← Chapters

အခန်း ၄၁၈

Vol. 38 Ch. 418

အခန်း ၄၁၈

Vol. 38 Ch. 418

အခန်း (၄၁၈) - ကယ်တင်ရှင်ကစားပွဲ

ဘာသာပြန် - အားသစ်

ဤကမ္ဘာကြီးက အန္တရာယ်နှင့် ရင်ဆိုင်နေရပြီလော။

လင်းဖုန်းသည် ထိုကိစ္စနှင့ါပတ်သတ်၍ လုံးဝ အာရုံမခံမိချေ။ စင်စစ်တွင် ကောင်းကင်အလိုတော်ဖြစ်စေ မူလဇာစ်မြစ်ဖြစ်စေ လင်းဖုန်း သဘာဝအတိုင်း ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ထိုဖြစ်ရပ်မျိုး ကြုံခဲ့ဖူးသောကြောင့် ဖြစ်၏။

သူ၏ မိခင်ဂြိုဟ်ပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က လင်းဖုန်း အမှန်တကယ်ပင် ကမ္ဘာကြီး၏ ကောင်းကင်အလိုတော်မှ မျက်နှာသာပေးမှုကို ခံခဲ့ရသည်။

မဟုတ်ပါက လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံကို မည်သို့ ရရှိနိုင်ပါမည်နည်း။

ထို့အပြင် သူ အရေးကြီးသော အခိုက်အတန့်တွင် ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်သွားခဲ့သည်။

မည်သို့ပင် ကြည့်စေကာမူ ဤအရာအားလုံးမှာ လင်းဖုန်း၏ ကံတရားက အလွန်တရာ ကောင်းမွန်လွန်းနေခဲ့သည့်အလား ဖြစ်နေသည်။ ကံကောင်းလွန်းခြင်းက တကယ်တော့ ကောင်းကင်အလိုတော်၏ မျက်နှာသာပေးမှုကို ခံရသူများ၏ လက္ခဏာရပ်များအနက် တစ်ခုပင် ဖြစ်သည်။

လင်းဖုန်း ထိုကိစ္စကို လုံးဝ သံသယမရှိချေ။ သူ တစ်ချိန်က မိခင်ဂြိုဟ်ပေါ်ရှိ ကိုးခုမြောက်ယဉ်ကျေးမှု၏ ဇာတ်လိုက်ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူ၏ ဖွံ့ဖြိုးတိုးတက်မှုက အလွန်တရာ ချောမွေ့ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုသည်က ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီး၏ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ဖြစ်သည်။ တစ်ကမ္ဘာလုံး ပျက်စီးသွားနိုင်ခြေ ရှိခဲ့သဖြင့် ကောင်းကင်အလိုတော်က မျက်နှာသာပေးသည်မှာ ပုံမှန်အတိုင်းသာ ဖြစ်သည်။ ယခုမူ… အက်ကွာဂြိုဟ်က ပျက်စီးရမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီလော။

မကြာသေးမီက ကမ္ဘာကြီးတစ်ခုလုံး အမှန်တကယ်ပင် အလွန်အေးချမ်းတည်ငြိမ်နေခဲ့သည်။ အင်အားကြီးနိုင်ငံများအကြား နျူကလီးယား အပြန်အလှန် ထိန်းကျောင်းမှုများ ရှိနေသဖြင့် အကြီးစားစစ်ပွဲများ ဖြစ်ပွားဖို့က မဖြစ်နိုင်ချေ။

တစ်ခုတည်းသော မတည်ငြိမ်မှုမှာ နဂါးနက်ဂိုဏ်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ နဂါးနက်ဂိုဏ်းကြောင့် ဖြစ်ပွားရသော ရှုပ်ထွေးမှုပမာဏက သေးငယ်လှသည်မဟုတ်သော်လည်း အင်အားကြီးနိုင်ငံများသာ သေသေချာချာ အာရုံစိုက်လိုက်မည်ဆိုပါက နဂါးနက်ဂိုဏ်းမှာ အချိန်ကြာကြာ ရပ်တည်နိုင်မည်မဟုတ်ချေ။

