အခန်း ၄၅၀
Vol. 45 Ch. 450
အခန်း (၄၅၀) နံပါတ် ၀၀၂
အမှန်တကယ်တွင် ကျန်းယဲ့က အလုပ်အသေးစိတ်ကို ရှင်းပြနေသည့် အခိုက်အတန့်မှာပင် သူမ၏ ရင်ထဲ၌ "ဆန္ဒရှိပါတယ်..." ဟု အော်ဟစ်နေပြီ ဖြစ်၏။
ရေတွက်မရနိုင်သော ကမ္ဘာများကို ဖြတ်သန်းခရီးသွားရမည်ဆိုတာ... ဒါက သူမ အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့အရာပဲ မဟုတ်လော။
ကျန်းယဲ့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူမက မစောင့်နိုင်တော့ဘဲ တိုက်တွန်းလိုက်၏။ "ဒါရိုက်တာကျန်း... စာချုပ်ကို ဘယ်လို လက်မှတ်ထိုးရမလဲ... အခုပဲ ထိုးလို့ရမလားဟင်..."
သူမ၏ စိတ်မရှည်ဖြစ်နေသော အမူအရာကို မြင်သောအခါ ကျန်းယဲ့က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူမကို ငြိမ်ငြိမ်နေရန် လက်ဟန်ဖြင့် ပြလိုက်သည်။ "မလောပါနဲ့... ငါ ကြိုပြောစရာ စကားလေးတွေ ရှိသေးတယ်..."
ကျန်းယဲ့၏ စကားကို ကြားလိုက်ရသည်နှင့် ဖန်ဖန်က ချက်ချင်း အပြုံးကို ရပ်တန့်လိုက်ပြီး ခါးကို မတ်မတ်ထားကာ လက်များကို ဒူးပေါ်တွင် တင်လိုက်ပြီး အရမ်း လိမ္မာတဲ့ကိုယ်ဟန်မျိုး ဖမ်းလိုက်လေသည်။
"ပြောပါ... ကျွန်မ နားထောင်နေပါတယ်..."
သူမ၏ မြန်ဆန်လှသော လိုက်လျောညီထွေဖြစ်မှုကို ကျန်းယဲ့က သဘောကျသွားပြီး ဆက်ပြောလိုက်သည်။ "မင်းက ခရီးသွားအေဂျင်စီရဲ့ အချိန်ပြည့် ဝန်ထမ်းတစ်ယောက်ဖြစ်လာပြီဆိုရင် ခရီးသွားတွေကို လမ်းညွှန်ပေးနေတုန်း ကိုယ့်စွမ်းရည်နဲ့ကိုယ် ရလာတဲ့ ဘယ်လို အခွင့်အရေး ဒါမှမဟုတ် အကျိုးခံစားခွင့်မဆို မင်းရဲ့ ကိုယ်ပိုင်ပဲ... ငါ ဝင်မစွက်ဖက်ဘူး... ဒါပေမဲ့..."
ထို့နောက် သူက စကားလမ်းကြောင်းပြောင်းလိုက်ပြီး သူ၏ လေသံက လေးနက်သွားရသည်။ "ဝန်ထမ်း လက်စွဲစာအုပ်နဲ့ ခရီးသွားလမ်းညွှန် ကျင့်ဝတ်စည်းကမ်းတွေကိုတော့ တင်းတင်းကျပ်ကျပ် လိုက်နာရမယ်..."
"အကယ်၍ တစ်ယောက်ယောက်က ကိုယ်ကျိုးအတွက် စည်းကမ်းတွေကို တမင်တကာ ချိုးဖောက်ပြီး ခရီးသွားလမ်းညွှန်ရဲ့ အတိုင်းအတာ ကာကွယ်ရေးယန္တရားကို ပျက်ပြားစေပြီး မထင်မှတ်ထားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ခရီးသွားအေဂျင်စီက တာဝန်ယူမှာ မဟုတ်ဘူး... သူကပဲ အကျိုးဆက် အားလုံးကို တာဝန်ယူရလိမ့်မယ်..."
