← Chapters

အခန်း ၄၄၇

Vol. 45 Ch. 447

အခန်း ၄၄၇

Vol. 45 Ch. 447

အခန်း (၄၄၇) အမှတ် ၂၀,၀၀၀ လက်ထဲရောက်လာခြင်း

​ဟုန်ဝူဧကရာဇ်နှင့် သူ၏အဖွဲ့က မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ မြင်ကွင်းက စည်ကားလှသော ခေတ်မီနဂါးမြို့တော်ကြီးမှသည် သူတို့ ထွက်ခွာခဲ့ရာ နန်းတော်၏ ဘေးဘက်ဆောင်ငယ်လေးအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။

​ကျွန်းခုံပေါ်တွင် စိုးရိမ်တကြီး ထိုင်နေခဲ့ကြသော အိမ်ရှေ့စံမင်းသားနှင့် မာမိဖုရားခေါင်ကြီးတို့သည်လည်း သူတို့ရှေ့ရှိ ဟင်းလင်းပြင်တွင် ထူးဆန်းသော လှိုင်းထန်မှုတစ်ခုကို ခံစားလိုက်ကြရသည်။

​နောက်တစ်ခဏတွင် ဟုန်ဝူဧကရာဇ်၊ ချီမင်းသား၊ ရှတာနှင့် အခြားဆယ်ဦးကျော်က သူတို့သယ်ဆောင်လာသော အထုတ်ကြီးအထုတ်ငယ်များနှင့်အတူ ခန်းမထဲတွင် ရုတ်တရက် ပေါ်လာကြသည်။

​"ခမည်းတော်..."

​"ချုံပါး..."

​သူတို့ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ အိမ်ရှေ့စံမင်းသားနှင့် မာမိဖုရားကြီးတို့၏ မျက်နှာများတွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားပြီး နောက်ဆုံးတွင် သူတို့၏ ရင်ထဲမှ အပူမီးများ ငြိမ်းအေးသွားတော့သည်။

​ဘေးကင်းကျန်းမာစွာ ရှိနေကြသည့် သူ၏ဇနီးနှင့် သားတော်ကို မြင်တွေ့လိုက်ရချိန်တွင် ဟုန်ဝူဧကရာဇ်က သူ၏ရင်ထဲ၌ နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရ၏။ သူ ပြောချင်သည့် စကားလုံးပေါင်း ထောင်သောင်းချီ ရှိနေသော်လည်း ဤအချိန်သည် အဖြစ်အပျက်များကို ပြန်လည်ပြောပြရမည့်အချိန် မဟုတ်မှန်း ကောင်းစွာ သိရှိပေသည်။

​သူက အနာဂတ်ကမ္ဘာမှ ယူဆောင်လာသော ဒေသထွက် အထူးကုန်ပစ္စည်းများကို သူ၏ခန္ဓာကိုယ်ပေါ်မှ ကျွမ်းကျင်စွာ ဖြုတ်ချလိုက်ပြီး ဘေးနားရှိ ကျန်းယဲ့ဆီသို့ အကြည့်လွှဲလိုက်၏။

​ကျန်းယဲ့က စနစ်နေရာလွတ်ထဲမှ သူယူဆောင်လာသော ကြီးမားသည့် ထောက်ပံ့ရေးပစ္စည်းများကို ထုတ်ယူကာ ခန်းမ၏ ထောင့်တစ်နေရာတွင် သပ်ရပ်စွာ စုပုံထားပြီး ဖြစ်သည်။

​သူက ဟုန်ဝူဧကရာဇ်အား ကြည့်ကာ ပြုံးပြီး ပြောလိုက်၏။ "အရှင်မင်းကြီး... အခု ဒီကိစ္စ ပြီးသွားပြီဆိုတော့ ကျွန်တော် ပြန်သင့်ပြီထင်တယ်... ယင်ထျန်းမြို့တော်လမ်းမပေါ်က ကျွန်တော့်ရဲ့ ခရီးသွားအေဂျင်စီရုံးခွဲလေးကို အရှင်မင်းကြီး ဆက်ပြီး စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်..."

​"မိတ်ဆွေလေးကျန်း... စိတ်ချပါ... ငါကိုယ်တော်ရှိနေသရွေ့ ဘယ်သူမှ မင်းရဲ့ လုပ်ငန်းကို လာမနှောင့်ယှက်ရဲစေရဘူး..." ဟုန်ဝူဧကရာဇ်က တုံ့ဆိုင်းမှုမရှိဘဲ ပြတ်သားသော လေသံဖြင့် ကတိပေးလိုက်၏။

​ချီမင်းသားမှာ မထိန်းနိုင်တော့ဘဲ ရှေ့သို့ ကိုင်းညွှတ်ကာ စိတ်အားထက်သန်စွာ မေးလိုက်လေသည်။ "ဒါရိုက်တာကျန်း... နောက်တစ်ခါ... နောက်တစ်ခါ ဘယ်တော့လောက် လာမလဲဟင်..."

