← Chapters

အခန်း ၄၁၉

Vol. 38 Ch. 419

အခန်း ၄၁၉

Vol. 38 Ch. 419

အခန်း (၄၁၉) - နတ်ဘုရားလက်စွပ်

ဘာသာပြန် - အားသစ်

“ဘာတွေဖြစ်နေတာလဲ”

“ဗုံးတွေ… တစ်ယောက်ယောက်က ဗုံးတွေသုံးပြီး ငါတို့ရဲ့ လျှို့ဝှက်လမ်းကြောင်းကို ဖြိုချနေတာ။ နဂါးနက်ဂိုဏ်းက လူတွေပဲ။ မြန်မြန်… မင်းတို့ လက်နက်တွေကို ကိုင်ပြီး တိုက်ကြစို့”

မြေအောက်ခန်းထဲရှိ လူများ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ လန်ထျန်းလည်း လင်းလင်းကို အခန်းထဲမှ ခေါ်ထုတ်လာရာ နဂါးနက်ဂိုဏ်းမှ လူအမြောက်အမြား တိုးဝင်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူတို့သည် သေနတ်များနှင့် ဗုံးများကို ကိုင်ဆောင်ကာ မြေအောက်ခန်းထဲရှိ လူတိုင်းကို အရူးအမူး သတ်ဖြတ်နေကြသည်။

“လန်ထျန်း… လင်းလင်းကို ကာကွယ်ပြီး ထွက်သွားတော့။ တစ်ယောက်ယောက်ကတော့ စွန့်လွှတ် အနစ်နာခံရလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါ မင်းတို့နှစ်ယောက် မဟုတ်တာတော့ သေချာတယ်။ ဒီကမ္ဘာကြီးက မိစ္ဆာတွေရဲ့ ဖျက်ဆီးတာကို ခံနေရပြီ။ အခု မိစ္ဆာတွေရဲ့ စွမ်းအားက သိပ်ကို ကြီးနေတယ်။ မင်းတို့တွေ အသက်ရှင်နေမှ ဖြစ်မယ်။ ဘာလို့လဲဆိုရင် မင်းတို့နှစ်ယောက်ကသာ ကယ်တင်ရှင်တွေမို့လို့ပဲ”

လူအိုကြီးထူက ဓားရှည်တစ်စင်းကို ဆွဲထုတ်လိုက်သည်။ သူက သတ္တိပြောင်မြောက်သော စစ်သည်တော်တစ်ဦးအလား ဝတ်စုံနက်ဝတ် အမြောက်အမြားရှိရာသို့ အားမာန်ပါပါ ပြေးဝင်သွားသည်။

ဝုုန်း

ရဲရင့်လှသော လူအိုကြီးထူတစ်ယောက် နဂါးနက်ဂိုဏ်း၏ ဗုံးဒဏ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအပြတ်ပြတ် လွင့်စင်သွားသည်။ သိပ်သည်းလှသော သွေးညှီနံ့များက လေထုထဲတွင် ပြည့်နှက်သွားပြီး ပျို့အန်ချင်စရာ ကောင်းလှသည်။

ဤနေရာက ကမ္ဘာမြေပေါ်ရှိ ငရဲဘုံတစ်ခုနှင့် အလားသဏ္ဍာန် တူနေ၏။ လင်းလင်းတစ်ယောက် သူမရှေ့မှ မြင်ကွင်းကြောင့် မှင်သက်ကြောင်အသွားသည်။

“မြန်မြန် သွားကြစို့”

လန်ထျန်းသည် လင်းလင်းကို ပြတ်ပြတ်သားသား ပွေ့ချီကာ အခြားလမ်းကြောင်းတစ်ခုမှတဆင့် အလျင်အမြန် ထွက်ပြေးသွားသည်။