ပြောနေရင်းနှင့် ကျန်းယဲ့က ရုတ်တရက် အတွေးတစ်ခု ရလာကာ စနစ် ဟင်းလင်းပြင်ထဲမှ ရှေးဟောင်းပုံပေါက်နေသော ပါးလွှာသည့် စာအုပ်ငယ် နှစ်အုပ်ကို ထုတ်ယူလိုက်သည်။ ၎င်းက စကြဝဠာပေါင်းစုံ ခရီးသွားအေဂျင်စီ ဝန်ထမ်း လက်စွဲစာအုပ် နှင့် အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားများအတွက် ကျင့်ဝတ်စည်းကမ်းတို့ ဖြစ်ပြီး ၎င်းတို့ကို ဖန်ဖန်အား ကမ်းပေးလိုက်၏။
"အထဲက အကြောင်းအရာတွေကို အရင် သေချာဖတ်ကြည့်လိုက်ဦး... လုံးဝ လိုက်နာနိုင်တယ်လို့ ခံစားရမှ စာချုပ်ကို နောက်မှ လက်မှတ်ထိုးကြတာပေါ့..."
ဖန်ဖန်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး လက်စွဲစာအုပ်များကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။
စာအုပ်လေးက မထူလှသလို အထဲရှိ စည်းကမ်းချက်များကလည်း အထူးတလည် ရှည်လျား သို့မဟုတ် ရှုပ်ထွေးနေခြင်း မရှိချေ။
သူမက စကားလုံးတစ်လုံးချင်းစီကို အလွန် ဂရုတစိုက် ဖတ်ရှုနေပြီး တစ်ခါတစ်ရံတွင် တွေးတောစွာ မျက်မှောင်ကြုတ်လိုက်၊ တစ်ခါတစ်ရံတွင် အနည်းငယ် ခေါင်းညိတ်လိုက် လုပ်နေခဲ့သည်။
မိနစ်နှစ်ဆယ်ခန့် အကြာတွင် သူမက လက်စွဲစာအုပ် နှစ်အုပ်ကို ညင်သာစွာ ပိတ်လိုက်ပြီး ခေါင်းမော့ကာ ကျန်းယဲ့အား ပြတ်သားစွာ ကြည့်လိုက်၏။ "ဒါရိုက်တာကျန်း... ဖတ်လို့ ပြီးသွားပါပြီ... အပေါ်မှာ ရေးထားတဲ့ စည်းကမ်းတွေကို ကျွန်မ လိုက်နာနိုင်ပါတယ်..."
ကျန်းယဲ့ကလည်း အလားတူ လေးနက်စွာဖြင့် ထပ်မံ အတည်ပြုလိုက်၏။ "မင်း ငါ့ကို ချက်ချင်း အဖြေပေးစရာ မလိုသေးဘူးနော်... အိမ်ပြန်ယူသွားပြီး တစ်ရက်၊ နှစ်ရက်လောက် သေချာ ပြန်စဉ်းစားလို့ရတယ်... ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ အသက်နဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတာလေ..."
ဖန်ဖန်က တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းယမ်းလိုက်ပြီး သူမ၏ မျက်ဝန်းများက ကြည်လင်ပြတ်သားနေလေသည်။ "ထပ်စဉ်းစားနေစရာ မလိုတော့ပါဘူး... ကျွန်မ သေချာ စဉ်းစားပြီးပါပြီ..."
သူမ ကျင့်ကြံနိုင်ကြောင်းနှင့် ဤထူးခြားဆန်းကြယ်လှသော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ကြောင်းကို သိရှိခဲ့ရပြီးကတည်းက သူမ အလိုချင်ဆုံးအရာမှာ မည်သည်ဖြစ်ကြောင်း အလွန် ရှင်းလင်းစွာ သိရှိထားခဲ့ပြီး ဖြစ်သည်။
သူမက သာမန်ဘဝမျိုးဖြင့် နေထိုင်သွားမည့်အစား သန်မာလာချင်ပြီး သူမ၏ ကိုယ်ပိုင် စွမ်းအားများကို ထိန်းချုပ်နိုင်ချင်သည်။
ကျန်းယဲ့က သူမအတွက် ဖွင့်လှစ်ပြသပေးခဲ့သော ကျယ်ပြောပြီး အဆုံးအစမဲ့သော ကမ္ဘာကြီးကို မြင်တွေ့ခဲ့ရပြီးနောက်တွင် အတောင်ပံဖြန့်ကာ ပျံသန်းချင်သော သူမ၏ ဆန္ဒက ပိုမို ပြင်းပြလာရသည်။
ဒါရိုက်တာကျန်းသည် သူမ ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကူညီပေးနိုင်ပြီး ပိုမိုဝေးကွာသော စကြဝဠာဆီသို့ လမ်းပြပေးနိုင်သည့် လက်ရှိတွင် သူမ တွေ့ဆုံနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သေချာချေသည်။
