← Chapters

အခန်း ၄၄၆

Vol. 45 Ch. 446

အခန်း ၄၄၆

Vol. 45 Ch. 446

အခန်း (၄၄၆) မင်မင်းဆက်ဆီသို့ ပြန်လည်ထွက်ခွာခြင်း

​လေကြောင်းပြပွဲမှ ပြန်လာပြီးနောက် ကျန်းယဲ့က အဘိုးကြီးကျူးနှင့် သူ၏အဖွဲ့အတွက် ညစာကို ခမ်းနားစွာ စီစဉ်ပေးခဲ့ပြီးနောက် အားလုံးကို အနားယူရန် အခန်းများဆီသို့ ပြန်လွှတ်လိုက်သည်။

​သီးသန့်အခန်းထဲတွင်တော့ ကျန်းယဲ့က တရားထိုင်ကာ ကျင့်ကြံခြင်းထဲတွင် နစ်မြုပ်နေခဲ့သည်။

​သို့သော်ငြားလည်း ဟုန်ဝူဧကရာဇ်နှင့် သူ၏အခြွေအရံများမှာ အိပ်ချင်စိတ် လုံးဝ မရှိကြချေ။

​ချန်ချင်းက သူတို့လိုအပ်သည့် ပစ္စည်းစာရင်းကို ကြိုတင်ပြုစုထားနိုင်ပြီး အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုအနေဖြင့် တတ်နိုင်သမျှ ကူညီပြင်ဆင်ပေးမည်ဖြစ်ကြောင်း ယခင်ကတည်းက ပြောထားလေသည်။

​ယခုအချိန်၌ သမ္မတအဆင့် အခန်း၏ ဧည့်ခန်းထဲတွင် ဟုန်ဝူဧကရာဇ်၊ ချီမင်းသား၊ ရှတာ၊ လီရှန်ချန်းနှင့် အခြားသူများက အတူတကွ ထိုင်နေကြပြီး လူတိုင်း၏ လက်ထဲတွင် မိုဘိုင်းဖုန်းတစ်လုံးစီ ကိုင်ဆောင်ထားကာ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိစေမည့် အမျိုးမျိုးသော ပစ္စည်းများ၊ နည်းပညာများနှင့် အကြံဉာဏ်များကိုပင် အာရုံစိုက် ရှာဖွေကာ ဆွေးနွေးနေကြသည်။

​"အထွက်နှုန်းကောင်းတဲ့ ဒီကောက်ပဲသီးနှံ မျိုးစေ့တွေကို ငါတို့ သေချာပေါက် ယူသွားရမယ်..." ဝူလင်းက သူ၏ဖုန်းထဲရှိ ရွှေရောင် စပ်မျိုးစပါးပုံကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

​"ပြီးတော့ ရုပ်ပုံတွေရော၊ စာတွေရော ပါဝင်တဲ့ ဒီရိုးရှင်းတဲ့ ကူးစက်ရောဂါကာကွယ်ရေး လက်စွဲစာအုပ်ကလည်း တကယ်ကို အကောင်းစားပဲ..." လီရှန်ချန်းက သူ၏ မုတ်ဆိတ်မွေးများကို သပ်ရင်း တွေးတောစွာဖြင့် ဆိုလေသည်။

​"ဘိလပ်မြေတဲ့... ခမည်းတော်... ဒီဘိလပ်မြေကို ကြည့်ပါဦး... မြို့တွေနဲ့ လမ်းတွေ တည်ဆောက်တဲ့နေရာမှာ အံ့မခန်း ခိုင်မာတယ်တဲ့.. သားတော်တို့ဆီက အင်္ဂတေတွေ၊ ထုံးတွေထက် အများကြီး သာလွန်တယ်..." ချီမင်းသားမှာ ဝမ်းသာလွန်းသဖြင့် ခုန်ပေါက်မတတ် ဖြစ်နေရသည်။

​ရှတာ၏ မျက်ဝန်းများက သံမဏိချက်လုပ်သည့် မီးဖိုကြီး၏ ရိုးရှင်းသော ပုံစံကြမ်းတစ်ခုကို ကြည့်ကာ လင်းလက်သွားလေသည်။ "အကယ်၍ စစ်သည်တွေအားလုံးသာ ဒီလို အကောင်းစား သံမဏိချပ်ဝတ်တွေကို ဝတ်ဆင်နိုင်ပြီး ဒီလောက် ထက်မြက်တဲ့ ဓားတွေကို ကိုင်ဆောင်နိုင်မယ်ဆိုရင် မြောက်ပိုင်းက လူရိုင်းတွေကို ဘာလို့ မချေမှုန်းနိုင်ဘဲ နေပါ့မလဲ..."

