အခန်း ၄၁၇
Vol. 38 Ch. 417
အခန်း (၄၁၇) - ကောင်းကင်အလိုတော်
ဘာသာပြန် - အားသစ်
မကြာမီ လင်းဖုန်း မြို့တစ်မြို့ကို ရှာဖွေတွေ့ရှိသွားသည်။ ဤဂြိုဟ်ပေါ်တွင် လွှမ်းမိုးအုပ်စိုးထားသော သက်ရှိများကလည်း လူသားများဖြစ်ကြပြီး သူနှင့် ပုံပန်းသဏ္ဌာန် ဆင်တူကြောင်း သူ သတိပြုမိလိုက်၏။
ထို့ကြောင့် လင်းဖုန်း သူ့အဝတ်အစားများကို ဤနေရာမှ လူများနှင့် ဆင်တူယိုးမှားဖြစ်အောင် အနည်းငယ် ပြောင်းလဲလိုက်သည်။
လင်းဖုန်း ဤနေရာတွင်လည်း အင်တာနက်ကွန်ရက်တစ်ခု ရှိနေကြောင်း သိလိုက်ရသဖြင့် ခပ်ရိုးရိုး ရှာဖွေမှုတချို့ကို ပြုလုပ်ခဲ့သည်။
ဤဂြိုဟ်ကို အက်ကွာဂြိုဟ်ဟု အမည်ရသည်။ ယင်းကို အရွယ်အစား မျိုးစုံရှိသော နိုင်ငံပေါင်း ၂၀၀ ကျော်ဖြင့် ပိုင်းခြားထားသည်။ တစ်ချိန်က ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သော ပြင်းထန်လှသည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးသော်လည်း ကံကောင်းထောက်မစွာဖြင့် ယခုအခါ ငြိမ်းချမ်းရေး ပြန်ရထားပြီ ဖြစ်သည်။
ယင်းက လင်းဖုန်းကို အနည်းငယ် မယုံကြည်နိုင်သလို ခံစားရစေ၏။ ဂြိုဟ်တစ်လုံးတည်းပေါ်တွင် အချုပ်အခြာအာဏာပိုင် အစိုးရအဖွဲ့ပေါင်း ၂၀၀ ကျော် ရှိနေခြင်းက စကြာဝဠာကြီးထဲတွင်ပင် အနည်းငယ် မယုံနိုင်စရာ ကောင်းလှသည်။
သို့သော်လည်း အက်ကွာဂြိုဟ်၏ နည်းပညာက အဆင့်မမြင့်လှချေ။ သူတို့ထံတွင် အာကာသယာဉ် မရှိသော်လည်း ဂြိုဟ်တုများ ရှိနေခဲ့ကြပြီ ဖြစ်သည်။ သူတို့ စကြာဝဠာထဲသို့ ထွက်ခွာနိုင်စွမ်း ရှိကြသော်လည်း စကြာဝဠာအတွင်း ခရီးနှင်နိုင်ခြင်းတော့ မရှိကြသေးချေ။
စကြာဝဠာထဲတွင် ဤသို့သော ယဉ်ကျေးမှုများစွာ ရှိနေတတ်ပြီး ယင်းတို့ကို ရှေးဦးယဉ်ကျေးမှုများဟု ခေါ်ကြသည်။
လင်းဖုန်း ထိုဝါးမြိုသက်ရှိ ရောက်ရှိလာရန် မည်မျှကြာမြင့်မည်ကို မသိရပေ။ သို့သော်လည်း သူ စိတ်ရှည်ရှည် စောင့်ဆိုင်းလိုသေး၏။ အထူးသဖြင့် ဤဂြိုဟ်က လင်းဖုန်းကို သူ့မိခင်ဂြိုဟ်၏ ရှေးဦးခေတ်နှင့် ဆင်တူသလို ခံစားချက်မျိုး ပေးစွမ်းနေခဲ့သောကြောင့် ဖြစ်သည်။
မှန်ပေသည်။ ကိုးခုမြောက် ယဉ်ကျေးမှု၏ ရှေးဦးခေတ်တွင်ပင် သိုင်းသမားများ ရှိနေခဲ့သော်လည်း လင်းဖုန်း သိရသရွေ့ အက်ကွာဂြိုဟ်ပေါ်တွင်မူ မည်သည့်ကျင့်ကြံသူမျှ ရှိမနေခဲ့ချေ။
