အခန်း ၄၄၄
Vol. 45 Ch. 444
အခန်း (၄၄၄) နှလုံးသားကို ထိရှသွားခြင်း
တပ်ဖွဲ့၏ အပြစ်ဆိုဖွယ်မရှိသော အသွင်အပြင်၊ အပြစ်ကင်းစင်သော တန်းစီပုံစံနှင့် မလျှော့သော အငွေ့အသက်များမှတစ်ဆင့် ခေတ်ကိုကျော်လွန်နေသော စည်းကမ်းပြည့်ဝသည့် စစ်တပ်တစ်ခုကို သူတို့ မြင်တွေ့လိုက်ရပြီး တည်ငြိမ်မှု၊ ခွန်အားနှင့် ဂုဏ်သိက္ခာ စသည့် အင်အားကြီးနိုင်ငံတစ်ခု၏ ပုံရိပ်ငယ်လေးကို မြင်တွေ့လိုက်ကြရသည်။
အလံအစောင့်တပ်ဖွဲ့က အလံတိုင်အောက်ခြေသို့ ချီတက်သွားပြီး နောက်သို့လှည့်ခြင်း၊ သေနတ်များကို နေရာချခြင်းနှင့် အလံကို ဖြန့်ကျက်ခြင်း စသည့် လှုပ်ရှားမှုများကို သေသပ်မြန်ဆန်စွာ ပြီးမြောက်ခဲ့သည်။
နောက်ခဏ၌ ကြီးမားလှသော ကြယ်ငါးပွင့် အနီရောင်အလံက လေထဲတွင် လွင့်ပျံသွားသည့် အခိုက်အတန့်၌ပင် ရင်းနှီးကျွမ်းဝင်နေသည့် စေတနာ့ဝန်ထမ်းများ ချီတက်တေး၏ ဟိန်းဟောက်သံက အရုဏ်ဦး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထိုအခိုက်အတန့်မှာပင် ဟုန်ဝူဧကရာဇ်နှင့် အခြားသူများက သူတို့ပတ်ဝန်းကျင်ရှိ မျှော်လင့်တကြီး လည်ဆန့်ကြည့်နေကြသူများ သို့မဟုတ် တီးတိုးစကားပြောနေကြသူများအားလုံးက တိတ်ဆိတ်သော အမိန့်တစ်ခုကို ရရှိလိုက်သည့်အလား ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ရယ်မောသံများနှင့် စကားပြောသံများ ရပ်တန့်သွားပြီး လူကြီးလူငယ်၊ ကျားမ မရွေး လူတိုင်းလိုလိုက ကိုယ်ဟန်ကို မတ်မတ်ထားကာ အလွန် လေးနက်တည်ကြည်သွားကြသည်။
ရေတွက်မရနိုင်သော လက်မောင်းများက တစ်ပြိုင်နက် မြောက်တက်လာကာ နိုင်ငံတော်အလံကို အလေးပြုလိုက်ကြသည် သို့မဟုတ် ညာဘက်လက်ကို ဘယ်ဘက်ရင်အုံပေါ်သို့ လေးနက်စွာ တင်ထားလိုက်ကြသည်။
သူတို့ကို ပို၍ အံ့သြတုန်လှုပ်သွားစေသည်မှာ နိုင်ငံတော်သီချင်းက ရင်ပြင်ရှိ အသံချဲ့စက်များမှသာ ထွက်ပေါ်လာခြင်း မဟုတ်ချေ။
ရှေ့၊ နောက်နှင့် ရင်ပြင်၏ ထောင့်ပေါင်းစုံ၊ အရပ်မျက်နှာပေါင်းစုံမှ သောင်းနှင့်ချီသော လူများက သံစဥ်နှင့်အတူ နိုင်ငံတော်သီချင်းကို အလိုအလျောက် တစ်ပြိုင်နက်တည်း ဟစ်ကြွေးသီဆိုလိုက်ကြခြင်း ဖြစ်သည်။
"ထလော့... ကျွန်အဖြစ် အနှိမ်မခံလိုသူအပေါင်းတို့... ငါတို့၏ သွေးသားများဖြင့် ငါတို့၏ မဟာတံတိုင်းသစ်ကြီးကို တည်ဆောက်ကြစို့..."