သို့ဆိုလျှင် ယခုအခါ ကောင်းကင်အလိုတော်၏ မျက်နှာသာပေးမှုက လင်းလင်းထံတွင် အဘယ်ကြောင့် ပေါ်ထွက်လာရသနည်း။

အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် ကောင်းကင်အလိုတော်၏ မျက်နှာသာပေးမှုကို ခံရသူမှာ ဤဂြိုဟ်၏ အဓိကဇာတ်လိုက် ဖြစ်သည်။ သူတို့သည် ဤဂြိုဟ်ကြီးကို ကယ်တင်ရန်အတွက် ကယ်တင်ရှင်တစ်ယောက်၏ အခန်းကဏ္ဍမှ ပါဝင်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ဂြိုဟ်၏ မူလဇာတ်မြစ်က မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ကောင်းကင်အလိုတော်ကို ချီးမြှင့်ကာ အဓိကဇာတ်လိုက်တစ်ဦးကို ရွေးချယ်မည်မဟုတ်ချေ။

...........

အစစ်အမှန် မဟာကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်မှသာ ဂြိုဟ်၏ မူလဇာတ်မြစ်က ဤသို့သော ရွေးချယ်မှုကို ပြုလုပ်လေ့ရှိသည်။

"ဝါးမြိုသက်ရှိကြောင့် ဖြစ်နိုင်မလား"

လင်းဖုန်း ထိုဝါးမြိုသက်ရှိကို ထပ်မံ တွေးတောမိလိုက်သည်။ သို့သော်လည်း ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးနောက်တွင်ပင် ထိုဝါးမြိုသက်ရှိ ရောက်မလာသေးချေ။ သို့ဆိုလျှင် ဤကမ္ဘာကြီးက ကပ်ဘေးကို မည်သို့ ကြိုတင်အာရုံခံမိနေသနည်း။

ယင်းက လုံးဝ ယုတ္တိမရှိလှချေ။

လင်းဖုန်းအနေဖြင့် ဤဂြိုဟ်က ကောင်းကင်အလိုတော်ကို ချီးမြှင့်ပြီး ဇာတ်လိုက်တစ်ဦးကို ရွေးချယ်ရန်ပင် ဝန်မလေးလောက်အောင် မည်သို့သော ဘေးအန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်ကို မစဉ်းစားတတ်တော့ချေ။

သို့သော်လည်း ယင်းက သိပ်အရေးမကြီးပေ။ လင်းလင်းက ဤဂြိုဟ်၏ ကောင်းကင်အလိုတော်မှ မျက်နှာသာပေးထားသော ဇာတ်လိုက်ဖြစ်သည်။ သူ လင်းလင်းကိုသာ ဆက်လက်အာရုံစိုက်ထားမည်ဆိုပါက အကြောင်းရင်းကို သေချာပေါက် ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

……………

အလုပ်ဆင်းပြီးနောက် လင်းလင်း ရင်ပြင်ရှိ ထိုလူထူးဆန်း အိမ်ခြေရာမဲ့မှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

"သူ ထွက်သွားပြီလား"

လင်းလင်းအနေဖြင့် ထိုအိမ်ခြေရာမဲ့က အနည်းငယ် ထူးဆန်းသည်ဟု ထင်မိသော်လည်း သူ ထွက်သွားခဲ့ပြီ ဖြစ်သဖြင့် သူမလည်း အများကြီး ဆက်မတွေးတော့ချေ။

အလုပ်မှအပြန် လမ်းခရီးတွင် လင်းလင်း ဝတ်စုံနက်ဝတ် အဖွဲ့တစ်ဖွဲ့၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

လင်းလင်းက သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း ထိုဝတ်စုံနက်ဝတ်များက ကောင်းမွန်စွာ လေ့ကျင့်ထားသော အဖွဲ့ ဖြစ်၏။