ဤကမ္ဘာတွင် နည်းပညာစွမ်းအားကသာ အကြွင်းမဲ့ လွှမ်းမိုးထားသည်။
လင်းဖုန်း လမ်းမများအတိုင်း လျှောက်လှမ်းနေခဲ့သည်။ မကြာမီ ပတ်ဝန်းကျင်က တဖြည်းဖြည်း အမှောင်ချဉ်း၍ အလင်းပျောက်လာသည်။ ညဘက်တွင်ဆိုသော်လည်း လူတိုင်း ကောင်းကောင်းမွန်မွန် အိပ်စက်ကြသည်မဟုတ်ချေ။ လူအများစုအတွက်မူ စိတ်လှုပ်ရှားဖွယ်ရာ ညဘဝက ယခုမှစတင်ခြင်း ဖြစ်သည်။
လင်းဖုန်း ရင်ပြင်တစ်ခုရှိ ခုံတန်းလျားတစ်ခုပေါ်တွင် ရုပ်တုတစ်ခုပမာ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ အနားယူနေ၏။ သူ၏ လက်ရှိစွမ်းအားဖြင့် သူ့အတွက် အိပ်စက်ရန် မလိုအပ်တော့ချေ။ အိပ်စက်ခြင်းဟူသည့် ခံစားချက်ကိုပင် သူ မေ့လျော့နေခဲ့လေပြီ။
ပတ်ဝန်းကျင်ရှိ လူများစွာကလည်း ယင်းကို ထူးဆန်းသည်ဟု ထင်မြင်နေခဲ့ကြ၏။ လင်းဖုန်းက လေလွင့်သူတစ်ဦးနှင့် လုံးဝမတူသော်လည်း ခုံတန်းပေါ်တွင် မလှုပ်မယှက် ထိုင်နေသည်။ ယခုလက်ရှိ ရာသီဥတုက အလွန်အေးစက်နေပြီး လင်းဖုန်းကမူ ခပ်ပါးပါးသာ ဝတ်ဆင်ထားသဖြင့် သဘာဝကျစွာပင် လူအများ၏ အာရုံစိုက်မှုကို ခံရသည်။
...........
သို့သော်လည်း မည်သူကမျှ ရှေ့တိုးကာ မေးမြန်းခြင်း မရှိခဲ့ကြချေ။
"လင်းလင်း... ဒီနေ့ ပျော်ခဲ့ရဲ့လား"
"အများကြီး ပျော်ခဲ့ပါတာပေါ့"
လူငယ်စုံတွဲနှစ်ယောက် ရင်ပြင်ကို ဖြတ်သန်းလျှောက်လှမ်းလာကြသည်။ လင်းလင်းဟု ခေါ်သော မိန်းကလေးက လင်းဖုန်းကို တွေ့လိုက်ရချိန်တွင် အနည်းငယ် ထူးဆန်းသည်ဟု ထင်မှတ်ကာ မသိစိတ်ဖြင့် အကဲခတ်ကြည့်မိသွား၏။
"အဲ့လူက တကယ့်ကို ထူးဆန်းတာပဲ။ ဘာလို့ ဒီလောက်ညနက်နေတာတောင် ခုံပေါ်မှာ ထိုင်နေတာလဲ မသိဘူး"
"လင်းလင်း...အဲ့နား ကပ်မသွားနဲ့။ အိမ်ခြေရာမဲ့တစ်ယောက် ဖြစ်လိမ့်မယ်...အရမ်းအန္တရာယ်များတယ်"
လူငယ်လေးက လင်းလင်းကို အလျင်အမြန် ဆွဲခေါ်သွားသည်။ သူသည် အထူးသဖြင့် ဤကဲ့သို့သော အိမ်ခြေရာမဲ့ လေလွင့်သူများနှင့် ပတ်သက်၍ ပြဿနာ မတက်လိုပေ။ သူတို့တွင် ရောဂါတစ်ခုခု ရှိနေနိုင်သည် မဟုတ်ပါလော။ သူ့ကောင်မလေးကို အိမ်ခြေရာမဲ့များနှင့် မပတ်သက်စေလိုချေ။
လင်းလင်း မျက်မှောင်ကြုတ်မိသွားပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူမကောင်လေး စကားကို နားထောင်ကာ ရင်ပြင်မှ အမြန်ဆုံး ထွက်ခွာသွားတော့သည်။
