အခန်း ၄၄၉
Vol. 45 Ch. 449
အခန်း (၄၄၉) ဝန်ထမ်းများ ခန့်အပ်ခြင်း
ကျန်းယဲ့က စိတ်ထဲမှ တွေးလိုက်သပြီး စနစ် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်သည်။
ဒီတာဝန်ကနေ ရလာတဲ့ အမှတ် ၂၀,၀၀၀ က သူ့အကောင့်ထဲ ဝင်လာခဲ့ပြီ ဖြစ်သည်။ ကျန်နေသေးတဲ့ အမှတ် ၅,၀၀၀ နဲ့ ပေါင်းလိုက်ရင် သူ၏ စုစုပေါင်း အမှတ်တွေက အခုဆိုလျှင် ၂၅,၀၀၀ အထိ ရောက်ရှိသွားပြီ ဖြစ်၏။
ထို့နောက် သူ၏ အကြည့်က အမှတ်များ လဲလှယ်သည့် နေရာသို့ တိုက်ရိုက် ကျရောက်သွားပြီး ပထမ ရွေးချယ်စရာ နှစ်ခုကို ကျော်ကာ တတိယနှင့် စတုတ္ထအချက်များကို အာရုံစိုက်လိုက်သည်။
၃။ စိတ်ကြိုက် ခရီးစဉ်များ ဖန်တီးခြင်း - တစ်ခုလျှင် အမှတ် ၂၀,၀၀၀
၄။ လျှို့ဝှက်ခရီးသွားနေရာများကို ဖွင့်လှစ်ခြင်း - တစ်နေရာလျှင် အမှတ် ၃၀,၀၀၀
လက်ရှိတွင် သူ၏လက်ထဲ၌ စိတ်ကြိုက် ခရီးစဉ်တစ်ခုကို လဲလှယ်ရန်အတွက် အမှတ် အလုံအလောက် ရှိနေချေပြီ။
သို့သော် အနည်းငယ် စိတ်ရှည်ရှည်ထားပြီး နောက်ထပ် အမှတ် ၅,၀၀၀ ထပ်စုလိုက်လျှင် ထိုလျှို့ဝှက်ဆန်းကြယ်လှသော လျှို့ဝှက်ခရီးသွားနေရာကို ဖွင့်လှစ်နိုင်မည် ဖြစ်၏။
"လျှို့ဝှက်ခရီးသွားနေရာတွေတဲ့လား..." ကျန်းယဲ့က တီးတိုးရေရွတ်လိုက်ရာ သူ၏ သိချင်စိတ်များက လုံးဝ နိုးကြားလာရသည်။
ဒီနေရာက ဘယ်လိုနေရာမျိုး ဖြစ်နိုင်မလဲ...
ရှာဖွေမတွေ့ရှိသေးတဲ့ ဟင်းလင်းပြင် အက်ကြောင်းတစ်ခုလား ဒါမှမဟုတ် အထူးအရင်းအမြစ်တွေ၊ အခွင့်အရေးတွေ ပါဝင်နေတဲ့ လျှို့ဝှက်နယ်မြေ တစ်ခုများလား...
မထင်မှတ်ထားတဲ့ အံ့သြစရာတွေများ ရှိနေနိုင်မလား...
လောလောဆယ်တွင် စတုတ္ထမြောက် ရွေးချယ်စရာသို့ မလှမ်းနိုင်သေးသဖြင့် ကျန်းယဲ့က တတိယ ရွေးချယ်စရာအပေါ်သို့ အာရုံပြောင်းလိုက်ပြီး စိတ်ထဲမှနေ၍ စနစ်အား မေးလိုက်၏။ "စနစ်... ဒီစိတ်ကြိုက် ခရီးစဉ်များ ဖန်တီးခြင်းက အတိအကျ ဘယ်လို အလုပ်လုပ်တာလဲ..."
"၁၉၃၇ လိုမျိုး သတ်မှတ်ထားတဲ့ ကမ္ဘာတစ်ခုကနေ ခရီးသွားတွေကို ဘလူးစတားကို လာလည်ဖို့ ဆွဲဆောင်မယ့် အစီအစဉ်မျိုး ဖန်တီးလို့ရလား... ဒါမှမဟုတ် ဘလူးစတားက ခရီးသွားတွေကိုပဲ တခြား ကမ္ဘာတွေကို ခေါ်သွားပေးမယ့် ခရီးစဉ်မျိုးကိုပဲ ဖန်တီးလို့ရတာလား..."