သို့သော်လည်း ထိုအခိုက် လူငယ်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုလူငယ်၏ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းများ ဖြာထွက်နေ၏။ ထိုအလင်းတန်းက ဝတ်စုံနက်ဝတ်များအပေါ် ကျရောက်သွားသည်။ ထိုအချိန်တွင် အနက်ရောင်မီးခိုးများ ထွက်ပေါ်လာပြီး ထိုဝတ်စုံနက်ဝတ်များမှာ မြေပြင်ပေါ်သို့ လဲကျကာ ကြောက်စရာကောင်းသော အလောင်းခြောက်များအဖြစ် ပြောင်းလဲသွားကြတော့သည်။

လင်းလင်း အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူမက သာမန်မိန်းကလေးတစ်ဦးမျှသာ ဖြစ်ပြီး အမြဲတမ်း သာမန်ဘဝကိုသာ ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ယခုမူ ဤကဲ့သို့ ထူးခြားဆန်းကြယ်သည့် ဖြစ်ရပ်ကို ရုတ်တရက် ကြုံတွေ့လိုက်ရသဖြင့် သူမ ဘာလုပ်ရမည်မှန်းမသိ ဖြစ်သွားရသည်။

"ဟင်... နင် လန်ထျန်းမလား"

ထိုအခါမှသာ လင်းလင်း သေချာကြည့်မိလိုက်ပြီး ထိုသူက သူမ၏ အထက်တန်းကျောင်းတုန်းက အတန်းဖော်ဟောင်း လန်ထျန်း ဖြစ်ကြောင်း သတိပြုမိသွားသည်။

လန်ထျန်းသည် အထက်တန်းကျောင်း ဘွဲ့ရပြီးကတည်းက ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။ ကမ္ဘာမြေပြင်ပေါ်မှ လုံးဝ အစအနမကျန် ကွယ်ပျောက်သွားသည့်အလား ဖြစ်နေခဲ့သည်။ သူ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမျှ မသိခဲ့ကြချေ။ သူ ယခုကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့သလို ဤသို့သော အခြေအနေမျိုးတွင် ဆုံတွေ့ရလိမ့်မည်ဟုလည်း မတွေးမိခဲ့ချေ။

လန်ထျန်း၏ အမူအရာက လေးနက်တည်ကြည်နေသည်။ သူသည် ထိုဝတ်စုံနက်ဝတ်အလောင်းများကို စစ်ဆေးရန် ဆောင့်ကြောင့်ထိုင်လိုက်၏။

"ဒီကောင်တွေက တကယ် နဂါးနက်ဂိုဏ်းကလူတွေပဲ"

လန်ထျန်း၏ မျက်နှာအမူအရာက အုံ့မှိုင်းသွားသည်။ သူ ဤကိစ္စကို ကြိုတင်မျှော်လင့်ထားခဲ့ပုံရ၏။

"လင်းလင်း... မတွေ့ရတာတောင် ကြာပြီ။ ဒါပေမဲ့ အခုက စကားပြောနေရမယ့် အချိန်မဟုတ်ဘူး။ မင်း အိမ်မပြန်သင့်သေးဘူး... အန္တရာယ်ရှိနိုင်တယ်။ ငါနဲ့ လိုက်ခဲ့"

လန်ထျန်း လင်းလင်းကို ဆွဲခေါ်သွားသည်။ လင်းလင်းတစ်ယောက် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသော်လည်း စောနက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များအရ အနည်းဆုံးတွင် လန်ထျန်းက သူမ၏ ကယ်တင်ရှင် ဖြစ်သည်။ သူမ လန်ထျန်းနှင့်အတူ ပြတ်ပြတ်သားသား လိုက်ပါသွားတော့၏။

လန်ထျန်းနှင့် လင်းလင်းတို့ ထွက်ခွာသွားသည်နှင့် သူတို့နောက်တွင် လူရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ထိုလူရိပ်က လင်းဖုန်းပင်။

သူသည် လက်တွေ့တွင် လင်းလင်း၏ နောက်မှ တောက်လျှောက် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုလို မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

"ဒါဆို လင်းလင်းထက် ကောင်းကင်အလိုတော် ပိုပြီးရှိတဲ့သူ ရှိနေတာပဲ။ ဒီလန်ထျန်းကမှ တကယ့် ဇာတ်လိုက်အစစ်လား"