​ဤမေးခွန်းက ထိုမျှော်လင့်ချက်မျိုးပင် ကိုယ်စီရှိနေကြသော ရှတာ၊ လီရှန်ချန်းနှင့် အခြားသူများ၏ အာရုံများကို ကျန်းယဲ့ဆီသို့ ချက်ချင်း ရောက်သွားစေခဲ့သည်။

​အနာဂတ်ကမ္ဘာကြီးက အလွန် အံ့မခန်းဖွယ်ကောင်းလှသဖြင့် ထိုနေရာသို့ ထပ်သွားချင်နေကြသေးသည်။

​ဟုန်ဝူဧကရာဇ်က နောက်တစ်ကြိမ်သွားလျှင် မာမိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံမင်းသားကိုပါ ခေါ်သွားရန် ဆုံးဖြတ်ထားချေသည်။

​၎င်းကိုကြားသောအခါ ကျန်းယဲ့က ပြုံးလိုက်၏။ "အချိန်တန်ရင် သဘာဝကျကျ ရောက်လာမှာပါ... နောက်တစ်ခါ ကျွန်တော်လာရင် ခရီးသွားအေဂျင်စီကနေပဲ တိုက်ရိုက် ပေါ်လာပါလိမ့်မယ်..."

​ထိုစကားကို ကြားသည်နှင့် ချီမင်းသားက သူ၏ရင်ဘတ်ကို ပုတ်ကာ ချက်ချင်း အာမခံလိုက်၏။ "အဲ့ဒီဆိုင်ကို ငါကိုယ်တိုင် စောင့်ရှောက်ပေးမယ်... ဆိုင်က မင်းအတွက် နေ့တိုင်း ဖွင့်ထားပေးမှာမလို့ မင်းရဲ့ စီးပွားရေးကို ဘယ်တော့မှ ထိခိုက်စေမှာ မဟုတ်ဘူး..."

​ကျန်းယဲ့က အစပိုင်းတွင် ထိုမျှ အလုပ်ရှုပ်ခံစရာ မလိုကြောင်း ပြောချင်ခဲ့သော်လည်း ရုံးခွဲအနေဖြင့် ဤခေတ်ကာလ၏ ကျော်ကြားမှုအမှတ်ကို အဆက်မပြတ် စုပ်ယူနေရန် လိုအပ်သေးကြောင်း သတိရသွားသဖြင့် စကားများကို မြိုချလိုက်ပြီး ချီမင်းသားအား ကျေနပ်အားရသည့် မျက်နှာဖြင့်သာ ကြည့်လိုက်သည်။

​"ဒါဆိုရင်တော့ သေချာ ဂရုစိုက်ပေးဖို့ အရှင့်သားကို အပူကပ်ရတော့မှာပဲ... အခုကစပြီး ဒီမင်မင်းဆက်က စီးပွားရေးက အရှင့်သားအပေါ်မှာပဲ မူတည်နေပြီနော်..."

​ချီမင်းသားက ၎င်းကို ယဉ်ကျေးမှုသက်သက်ဟုသာ မှတ်ယူကာ ဂရုမစိုက်ဘဲ အကြိမ်ကြိမ် အာမခံနေသဖြင့် ကျန်းယဲ့၏ စကားထဲမှ လျှို့ဝှက်အဓိပ္ပာယ်ကို လုံးဝ နားမလည်ခဲ့ချေ။

​သူ သတိမထားမိသော်လည်း ဘေးတွင်ရပ်နေသော အဘိုးကြီးကျူးကမူ အကုန်လုံးကို နားလည်သဘောပေါက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မိတ်ဆွေလေးကျန်း... စိတ်မပူပါနဲ့... မင်းရဲ့ စီးပွားရေးက သေချာပေါက် အဆင်ပြေမှာပါ..."

​ရှတာ၊ လီရှန်ချန်းနှင့် အခြားသူများကလည်း ပြုံးကာ ထောက်ခံလိုက်ကြပြီး ကျန်းယဲ့အား စိတ်ချလက်ချထားရန် ပြောလိုက်ကြ၏။

​ကျန်းယဲ့က ကျေနပ်သွားရသည်။ သူက ခန်းမထဲတွင် စုဝေးနေကြသော မင်ဧကရာဇ်နှင့် အမတ်များကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး လေးနက်စွာ နှုတ်ဆက်လိုက်၏။ "လူကြီးမင်းတို့... နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့..."