【လက်ခံသူအား အကြောင်းပြန်ပါသည်။ စိတ်ကြိုက် ခရီးစဉ်ဖန်တီးခြင်း လုပ်ဆောင်ချက်သည် အဓိကအားဖြင့် ရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်သော ကမ္ဘာများနှင့် ကမ္ဘာမြေကြား နှစ်လမ်းသွား ခရီးစဉ်များကို စီစဉ်ရန် အသုံးပြုခြင်း ဖြစ်ပါသည်။ လက်ခံသူသည် လက်ရှိတွင် ၁၉၃၇ အတိုင်းအတာ၌ ရုံးခွဲ ဖွင့်လှစ်ထားခြင်း မရှိသေးသဖြင့် ထိုအတိုင်းအတာမှ ခရီးသွားများကို ဤလုပ်ဆောင်ချက် အသုံးပြု၍ တိုက်ရိုက် ခေါ်ယူ၍ မရနိုင်ပါ။】
【မှတ်ချက် - ဤလုပ်ဆောင်ချက်ကို ရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်သော အခြားကမ္ဘာများတွင်သာ လက်ခံသူက အသုံးပြုနိုင်ပါသည်။ ၎င်းက တခြားကမ္ဘာများမှ လာရောက်လည်ပတ်သူများ ကမ္ဘာမြေသို့ လာရောက်လည်ပတ်ရန် သီးသန့် ခရီးစဉ်များကို စိတ်ကြိုက် ဖန်တီးခွင့် ပေးထားပါသည်။】
ထိုအဖြေကို ကြားပြီးနောက် ကျန်းယဲ့မှာ နှမြောတသစွာဖြင့် သက်ပြင်းချလိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်း စနစ်၏ စည်းမျဉ်းများက အလွန် တင်းကျပ်နေဆဲပင်။
၁၉၃၇ မှ ဘိုးဘေးများအတွက် သီးသန့် လာရောက်၍ အနာဂတ်ကို ရှုစားပါဟူသော ခရီးစဉ် ဖန်တီးရန်မှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ထင်ရှားနေခဲ့သည်။ သူတို့ဆီမှာ ရုံးခွဲ အရင်ဖွင့်ဖို့ လိုအပ်ပေမည်။
ဒီအမှတ်တွေကို လောလောဆယ် သိမ်းထားလိုက်တာပဲ ကောင်းပါတယ်။
အမှတ် ၃၀,၀၀၀ စုမိတာနဲ့ လျှို့ဝှက်ခရီးသွားနေရာတစ်ခုကို ဖွင့်ပြီး သွားကြည့်မယ်...
ဘယ်သူသိမလဲ.. မထင်မှတ်ထားတဲ့ အံ့သြစရာတွေ ရှိလာနိုင်တာပဲလေ...
သူက စိတ်ကြိုက် ခရီးစဉ်များမှ အကြည့်လွှဲလိုက်ပြီး စနစ် မျက်နှာပြင်ကို ပိတ်လိုက်သည်။
နောက်ထပ် ရည်မှန်းချက်က ရှင်းလင်းသွားပြီ ဖြစ်သည်။
အမှတ်တွေရဖို့ အစွမ်းကုန် ကြိုးစားရမည်။
ကျန်းယဲ့က သူ၏ အတွေးများကို ဝန်ထမ်းများ ခန့်အပ်ရေး ကိစ္စဆီသို့ ပြန်လည် ဆွဲခေါ်လာလိုက်သည်။
ချက်ချင်း ဆုံးဖြတ်ချက် မချသေးဘဲ သူက စိတ်ထဲမှနေ၍ စနစ်အား သတိထားကာ မေးလိုက်ပြန်သည်။ "စနစ်... ငါ ငှားထားတဲ့ ဝန်ထမ်းတစ်ယောက်က ငါ့ကို သစ္စာဖောက်ရင် ဒါမှမဟုတ် တာဝန်ထမ်းဆောင်နေရင်း တခြားကမ္ဘာမှာ သေသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ..."
စနစ်က ပြတ်သား၍ အေးစက်သော တုံ့ပြန်မှုတစ်ခုကို အလျင်အမြန် ပေးလာခဲ့သည်။
【စကြဝဠာပေါင်းစုံ ခရီးသွားအေဂျင်စီ၏ အကြီးအကဲတစ်ဦးအနေဖြင့် လက်ခံသူသည် ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခွင့်နှင့် အပြစ်ပေးခွင့် အပါအဝင် ၎င်းတို့အပေါ် လုံးဝ စီမံခန့်ခွဲခွင့် အာဏာ ရှိပါသည်။ မှတ်ချက် - အသေးစိတ် သိရှိလိုပါက အချိန်နှင့် ဟင်းလင်းပြင် စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်များတွင် ကြည့်ရှုပါ။】
【အချိန်ပြည့် ဝန်ထမ်းများသည် မတူညီသော ကမ္ဘာများကြား ဖြတ်သန်းသွားလာချိန်တွင် အခြေခံ အတိုင်းအတာ ကာကွယ်ရေးယန္တရားများကို ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။ သူတို့အနေဖြင့် အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားအေဂျင်စီ ဝန်ထမ်း ကျင့်ဝတ်စည်းကမ်းကို တင်းကျပ်စွာ လိုက်နာသရွေ့ သူတို့၏ အသက်အန္တရာယ်မှာ ဘေးကင်းလုံခြုံမည် ဖြစ်ပါသည်။】
【သတိပေးချက် - စည်းကမ်းများကို တမင်တကာ ချိုးဖောက်သော သို့မဟုတ် မိမိတို့၏ လုပ်ငန်းတာဝန်များထက် ကျော်လွန်၍ အန္တရာယ်များသော လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်သော ဝန်ထမ်းများသည် အကျိုးဆက်အားလုံးအတွက် ၎င်းတို့ဘာသာ တာဝန်ယူရမည်ဖြစ်ပြီး စနစ်မှ မည်သည့် ကာကွယ်မှုမျှ ပေးမည် မဟုတ်ပါ။】
【မှတ်ချက် - ခရီးသွားလုပ်ငန်းကို တိုးချဲ့ရန်အတွက် ခုနစ်ရက်အတွင်း ဝန်ထမ်းနှစ်ဦးကို ခန့်အပ်ပါ။】
"ခုနစ်ရက် အချိန်ကန့်သတ်ချက်တဲ့လား..."
ကျန်းယဲ့က မျက်ခုံးအနည်းငယ် ပင့်လိုက်၏။ သို့သော် အချိန် အများကြီး ကျန်နေသေးသဖြင့် သူ အလျင်စလို မဖြစ်ခဲ့ချေ။
သူက အတွေးများကို စုစည်းကာ အသိစိတ် ပြန်ဝင်လာချိန်၌ ဖန်ဖန်၏ ဖြူဖွေးသေးသွယ်သော လက်လေးက သူ၏ မျက်လုံးရှေ့တွင် ဝှေ့ယမ်းနေသည်ကို မြင်လိုက်ရသည်။
သူ အတွေးလွန်နေချိန်တွင် ဖန်ဖန်က သူ ငေးမောနေသည်ကို မြင်ပြီး သတိပြန်ဝင်လာစေရန် လက်လှမ်း၍ ခေါ်လိုက်ခြင်းပင်။
ကျန်းယဲ့က ဝှေ့ယမ်းနေသော သူမ၏ လက်ကို ခပ်ဖွဖွ ပုတ်ထုတ်လိုက်ပြီး သူမကို ကြည့်လိုက်၏။
'ဒီကောင်မလေးက ဝန်ထမ်းခန့်အပ်ရေး ယန္တရားကို အစပျိုးပေးတဲ့ အဓိက သော့ချက်ပဲ။ တကယ်ပဲ ဝန်ထမ်းခန့်တဲ့ နေရာမှာ ငါတို့တွေ ရေစက်တစ်ခုခု ရှိနေတာများလား...'
ထို့အပြင် သူမသာ သူ့လူဖြစ်လာခဲ့လျှင် ကျင့်စဉ်နှင့် ပတ်သက်၍ သူမကို စမ်းသပ်ခိုင်းရန် ပိုမို စိတ်ချရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စနစ် စာချုပ်က အနည်းဆုံးတော့ အကာအကွယ်တစ်ခု ပေးနိုင်မည် မဟုတ်ပါလော။
ထိုသို့ တွေးမိလိုက်သောအခါ ကျန်းယဲ့က ဖန်ဖန်ကို ကြည့်လိုက်ပြီး ဉာဏ်များသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထက်တွင် အလိုအလျောက် ပေါ်လာခဲ့သည်... မဟုတ်သေးဘူး.... သဘောကျ နှစ်ခြိုက်တဲ့ အပြုံးမျိုးပဲ...
ဖန်ဖန်က သူ၏ ရုတ်တရက် နှာဘူးကျကျ အပြုံးလေးကြောင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရပြီး အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိသည်။
သူမက သတိထားကာ မေးလိုက်၏။ "ကျန်း... ဒါရိုက်တာကျန်း... ရှင်... ရှင် သရဲပူးသွားတာလား... ဒါမှမဟုတ် ပြုစားခံလိုက်ရတာလား..."
သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းယဲ့က ချက်ချင်း အပြုံးကို ရပ်တန့်လိုက်ပြီး လေးနက်သော မျက်နှာအမူအရာကို ဖမ်းလိုက်လေသည်။ "ဖန်ဖန်... မင်း တကယ်ပဲ ငါ့နောက်ကို လိုက်ချင်တာလား..."
ထိုသို့ ပြောလိုက်သည်နှင့် သူ၏ စကားက အနည်းငယ် တွေးစရာဖြစ်နေမှန်း သတိထားမိသွားသဖြင့် အမြန် ချောင်းဟန့်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်ပြန်သည်။ "ငါ ဆိုလိုတာက... ငါတို့ ရီယဲ့ ခရီးသွားအေဂျင်စီရဲ့ တရားဝင်ဝန်ထမ်းတစ်ယောက် ဖြစ်ချင်လားလို့ မေးတာပါ..."
ဖန်ဖန်၏ မျက်ဝန်းများက အံ့အားသင့်မှုများဖြင့် လင်းလက်သွားသော်လည်း ထိုအံ့သြမှုထဲတွင် သူမ နစ်မြုပ်မသွားခဲ့ချေ။ ထို့အစား သူမက အလျင်အမြန် တည်ငြိမ်သွားပြီး လေးနက်စွာ စတင် တွေးတောလေသည်။
ချက်ချင်း သဘောတူမည့်အစား သူမက ရှင်းလင်းပြတ်သားစွာ မေးလိုက်၏။ "ဒါရိုက်တာကျန်း... ကျွန်မကို အရင် ပြောပြလို့ရမလား... ရှင့်ရဲ့ ခရီးသွားအေဂျင်စီမှာ အလုပ်လုပ်ရတဲ့ အကျိုးခံစားခွင့်နဲ့ လစာတွေက အတိအကျ ဘာတွေလဲ... ပြီးတော့ အဓိက လုပ်ရမယ့် တာဝန်တွေကရော ဘာတွေလဲ..."
ဤမေးခွန်းနှစ်ခုက အလွန် အရေးကြီးချေသည်။
အထက်ပါ အကျိုးခံစားခွင့်များဆိုသည်မှာ နောင်တွင် လုပ်ဆောင်ရမည့် အလုပ်အကြောင်းအရာများအပေါ် အခြေခံထားခြင်းပင်။
အကယ်၍ အလုပ်က ကမ္ဘာမြေပေါ်က ခရီးသွားအေဂျင်စီလေးမှာ တံခါးစောင့်ရုံသက်သက်ဆိုလျှင်တော့ ထိုအကျိုးခံစားခွင့်ဆိုသည်တွေက သူမအတွက် မည်သည့် ဆွဲဆောင်မှုမှ ရှိမည်မဟုတ်ချေ။
သို့သော် အကယ်၍ ထိုအလုပ်က ဘလူးစတားနှင့် မတူညီသော အခြားကမ္ဘာများကြား ဖြတ်သန်းသွားလာရမည်ဆိုလျှင်တော့...
အကျိုးခံစားခွင့်တွေက ရိုးရိုးလေးနဲ့ အံ့မခန်း ဖြစ်နေမှာပဲ...
သူမက အဲဒီလောက်ထိတောင် မတွေးရဲခဲ့ချေ။
အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန် တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာက သူ့အလိုလိုကို မယုံနိုင်စရာကောင်းတဲ့ အခွင့်ထူးတစ်ခုပင်။
ထို့ကြောင့် အဲဒီအဆင့်သာဆိုရင် လစာမရရင်တောင် သူမဘက်က စိုက်ထုတ်ပေးဖို့ ပျော်ရွှင်နေမည်ပင်။
သူမက လေးလေးနက်နက် မေးနေသည်ကို မြင်သောအခါ ကျန်းယဲ့က ဝေ့လည်ကြောင်ပတ် မလုပ်တော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။
"အလုပ်က ရိုးရှင်းတယ်ဆိုပေမယ့်လည်း... သိပ်တော့ မရိုးရှင်းဘူး..."
"အဓိက ရည်ရွယ်ချက်က မတူညီတဲ့ အခြားကမ္ဘာတွေကို ဖြတ်သန်းပြီး ခရီးသွားတွေကို လမ်းညွှန်ပေးဖို့နဲ့ တခြားကမ္ဘာတွေက ထူးခြားတဲ့ ခရီးသွားနေရာတွေကို သွားရောက်လည်ပတ်ဖို့ပဲ..."
"တစ်ခါတလေကျရင် တခြားကမ္ဘာတွေကို သွားပြီး ခရီးသွားတွေကို ဆွဲဆောင်ရမယ်... ပြီးရင် သူတို့ကို ကမ္ဘာမြေကို လည်ပတ်ဖို့ ခေါ်လာပေးရမယ်..."
"တစ်ခါတလေမှာကျတော့လည်း ကမ္ဘာမြေက ခရီးသွားတွေကို တခြားကမ္ဘာတွေဆီ ခေါ်သွားပြီး သူတို့ရဲ့ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုတွေကို လေ့လာခံစားစေရမယ်..."
စကားပြောပြီးနောက် ကျန်းယဲ့က အကျိုးခံစားခွင့်နှင့် လစာများကို စတင် တွေးတောလိုက်သည်။
ပိုက်ဆံမရှားသည့် ဖန်ဖန်လို ဒုတိယမျိုးဆက် သူဌေးသမီးတစ်ယောက်အတွက် ငွေကြေးက သိပ်ပြီး ဆွဲဆောင်မှု မရှိလှချေ။ သူမ အလိုအပ်ဆုံးအရာမှာ သေချာပေါက် ကျင့်ကြံခြင်း အရင်းအမြစ်များပင်။
"အကျိုးခံစားခွင့်တွေနဲ့ ပတ်သက်ပြီးတော့..." ကျန်းယဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အလွန်ရိုးသားသည်ဟု သူယူဆသော ကမ်းလှမ်းချက်တစ်ခုကို ပေးလိုက်သည်။ "တစ်လကို အခြေခံလစာအနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးမယ်..."
ဤအခြေအနေက ကျန်းယဲ့အတွက် အရှုံးမရှိသော ကမ်းလှမ်းမှုတစ်ခု ဖြစ်သည်။ အကြောင်းမှာ ဝန်ထမ်းတစ်ဦးက ခရီးသွားတာဝန်တစ်ခုကို အောင်မြင်စွာ ပြီးမြောက်သွားသရွေ့ စနစ်၏ ဆုလာဘ် အများစုကို သူကသာ ရရှိမည်ဖြစ်ပြီး ဝန်ထမ်းကို ပေးချေရမည့် ဝိညာဉ်ကျောက်တုံးများ၏ ကုန်ကျစရိတ်ကို အပြည့်အဝ ကာမိနိုင်သောကြောင့် ဖြစ်သည်။
"ကဲ... အခု မင်း ဝင်လုပ်ဖို့ ဆန္ဒရှိပြီလား..." ကျန်းယဲ့က ပြုံးကာ မေးလိုက်၏။
"ရှိတယ်... ရှိတယ်... ဟီးဟီးး... သိပ်ကို ဆန္ဒရှိတာပေါ့..." ဖန်ဖန်က ချက်ချင်းဆိုသလို ပြန်ဖြေလိုက်ပြီး ကြက်ကလေး ဆန်စားသကဲ့သို့ ခေါင်းကို ဆက်တိုက်ညိတ်ပြနေကာ သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။
အခန်း ၄၄၉ပြီး၏။