လင်းဖုန်း လန်ထျန်းထံမှ ကောင်းကင်အလိုတော်က လင်းလင်းထက် အဆပေါင်းများစွာ ပိုကြီးမားနေကြောင်း အာရုံခံမိလိုက်သည်။ ယင်းက စစ်မှန်သော ကြီးမြတ်သည့် ကောင်းကင်အလိုတော် ရှိသူတစ်ဦး၏ သဘာဝပင်။ ဖြစ်နိုင်သည်မှာ လင်းလင်းက လန်ထျန်းနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောကြောင့်သာ ကောင်းကင်အလိုတော် တချို့ကို ရရှိထားခြင်း ဖြစ်ပေလိမ့်မည်။

ထိုဝတ်စုံနက်ဝတ်များနှင့် ပတ်သက်၍ လင်းဖုန်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။ သူတို့က သေခြင်းစွမ်းအင်တချို့ဖြင့် ပြုပြင်မွမ်းမံခံထားရသူများသာ ဖြစ်ပြီး ထည့်ပြောဖို့ပင် မတန်ချေ။ သူကိုယ်တိုင်ပင် ထိုအရာကို လွယ်လင့်တကူ လုပ်ဆောင်နိုင်သည်။

သို့သော်လည်း ဤကမ္ဘာတွင် ကျင့်ကြံသူများ ရှိမနေခဲ့ချေ။

ယခုမူ လန်ထျန်း ရုတ်တရက် ပေါ်ထွက်လာပြီး နဂါးနက်ဂိုဏ်းမှ လူများ ရှိနေခြင်းကို ကြည့်ရသော် လင်းဖုန်း မသိသေးသည့် လျှို့ဝှက်ချက်များစွာ ဤကမ္ဘာတွင် ရှိနေသေးပုံရသည်။

ထို့ကြောင့် သူ လန်ထျန်းနှင့် လင်းလင်းတို့နောက်သို့ ဆက်လက်လိုက်ပါသွားသည်။ သူ သူတို့နောက်သို့ လိုက်သွားသရွေ့ ဤကမ္ဘာ၏ အစစ်အမှန် ကပ်ဘေးက မည်သည့်အရာ ဖြစ်ကြောင်း သိရှိလာရပေလိမ့်မည်။

………………

လန်ထျန်း လင်းလင်းကို မှောင်မိုက်သော အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ အခန်း၏ အတွင်းပိုင်းတွင် အခြား မြေအောက်လမ်းကြောင်းတစ်ခု ရှိနေ၏။ အောက်တွင်မူ ကြီးမားကျယ်ဝန်းလှသော မြေအောက်ခန်းမကြီးတစ်ခု ရှိနေသည်။

လင်းလင်း၏ မျက်လုံးများ တောက်ပသွားသည်။ ထိုမြေအောက်ခန်းမကြီးထဲတွင် အမှန်တကယ်ပင် လူအမြောက်အမြား ရှိနေကြောင်း သူမ သတိပြုမိလိုက်သည်။ ယင်းတို့ထဲတွင် အမျိုးသား၊ အမျိုးသမီးများအပြင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များပင် ပါဝင်၏။

"လန်ထျန်း... မင်း ပြန်လာပြီပဲ"

"ဒါ လင်းလင်း ဖြစ်ရမယ်။ ဟုတ်တယ်မလား"

သဘောကောင်းပုံရသော လူအိုကြီးတစ်ယောက်က လန်ထျန်း ခေါ်ဆောင်လာသော လင်းလင်းကို တစ်ချက်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"သမီးက လင်းလင်းပါ။ အဘိုးက ဘယ်သူလဲဟင်"

"အထဲကို ဝင်ခဲ့ကြပါဦး။ သမီး သေသေချာချာ သိထားရမယ့် အကြောင်းအရာအချို့ ရှိနေတယ်"

ထိုအဘိုးအိုသည် လန်ထျန်းနှင့် လင်းလင်းတို့ကို အခန်းငယ်လေးတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။ အခန်းတွင်း ပြင်ဆင်မှုများက အလွန်ရိုးရှင်းလှသော်လည်း ရှေးဟောင်းဆန်သည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