နောက်တစ်နေ့ မနက်စောစောတွင် လင်းလင်း ရင်ပြင်သို့ ရောက်ရှိလာချိန်၌ ထိုထူးဆန်းသောလူမှာ ခုံတန်းလျားပေါ်တွင် ထိုင်နေဆဲဖြစ်ကြောင်း သူမ သတိပြုမိလိုက်ပြန်သည်။
လင်းလင်းသည် ဤစီးပွားရေးအဆောက်အအုံတွင် အလုပ်လုပ်နေသူ ဖြစ်၏။ သူမက ပုံမှန်အားဖြင့် အရာရာကို စူးစမ်းလိုစိတ် ရှိတတ်သော သာမန်ရုံးဝန်ထမ်း မိန်းကလေးတစ်ဦး ဖြစ်သည်။ လင်းဖုန်း၏ပုံစံက အိမ်ခြေရာမဲ့တစ်ယောက်နှင့် မတူသော်လည်း ညလုံးပေါက် ခုံတန်းပေါ်တွင် ကုန်ဆုံးနေခဲ့၏။
"သူ အေးခဲပြီး သေတော့ မသွားဘူးမလား"
လင်းလင်း အနည်းငယ် စပ်စုလိုစိတ် ဖြစ်သွားသော်လည်း သနားကရုဏာစိတ်က ပိုမိုကြီးစိုးနေခဲ့သည်။ ထို့ကြောင့် သူမ လင်းဖုန်းအနားသို့ လျှောက်လှမ်းသွားသည်။
"ဘာလို့ အိမ်မပြန်တာလဲ"
လင်းလင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူမ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရာ လမ်းသွားလမ်းလာတချို့ ရှိနေသေးသဖြင့် အနည်းငယ် စိတ်အေးသွားသည်။
လင်းဖုန်း သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့ရှိ မိန်းကလေးကို ကြည့်ရင်း သူ တည်တည်ငြိမ်ငြိမ် စကားဆိုလိုက်၏။
"ကျွန်တော့်မှာ အိမ်မရှိဘူး"
"အာ... ရှင်က တကယ်ပဲ အိမ်ခြေရာမဲ့တစ်ယောက်လား"
"အင်း…အဲ့ဒီလိုပဲ ပြောရမှာပေါ့"
"ဒါဆို ရှင် မနေ့ညက ညလုံးပေါက် ဒီမှာ ထိုင်နေခဲ့တာပေါ့ ဟုတ်လား"
"အွန်း"
"ဒီလောက်အေးတဲ့ ရာသီဥတုကြီးမှာလေ..."
လင်းလင်း အံကြိတ်ကာ ပိုက်ဆံတချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူမ လင်းဖုန်းအနားသို့ ချပေးလိုက်ကာ အလျင်စလို ပြောလိုက်သည်။
"ဒါကို အရင်ယူထားပြီး တစ်ခုခု ဝယ်စားလိုက်ဦး... ကျွန်မ အလုပ်သွားရတော့မယ်"
စကားဆုံးသော် သူမ လှည့်ထွက်သွားတော့၏။
လင်းဖုန်း ထိုပိုက်ဆံကို တစ်ချက် ကြည့်လိုက်သည်။ အက်ကွာဂြိုဟ်ပေါ်တွင် ရက်အနည်းငယ် ကုန်ဆုံးခဲ့ပြီးနောက် သူ ဤပိုက်ဆံ၏ ဝယ်ယူနိုင်စွမ်းကို နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ ဤငွေပမာဏက ဗိုက်ပြည့်အောင် စားသောက်ဖို့ လုံလောက်သည်။ သို့သော် သူက မည်သည့်အတွက်ကြောင့် အစာစားဖို့ လိုမည်နည်း။
လင်းဖုန်း သူ့ခေါင်းကို မော့ကာ တစ်ချက်လှမ်းမျှော်ကြည့်လိုက်သည်။ သူ့အကြည့်က လေထုအလွှာကို ဖြတ်သန်းကာ စကြာဝဠာကြီးထဲသို့ ရောက်ရှိသွား၏။
