပ်ယောင်များက ကြယ်ရောင်စုံသော ကောင်းကင်ယံအောက်တွင် တိတ်ဆိတ်စွာ တည်ရှိနေကြပြီး ခေါင်မိုးစွန်းများပေါ်ရှိ ဒဏ္ဍာရီလာသားရဲကြီးများက ရာစုနှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည့် လျှို့ဝှက်ချက်တစ်ခုကို ကာကွယ်စောင့်ရှောက်နေသည့်အလား အရိပ်မည်းများအဖြစ် တည်ရှိနေကြသည်။
စိမ်းပြာရောင် ကျောက်ပြားများပေါ်မှ သူတို့၏ ခြေသံများသာ ခပ်တိုးတိုး ပဲ့တင်ထပ်နေကာ အထီးကျန်မှုနှင့် လျှို့ဝှက်ဆန်းကြယ်မှု အငွေ့အသက်ကို ပိုမိုတိုးပွားလာစေ၏။
လေထုထဲတွင် ရှေးဟောင်းသစ်ပင်များ၊ ကျောက်အုတ်များနှင့် အချိန်ကာလကုန်ဆုံးသွားမှုတို့၏ ထူးခြားသော အငွေ့အသက်များက ပြည့်နှက်နေပြီး တိတ်ဆိတ်သော်လည်း လေးလံလှသည်။ အုတ်ကြွပ်တိုင်းနှင့် အုတ်ခဲတိုင်းက ဤနေရာတွင် ဖြစ်ပျက်ခဲ့သော ဝမ်းနည်းဝမ်းသာ ဇာတ်လမ်းများနှင့် အာဏာအပြောင်းအလဲများအကြောင်းကို တိတ်တဆိတ် ပြောပြနေသည့်အလားပင်။
ကျန်းယဲ့၏ ရင်ထဲတွင် နှမြောတသမှု တစ်ချက်ဖြစ်ပေါ်သွားရသည်။ နန်ကျင်းမြို့ရှိ မင်မင်းဆက်၏ နန်းတော်ကြီး မရှိတော့သည်မှာ ဝမ်းနည်းစရာပင်။
အကယ်၍သာ ၎င်းရှိနေသေးပါက အချိန်ခရီးသွားပြီးနောက် နှစ်ပေါင်းခြောက်ရာအကြာ၌ မူလပိုင်ရှင်ဖြစ်သူကိုယ်တိုင် ထိုနန်းတော်ထဲသို့ ခြေချလိုက်ရသည့် ခံစားချက်မျိုးက မည်သို့နေမည်နည်းဟု သူ တွေးမိလိုက်သည်။
တားမြစ်မြို့တော်ကို ညပိုင်းလှည့်လည်ကြည့်ရှုပြီးနောက် သန်းခေါင်ယံအချိန်သို့ နီးကပ်လာပြီဖြစ်သည်။
ကျန်းယဲ့က မလှမ်းမကမ်းရှိ ကျင်းရှန်ပန်းခြံဆီသို့ သူတို့ကို ဦးဆောင်ခေါ်သွားလိုက်သည်။
ညဥ့်နက်နေပြီဖြစ်ကာ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။ သူက အဖွဲ့ကို ကုန်းပြင်မြင့်တစ်ခုပေါ်သို့ ဦးဆောင်ခေါ်သွားပြီး ညအချိန်တွင် သာမန်မျှသာဖြစ်နေသည့် တောင်ကုန်းငယ်လေးတစ်ခုနှင့် လေတိုက်တိုင်း ခပ်ဖွဖွယိမ်းနွဲ့နေသော ဝေဝါးဝါးသစ်ပင်တစ်ပင်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
"အဲ့ဒီသစ်ပင်က..."
ကျန်းယဲ့က စကားစလိုက်ချိန်၌ သူ၏အသံက တိတ်ဆိတ်မှုထဲတွင် ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ဟုန်ဝူဧကရာဇ်နှင့် သူ၏အခြွေအရံများက သူ ညွှန်ပြရာဘက်သို့ ကြည့်လိုက်ကြပြီး ချက်ချင်းဆိုသလိုပင် လူတိုင်း နားလည်သွားကြရသည်။
ထိုသစ်ပင်က မည်သည့်သစ်ပင်မျိုးနည်း။
၎င်းကား မင်မင်းဆက်၏ နောက်ဆုံး... နိဂုံးပင်။
လေးလံပြီး မွန်းကျပ်လှသော လေထုက လူတိုင်းကို တိတ်ဆိတ်စွာ လွှမ်းခြုံသွား၏။
နေ့လယ်က အောက်မေ့ဖွယ်ပြတိုက်တွင် ခံစားခဲ့ရသော ဝမ်းနည်းမှုနှင့် နာကြည်းမှုတို့က ယခု မင်းဆက်တစ်ခု၏ နိဂုံးကို ရင်ဆိုင်ရချိန်တွင် ခံစားရသော ခြောက်ကပ်ကပ်အထီးကျန်မှုများနှင့် ရောယှက်ကာ ရင်ထဲတွင် လေးလံစွာ ဖိစီးနေခဲ့သည်။ မည်သူမျှ စကားမဆိုကြချေ။ သစ်ပင်ထိပ်ဖျားများကို ဖြတ်တိုက်သွားသော ညလေညင်း၏ ခပ်တိုးတိုးအသံကိုသာ ကြားနေရသည်။
ကျန်းယဲ့က နောက်သို့လှည့်ကာ လေးနက်တည်ကြည်နေသော ဟုန်ဝူဧကရာဇ်နှင့် အခြားသူများကို မျက်နှာမူလိုက်သည်။ သူ၏အသံက နူးညံ့သော်လည်း အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သွားနိုင်သော စွမ်းအားတစ်ခု ပါဝင်နေချေသည်။
"လွန်ခဲ့တဲ့ နှစ်သုံးရာက နှောင်းပိုင်း မင်မင်းဆက်ဆီ သွားရောက်လည်ပတ်ခွင့်ရခဲ့ပြီး... ချုံကျန်းဧကရာဇ်... ချုံကျန်းဧကရာဇ်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်..."
ထိုအမည်ကြောင့် ဟုန်ဝူဧကရာဇ်၏ မျက်တောင်များ အနည်းငယ် တုန်ခါသွားရ၏။
"အဲ့ဒီကမ္ဘာမှာတော့ မင်မင်းဆက်က ပျက်သုဥ်းသွားမှာ မဟုတ်ပါဘူး..." ဟု ကျန်းယဲ့က ဆက်ပြောသည်။
အချိန်၏ စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ယခုအခါ ရှုပ်ထွေးလှသော ခံစားချက်များ ပေါ်လွင်နေသည့် ဟုန်ဝူဧကရာဇ်၏ မျက်ဝန်းများပေါ်သို့ သူ၏အကြည့်များ ကျရောက်သွားလေသည်။
"မျှော်လင့်ချက်သစ်တွေကို သယ်ဆောင်ပြီး နောက်ထပ် အနာဂတ်တစ်ခုဆီ ဦးတည်ကာ ဆက်လက် တည်ရှိနေပါလိမ့်မယ်..."
လေးနက်သော အမှန်တရားတစ်ခုကို ထုတ်ဖော်ပြောဆိုနေသည့်အလား သူ၏လေသံက လေးနက်သွားလေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ မျိုးဆက် ဧကရာဇ်ချုံကျန်းဟာ သူ့မှာ ကျန်ရှိနေတဲ့ အချိန်တွေမှာ လက်မလျှော့ခဲ့ပါဘူး..."
"သူက အခြေအနေကို ပြောင်းလဲနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အထီးကျန်ပြီး ကူကယ်ရာမဲ့နေတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေမှာတောင်မှ သူက အံကြိတ်ပြီး ပြိုကျတော့မယ့် ကောင်းကင်ကြီးကို သူ့ရဲ့ သေးသွယ်တဲ့ ပခုံးလေးနဲ့ အစွမ်းကုန် ထမ်းပိုးဖို့ ကြိုးစားခဲ့ပြီး မင်မင်းဆက်အတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရဖို့အတွက် တိုက်ပွဲဝင်ခဲ့တာပါ..."