​နောက်ခဏ၌ နှမြောတသမှုများနှင့် သိချင်စိတ်များ ရောနှောနေသော လူတိုင်း၏ အကြည့်အောက်တွင် နူးညံ့သော ရွှေရောင်အလင်းတန်းတစ်ခု လေထဲမှ ရုတ်တရက် ထွက်ပေါ်လာကာ ကျန်းယဲ့၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

​ထို့နောက် အလင်းရောင်က တစ်ချက်လင်းလက်သွားပြီးနောက် အတွင်းမှ ပုံရိပ်နှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားကာ အစကတည်းက ရှိမနေခဲ့သည့်အလား ဘေးဘက်ဆောင်လေးထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

​ကျန်းယဲ့ ထွက်သွားပြီးနောက် ဟုန်ဝူဧကရာဇ်က နောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး စူးစမ်းချင်စိတ်များ ပြည့်နှက်နေသော မျက်နှာများဖြင့် အိမ်ရှေ့စံမင်းသားနှင့် မာမိဖုရားခေါင်ကြီးဘက်သို့ လှည့်လိုက်ကာ သူ၏ စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုများကို မဖုံးကွယ်နိုင်တော့ဘဲ အသံက ပိုမိုကျယ်လောင်လာရသည်။

​"နှမတော်... ပင်းအာ... မင်းတို့ မသိပါဘူး... နောင်နှစ်ပေါင်း ခြောက်ရာအကြာက ကမ္ဘာကြီးက တကယ်ကို... စိတ်ကူးမယဉ်နိုင်လောက်အောင်ကို လုံးဝ ပြောင်းလဲသွားခဲ့တာ..."

​သူက မြေပြင်ပေါ်တွင် ပုံကျနေသော အမျိုးမျိုးသော ပစ္စည်းများ ပြည့်နှက်နေသည့် သေတ္တာများနှင့် ခြင်းတောင်းများကို လက်ညှိုးထိုးပြလိုက်ပြီး သူ၏ အပြုံးက ပိုမိုကျယ်ပြန့်လာလေသည်။

​"ကြည့်စမ်း... ငါတို့ ပစ္စည်းကောင်း တော်တော်များများ ပြန်သယ်လာနိုင်ခဲ့တယ်... ပင်းအာ... ဒါတွေကို မင်း သေချာလေ့လာကြည့်ရမယ်... နောက်တစ်ခါ မိတ်ဆွေလေးကျန်း လာတဲ့အခါ ငါတို့တတွေ တရုတ်ပြည်ကို အတူတူ သွားကြမယ်... အဲ့ဒီအခါကျရင် မင်း ဘာမှမသိ နားမလည်တာမျိုး ဖြစ်မနေတော့ဘူးပေါ့..."

​အိမ်ရှေ့စံမင်းသားက လျှို့ဝှက်ဆန်းကြယ်သော ပစ္စည်းအပုံလိုက်ကြီးကို ကြည့်လိုက်ရာ သူ၏ရင်ထဲတွင် အဆုံးမဲ့သိချင်စိတ်များနှင့် တမ်းတမှုများ ပြည့်နှက်သွားပြီး သဘောတူညီသည့်အနေဖြင့် အမြန်ခေါင်းညိတ်လိုက်၏။

​ကျန်းယဲ့က ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်ရှိ ဧည့်ခန်းထဲသို့ ပြန်ရောက်လာပြီး သမ်းဝေကာ အကြောဆန့်လိုက်ရာ သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများနှင့် အရိုးအဆစ်များအားလုံး ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။

​"ဟူး... ဒီရက်ပိုင်း တကယ်ကို ပင်ပန်းတာပဲ..."

​သူက တီးတိုးရေရွတ်လိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးတစ်ခုက ရှိနေဆဲပင်။

​ကံကောင်းစွာဖြင့် ဤအော်ဒါ ပြီးသွားပြီးနောက် ရက်အနည်းငယ်ခန့် အနားယူနိုင်တော့မည် ဖြစ်၏။

​နောက်တစ်ကြိမ်ကျလျှင် စနစ်က မည်သို့သော ထူးခြားဆန်းကြယ်သည့် တာဝန်မျိုးကို ပေးလာမည်နည်းဟု သူ တွေးနေမိလိုက်သည်။

​ထိုသို့တွေးနေစဉ်မှာပင် ရင်းနှီးကျွမ်းဝင်နေသည့် စနစ်၏ အသိပေးသံက သူ၏ စိတ်ထဲတွင် အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