သူ ရက်အနည်းငယ်မျှ စောင့်ဆိုင်းခဲ့ပြီး ဖြစ်သော်လည်း ထိုဝါးမြိုသက်ရှိ၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။ ထိုသတ္တဝါက ဤနေရာသို့ လာလိမ့်မည် မဟုတ်လော။
သို့သော်လည်း ယင်းက ဖြစ်နိုင်ခြေ အလွန်နည်းလှသည်။ အကယ်၍ ယင်းက အမှန်တကယ်ပင် ဝါးမြိုသက်ရှိ ဖြစ်နေပါက အက်ကွာဂြိုဟ်ကို လုံးဝ လက်လွှတ်ခံမည်မဟုတ်ချေ။ အဆုံးတွင်မူ အက်ကွာဂြိုဟ်ပေါ်၌ အသိဉာဏ်ရှိ သက်ရှိပေါင်း ဘီလီယံနှင့်ချီ၍ ရှိနေ၏။
ယခင်က လီဗိုင်ယာသန်၏ မှတ်ဉာဏ်များကို ကြုံတွေ့ခဲ့ဖူးသဖြင့် လင်းဖုန်း ဝါးမြိုသက်ရှိများနှင့် ပတ်သက်၍ အများကြီး သိထားသည်။ အသိဉာဏ်ရှိ သက်ရှိများကို ဝါးမြိုခြင်းက သူတို့၏ဗီဇသာဖြစ်ရာ ဝါးမ်ြုနိုင်မည့်အခွင့်အရေးရပါက ကျိန်းသေ လက်လွတ်ခံမည်မဟုတ်ချေ။ ထို့ကြောင့် သူ စိတ်ရှည်ရှည်သာ ဆက်လက်စောင့်ဆိုင်းနေခဲ့ရသည်။
မွန်းလွဲပိုင်းတွင် လင်းလင်း ရင်ပြင်ရှိ ထိုလူထူးဆန်း ရှိနေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထို့အပြင် သူက ပိုက်ဆံကိုလည်း လုံးဝ ထိတွေ့ထားခြင်း မရှိချေ။ သူမ ဝင်မေးချင်သော်လည်း ထိုလူထူးဆန်းက အနည်းငယ် ဆန်းကြယ်နေသည်ဟု ခံစားရသဖြင့် နောက်ဆုံးတွင် မမေးဖြစ်ခဲ့ချေ။
နောက်ထပ် ရက်အနည်းငယ်အတွင်း လင်းလင်းတစ်ယောက် ရင်ပြင်ရှိ ထိုလူထူးဆန်းကို နေ့စဉ်နေ့တိုင်း မြင်တွေ့နေခဲ့ရသည်။ သူမ တစ်စတစ်စ ပိုမို စူးစမ်းချင်စိတ် ဖြစ်လာ၏။ ထိုလူထူးဆန်းက ရက်အနည်းငယ်အတွင်း စိုးစိမျှပင် လှုပ်ရှားခြင်းမရှိသည်ကို သူမ ပြောနိုင်သည်။ သူ အစာစားရန်နှင့် ရေဆာရန် မလိုအပ်သည်လော။
ထို့အပြင် သူ့အခြေအနေက ကောင်းမွန်နေပုံရ၏။ သူ့ရှေ့ရှိ ပိုက်ဆံကို ထိပင်မထိချေ။
"နောက်ဆုံးရသတင်း... နဂါးနက်ဂိုဏ်းကို ကမ္ဘာ့နံပါတ်တစ် မိစ္ဆာဂိုဏ်းအဖြစ် သတ်မှတ်လိုက်ပါပြီ။ နဂါးနက်ဂိုဏ်းက စိမ့်ဝင်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ စစ်ပွဲတွေကနေတစ်ဆင့် နိုင်ငံငယ်ငါးနိုင်ငံကို သိမ်းပိုက်ထားပြီးသွားပါပြီ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးတွေကို ဖြစ်ပေါ်စေခဲ့ပြီး သေဆုံးဒဏ်ရာရသူပေါင်း ၁၀ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးက အစိုးရအဖွဲ့တွေကတော့ အကုန်လုံး အတူတကွ ရပ်တည်ပြီး နဂါးနက်ဂိုဏ်းကို ပူးပေါင်းဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်..."
ရင်ပြင်ရှိ ပိတ်ကားကြီးပေါ်တွင် သတင်းများကို ထပ်မံ ထုတ်လွှင့်ပြသနေသည်။
မကြာသေးမီက နဂါးနက်ဂိုဏ်းနှင့် ပတ်သက်သည့် သတင်းများ ဟုန်းဟုန်းတောက်နေခဲ့၏။ ဤနဂါးနက်ဂိုဏ်းမှာ ဗလာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည့်အလား ဖြစ်နေခဲ့သည်။ ကနဦးတွင် ထိုဂိုဏ်းက နိုင်ငံငယ်တချို့၌ လွှမ်းမိုးမှု ရယူခဲ့သည်။ ထို့နောက် နဂါးနက်ကမ္ဘာပျက်ကပ်ကဲ့သို့ မိစ္ဆာယုံကြည်မှုများကို ပြန့်ပွားစေခဲ့သည်။
ထို့အပြင် ယင်းက မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတချို့တွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေရန် အစွန်းရောက် နည်းလမ်းတချို့ကို အသုံးပြုခဲ့ကြသည်။ နဂါးနက်ဂိုဏ်းသည် နိုင်ငံငယ်အချို့ကို တိုက်ရိုက် သိမ်းပိုက်ခဲ့ပြီး ကြောက်မက်ဖွယ်ရာ လူသားရေးရာ ကပ်ဘေးများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုဂိုဏ်းက မိစ္ဆာဂိုဏ်းစစ်စစ်ဖြစ်ပြီး မကြုံစဖူး ထူးကဲလှသည့် အင်အားစုတစ်ခု ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး၌ ကမ္ဘာကြီး၏ အာရုံစိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။
အင်အားကြီးနိုင်ငံတချို့သည်ပင် နဂါးနက်ဂိုဏ်းကို တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။ သို့သော်လည်း အင်အားကြီးနိုင်ငံများအကြား ညှိနှိုင်းမရသော ပဋိပက္ခများကြောင့် နဂါးနက်ဂိုဏ်းကို ဆက်လက်ကြီးထွားခွင့် ပေးထားခဲ့ကြခြင်း ဖြစ်၏။
လင်းဖုန်း သဘာဝကျစွာပင် ဤကဲ့သို့သော သတင်းများကို စိတ်ဝင်စားခြင်း မရှိချေ။ သူ့ကို အမှန်တကယ် စိတ်ဝင်စားစေသည့်အရာမှာ အနည်းငယ် ရဲရင့်ပြီး ကြင်နာတတ်သော မိန်းမငယ်လေး လင်းလင်း ဖြစ်သည်။ သူမသည် ကနဦးက သာမန်မိန်းကလေးတစ်ဦးမျှသာ ဖြစ်ပြီး လင်းဖုန်းသည် သူမထံမှ မည်သည့်ထူးခြားချက်ကိုမျှ ရှာမတွေ့မိခဲ့ချေ။
သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လင်းလင်းထံတွင် ထူးခြားသော အရာတစ်ခု အသစ်တစ်ဖန် ပေါ်ထွက်လာ၏။ ယင်းက လင်းဖုန်းကို ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
"မူလဇာစ်မြစ်လား"
လင်းဖုန်း နောက်ဆုံးတွင် မသဲမကွဲ ခံစားမိသွားသည်။ အမှန်ပင်... မူလဇာစ်မြစ် ဖြစ်၏။ အချို့ယဉ်ကျေးမှုများတွင် ယင်းကို ကောင်းကင်အလိုတော်ဟုလည်း ခေါ်ကြသည်။
ပုံမှန်အားဖြင့် အသိဉာဏ်ရှိ သက်ရှိအမြောက်အမြားရှိသော ဂြိုဟ်များတွင် ဂြိုဟ်တစ်ခုလုံးနှင့် သက်ရှိများကို သဘာဝအတိုင်း ကာကွယ်စောင့်ရှောက်ပေးမည့် မှုန်ဝါးဝါး သိစိတ်တစ်ခုကို မွေးဖွားပေးလေ့ရှိကြသည်။
ထိုသိစိတ်က များသောအားဖြင့် ကောင်းကင်အလိုတော် ပုံစံဖြင့် ပေါ်ထွက်လာတတ်သည်။
အကယ်၍ ကောင်းကင်အလိုတော်က လူတစ်ယောက်ကို မျက်နှာသာပေးမည်ဆိုပါက ထိုလူသည် သေချာပေါက် နာမည်ကျော်ကြားလာနိုင်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိပေလိမ့်မည်။
ရုပ်ရှင်များ သို့တည်းမဟုတ် ဒဏ္ဍာရီများထဲမှ သူရဲကောင်းတချို့သည် အများအားဖြင့် ကြီးမြတ်သော ကောင်းကင်အလိုတော်၏ မျက်နှာသာပေးခံရသူများ ဖြစ်လေ့ရှိကြ၏။
သို့သော်လည်း အများအားဖြင့် ကမ္ဘာကြီးက အန္တရာယ်နှင့် ရင်ဆိုင်နေရပါမှသာ ကောင်းကင်အလိုတော် ပေါ်ထွက်လာလေ့ရှိသည်။ ထို့ကြောင့် ယခုလက်ရှိ ကောင်းကင်အလိုတော် ပေါ်ထွက်လာခြင်းက သွေးရိုးသားရိုး မဟုတ်ပေ။ ယင်းက လက်တွေ့တွင် အကူအညီတောင်းခံသည့် သတိပေးချက် ပုံစံမျိုးလည်း ဖြစ်သည်။
ဒီဂြိုဟ်က အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလား။
လင်းဖုန်း မျက်မှောင်ကြုတ်မိသွားသည်။ တစ်ခုခု မှားယွင်းနေသည်ဟူသော ခံစားချက်မျိုး သူ ရနေ၏။
ထာဝရသိုင်းတာအိုအရှင်