ဤအခွင့်အရေးကို သူမ လုံးဝ အဆုံးရှုံးခံ၍ မဖြစ်ပေ။
သူမ ဆုံးဖြတ်ချက် ချပြီးသွားသည်ကို မြင်သောအခါ ကျန်းယဲ့က ထပ်မပြောတော့ချေ။ သူက စိတ်ထဲမှ တွေးလိုက်ရာ စက္ကူနှင့်လည်း မလုပ်ထား၊ ပိုးသားနှင့်လည်း မလုပ်ထားဘဲ မှိန်ဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်နေသော စာချုပ်စာရွက်တစ်ရွက်က ကော်ဖီစားပွဲပေါ်တွင် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤစနစ်၏ အလုပ်ခန့်ထားမှုစာချုပ်က အချိန်နှင့် ဟင်းလင်းပြင်ဥပဒေသ၏ ချည်နှောင်မှု စွမ်းအားများ ပါဝင်နေသဖြင့် ကမ္ဘာမြေပေါ်ရှိ မည်သည့် တရားဝင် စာရွက်စာတမ်းထက်မဆို ပို၍ အခွင့်အာဏာ ရှိချေသည်။
မည်သည့်ဘက်က စာချုပ်ကို ဖောက်ဖျက်သည်ဖြစ်စေ၊ ကမ္ဘာမြေ၏ အစွန်းတစ်ဖက်သို့ ထွက်ပြေးသွားပါစေ ဤစာချုပ်၏ စွမ်းအားဖြင့် ခြေရာခံခြင်းခံရမည်ဖြစ်ပြီး သက်ဆိုင်ရာ အပြစ်ပေးမှုများကို ခံစားရမည် ဖြစ်၏။
ကျန်းယဲ့က အလင်းရောင်ဖြင့် ပြုလုပ်ထားသော ကလောင်တံကို ယူလိုက်ပြီး သူ၏ နာမည်ကို လေးနက်စွာ လက်မှတ်ရေးထိုးကာ အလုပ်ရှင်နေရာတွင် လက်ဗွေ နှိပ်လိုက်သည်။
ထို့နောက် သူက စာချုပ်ကို ဖန်ဖန်ဘက်သို့ တွန်းပို့ပေးလိုက်၏။
ဤတစ်ကြိမ်တွင် ဖန်ဖန်က အကြောင်းအရာကို ထပ်မံ မဖတ်တော့ချေ။ သူမက ကျန်းယဲ့အပေါ် ယုံကြည်သလို သူမ၏ ကိုယ်ပိုင် ရွေးချယ်မှုအပေါ်တွင်လည်း ယုံကြည်ချေသည်။
သူမက ကလောင်တံကို ယူလိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ ဝန်ထမ်းနေရာတွင် ဖန်ဖန်ဟူသော သူမ၏ နာမည်ကို လက်မှတ်ရေးထိုးကာ လက်ဗွေ နှိပ်လိုက်သည်။
သူမ၏ လက်ချောင်းထိပ်များ စာချုပ်နှင့် ကင်းကွာသွားသည့် အခိုက်အတန့်မှာပင် စာချုပ်တစ်ခုလုံးမှ နူးညံ့သော်လည်း ငြင်းပယ်၍မရနိုင်သော အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ထိုအပေါ်ရှိ စာသားများက အသက်ဝင်လာကာ စီးဆင်းနေသကဲ့သို့ ဖြစ်သွားပြီးနောက် စာရွက်က နှစ်ပိုင်းကွဲသွားကာ အလင်းတန်း နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေသည်။ အလင်းတန်း တစ်ခုက ကျန်းယဲ့၏ မျက်ခုံးကြားသို့ ဝင်ရောက်သွားပြီး ကျန်တစ်ခုက ဖန်ဖန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားတော့သည်။
စာချုပ်က ယခု တရားဝင် အကျုံးဝင်သွားပြီ ဖြစ်၏။
စာချုပ်အကျုံးဝင်သွားသည့် အခိုက်အတန့်မှာပင် မည်သည့် ခံစားချက်မျှ မပါဝင်သော စက်ရုပ်အသံတစ်ခုက ဖန်ဖန်၏ စိတ်ထဲတွင် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။
【ဒင်... စကြဝဠာပေါင်းစုံ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားအေဂျင်စီ၏ တရားဝင် ဝန်ထမ်းအဖြစ်မှ ကြိုဆိုပါသည်...】
【ဝန်ထမ်း မှတ်ပုံတင်နံပါတ် - SK-002...】
【အခြေခံ လုပ်ပိုင်ခွင့်များကို ဖွင့်လှစ်ပေးလိုက်ပါပြီ... ကျေးဇူးပြု၍ ဝန်ထမ်းလက်စွဲစာအုပ်ကို လိုက်နာပြီး ကြိုးစားပမ်းစား အလုပ်လုပ်ပါ...】
တစ်ချိန်တည်းမှာပင် ကျန်းယဲ့က သူ၏ မူလ စနစ် မျက်နှာပြင်ဘေးတွင် အဖွဲ့အစည်း စီမံခန့်ခွဲမှုနှင့် ဆင်တူသည့် မျက်နှာပြင်ငယ်လေးတစ်ခု ပေါ်လာသည်ကို သတိထားမိလိုက်၏။
မျက်နှာပြင်၏ အပေါ်ဘက်တွင် ဝန်ထမ်း စာရင်းဟု ပြသထားပြီး ၎င်း၏အောက်တွင် ရုပ်ပုံငယ်လေးတစ်ခု လင်းနေခဲ့သည်။ ၎င်းက ကာတွန်းပုံစံ ဖန်ဖန်၏ ရုပ်ပုံလေးဖြစ်ပြီး ၎င်းဘေးတွင် ဖန်ဖန် - အခြေအနေ - အွန်လိုင်း ဟူသော စာတန်းလေး ပါရှိသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ဤမျက်နှာပြင်က အမြင်အာရုံဖြင့် ကြည့်ရှုနိုင်သည့်ပုံပေါ်ပြီး စကားစမြည် ပြောဆိုခြင်းများကိုပါ စတင် လုပ်ဆောင်နိုင်ခြင်းပင်။
"ကျစ်... ဒီလို လုပ်ဆောင်ချက်မျိုး ရှိနေမယ်လို့ မထင်ထားဘူး..." ကျန်းယဲ့က အံ့သြစွာဖြင့် ရေရွတ်လိုက်မိသည်။
ဤသည်က အတွင်းပိုင်း အဖွဲ့ဖွဲ့၍ စကားပြောနိုင်သည့် ဆော့ဖ်ဝဲလ်တစ်ခုနှင့် လက်တွေ့အားဖြင့် အတူတူပင်။ ယခုမှစ၍ ဆက်သွယ်ရေးက များစွာ ပိုမို လွယ်ကူသွားပြီ ဖြစ်၏။
အခြားတစ်ဖက်တွင် ဖန်ဖန်က သူမရှေ့တွင် ပေါ်လာသော တစ်ပိုင်း ဖောက်ထွင်းမြင်ရသည့် အတုအယောင် ထိန်းချုပ်မှုမျက်နှာပြင်ကို အံ့အားသင့်မှု၊ သံသယဖြစ်မှုများဖြင့် ကြည့်ရှုနေမိသည်။
မျက်နှာပြင် ဒီဇိုင်းက ရိုးရှင်းပြီး ကိုယ်ရေးကိုယ်တာ အခြေအနေ ၊ တာဝန် စာရင်း ၊ ဆိုင် နှင့် အဆက်အသွယ်များစာရင်းစသည့် ရှင်းလင်းသော အိုင်ကွန် အနည်းငယ်သာ ပါရှိသည်။
ယခုအချိန်တွင် အဆက်အသွယ် စာရင်းထဲ၌ အထီးကျန်နေသော နာမည်တစ်ခုသာ ရှိပြီး ၎င်းမှာ ကျန်းယဲ့ဖြစ်ကာ မှတ်ချက်အနေဖြင့် တာဝန်ခံဟု ရေးသားထားလေသည်။
"ဘုရားရေ... ဒါက အရမ်း ခေတ်မီလွန်းမနေဘူးလား..." ဖန်ဖန်က မထိန်းနိုင်တော့ဘဲ ရေရွတ်လိုက်မိ၏။
သူမက သိချင်စိတ်ဖြင့် ကျန်းယဲ့၏ နာမည်ကို လက်ချောင်းလေးဖြင့် ထောက်ကြည့်လိုက်ရာ စာတိုပေးပို့ရန် ၊ ဖုန်းခေါ်ဆိုရန် တောင်းဆိုမှု နှင့် ဗီဒီယိုကောလ် ခေါ်ဆိုရန် တောင်းဆိုမှုတို့ကိုပါ ရွေးချယ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ဤသည်က အခြားကမ္ဘာတစ်ခုနှင့် တစ်ခုကြား ဆက်သွယ်ရေးနှင့် ညီမျှပြီး ရွှမ်ဝူတိုက်ကြီးရှိ ဆက်သွယ်ရေး အဆောင်လက်ဖွဲ့များ သို့မဟုတ် ကမ္ဘာမြေပေါ်ရှိ မိုဘိုင်းဖုန်းများထက် များစွာ ပိုမို အဆင့်မြင့်ချေသည်။
ဖန်ဖန်က ကျန်းယဲ့ကို ဝမ်းသာအားရ ကြည့်လိုက်ရာ သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များနှင့် ကျေးဇူးတင်မှုများ ပြည့်နှက်သွားရသည်။ သူမ၏အသံက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေပြီး ပြောလိုက်၏။ "ဝါး... ဒါရိုက်တာကျန်း... ရှင် ကျွန်မအပေါ် အရမ်းကောင်းတာပဲ... ဒီလိုကိစ္စမျိုး ပေါ်လာတဲ့အချိန် ရှင် ပထမဆုံး သတိရတဲ့သူက ကျွန်မဖြစ်နေမယ်လို့ လုံးဝ မထင်ထားဘူး..."
ဟီးဟီး... ဒါရိုက်တာကျန်းရဲ့ မျက်လုံးထဲမှာ ငါက အဆင့်အတန်း မြင့်တယ်ထင်တယ်...
ဖန်ဖန်က ဝမ်းသာအားရဖြင့် စိတ်ထဲမှ တွေးလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များ မြင့်တက်လာခြင်းကို မတားဆီးနိုင်တော့ချေ။
သူမ မည်မျှ ပျော်ရွှင်နေပြီး မည်မျှ ကျေးဇူးတင်နေပုံရကြောင်းကို မြင်သောအခါ ကျန်းယဲ့က သူမကို အဘယ်ကြောင့် ခေါ်လာခဲ့သနည်းဆိုသည်ကို ပြန်တွေးမိပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
သူက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမှုကို ဖုံးကွယ်ရန် ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ပြောလိုက်လေသည်။ "ဒီခရီးသွားအေဂျင်စီရဲ့ ပထမဆုံး ဝန်ထမ်းတစ်ယောက်အနေနဲ့ မင်းမှာ ဝန်ထမ်း အကျိုးခံစားခွင့် တစ်ခုရှိတယ်... ငါ့ဆီမှာ စာအုပ်တစ်အုပ်... အင်း... တော်တော်လေး ထူးခြားတဲ့ ကျင့်စဉ်တစ်ခု ရှိတယ်... မင်း အဲဒါကို စမ်းပြီး ကျင့်ကြည့်လို့ရတယ်... အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်တယ်..."
၎င်းကိုကြားသောအခါ ဖန်ဖန်၏ မျက်လုံးများက ပိုမို ပြူးကျယ်သွားပြီး သူမ၏ ခံစားချက်များက ပြည့်လျှံလုနီးပါး ဖြစ်သွားရသည်။ "ဝါး... ဒါရိုက်တာကျန်း... ရှင်က ကျွန်မရဲ့ ဒုတိယ မိဘပါပဲ... ရှင် ကျွန်မအပေါ် အရမ်းကောင်းလွန်းတယ်..."
လစာမြင့်မြင့်လည်း ရမယ်... ကျင့်စဉ်လည်း ရမယ်ဆိုရင် ကမ္ဘာမြေပေါ်မှာ ဒီလိုမျိုး ဒုတိယ တစ်နေရာ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလေ....
သူမ၏ စူးရှသော အကြည့်အောက်တွင် ကျန်းယဲ့က ပို၍ပင် နေရခက်လာရသည်။ သူက နောက်တစ်ကြိမ် ချောင်းဟန့်လိုက်ပြီး အနေရခက်စွာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်၏။ "မိုးချုပ်နေပြီ... ဒီည ဒီမှာပဲ အိပ်မလား... ငါ့ဆီမှာ အပို ဧည့်ခန်း တစ်ခန်းရှိတယ်..."
"အိပ်မယ်... အိပ်မယ်... အိပ်မယ်..." ဖန်ဖန်က စဉ်းစားပင် မစဉ်းစားဘဲ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်လေသည်။
ဒါရိုက်တာကျန်းက သူမအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေများ ရှိနေမလားဆိုတဲ့ အချက်ကိုရော သူမ သံသယဝင်မိလားဆိုရင်တော့...
အဲ့ဒီလို အတွေးမျိုး နည်းနည်းလေးတောင် မရှိခဲ့ပါဘူးရှင်.....
( အရာရာ မောင့်သဘော.....)
အခန်း ၄၅၀ပြီး၏။