​အဖွဲ့သားများက သူတို့၏ ဉာဏ်ပညာနှင့် ခွန်အားများကို ပေါင်းစပ်ကာ လွန်ခဲ့သော နှစ်ရက်အတွင်း သူတို့၏ လေ့လာတွေ့ရှိချက်များကို အခြေခံ၍ မင်မင်းဆက်အတွက် အရေးတကြီး လိုအပ်နေသည့်အရာများ၊ လက်ရှိ ပြဿနာများကို ဖြေရှင်းပေးနိုင်မည့်အရာများ သို့မဟုတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ် ချပေးနိုင်မည့်အရာများအကြောင်းကို ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြသည်။

​စိုက်ပျိုးရေးမှသည် ကျန်းမာရေးစောင့်ရှောက်မှုအထိ၊ စစ်လက်နက်စက်မှုလုပ်ငန်းမှသည် အခြေခံအဆောက်အအုံများအထိ စီမံကိန်းစာရင်းများက ဆက်လက်၍ တိုးပွားလာကာ ပိုမို အသေးစိတ်ကျလာလေသည်။

​ထိုညက အခန်းထဲတွင် မီးရောင်များ လင်းထိန်နေပြီး လူတိုင်းက မောပန်းမှုမရှိဘဲ ခွန်အားများ ပြည့်ဝနေကာ သူတို့ တွေ့မြင်ကြားသိခဲ့ရသည်များကို မင်မင်းဆက်၏ ကြီးပွားချမ်းသာမှုအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကူအညီများအဖြစ် မည်သို့ပြောင်းလဲရမည်ကိုသာ တွေးတောနေခဲ့ကြသည်။

​နောက်တစ်နေ့ နံနက်တွင် ကျန်းယဲ့ ဟိုတယ်စားသောက်ဆိုင်သို့ ရောက်ရှိလာသောအခါ အဘိုးကြီးကျူးနှင့် သူ၏အဖွဲ့က နေရာယူထားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။

​သူတို့က နံနက်စာ စားနေစဉ်မှာပင် ချန်ချင်း၊ လင်ရှောင်နှင့် အခြားသူများနှင့် တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီး သူတို့ရှေ့တွင် စာများ အပြည့်ရေးထားသော စာရွက်များကို ဖြန့်ခင်းထားချေသည်။

​ကျန်းယဲ့ အနီးသို့ ချဉ်းကပ်သွားချိန်တွင် အထွက်နှုန်းကောင်းပြီး မိုးခေါင်ဒဏ်ခံနိုင်သော မျိုးစေ့များ၊ အခြေခံ ဆေးပညာလက်စွဲ၊ ရိုးရှင်းသော သံမဏိချက်နည်းပညာ နှင့် အခြေခံ ဘိလပ်မြေ ဖော်စပ်နည်း စသည့် စကားလုံးများကို ကြားလိုက်ရသည်။ သူတို့က ၎င်းတို့ကို ပြန်လည်ယူဆောင်သွားရမည့် ဒေသထွက် အထူးကုန်ပစ္စည်းများအဖြစ် ရည်ညွှန်းနေကြပြီး ချန်ချင်းထံမှ ဖြစ်နိုင်ခြေနှင့် ကြိုတင်ကာကွယ်ရမည့် အချက်များကို အတည်ပြုနေကြခြင်း ဖြစ်၏။

​ကျန်းယဲ့က ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး ထပ်မံ ဝင်ရောက်မစွက်ဖက်တော့ချေ။

​နိုင်ငံစီးပွားရေးနှင့် ပြည်သူ့ဘဝ နေထိုင်မှုတို့နှင့် သက်ဆိုင်နေသော ဤဝယ်ယူရေးစာရင်းကို ညှိနှိုင်းရန်နှင့် စိစစ်ရန်အတွက် ချန်ချင်းကဲ့သို့သော ကျွမ်းကျင်သူများထံ အပ်နှံထားခြင်းက အသင့်လျော်ဆုံးဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။

​ဟုန်ဝူဧကရာဇ်နှင့် အခြား အုပ်ချုပ်သူများ၊ ဆုံးဖြတ်ချက်ချမှတ်သူများသည် မင်မင်းဆက်၏ အရေးတကြီးဆုံး လိုအပ်ချက်များကို သူ့ထက် များစွာ ပို၍ နားလည်သဘောပေါက်ကြချေသည်။

​သူက အားလပ်ချိန် ရသွားသည့်အတွက် ဝမ်းသာသွားပြီး နံနက်စာ သွားယူလိုက်၏။

​နံနက်ခင်းတွင် စာရင်း အပြီးသတ်သွားပြီးနောက် ချန်ချင်းက ဤလေးလံလှသော စျေးဝယ်စာရင်းကို ယူဆောင်ကာ ပြင်ဆင်မှုများ စတင်ရန် အလျင်အမြန် ထွက်ခွာသွားလိာက်သည်။

​ထို့နောက် ကျန်းယဲ့က သူတို့ကို ခေတ်မီ သင်္ဘောကျင်းတစ်ခုနှင့် စတော့အိတ်ချိန်းတစ်ခုသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

​ဧရာမ သင်္ဘောကျင်းကြီးထဲတွင် တိမ်တိုက်များဆီသို့ ထိုးတက်နေသော နဂါးကရိန်းကြီးများနှင့် သင်္ဘောလွန်းကျင်းထဲတွင် ပုံပေါ်လာနေသော တန်ချိန်သောင်းချီရှိသည့် ဧရာမသင်္ဘောကြီးများကို မြင်တွေ့ရသည့်အခါ ဟုန်ဝူဧကရာဇ်နှင့် သူ၏အခြွေအရံများမှာ နက်ရှိုင်းစွာ အံ့အားသင့်သွားကြရပြန်သည်။

​ထိုခေတ်အခါက မင်မင်းဆက်၏ သင်္ဘောတည်ဆောက်ရေး နည်းပညာက ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ခဲ့သော်လည်း သူတို့ရှေ့မှ မြင်ကွင်းက သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းကို ကျော်လွန်နေဆဲပင်။

​သူတို့က သေချာစွာ လေ့လာစောင့်ကြည့်ပြီး ရှင်းလင်းချက်များကို နားထောင်ခဲ့ကြရာ သင်္ဘောတည်ဆောက်ခြင်း၏ အခြေခံမူများစွာကို ရှေးခေတ်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သော်လည်း ပစ္စည်းများ၏ သိပ္ပံပညာ၊ စွမ်းအင်စနစ်များ၊ ဂဟေဆက်နည်းပညာနှင့် အခြားရှုထောင့်များတွင် နှောင်းခေတ်ကာလများ၌ ကြီးမားလှသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိလိုက်ရသဖြင့် သူတို့အတွက် အလွန် အကျိုးရှိခဲ့သည်။

​သူတို့ စတော့ရှယ်ယာ အရောင်းအဝယ် စျေးကွက်ထဲသို့ ခြေချလိုက်သည့်အခါ ကြီးမားလှသော အီလက်ထရောနစ် မျက်နှာပြင်ပေါ်တွင် အဆက်မပြတ် ခုန်ပေါက်နေသော ဂဏန်းများကို မြင်တွေ့ခဲ့ရပြီး ဖယောင်းတိုင်ဇယားများ၊ စျေးနှုန်းကန့်သတ်ချက်များနှင့် မာဂျင်အရောင်းအဝယ် စသည့် မရင်းနှီးသော ဝေါဟာရများ၏ ရှင်းလင်းချက်များကို ကြားခဲ့ရသည်။

​မမြင်ရသော ဤစစ်မြေပြင်ကြီးထဲသို့ နေ့စဉ် ဝင်ထွက်စီးဆင်းနေသည့် နက္ခတ္တဗေဒကိန်းဂဏန်းလောက်ရှိသည့် ငွေကြေးပမာဏကို သိရှိလိုက်ရချိန်တွင် သူတို့ အမှန်တကယ်ပင် အံ့သြမှင်သက်သွားကြရသည်။

​ဘောဂဗေဒကို ကျွမ်းကျင်စွာ တတ်မြောက်ထားကြသော လီရှန်ချန်း၊ ဝူလင်းနှင့် အခြား နန်းတွင်းအမတ်များ၏ မျက်ဝန်းများတွင် မယုံနိုင်လောက်အောင် နက်ရှိုင်းသော အမူအရာများ ရှိနေချေသည်။

​ငွေကြေးသည် ဤနည်းလမ်းဖြင့် စီးဆင်းကာ လည်ပတ်နိုင်ကြောင်းကို သူတို့ နားလည်သဘောပေါက်သွားကြရသည်။

​အခြေခံစီးပွားရေး ယုတ္တိဗေဒနှင့် အင်အားစုများသည် နိုင်ငံတစ်နိုင်ငံ၏ တက်ကြွမှုနှင့် ကျဆင်းမှုတို့နှင့်လည်း ဆက်စပ်နေချေသည်။

​ကြိုတင်စီစဉ်ထားသော လူသူကင်းမဲ့သည့် လမ်းမတစ်ခုပေါ်တွင် ကျန်းယဲ့က လက်ကိုဝှေ့ယမ်းကာ ရင်းနှီးကျွမ်းဝင်နေသည့် အချိန်ခရီးသွား ဘတ်စ်ကားကို ဆင့်ခေါ်လိုက်၏။

​ချန်ချင်း၊ လင်ရှောင်နှင့် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ အခြားဝန်ထမ်းများက ဟုန်ဝူဧကရာဇ်တို့၏ စာရင်းတွင် ပါဝင်သော ဂရုတစိုက် ပြင်ဆင်ထားသည့် အမျိုးမျိုးသော ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ထိုနေရာတွင် ကြိုတင်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

​ချိပ်ပိတ်ထားသော စာရွက်စာတမ်းများနှင့် ကောက်ပဲသီးနှံ မျိုးစေ့များမှအစ နမူနာပစ္စည်းအချို့နှင့် စက်ကိရိယာများအထိ အရာအားလုံးကို ကားပေါ်သို့ ရွှေ့ပြောင်းကာ သပ်ရပ်စွာ စီစဉ်ထားလိုက်သည်။

​အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ ဟုန်ဝူဧကရာဇ်က ချန်ချင်းဆီသို့ လျှောက်သွားလိုက်၏။ ပုံမှန်အားဖြင့် ဂုဏ်သိက္ခာကြီးမားလှသော ဤဧကရာဇ်၏ မျက်ဝန်းများတွင် ယခုအခါ စစ်မှန်သော စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေချေသည်။

​သူက လက်ကိုမြှောက်ကာ ချန်ချင်းနှင့် သူ၏အနောက်ရှိ အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ အဖွဲ့ဝင်အားလုံးကို လေးနက်စွာ အရိုအသေပေးလိုက်ပြီး သူ၏အသံက တည်ငြိမ်ကာ ခွန်အားများ ပြည့်ဝနေ၏။

​"မိတ်ဆွေလေးချန်.... မိတ်ဆွေလေးလင် ပြီးတော့ အားလုံးပဲ... လွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်း မင်းတို့ရဲ့ အပင်ပန်းခံ ကြိုးစားပေးမှုနဲ့ ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်... ဒီကျေးဇူးကို ဟုန်ဝူဧကရာဇ်က မှတ်ထားပါ့မယ်... မင်မင်းဆက်ကလည်း မှတ်ထားမှာပါ..."

​ချန်ချင်းက အမြန်ပြုံးကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏စကားများက ရိုးသားကာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ "အရှင်မင်းကြီး မြှောက်စားလွန်းပါပြီ... ဒါက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေပါ..."

​"အကယ်၍သာ အဲ့ဒီအချိန်က အရှင်မင်းကြီးက သုံးပေရှည်တဲ့ ဓားကိုကိုင်စွဲပြီး တာတာတွေကို နှင်ထုတ်ကာ တရုတ်ပြည်ကို ပြန်လည်မတည်ဆောက်နိုင်ခဲ့ရင်... ဟန်လူမျိုးတွေအတွက် ဒီကျယ်ပြောလှတဲ့ မြေကြီးကို ပြန်မယူနိုင်ခဲ့ရင်... ဟန်လူမျိုးတွေရဲ့ ရိုးရာဝတ်စုံနဲ့ ကျောရိုးကို မဆက်ခံနိုင်ခဲ့ရင်... နောင်လာနောက်သားတွေ ဘယ်လောက်တောင် ပိုပြီး ဆင်းရဲဒုက္ခ ရောက်ကြရဦးမလဲဆိုတာ မသိနိုင်ပါဘူး..."

​"အရှင်မင်းကြီးက ပရမ်းပတာဖြစ်မှုတွေကို အဆုံးသတ်ပြီး တိုင်းပြည်ကို စည်းစနစ်ကျအောင် ပြန်လည်လုပ်ဆောင်ခဲ့တယ်.... ပြည်သူတွေရဲ့ ခွန်အားကို တန်ဖိုးထားပြီး မင်မင်းဆက်ရဲ့ နှစ်သုံးရာ အုပ်ချုပ်ရေးအတွက် အခြေခံအုတ်မြစ် ချပေးခဲ့တယ်... အရှင်မင်းကြီးရဲ့ အောင်မြင်မှုတွေက မျိုးဆက်ပေါင်းများစွာအထိ တည်တံ့နေမှာပါ..."