​【ဒင်.. ဟုန်ဝူနန်းသက် ဆယ့်ငါးနှစ်တွင် ယင်ထျန်းမြို့တော်၌ ရုံးခွဲတစ်ခု ဖွင့်လှစ်ရန် တာဝန် ပြီးဆုံးသွားပါပြီ...】

​【တာဝန် ဆုလာဘ်များ - သက်တမ်း +၃၀၀ ရက်၊ စနစ် အမှတ် +၂၀,၀၀၀။ သင့်အကောင့်ထဲသို့ ထည့်သွင်းပေးပြီးပါပြီ... လက်ခံသူ... ကျေးဇူးပြု၍ စစ်ဆေးပါ...】

​စနစ် မျက်နှာပြင်ပေါ်ရှိ အမှတ်များနှင့် သက်တမ်း တိုးလာသည်ကို မြင်လိုက်ရသည့်အခါ ကျန်းယဲ့၏ စိတ်အခြေအနေက သိသိသာသာ ကောင်းမွန်လာရသည်။

​အမှတ်များ အလုံအလောက် စုမိသွားသည်နှင့် ၁၉၃၇ အတိုင်းအတာတစ်ခုကို ဖွင့်လှစ်နိုင်ရန် နည်းလမ်းတစ်ခုခု သေချာပေါက် ရှာဖွေရမည်ဟု သူက ပျော်ရွှင်စွာဖြင့် အစီအစဉ်ဆွဲလိုက်သည်။ သို့မှသာ မိမိတို့၏ အသက်များနှင့် ယုံကြည်ချက်များဖြင့် တည်ဆောက်ခဲ့သော နိုင်ငံတော်ကြီးသည် ယခုအခါ မည်မျှ ကြီးပွားချမ်းသာကာ တိုးတက်နေပြီဖြစ်ကြောင်းကို အသက်စွန့်သွားခဲ့ကြသော ဘိုးဘေးများ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်မည် ဖြစ်၏။

​ထိုမျှော်လင့်ချက်ဖြင့် ကျန်းယဲ့က အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းခရီးသွားရသည့် ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားရန် ရေမိုးချိုးလိုက်ပြီးနောက် ကျွန်းခုံပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းထဲသို့ နောက်တစ်ကြိမ် နစ်မြုပ်သွားလေတော့သည်။

​အမည်မဲ့ကျင့်စဉ်က တဖြည်းဖြည်း လည်ပတ်လာပြီး သူ၏ အသိစိတ်က တဖြည်းဖြည်း ဗလာဖြစ်သွားသည်။ သူက တရားထိုင်သည့် အခြေအနေထဲသို့ ဝင်ရောက်သွားပြီး ထိုအတိုင်း တစ်ညလုံး နေခဲ့လေသည်။

​မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် ပြတင်းပေါက်အပြင်ဘက်၌ မိုးလင်းနေပြီ ဖြစ်သည်။

​သို့သော် ကျန်းယဲ့၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွား၏။

​ယခုတစ်ကြိမ် သူစုပ်ယူလိုက်သည့် ဝိညာဉ်စွမ်းအင်က ယခင်ကထက် ပိုမို ပါးလွှာနေကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

​"ထူးဆန်းလိုက်တာ..." သူက တီးတိုးရေရွတ်လိုက်လေသည်။

​မင်မင်းဆက်ကာလအတွင်း နေ့ဘက်၌ ဝိညာဉ်စွမ်းအင်များ အတော်လေး ရှားပါးသော်လည်း ညဘက်တွင်မူ ၎င်း၏ သိပ်သည်းဆက သိသိသာသာ မြင့်တက်လာသဖြင့် ကျင့်ကြံခြင်းက များစွာ ပိုမိုထိရောက်လေသည်။

​သူ၏ ခေတ်မီအိမ်သို့ ပြန်ရောက်လာချိန်တွင် နေ့ဘက်၌ ဝိညာဉ်စွမ်းအင်ကို မခံစားရသေးဘဲ ညဘက်မှသာ ခံစားရသည်။

​မင်မင်းဆက်ကာလကလောက် မများပြားသော်လည်း ရှိတော့ ရှိနေသေးသည်။

​ဤကွာခြားချက်က သူ၏ သံသယကို ဖြစ်ပေါ်စေခဲ့သည်။

​ထို့ကြောင့် သေချင်ယောင်ဆောင်နေတတ်သည့် စနစ်နှင့် နောက်တစ်ကြိမ် ဆက်သွယ်ရန် သူ ကြိုးစားကြည့်လိုက်၏။

​"စနစ်... အခု ငါတို့က အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေပြီလေ... ငါ ဘယ်လို ကျင့်စဉ်မျိုးကို သုံးနေတာလဲဆိုတာ တိုးတိုးလေးလောက် ပြောပြလို့မရဘူးလား..."

​"ပြီးတော့ ငါ့ခန္ဓာကိုယ်က ဝိညာဉ်အမြစ် မရှိဘူးလို့ စမ်းသပ်ချက်တွေက ပြနေတာတောင် ဘာလို့ ကျင့်ကြံလို့ရနေသေးတာလဲ..."

​"ဒါက အတိအကျ ဘာဖြစ်နေတာလဲ..."

​သူ၏ စိတ်ထဲတွင် လုံးဝ တိတ်ဆိတ်နေခဲ့သည်။ စနစ်က ဝန်ဆောင်မှု မရနိုင်ပါဟူသော အခန်းကဏ္ဍတွင် ပြီးပြည့်စုံစွာ သရုပ်ဆောင်ရင်း မည်သည့်တုံ့ပြန်မှုမှ မပေးဘဲ နေလေသည်။

​ကျန်းယဲ့က အဖြေရရန် စနစ်ကို အကြိမ်ကြိမ် ဖိအားပေးခဲ့သော်လည်း စနစ်က သေချင်ယောင်ဆောင်ရန် ဆုံးဖြတ်ထားသည်ကို မြင်လိုက်ရသဖြင့် ဆက်လက် ရှင်းပြခိုင်းရန် လက်လျှော့လိုက်ရတော့သည်။

​ကျင့်ကြံခြင်းကို စတင်ပြီးကတည်းက ပြေးခြင်းထက် ကျင့်ကြံခြင်းက စိတ်ကိုတည်ငြိမ်စေပြီး ခန္ဓာကိုယ်ကို သန်စွမ်းစေရန် ပိုကောင်းကြောင်း တွေ့ရှိခဲ့သဖြင့် သူက နံနက်ခင်းများတွင် မပြေးတော့ချေ။

​သို့သော် နံနက်စာကတော့ မရှိမဖြစ် လိုအပ်သေး၏။

​သူက ပေါ့ပေါ့ပါးပါး အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ပြီး လူနေရပ်ကွက်အပြင်ဘက်ရှိ နံနက်စာရောင်းသည့် ဆိုင်လေးဆီသို့ ရင်းနှီးကျွမ်းဝင်စွာ လျှောက်သွားလိုက်သည်။

​"သူဌေး... ထုံးစံအတိုင်းပဲ... အစပ်အရသာ တို့ဖူးပေါက်စီခြောက်လုံးနဲ့ ဆားနယ် ပဲနို့တစ်ခွက်..."

​"အိုကေ... ရှောင်ယဲ့... ခဏလေး စောင့်နော်..."

​အငွေ့တထောင်းထောင်း ထနေသော ပေါက်စီများနှင့် အရသာရှိလှသည့် ပဲနို့တို့ကို စားသောက်ပြီးနောက် ကျန်းယဲ့က ကျေနပ်အားရစွာ မျက်လုံးများကို မှိတ်လိုက်ပြီး အသံမထွက်သည့် သီချင်းလေးတစ်ပုဒ်ကို ညည်းရင်း အိမ်ဆီသို့ ဖြည်းညင်းစွာ လမ်းလျှောက်ပြန်လာလိုက်သည်။

​အိမ်ပြန်ရောက်သောအခါ လက်ဖက်ရည်တစ်အိုးကို ဖျော်လိုက်ပြီး အေးအေးလူလူ သောက်သုံးလိုက်၏။

​လက်ဖက်ရည်နံ့ သင်းသင်းလေး လေထဲတွင် ပျံ့လွင့်လာချိန်၌ သူ တစ်ခုခုကို ရုတ်တရက် သတိရသွားလေသည်။

​အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ လူများက ဝိညာဉ်စွမ်းအင် သိပ်သည်းဆများသော နေရာများကို ရှာဖွေရန် ဖန်ဖန်ကို ခေါ်သွားကြသည် မဟုတ်ပါလော။

​ရက်အတော်လေး ကြာနေပြီဖြစ်သော်လည်း သတင်းအစအနမျှ မကြားရသေးချေ။

​သင့်တော်သော နေရာတစ်ခု မရှာတွေ့သေး၍လော သို့မဟုတ်... တစ်ခုခုများ ဖြစ်နေသလား...

အခန်း ၄၄၇ပြီး၏။

All Chapters