သူက ကိုယ့်ကိုယ်ကို ကယ်တင်ရှင်တစ်ဦးအဖြစ် အမြဲတမ်း ယုံကြည်ထားသူ ဖြစ်သည်။အထက်တန်းကျောင်းတုန်းက လူအိုကြီးထူ သူ့ထံသို့ ရောက်ရှိလာပြီးကတည်းက သူ မိစ္ဆာအမှောင်အင်အားစုများကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် အမှောင်ထဲတွင် အမြဲတစေ လှုပ်ရှားခဲ့သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ သူ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ဖြစ်သည်ဟု ပို၍ပင် အခိုင်အမာ ယုံကြည်လာခဲ့သည်။

နောက်ဆုံးတွင် လန်ထျန်း လင်းလင်းကို ပွေ့ချီလျက် မြေအောက်ခန်းမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။ လင်းလင်းက သွေးရူးသွေးတန်း အော်ပြောလိုက်သည်။

“မြန်မြန်… မြန်မြန် သွားကြစို့။ ရဲစခန်းကို သွားပြီး အစီရင်ခံစာ တင်ရအောင်”

...........

“ရဲစခန်းကို သွားလို့ ဘာထူးမှာလဲ။ ရဲတွေဆိုတာ သာမန်လူတွေပဲ။ သူတို့ နဂါးနက်ဂိုဏ်းကို ရင်မဆိုင်နိုင်ဘူး”

လန်ထျန်းသည် ရဲများကို လုံးဝ မယုံကြည်ပေ။

“ရှင် တကယ်ပဲ ရူးနေပြီ။ စောစောက အဲ့ဒီဝတ်စုံနက်ဝတ်ထားတဲ့ လူတွေက သေနတ်တွေ၊ ဗုံးတွေ သုံးခဲ့တာပဲ။ ရဲတွေနဲ့ စစ်တပ်ကပဲ သူတို့ကို ရင်ဆိုင်နိုင်မှာပေါ့။ ရှင်ပြောတာ မှန်မှန် မှားမှား ခေတ်တွေက ပြောင်းသွားပြီ။ လူသားတွေက နုနယ် အားနည်းမနေတော့ဘူး။ လက်ရှိ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်လိုက်ဦး။ အဲ့ဒီလို အစွမ်းထက်တဲ့ လက်နက်တွေနဲ့ဆိုရင် နတ်ဆိုးဘုရင်တွေ ပြန်မွေးဖွားလာရင်တောင်မှ အပိုင်းပိုင်း ပြတ်သွားအောင် ဖောက်ခွဲပစ်လိုက်လို့ ရတယ်”

လင်းလင်းက ခိုင်မာသည့် ရုပ်ဝါဒီတစ်ဦး ဖြစ်သည်။ သူမ တချို့ ထူးထူးခြားခြား စွမ်းအားများကို မြင်တွေ့ခဲ့ရသော်လည်း နည်းပညာကိုသာ အခိုင်အမာ ယုံကြည်နေဆဲပင်။

“မဟုတ်ဘူး… သူတို့တွေ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ငါတို့ကပဲ… ငါတို့ရဲ့ နတ်ဘုရားလက်စွပ်ကပဲ အဲ့ဒီ မိစ္ဆာအင်အားစုတွေကို ခြေမှုန်းနိုင်မှာ”

လန်ထျန်းသည် လင်းလင်းကို စိုက်ကြည့်ကာ စကားဆိုလိုက်၏။ သူ့ကို ကြည့ါရသည်မှာ အလွန်ခေါင်းမာကာ ပြောရခက်ပုံရသည်။

“ရှင်… အရူးကောင်။ ရှင် နတ်ဘုရားလက်စွပ်ကို လိုချင်တာမလား။ ရော့…ဒီမှာ… ရှင့်ကို ပေးလိုက်မယ်”

လင်းလင်း သူမ၏ အိတ်ကပ်ထဲမှ လက်စွပ်၏ အခြားတစ်ဝက်ကို ထုတ်ပေးလိုက်သည်။ ယင်းကို သူမ၏ အဘွားဖြစ်သူက အမှတ်တရပစ္စည်းအဖြစ် ချန်ထားခဲ့ခြင်း ဖြစ်သည်။ အတိတ်ကာလက သူမ ထိုပစ္စည်းကို အမှတ်တရပစ္စည်းတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။ သို့သော်လည်း ယခုအခါ ထူးဆန်းသည့် ကိစ္စရပ်များ ဖြစ်ပျက်လာပြီးနောက် သူမ ရှုပ်ထွေးသည့် အခြေအနေတစ်ရပ်တွင် ပါဝင်ပတ်သက်နေကြောင်း သဘောပေါက်လာ၏။

သူမသည် လက်စွပ်ကို လန်ထျန်းထံသို့ ရိုးရိုးရှင်းရှင်းပင် ပေးအပ်လိုက်သည်။

လန်ထျန်းသည် နတ်ဘုရားလက်စွပ်၏ အခြားတစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရသောအခါ အလွန် စိတ်လှုပ်ရှားသွားပုံရ၏။ သို့သော် သူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“အလကားပဲ။ ငါတစ်ယောက်တည်း နတ်ဘုရားလက်စွပ်ရဲ့ စွမ်းအားကို မဖော်ဆောင်နိုင်ဘူး။ ငါတို့နှစ်ယောက် အတူတူရှိနေမှသာ နတ်ဘုရားလက်စွပ်ရဲ့ စွမ်းအားကို ပြန်ပြီးတော့ ထုတ်ဖော်နိုင်မှ။ အဲ့လိုမှ နောက်ဆုံးမှာ အဲ့ဒီ မိစ္ဆာအင်အားစုတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်မှာ။ လင်းလင်း… မင်း ဒါကို ရှောင်လွှဲလို့မရဘူး။ မင်းက ကယ်တင်ရှင်ပဲ”

“မဟုတ်ဘူး… ရှင်က အရူးပဲ။ ကျွန်မ ရှင့်ကို မယုံဘူး။ ကျွန်မက ကယ်တင်ရှင် မဟုတ်ဘူး။ ပြီးတော့ ဒီကမ္ဘာပေါ်မှာ ကယ်တင်ရှင်ဆိုတာ မရှိဘူး။ ကျွန်မ အခုပဲ ရဲတွေကို ဖုန်းဆက်တော့မယ်”

ထိုသို့ပြောပြီးနောက် လင်းလင်း ထွက်ခွာသွားသည်။

လန်ထျန်းသည် ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ချေ။ သူ လင်းလင်း ပျောက်ကွယ်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေမိတော့သည်။

လင်းလင်းအနေဖြင့် အမှန်တရားနှင့် ဤကိစ္စ၏ ရက်စက်မှုကို သိရှိလာသောအခါမှသာ သူမ၏ တာဝန်ကို နားလည်လာပေလိမ့်မည်။ ထို့နောက် လန်ထျန်း၏ ခန္ဓာကိုယ်က လျှပ်ပြတ်သလို လှုပ်ရှားသွားပြီး ပျောက်ကွယ်သွားသည်။

“ဘယ်လောက်တောင် ရိုးအီနေတဲ့ ဇာတ်လမ်းလဲ။ ကယ်တင်ရှင်တဲ့လား… စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ”

သူတို့နှစ်ယောက် ထွက်ခွာသွားသည်နှင့် လင်းဖုန်း ပေါ်လာသည်။ သူ့မျက်နှာထက်တွင် အပြုံးဖွဖွတစ်ခု ရှိနေ၏။

……………

ရဲစခန်းတွင် လင်းလင်းသည် နဂါးနက်ဂိုဏ်းနှင့် ပတ်သက်သမျှ အရာအားလုံးကို ရဲများထံ အသေးစိတ် ရှင်းပြလိုက်သည်။ ထို့နောက် ရဲများက သူမအား အမျိုးသားလုံခြုံရေးဗျူရို၏ လက်အောက်ရှိ လျှို့ဝှက်နေရာတစ်ခုသို့ အလျင်အမြန် ပြောင်းရွှေ့ပေးလိုက်၏။

ထိုအချိန်တွင် ထွားကျိုင်းသော လူတစ်ယောက် အခန်းထဲသို့ လျှောက်ဝင်လာသည်။

“မိန်းကလေး… မင်းပေးတဲ့ အချက်အလက်တွေက အရမ်းကို အသုံးဝင်ပါတယ်။ မင်းရဲ့ ဆင်ခြင်တုံတရားက မင်းကိုယ်မင်း ကယ်တင်နိုင်ခဲ့ရုံတင်မကဘဲ မင်းရဲ့ အဖော်ကိုပါ ကယ်တင်နိုင်ခဲ့တယ်။ ဒါနဲ့… သူက သူ့ကိုယ်သူ ကယ်တင်ရှင်လို့ ကြွေးကြော်နေတာ။ အဲ့ဒါ မင်းရဲ့ အဖော် ဟုတ်တယ်နော်”

ထို့သို့ပြောပြီးနောက် ဝတ်စုံနက်ဝတ်ထားသူ၏ လက်အောက်ခံများက လူတစ်ယောက်ကို ခေါ်ဆောင်လာသည်။

“လန်ထျန်း… ရှင် ဘယ်လိုဖြစ်တာလဲ”

လင်းလင်း အလွန်အံ့ဩသွားသည်။ သူမ လန်ထျန်းနှင့် လမ်းခွဲသွားခဲ့သည်မှာ သုံးရက်သာ ရှိသေးသည်။ လန်ထျန်းက အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်သွားရသနည်း။ သူ အလွန်တရာ အားနည်းပြီး နွမ်းလျနေပုံရသည်။

“ရှင်တို့ လန်ထျန်းကို ဘာလုပ်လိုက်တာလဲ” လင်းလင်းက ဒေါသတကြီး မေးလိုက်သည်။

“မဟုတ်ပါဘူး မိန်းကလေး… မင်း နားလည်မှုလွဲနေပြီ ထင်တယ်။ ငါတို့က သူ့ကို ဒီလိုအခြေအနေမျိုးဖြစ်အောင် လုပ်ခဲ့တာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ငါတို့က သူ့ကို ကယ်တင်ခဲ့တာပဲ။ မင်းပေးတဲ့ သဲလွန်စတွေအရ ငါတို့ လန်ထျန်းကို မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါတို့ သူ့ကို တွေ့တဲ့အချိန်မှာ သူက ဝတ်စုံနက်ဝတ်ထားတဲ့ လူတစ်စုရဲ့ ဝိုင်းရံတိုက်ခိုက်တာ ခံနေရတယ်။ အဲ့ကောင်တွေက နဂါးနက်ဂိုဏ်းက လက်နက်ကိုင်တွေပဲ ဖြစ်ရမယ်”

“နောက်ဆုံးတော့ ငါတို့ဘက်က အထိအခိုက် အကျဆုံးအများကြီး ပေးပြီးမှ မင်းရဲ့အဖော်ကို ကယ်တင်နိုင်ခဲ့တာ။ ဒါပေမဲ့ မင်းရဲ့အဖော်က ငါတို့ကို လုံးဝ မယုံကြည်ဘူး။ သူက သူ့ကိုယ်သူ ကယ်တင်ရှင်လို့ ထင်နေတာ။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးနဲ့ သူ ကမ္ဘာကြီးကို ဘယ်လို ကယ်တင်မှာလဲ”

လူထွားကြီးက အလွန် အကူအညီမဲ့ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။

“ဟက်… ငါတို့ကို အခု လွှတ်ပေး။ ငါတို့က ကယ်တင်ရှင်တွေ။ ငါတို့ပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်မှာ။ နောက်ကျသွားလိမ့်မယ်။ နဂါးနက်ဂိုဏ်းက အဲ့ဒီမိစ္ဆာတွေ ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းတို့ လုံးဝမသိဘူး”

လန်ထျန်းသည် ခဲရာခဲဆစ် စကားဆိုလိုက်သည်။ သူ နဂါးနက်ဂိုဏ်းကို ဖျက်ဆီးရန် စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်၏။

လူထွားကြီးက ခေါင်းခါပြီး ပြောလိုက်သည်။ “ကောင်လေး… မင်း ငါတို့ကို သိပ်အထင်သေးတာပဲ။ မင်းပြောတဲ့ နဂါးနက်ဂိုဏ်းက မိစ္ဆာတွေကို ငါတို့ ဖမ်းထားပြီးပြီ။ သူတို့က တစ်ဦးချင်းဆိုရင် တကယ်ကို အားကောင်းကြပါတယ်။ ဒါပေမဲ့ သာလွန်တဲ့ ပစ်ခတ်မှုစွမ်းအားအောက်မှာတော့ လွယ်လွယ်ကူကူပဲ အရှုံးပေးသွားကြရတာပါပဲ။ ဒီမိန်းကလေးက ပိုပြီး ဆင်ခြင်တုံတရားရှိတယ်လို့ ငါထင်တယ်။ ခေတ်တွေက မတူတော့ဘူး။ ဒီကမ္ဘာပေါ်မှာ ကယ်တင်ရှင်ဆိုတာ မရှိဘူး။ တကယ်လို့ ရှိတယ်ဆိုရင်လည်း အဲ့ဒါ ငါတို့ လူသားတွေပဲ”

ထို့နောက် လူထွားကြီးက လန်ထျန်းနှင့် လင်းလင်းတို့ကို အခြားခန်းမတစ်ခုသို့ ခေါ်ဆောင်သွားသည်။

ဤနေရာက ကြီးမားလှသော ဓာတ်ခွဲခန်းကြီးတစ်ခု ဖြစ်ပုံရသည်။ ဖောက်ထွင်းမြင်ရသော ဖန်အိမ်များအတွင်းတွင် ခန္ဓာကိုယ်၌ ပိုက်လိုင်းများစွာ တပ်ဆင်ထားသည့် ထူးဆန်းသော လူသားအများအပြား ရှိနေသည်။ ဤနေရာတွင် စမ်းသပ်မှုများ ပြုလုပ်နေပုံရ၏။

ယင်းတို့အနက် တချို့က လူသားပုံသဏ္ဌာန်ရှိသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များက တောရိုင်းတိရစ္ဆာန်များကဲ့သို့ ရုပ်ဆိုးဆိုးနှင့် ကြောက်စရာကောင်းအောင် ပြောင်းလဲနေသည်။

“ရှင်တို့ ဘယ်လိုလုပ်ပြီး…”

လန်ထျန်း တကယ် တုန်လှုပ်သွားသည်။ ဤခန်းမထဲတွင် အနည်းဆုံး မကောင်းဆိုးဝါး ရာပေါင်းများစွာ ရှိနေ၏။ ယင်းတို့အားလုံးက မည်သည့် ခုခံနိုင်စွမ်းမျှမရှိဘဲ ဖမ်းဆီးခြင်း ခံထားရသည်။ အတိတ်ကာလက ဆိုလျှင် သူ ထိုကဲ့သို့သော မကောင်းဆိုးဝါးတစ်ကောင်ကို သတ်ရန်ပင် အားစိုက်ထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။

လင်းလင်းသည်လည်း တုန်လှုပ်သွား၏။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူမ အလွန် စိတ်လှုပ်ရှားသွားသည်။ လူသားအစိုးရနှင့် စစ်တပ်က ဤမကောင်းဆိုးဝါးများကို ရင်ဆိုင်နိုင်စွမ်း ရှိပုံရသည်။ သူမနှင့် လန်ထျန်းတို့က ကယ်တင်ရှင်များအဖြစ် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ရန် မလိုတော့ပေ။

လူထွားကြီးက ခေါင်းခါကာ ပြောလိုက်သည်။

“ဒီမကောင်းဆိုးဝါးတွေက သန်မာပေမဲ့ လွယ်လွယ်ကူကူပဲ အနိုင်ယူနိုင်ပါတယ်။ ငါတို့ စစ်မြေပြင်မှာ ဒီထက်မကတဲ့ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး အခြေအနေတွေ ပြောင်းလဲသွားခဲ့တယ်။ နဂါးနက်ဂိုဏ်းထဲမှာ တခြား မကောင်းဆိုးဝါးတွေ ရုတ်တရက် ပေါ်လာတယ်။ သူတို့က ဒီမကောင်းဆိုးဝါးတွေထက် ဆယ်ဆလောက် ပိုပြီး ကြောက်ဖို့ကောင်းတယ်။ ငါတို့ကတော့ သူတို့ကို ဗီဇပြောင်း မကောင်းဆိုးဝါးတွေလို့ ခေါ်တယ်”

“မင်းတို့ ကိုင်စွဲထားတဲ့ ကယ်တင်ရှင်တွေအကြောင်း ယုံကြည်ချက်ကို ငါတို့ သိထားတာ ကြာပါပြီ။ ငါတို့ မင်းတို့ရဲ့ နတ်ဘုရားလက်စွပ်အကြောင်း အချက်အလက်တချို့ကိုတောင် ရှာတွေ့ထားတယ်။ အခု ကျန်နေတာကတော့ စမ်းသပ်ဖို့ပဲ။ တကယ်လို့ မင်းတို့ရဲ့ နတ်ဘုရားလက်စွပ်က အဲ့ဒီ ဗီဇပြောင်း မကောင်းဆိုးဝါးတွေကို တကယ်ပဲ ထိရောက်မှုရှိမယ်ဆိုရင် ငါတို့ လူသားတွေက အဲ့ဒီ ဗီဇပြောင်း မကောင်းဆိုးဝါးတွေကို ရင်ဆိုင်ဖို့ နောက်ဆုံးပေါ် လက်နက်တွေကို သေချာပေါက် တီထွင်နိုင်လိမ့်မယ်”

လန်ထျန်း အလွန် အံ့ဩသွားသည်။ အတိတ်ကာလက သူ ဤဓာတ်ခွဲခန်းထဲကကဲ့သို့ မကောင်းဆိုးဝါးများကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည်။ သူသည် ဤမကောင်းဆိုးဝါးများနှင့် နှစ်အနည်းငယ်ကြာအောင် တိုက်ခိုက်ခဲ့ရပြီး အမြဲတမ်း ပုန်းအောင်းနေခဲ့ရသည်။

သို့သော် ယခုအခါတွင်မူ လူထွားကြီး၏ ပြောကြားချက်အရ ထိုမကောင်းဆိုးဝါးများသည် အရေးမပါသကဲ့သို့ ဖြစ်နေပြီး ရင်ဆိုင်ရလွယ်ကူလှ၏။ သူ့ယုံကြည်ချက်များ စတင်ပြိုလဲလာသလို ခံစားလိုက်ရသည်။

“ဟုတ်တယ်… နတ်ဘုရားလက်စွပ်။ ငါ့ဆီမှာ နတ်ဘုရားလက်စွပ် ရှိသေးတယ်။ ငါတို့က ကယ်တင်ရှင်တွေ ဖြစ်ရမယ်”

လန်ထျန်းသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ သူ့လက်ထဲရှိ နတ်ဘုရားလက်စွပ်၏ အခြားတစ်ဝက်ကို ထုတ်ယူကာ လင်းလင်းထံသို့ ကမ်းပေးလိုက်သည်။ သူ့မျက်လုံးများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေ၏။

ထာဝရသိုင်းတာအိုအရှင်

All Chapters