​"အရှင်မင်းကြီးနဲ့ မင်မင်းဆက်အတွက် ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် လုပ်ပေးနိုင်ခဲ့တာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ..."

​၎င်းကိုကြားသောအခါ ဟုန်ဝူဧကရာဇ်က ချန်ချင်းအား နက်ရှိုင်းစွာ ကြည့်လိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောတော့သော်လည်း သူ၏မျက်ဝန်းများရှိ ကျေးဇူးတင်မှုနှင့် နားလည်မှုတို့က ပိုမိုနက်ရှိုင်းသွားရသည်။

​ထို့နောက် ဟုန်ဝူဧကရာဇ်၊ ချီမင်းသား၊ ရှတာ၊ လီရှန်ချန်း၊ ဝူလင်း...

​မဟာမင်မင်းဆက်မှ အဖွဲ့သားများက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရင်းနှီးကျွမ်းဝင်ခဲ့သော ချန်ချင်း၊ လင်ရှောင်နှင့် အခြားဝန်ထမ်းများကို လေးနက်စွာ နှုတ်ဆက်လိုက်ကြပြီးနောက် ဘတ်စ်ကားပေါ်သို့ အလှည့်ကျ တက်သွားလိုက်ကြသည်။

​နောက်ဆုံးလူ ဘတ်စ်ကားပေါ်သို့ တက်သွားပြီး တံခါးများ ဖြည်းညင်းစွာ ပိတ်သွားချိန်တွင် ၎င်းက သုံးရက်ဟူသော အချိန်တိုလေးသာ နေထိုင်ခဲ့ရသော်လည်း သူတို့ကို အဆုံးမဲ့ ထိတ်လန့်အံ့သြမှုများနှင့် တွေးတောစရာများ ပေးစွမ်းနိုင်ခဲ့သည့် ဤအနာဂတ်ကမ္ဘာမှ ထွက်ခွာသွားတော့မည် ဖြစ်ကြောင်း ဆိုလိုနေလေသည်။

​လူတိုင်းက ပြတင်းပေါက်အပြင်ဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များက အဝေးရှိ မြင့်မားလှသော အဆောက်အအုံများ၏ မိုးကုပ်စက်ဝိုင်းနှင့် လမ်းမပေါ်ရှိ အဆုံးမဲ့ ကားမီးရောင်တန်းကြီးများကို လောဘတကြီး ကြည့်ရှုနေကြ၏။

​ဤကြီးပွားချမ်းသာ၍ ငြိမ်းချမ်းကာ တက်ကြွနေသော မြင်ကွင်းကို သူတို့၏ မှတ်ဉာဏ်ထဲတွင် စွဲထင်သွားစေရန်နှင့် လွန်ခဲ့သော နှစ်ပေါင်းခြောက်ရာမှ ထိုအချိန်နှင့် ဟင်းလင်းပြင်ဆီသို့ ပြန်လည်သယ်ဆောင်သွားရန် သူတို့ အလိုရှိနေခဲ့ကြသည်။

​ဘတ်စ်ကား ပြတင်းပေါက်အပြင်ဘက်တွင်မူ အထူးတာဝန်တစ်ခုကို သယ်ဆောင်ထားသည့် အချိန်ခရီးသွားဘတ်စ်ကားလေး တဖြည်းဖြည်း စက်နှိုးကာ လမ်းအဆုံးဆီသို့ ဦးတည်သွားချိန်တွင် ချန်ချင်းက အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ ဝန်ထမ်းများအားလုံးကို ဦးဆောင်ကာ သပ်ရပ်စွာ တန်းစီရပ်နေပြီး တိတ်ဆိတ်စွာ အရိုအသေပေးနေကြလေသည်။

​ထို့နောက် လူတိုင်း၏ အကြည့်အောက်တွင် ဘတ်စ်ကားက တဖြည်းဖြည်း ဝေဝါးကာ ဖောက်ထွင်းမြင်လာရပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်ထဲသို့ ပေါင်းစည်းသွားသည့်အလား သူတို့၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။ လူသူကင်းမဲ့နေသော လမ်းမကြီးတစ်ခုနှင့် အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သွားသည့် မေ့မရနိုင်သော မှတ်ဉာဏ်တစ်ခုကိုသာ ချန်ရစ်ထားခဲ့တော့သည်။

အခန်း ၄၄၆ပြီး၏။

All Chapters