အစပိုင်းတွင် အသံများက လူတစ်ဦးချင်းစီထံမှ ပေါင်းဆုံလာခြင်း ဖြစ်သော်လည်း အချိန်တိုအတွင်းမှာပင် အားကောင်းပြီး စည်းချက်ညီကာ အင်အားကြီးမားလှသော ရေစီးကြောင်းကြီးတစ်ခုအဖြစ်သို့ ပေါင်းစည်းသွားချေသည်။
ဦးဆောင်သူ မပါဘဲ သောင်းနှင့်ချီသော လူများ၏ အလိုအလျောက် သီဆိုလိုက်သော ဤသံပြိုင်တေးက ရှင်းလင်းသော စည်းချက်များ၊ လှိုင်းလုံးကြီးများကဲ့သို့ တက်ကြွလှုပ်ရှားနေသော အသံများဖြင့် မယုံနိုင်လောက်အောင် ရိုးသားစစ်မှန်ပြီး ပြင်းပြသော ခံစားချက်များ ပါဝင်နေကာ ပြင်းထန်သော မုန်တိုင်းတစ်ခုအလား မင်မင်းဆက်မှ ဧည့်သည်တိုင်း၏ နှလုံးသားများကို အကြမ်းပတမ်း ရိုက်ခတ်သွားလေသည်။
ဟုန်ဝူဧကရာဇ်နှင့် သူ၏အခြွေအရံများမှာ ယခင်က တစ်ခါမျှ မကြုံဖူးသော ဤမြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်အံ့သြသွားကြရ၏။
သွေးသားတော်စပ်မှုနှင့် ပထဝီဝင်နယ်နိမိတ်များကို ကျော်လွန်သွားသော အားကောင်းလှသည့် အမျိုးသားရေး စည်းလုံးညီညွတ်မှုနှင့် သာမန်လူတစ်ဦးချင်းစီ၏ ရင်ထဲတွင် အမြစ်တွယ်နေသော နိုင်ငံအပေါ် ချွင်းချက်မရှိ ချစ်မြတ်နိုးမှု၊ အသိအမှတ်ပြုမှုတို့ကို သူတို့ အမှန်တကယ် ခံစားလိုက်ရသည်။
သီချင်းသံများနှင့်အတူ နံနက်ခင်းအလင်းရောင်အောက်တွင် တဖြည်းဖြည်း မြင့်တက်သွားသော အနီရောင်အလံတော်ကြီး၊ ထိုအလံတော်အောက်တွင် လေးနက်တည်ကြည်စွာ မော့ကြည့်နေကြပြီး မျက်ရည်များပင် ဝဲနေကြသည့် ရေတွက်မရနိုင်သော မျက်နှာများ... ၎င်းတို့က မယုံနိုင်လောက်အောင် ကြည်နူးထိရှဖွယ်ကောင်းသော ပုံရိပ်တစ်ခုကို ဖန်တီးပေးနေ၏။
ဟုန်ဝူဧကရာဇ်က ခေါင်းမော့ကာ တဖြည်းဖြည်း မြင့်တက်သွားသော နိုင်ငံတော်အလံပေါ်သို့ အကြည့်များကို စိုက်မှတ်ထားလေသည်။
အချိန်၏ဒဏ်ကို ခံစားခဲ့ရသော သူ၏မျက်နှာက အနည်းငယ် တုန်ခါသွား၏။
သူ မြင်တွေ့ခဲ့ရပြီ။ အမှန်တကယ် မြင်တွေ့ခဲ့ရပြီ။ ဤသည်ကား ပြည်သူ့ဆန္ဒပင်တည်း...
၎င်းသည် ရေတွက်မရနိုင်သော သာမန်လူများထံမှ အလိုအလျောက် စုစည်းလာသည့် နိုင်ငံအပေါ် အနက်ရှိုင်းဆုံး ချစ်မြတ်နိုးမှုနှင့် ကာကွယ်စောင့်ရှောက်လိုမှုပင်။
ဤမြင်ကွင်းက သူ၏ ရင်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားပြီး ယခင်က တစ်ခါမျှ မခံစားဖူးသော ထိရှလွယ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထို့အတူပင် ရှတာ၊ လီရှန်ချန်း၊ စုန့်လျန် နှင့် အခြား မင်မင်းဆက်၏ အရေးပါသော အမတ်ကြီးများသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားထိရှသွားကြပြီး သူတို့၏ ခံစားချက်များကို မထိန်းချုပ်နိုင်အောင် ဖြစ်ခဲ့ကြရသည်။
ဤမျှ နက်ရှိုင်းသော ဆင်းရဲဒုက္ခများနှင့် ပျက်စီးယိုယွင်းမှုများကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် ဤလူမျိုးစုက အဘယ်ကြောင့် ဤမျှ အံ့မခန်းအမြန်နှုန်းဖြင့် ပြန်လည်နိုးထလာနိုင်သနည်းဆိုသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြချေပြီ။
၎င်းက ပြဿနာ၏ အခြေခံအမြစ်ပင်။
ဤသည်ကား သွေးသားများ မျှဝေခံစားကြသည့် အသိအမှတ်ပြုမှု၊ ဤနှလုံးသားထဲမှ သီဆိုသံ၊ ဤစည်းလုံးညီညွတ်မှု၏ စွမ်းအားပင်။
နိုင်ငံတော်သီချင်းက ပဲ့တင်ထပ်နေပြီး အနီရောင်အလံများက လွင့်ပျံနေကာ လူအုပ်ကြီးက လေးနက်တည်ကြည်စွာဖြင့် တိတ်ဆိတ်စွာ ရပ်နေကြသည်။
ဤခမ်းနားလေးနက်လှသော မြင်ကွင်းက လွန်ခဲ့သော နှစ်ပေါင်းခြောက်ရာမှ မင်မင်းဆက် ဧည့်သည်များအားလုံး၏ ဝိညာဉ်များကို လှုပ်ခတ်သွားစေပြီး ဖျောက်ဖျက်၍မရနိုင်သော မှတ်ဉာဏ်တစ်ခုအဖြစ် စွဲထင်ကျန်ရစ်စေခဲ့သည်။
ခမ်းနားလှသော အလံလွှင့်တင်ပွဲ အခမ်းအနားကို ကြည့်ရှုပြီးနောက် ကျန်းယဲ့သည် နက်ရှိုင်းစွာ စိတ်လှုပ်ရှားနေဆဲဖြစ်သော ဟုန်ဝူဧကရာဇ်နှင့် သူ၏အခြွေအရံများကို ခေါ်ဆောင်ကာ ထျန်းအန်းမင်ရင်ပြင်မှ ထွက်ခွာလာလိုက်သည်။
ထို့နောက် ခရီးသွားဘတ်စ်ကားက တားမြစ်မြို့တော်ရှေ့ရှိ နာမည်ကြီး ချန်အန်းရိပ်သာလမ်းမကြီးတစ်လျှောက် တဖြည်းဖြည်း မောင်းနှင်သွားလေသည်။
ဟုန်ဝူဧကရာဇ်က ကားပြတင်းပေါက်အပြင်ဘက်သို့ တိတ်ဆိတ်စွာ ငေးကြည့်နေ၏။
ခမ်းနားထည်ဝါသော တားမြစ်မြို့တော်၏ ထောင့်စွန်းခံတပ်၊ တိတ်ဆိတ်စွာ စီးဆင်းနေသော ကျင်းရွှေမြစ်နှင့် အစောင့်များက သေနတ်များ ကိုင်ဆောင်ကာ မတ်မတ်ရပ်နေကြသည့် ကျုံးနန်ဟိုင် ဂိတ်တံခါး... ၎င်းတို့အားလုံးက နိုင်ငံ၏ အဓိက ဗဟိုချက်မများဖြစ်ကြောင်း သင်္ကေတပြနေသည်။
နံနက်ခင်း အလင်းရောင်က ဤအဆောက်အဦးများကို ရွှေရောင်လွှမ်းသွားစေပြီး ခမ်းနားကာ မွန်မြတ်သည့် အသွင်ကို ဆောင်စေသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း သူ တွေ့မြင်ကြားသိခဲ့ရသည်များက သူ၏ နားလည်သဘောပေါက်မှုများကို လှိုင်းလုံးကြီးများကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ခတ်နေချေသည်။