"အရင်ဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေဦး။ သမီးအနေနဲ့ အဘိုးကို အဘိုးထူလို့ ခေါ်နိုင်ပါတယ်။ လင်းလင်း... သမီးက အဘိုးတို့က ဘယ်သူတွေလဲ၊ ပြီးတော့ နဂါးနက်ဂိုဏ်းကလူတွေက သမီးကို ဘာလို့ လိုက်ရှာနေကြတာလဲဆိုတာ တွေးပြီးတော့ ဇဝေဇဝါ ဖြစ်နေမှာပေါ့။ တကယ်တော့ ဒါက ရှေးဟောင်းပုံပြင်တစ်ခုကနေ စခဲ့တာပဲ"

"ဟိုးရှေးပ‌ဝေသဏီတုန်းက အရမ်းကို ရှေးကျလှတဲ့ တစ်ခေတ်တစ်ခါတုန်းကပေါ့ကွယ်။ အဲ့ဒီခေတ်ကာလတုန်းက အရမ်း ကြောက်စရာကောင်းတဲ့ နတ်ဆိုးဘုရင်ကြီးတွေ မွေးဖွားလာခဲ့ဖူးတယ်။ အဲ့ဒီကောင်တွေက အရာအားလုံးကို ဖျက်ဆီးပြီး ဝါးမြိုပစ်ခဲ့ကြတာ။ ငါတို့ လူသားတွေကတော့ သူတို့ရဲ့ အစားအစာလောက်ပဲ ဖြစ်ခဲ့ရတယ်"

"ဒါပေမဲ့ တစ်နေ့မှာတော့ ကောင်းကင်ယံကနေ နတ်ဘုရားကျောက်တုံးတစ်တုံး ကျလာခဲ့တယ်။ ငါတို့လူသားတွေရဲ့ ဘိုးဘေးတွေက အဲ့ဒီနတ်ဘုရားကျောက်တုံးကို ရခဲ့ပြီးတော့ လက်စွပ်တစ်ကွင်းအဖြစ် သွန်းလုပ်ခဲ့ကြတယ်။ ငါတို့က အဲ့ဒါကို နတ်ဘုရားလက်စွပ်လို့ ခေါ်ခဲ့ကြတာပေါ့။ ဒီနတ်ဘုရားလက်စွပ်မှာ နတ်ဆိုးဘုရင်တွေ အကုန်လုံးကို ချေမှုန်းနိုင်တဲ့ အစွမ်းထက်စွမ်းအားတွေ ကိန်းအောင်းနေခဲ့တယ်။ လူသားတွေလည်း နောက်ဆုံးမှာ နတ်ဆိုးဘုရင်တွေကို အနိုင်ယူနိုင်ခဲ့ပြီး သူတို့ရဲ့ အိုးအိမ်တွေကို ပြန်တည်ဆောက်နိုင်ခဲ့ကြတယ်"

"ဒါပေမဲ့ နတ်ဆိုးဘုရင်တွေက အပြည့်အဝ ပျက်စီးသွားခဲ့တာ မဟုတ်ဘူး။ သူတို့က ပြန်ပြီးတော့ ထွက်ပေါ်လာနိုင်ဖို့အတွက် အချိန်အကြာကြီး စွမ်းအားတွေ စုဆောင်းနေခဲ့ကြတာ။ လူသားတွေရဲ့ အနာဂတ်အတွက် ငါတို့ရဲ့ ဘိုးဘေးတွေက နတ်ဘုရားလက်စွပ်ကို နှစ်ပိုင်း ပိုင်းလိုက်ပြီး သူတို့ရဲ့ အစွမ်းအထက်ဆုံးနဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သား နှစ်ယောက်ဆီကို လုံလုံခြုံခြုံ ထိန်းသိမ်းဖို့အတွက် အပ်နှံခဲ့ကြတယ်"