လရောင်အောက်တွင် ကျန်းယဲ့၏ စကားများက ကြေကွဲဖွယ်ကောင်းသော်လည်း ကြံ့ကြံ့ခံနိုင်သော ပုံရိပ်တစ်ခုကို ပုံဖော်ပေးနေ၏။
ကပ်ဘေးကြီးထဲတွင် ရုန်းကန်နေရသော ထိုအထီးကျန် ဧကရာဇ်ငယ်လေး၏ ပုံရိပ်က နှစ်ပေါင်းသုံးရာကို ဖြတ်သန်းလာကာ ဤမင်မင်းဆက်ကို တည်ထောင်ခဲ့သူများရှေ့တွင် ရှင်းလင်းစွာ ပေါ်လာသည့်အလားပင်။
သူသည် သက်သာရာမရှာခဲ့သလို ထွက်မပြေးခဲ့ချေ။ ထို့အစား မဖြစ်နိုင်မှန်းသိသည့် အလွန်ဆိုးရွားသော အခြေအနေမျိုးတွင် ဘိုးဘေးများ ချန်ရစ်ခဲ့သော အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့သည်။
ဟုန်ဝူဧကရာဇ်က တိတ်ဆိတ်စွာ နားထောင်နေပြီး လရောင်အောက်တွင် သူ၏မျက်နှာပေါ်မှ အရေးအကြောင်းများက အနည်းငယ် နူးညံ့သွားရသည်။
သူက ခေတ္တမျှ တိတ်ဆိတ်နေခဲ့သည်။ လောကဓမ္မတာကို ဖြတ်သန်းမြင်တွေ့ဖူးသည့် သူ၏မျက်ဝန်းများတွင် မည်သည့်အပြစ်တင်မှု.... မည်သည့်ဒေါသမျှ မရှိဘဲ သွေးသားတော်စပ်မှုကို ဖြတ်ကျော်လာသည့် နက်ရှိုင်းသော နူးညံ့ကြင်နာမှုနှင့်... ဖော်ပြမရနိုင်သော စိတ်သက်သာရာရမှုတို့သာ ရှိနေချေသည်။
"ကောင်းပြီ..."
ဟုန်ဝူဧကရာဇ်၏ အသံက နိမ့်ကျကာ အက်ကွဲနေသော်လည်း ရှင်းလင်းပြီး စွမ်းအားများ ပြည့်ဝနေ၏။
သူသည်လည်း အောက်ခြေဘဝမှ တက်လာကာ ဤအင်ပါယာကို သိမ်းပိုက်နိုင်ရန် ရေတွက်မရနိုင်သော အခက်အခဲများကို ကျော်လွှားခဲ့သည့် ဧကရာဇ်တစ်ပါးပင် မဟုတ်ပါလော။
နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး အန္တရာယ်များလှသည့် ရှုပ်ထွေးမှုကြီးနှင့် ရင်ဆိုင်ရချိန်တွင် မည်သည့်အရာမှ မလုပ်နိုင်လောက်အောင် စွမ်းအားမဲ့နေရသည့် ကြီးမားလှသော နာကျင်မှုများ၊ အခြေအနေကို ပြောင်းလဲလိုသော်လည်း နေရာတိုင်းတွင် ဟန့်တားခံရသည့် မျှော်လင့်ချက်မဲ့မှုနှင့် ခက်ခဲကြမ်းတမ်းမှုတို့ကို သူက မည်သူ့ထက်မဆို ပို၍ နားလည်သဘောပေါက်လေသည်။
"သူက ကျူးမိသားစုရဲ့ ဂုဏ်သိက္ခာကို အကျည်းတန်အောင် မလုပ်ခဲ့ဘူးပဲ..."
ဟုန်ဝူဧကရာဇ်က ခေါင်းမော့ကာ ညကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး မမြင်နိုင်သော သူ၏မျိုးဆက်များနှင့် စကားပြောနေသည့်အလား သူ၏စကားများတွင် ငြင်းပယ်၍မရနိုင်သော သေချာမှုတစ်ခု ပါဝင်နေခဲ့သည်။
"သူတို့ ဟန်လူမျိုးတွေရဲ့ စိတ်ဓာတ်ကို မဆုံးရှုံးခဲ့ကြဘူး..."
ထိုက်ကျူဧကရာဇ်ထံမှ ထွက်ပေါ်လာသော ဤတိုတောင်းသည့် မှတ်ချက်စကားက နန်းချခံရသော ထိုဧကရာဇ်ငယ်လေး၏ ရုန်းကန်ကြိုးပမ်းမှုနှင့် ဇွဲလုံ့လအပေါ် အမြင့်မားဆုံးသော အသိအမှတ်ပြုမှုပင် ဖြစ်လေသည်။
ညလေညင်းက အေးစက်မှုကို သယ်ဆောင်ကာ တိုက်ခတ်လာသော်လည်း ဤအချိန်လေး၌ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သွားသော အမွေအနှစ်နှင့် နားလည်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော ခံစားချက်များကိုမူ ဖယ်ရှားပစ်နိုင်စွမ်း မရှိခဲ့ချေ။
အခန်း ၄၄၂ပြီး၏။