နေ့စဉ်ဘဝနေထိုင်မှုမှသည် နိုင်ငံတော် မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများအထိ၊ သမိုင်းဝင် ဒဏ်ရာဒဏ်ချက်များမှသည် အမျိုးသားရေး စိတ်ဓာတ်အထိ ထိတွေ့မှုတိုင်းက နက်ရှိုင်းသော ကြောက်ရွံ့လေးစားမှုနှင့် ပြင်းထန်လှသော ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်များ တပ်ဆင်ထားသည့် နိုင်ငံတော်ပိုင် အဆောက်အဦးများကို ကားပြတင်းပေါက်မှ ဖြည်းညင်းစွာ ဖြတ်သန်းသွားချိန်၌ ကားအတွင်းရှိ လေထုက ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေခဲ့သည်။ လူတိုင်းက ကျယ်ပြန့်ရှုပ်ထွေးလှသော ဤအချက်အလက်များကို ချေဖျက်ရင်း သူတို့၏ ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြုပ်နေကြပုံရသည်။
ကျန်းယဲ့က သူတို့ကို အနှောင့်အယှက်မဖြစ်စေရန် အသံမထွက်ဘဲ နေလိုက်ပြီး နှောင်းနှစ်ပေါင်း ခြောက်ရာမှ ဤနိုင်ငံ၏ အသွင်အပြင်ကို တိတ်ဆိတ်စွာ ခံစားခွင့်ပေးထားကာ ရင်းနှီးသလို သူစိမ်းလည်းဆန်သော ဤကမ္ဘာကြီးကို လေ့လာခွင့် ပြုထားလိုက်သည်။
ဘတ်စ်ကားက ချန်အန်းရိပ်သာလမ်းမကြီးမှ ထွက်ခွာလာပြီး နံနက်ခင်း ယာဉ်ကြောပိတ်ဆို့မှုများကြားသို့ ရောက်ရှိသွားပြီးနောက် ကျန်းယဲ့က နောက်သို့လှည့်ကာ မေးလိုက်၏။ "အားလုံး ပင်ပန်းနေကြပြီလား... ဟိုတယ်ကိုသွားပြီး ခဏလောက် အနားယူကြမလား..."
ဟုန်ဝူဧကရာဇ်က တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။ "မလိုပါဘူး..."
ရှတာနှင့် ချီမင်းသားတို့ကဲ့သို့ အခြားသူများကလည်း ဤစကားကို ထောက်ခံလိုက်ကြသည်။
သူတို့အတွက် ဤအနာဂတ်ကမ္ဘာတွင် ကုန်ဆုံးရမည့်အချိန်က အလွန်တိုတောင်းကာ တန်ဖိုးကြီးလှသဖြင့် တစ်မိနစ်၊ တစ်စက္ကန့်မျှပင် အိပ်စက်ရင်း အချိန်မဖြုန်းတီးချင်ကြချေ။
ကျန်းယဲ့က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး အတင်းအကျပ် မတိုက်တွန်းတော့ချေ။ ထို့နောက် နောက်ထပ်ခရီးစဉ်ကို ကြေညာလိုက်ပြန်သည်။ "အနားမယူဘူးဆိုရင်တော့ လေဆိပ်ကို အခုပဲ သွားကြတာပေါ့... ဒီနေ့သွားရမယ့် နေရာက ကျူးဟိုင်ပဲ..."
ထို့နောက် အဖွဲ့က ပေကျင်း တာ့ရှင်း နိုင်ငံတကာလေဆိပ်သို့ ဦးတည်သွားလိုက်ကြသည်။
ခမ်းနားကြီးကျယ်ပြီး ကျယ်ဝန်းလှကာ အနာဂတ်ဆန်သော လေဆိပ်အဆောက်အဦးထဲသို့ ခြေချလိုက်သည့်အခါ ဟုန်ဝူဧကရာဇ်နှင့် သူ၏အခြွေအရံများမှာ နောက်တစ်ကြိမ် ထိတ်လန့်အံ့သြသွားကြရပြန်သည်။
မြင့်မားလှသော အမိုးခုံးများ၊ အဆက်မပြတ် သွားလာလှုပ်ရှားနေသော လူအုပ်ကြီး၊ ကြီးမားလှသော အီလက်ထရောနစ် မျက်နှာပြင်များနှင့် အမျိုးမျိုးသော အလိုအလျောက် စက်ကိရိယာများ...
ဤအရာအားလုံးက သူတို့ကို မျက်စိကျိန်းကာ အံ့သြမှင်သက်သွားစေခဲ့သည်။
သူတို့က လေဆိပ်၏ လျှပ်စစ်ကားငယ်လေးကို စီးကာ လေယာဉ်တက်ရမည့် ဂိတ်ပေါက်ဆီသို့ သွားလိုက်ကြရာ ထိုနေရာတွင် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ ဝန်ထမ်းများဖြစ်ကြသည့် ချန်ချင်း၊ လင်ရှောင်နှင့် အခြားသူများက ကြိုတင်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
အထူးလမ်းကြောင်းများကို အသုံးပြု၍ သူတို့က ကြိုတင်စီစဉ်ထားသော ကိုယ်ပိုင်လေယာဉ်ပေါ်သို့ တက်လိုက်ကြ၏။
လေယာဉ်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် ကျန်းယဲ့က သူ၏ထိုင်ခုံတွင် သဘာဝကျစွာ ထိုင်လိုက်ပြီး ခါးပတ်ကိုယူကာ ဘေးနားရှိ ဟုန်ဝူဧကရာဇ်အား မည်သို့ပတ်ရမည်ကို သရုပ်ပြလိုက်လေသည်။ "ဒီလိုမျိုး ကြိုးကို ဆွဲထုတ်လိုက်... ပြီးရင် ကလစ်ဆိုတဲ့အသံ ကြားရရင် ပတ်ပြီးသွားပြီပဲ..."
သေချာလေ့ကျင့်သင်ကြားထားသော လေယာဉ်မယ်အချို့က ဘေးတွင်ရပ်နေကာ ကျွမ်းကျင်သော အပြုံးများကို ထိန်းသိမ်းထားပြီး အချိန်မရွေး အကူအညီပေးရန် အဆင်သင့် ရှိနေကြသည်။
သို့သော် ပလက်ဖောင်းပေါ်တွင် ရပ်နေသော ချီမင်းသားက သိချင်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် "ဒါရိုက်တာကျန်း" ဟု ရုတ်တရက် အော်ခေါ်လိုက်ချိန်တွင် အခြေအနေက ချက်ချင်း ပြောင်းလဲသွား၏။
"ဒါရိုက်တာကျန်း..."
ထိုစကားလုံးများက မှော်ပညာတစ်ခု ပါဝင်နေသည့်အလား လေယာဉ်အမှုထမ်းများအားလုံး၏ မျက်လုံးအိမ်များကို ချက်ချင်း ကျဉ်းမြောင်းသွားစေချေသည်။
လူတိုင်း၏ အကြည့်များက မီးမောင်းထိုးလိုက်သည့်အလား ကျန်းယဲ့နှင့် သူ၏အနီးရှိ ထူးခြားသော ခရီးသွားများအပေါ်သို့ ချက်ချင်း ကျရောက်သွားတော့သည်။
သူတို့၏ မျက်ဝန်းများက မယုံနိုင်မှုများဖြင့် လင်းလက်သွားပြီး သူတို့၏ စိတ်လှုပ်ရှားမှုနှင့် သိချင်စိတ်များက ပြည့်လျှံလုနီးပါး ဖြစ်နေသော်လည်း သူတို့၏ မြင့်မားသော ကျွမ်းကျင်မှုအဆင့်အတန်းကြောင့် ရှေ့သို့ပြေးသွားကာ မေးခွန်းများမေးလိုစိတ်ကို ထိန်းချုပ်ထားနိုင်လိုက်ကြ၏။
ကျန်းယဲ့က သူ့ကို လောင်ကျွမ်းစေလုမတတ် စိုက်ကြည့်နေသော အကြည့်များကို ခံစားလိုက်ရပြီး သူ ဖုံးကွယ်ထား၍ မရတော့မှန်း သိလိုက်သဖြင့် ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။ လေယာဉ်ပေါ်တွင် သူ ဆက်ပြီး ဖုံးကွယ်ထားရန်လည်း ရည်ရွယ်မထားချေ။
သူက လက်ကိုမြှောက်ကာ ရုပ်ဖျက်ထားသည့် ဦးထုပ်၊ နှာခေါင်းစည်းနှင့် နေကာမျက်မှန်တို့ကို ချွတ်လိုက်ရာ ရေတွက်မရနိုင်သော လူများစွာ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည့် သူ၏ ချောမောသော မျက်နှာလေး ပေါ်ထွက်လာတော့သည်။
တကယ်ပဲ သူဖြစ်နေတာပဲ....
အခန်း ၄၄၄ပြီး၏။