"နတ်ဘုရားလက်စွပ်ကိုတော့ မျိုးဆက်တစ်ခုကနေ တစ်ခု လက်ဆင့်ကမ်းလာခဲ့ကြတာပေါ့။ တချို့လူတွေက ဒီပုံပြင်တွေကိုတောင် မသိကြတော့ဘူး၊ နတ်ဘုရားလက်စွပ်ရဲ့ အရေးပါပုံကိုတော့ ပိုလို့တောင် မသိကြတော့ဘူးပေါ့။ လင်းလင်း... သမီးကတော့ နတ်ဘုရားလက်စွပ်ရဲ့ တစ်ဝက်ကို ထိန်းသိမ်းစောင့်ရှောက်သူရဲ့ မျိုးဆက်ပဲ။ သမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဲ့ဒီနတ်ဘုရားလက်စွပ်ရဲ့ တစ်စိတ်တစ်ပိုင်း ရှိနေတယ်"

အဘိုးအိုထူ၏ ပုံပြင်ကို ကြားလိုက်ရသောအခါ လင်းလင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမအနေဖြင့် ဤကမ္ဘာကြီးက အဓိပ္ပာယ်မရှိလွန်းလှဟုပင် ခံစားလိုက်ရ၏။

နှစ် ၂၀ ကျော်ကြာ သိပ္ပံပညာကို အထူးပြုသည့် ပညာရေးကို ရရှိထားခဲ့သူဖြစ်သဖြင့် သူမ အဘိုးအိုထူ၏ ပုံပြင်ကို လုံးဝ မယုံချေ။

ဘယ့်နှယ် နတ်ဆိုးဘုရင်လဲ။

ဘယ်လိုနတ်ဘုရားလက်စွပ်လဲ။

ဤအရာများအားလုံးက ခပ်ညံ့ညံ့ ရိုက်ကူးထားသည့် တတိယတန်းစား ရုပ်ရှင်များကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်သည်။

"သမီးက တစ်ယောက်ယောက်ရဲ့ ကယ်တင်ရှင်လို့တော့ မပြောနဲ့နော်"

"ကံမကောင်းစွာနဲ့ပဲ လင်းလင်း... သမီးက တကယ်ပဲ ကယ်တင်ရှင်တွေထဲက တစ်ယောက် ဖြစ်နေတယ်"

လင်းလင်း ပြုံးလိုက်မိသည်။ သူမ ခေါင်းကို ခါယမ်းကာ စကားဆိုလိုက်၏။

"ခုနက အဘိုးပြောတော့ အဲ့ဒီလူတွေက မိစ္ဆာဂိုဏ်းဖြစ်တဲ့ နဂါးနက်ဂိုဏ်းကလူတွေဆို။ သမီးထင်တာတော့ အဘိုးတို့အနေနဲ့ အစိုးရအဖွဲ့ဆီ သတင်းပို့သင့်တယ်။ နဂါးနက်ဂိုဏ်းက မကြာခင် အင်အားကြီးနိုင်ငံတွေက စေလွှတ်လိုက်တဲ့ စစ်တပ်တွေရဲ့ မြေလှန်ဖျက်ဆီးခံရတော့မှာပဲ။ စိတ်မရှိပါနဲ့... သမီးကတော့ အဘိုးတို့ရဲ့ ကယ်တင်ရှင်ကစားပွဲထဲမှာ မပါချင်ဘူး"

လင်းလင်း ပခုံးတွန့်လိုက်သည်။ လန်ထျန်းက သူမကို ကယ်တင်ခဲ့လျှင်ပင် သူမသည် ထိုကဲ့သို့ ကယ်တင်ရှင်ဆိုသည့်အရာကို မယုံကြည်နိုင်ချေ။

သူမက သာမန်မိန်းကလေးတစ်ဦးမျှသာ ဖြစ်၏။ မည်သို့လျှင် ကယ်တင်ရှင်တစ်ယောက် ဖြစ်နိုင်ပါမည်နည်း။

"လင်းလင်း... မင်း လက်တွေ့ဘဝကို လက်ခံရမယ်..."

ဝုန်းးးး

လန်ထျန်း စကားမဆုံးသေးမီမှာပင် မြေအောက်ခန်းမကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters