အခန်း ၄၂၀
Vol. 38 Ch. 420
အခန်း (၄၂၀) - ပေါ်ထွက်လာခြင်း
ဘာသာပြန် - အားသစ်
“မင်းတို့နှစ်ယောက် စမ်းကြည့်လို့ရပါတယ်။ ငါတို့လည်း နတ်ဘုရားလက်စွပ်ရဲ့ စွမ်းအားကို လေ့လာချင်နေတာ။ အခု နဂါးနက်ဂိုဏ်းက တကယ်ကို ဒုက္ခပေးလွန်းနေပြီ။ တကယ်လို့ နတ်ဘုရားလက်စွပ်က ထိရောက်မှုရှိတယ်ဆိုတာ သေချာရင် ငါတို့ အဲ့ဒီဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းမယ်။ နဂါးနက်ဂိုဏ်းရဲ့ ဌာနချုပ်ကို အလုံးစုံ စစ်ပွဲဆင်နွှဲပြီး တိုက်ခိုက်မယ်”
လူထွားကြီး၏ မျက်နှာအမူအရာသည်လည်း နတ်ဘုရားလက်စွပ်ကို အလွန်အလေးထားနေသလို တည်ကြည်လေးနက်သွားသည်။
သူတို့၏ ခွဲခြမ်းစိတ်ဖြာမှုများအရ ရှေးဟောင်းဒဏ္ဍာရီများက အခြေအမြစ်မရှိဘဲ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ဒဏ္ဍာရီလာ နတ်ဘုရားလက်စွပ်တွင် ထိုထူးဆန်းသည့် မိစ္ဆာအင်အားစုများကို ချေမှုန်းနိုင်သည့် အတုမဲ့ နတ်ဘုရားစွမ်းအား တကယ်ရှိ မရှိကို သူတို့ကိုယ်တိုင် မြင်တွေ့လိုကြသည်။
“ကျွန်မလား”
လင်းလင်း အနည်းငယ် တုံ့ဆိုင်းနေ၏။ သူမအနေဖြင့် နတ်ဘုရားလက်စွပ်ကို မည်သို့ အသက်သွင်းရမည်ကို လုံးဝ မသိချေ။
သို့သော်လည်း လန်ထျန်းက လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
“မင်းက နတ်ဘုရားလက်စွပ်ရဲ့ မွေးရာပါ ပိုင်ရှင်တစ်ယောက်ပဲ၊ ဒါကြောင့်မို့ မင်းရဲ့ စိတ်စွမ်းအားကို သုံးဖို့ လိုတယ်။ စိတ်ကို စုစည်းပြီး မင်းရဲ့ စိတ်ထဲမှာ နတ်ဘုရားလက်စွပ်အကြောင်းကိုပဲ ဆက်တိုက် တွေးနေလိုက်”
“အဲ့လောက် လွယ်တာလား”
“ဟုတ်တယ်။ အဲ့လောက်ကို လွယ်တယ်။ ငါတို့က နတ်ဘုရားလက်စွပ်ရဲ့ စွမ်းအားကို ရယူပိုင်ဆိုင်ဖို့ မွေးဖွားလာတဲ့ ကယ်တင်ရှင်တွေလေ။ မင်းက ဘယ်လောက်ထိ ရှုပ်ထွေးလိမ့်မယ်လို့ ထင်နေတာလဲ”
လင်းလင်းလည်း အနည်းငယ် ပြောစရာ စကားမဲ့သွားသည်။ လန်ထျန်းက တကယ်ကို အရူးတစ်ပိုင်းဖြစ်နေပြီဟု သူမ ခံစားလိုက်ရသည်။ သူက မိမိကိုယ်ကိုယ် ကယ်တင်ရှင်တစ်ဦးအဖြစ် အမြဲတမ်း သတ်မှတ်နေခဲ့၏။
ဘယ်နေရာမှာများ ကယ်တင်ရှင်နဲ့ တူနေလို့လဲ။
သို့သော် ယခုအချိန်တွင် စမ်းသပ်ကြည့်ခြင်းက ဘာမှ မနစ်နာပေ။ မည်သို့ပင်ဆိုစေ သူမ လုပ်ရမည်က အလွန် ရိုးရှင်းလှသည် မဟုတ်ပါလော။
ထို့ကြောင့် လင်းလင်း မျက်လုံးများကို အနည်းငယ်မှိတ်ကာ စိတ်ကို စုစည်းလိုက်သည်။ သူမ၏ လက်ဝါးက လန်ထျန်း၏ လက်ဝါးနှင့် ထိကပ်သွားပြီး လက်စွပ်၏ အစိတ်အပိုင်းနှစ်ခုက သူမ၏ လက်ဝါးထဲတွင် ပေါင်းစပ်သွားသည်။
တစ်မိနစ်… ငါးမိနစ်… ဆယ်မိနစ်…
သူတို့နှစ်ဦးစလုံး၏ မျက်နှာထက်တွင် ချွေးစေးများ ထွက်လာသော်လည်း မည်သည့်ထူးခြားချက်မှ ရှိမလာသေးချေ။
............
ဝီ
ရုတ်တရက် သူတို့၏ ခန္ဓာကိုယ်များ တုန်ခါသွားသည်။ တစ်ချိန်တည်းမှာပင် မူလက ပျက်စီးနေသော လက်စွပ်က တဖြည်းဖြည်းနှင့် စူးရှတောက်ပသော အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်လာသည်။ ထို့နောက် အဖြူရောင်အလင်းတန်းက ပိုမို ခမ်းနားထည်ဝါလာပြီး လက်စွပ်၏ အစိတ်အပိုင်းနှစ်ခုသည်လည်း ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။
လန်ထျန်းနှင့် လင်းလင်းတို့နှစ်ဦးစလုံး မျက်လုံးပွင့်လာသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လန်ထျန်းတစ်ယောက် အလွန်ဝမ်းသာအားရ ဖြစ်သွားသည်။ သူ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
“မင်း မြင်လား… မင်း မြင်လား… ငါက ကယ်တင်ရှင်ပဲ။ ငါပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်မှာ”
လင်းလင်းသည်လည်း မယုံနိုင်သလို ဖြစ်သွားသည်။ လေထုထဲတွင် လွင့်မျောနေသော နတ်ဘုရားလက်စွပ်က လုံးဝ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့လေပြီ။ မည်သည့် အက်ကွဲကြောင်းမျှ ရှိမနေတော့ပေ။ လုံးဝဥဿုံ အပြစ်အနာအဆာ ကင်းမဲ့နေသည်။
လူထွားကြီး၏ မျက်နှာအမူအရာသည်လည်း တည်ကြည်သွားသည်။ နတ်ဘုရားလက်စွပ်နှင့်ပတ်သတ်၍ ရှိနေသည့် ဒဏ္ဍာရီများက အခြေအမြစ်မရှိကြောင်း သိထားသော်လည်း ဤမြင်ကွင်းကို မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ရသည်မှာ အလွန်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
ရှူး
ရုတ်တရက် နတ်ဘုရားလက်စွပ်က အလင်းတန်းနှစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းနှစ်ခုက လန်ထျန်းနှင့် လင်းလင်းတို့၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ကျရောက်သွားသည်။ အလင်းတန်းအများစုက လန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။
ချက်ချင်းပင် သူတို့နှစ်ဦးစလုံး သူတို့၏ ခန္ဓာကိုယ်ထဲတွင် ဖော်မပြနိုင်အောင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားများဖြင့် ပြည့်နှက်သွားသည့် ထူးထူးဆန်းဆန်း ခံစားချက်ကို ရရှိလိုက်သည်။ လက်ရှိအချိန်တွင် သူတို့မျက်စိထဲရှိ ကမ္ဘာကြီးက အကြီးအကျယ် ပြောင်းလဲသွားပုံရသည်။
လန်ထျန်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ လေထုထဲရှိ နတ်ဘုရားလက်စွပ်က လည်ပတ်ကာ လန်ထျန်း၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာပြီး သူ့လက်ချောင်းပေါ်တွင် နေရာကျသွားသည်။
“ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်တဲ့ ခံစားချက်လဲ။ ဒီလောက် အစွမ်းထက်တဲ့ ခွန်အားမျိုး…။ ငါက တကယ့် ကယ်တင်ရှင်ပဲ”
လန်ထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ မောပန်းနွမ်းနယ်မှုများအားလုံး နေလာနှင်းပမာ အစအနမကျန် ပျောက်ကွယ်သွားသည်။ လက်ရှိအချိန်တွင် လန်ထျန်းတစ်ယောက် တုနှိုင်းမဲ့စွမ်းအားရှိသော မြင့်မြတ်သည့် နတ်ဘုရားတစ်ပါးနှယ် ခံစားနေရသည်။
ဝှစ်
သူ့ခန္ဓာကိုယ်က လျှပ်ပြတ်သည့်အလား လှုပ်ရှားသွားပြီး ပုံရိပ်ယောင်တစ်ခုပမာ ပြောင်းလဲကာ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါတွင်မူ နဂါးနက်ဂိုဏ်းမှ ထိုမကောင်းဆိုးဝါးများကို သူ ဖမ်းဆီးထားပြီး ဖြစ်၏။
အလင်းတန်းတစ်ခုက မကောင်းဆိုးဝါးများကို လွှမ်းခြုံသွားသည်။ ချက်ချင်းပင် ထိုမကောင်းဆိုးဝါးများအားလုံး ပြာအဖြစ်သို့ မပြောင်းလဲမီ နာနာကျင်ကျင် အော်ဟစ်လိုက်ကြရသည်။
“လင်းလင်း… မင်း ဒါကို မြင်လား။ ငါတို့က ကယ်တင်ရှင်တွေပဲ။ ငါတို့မှာ နဂါးနက်ဂိုဏ်းက မကောင်းဆိုးဝါးတွေကို ရင်ဆိုင်နိုင်တဲ့ စွမ်းအားရှိတယ်”
ယခုလက်ရှိအချိန်တွင် လန်ထျန်း အကြွင်းမဲ့ ယုံကြည်မှုများ ပြည့်လျှံနေလေပြီ။
“ဒါ… ဒါတွေအကုန်လုံးက တကယ် ဖြစ်နိုင်ပါ့မလား။ ကျွန်မက ကယ်တင်ရှင်တစ်ယောက်လား”
လင်းလင်းသည် အမာခံ ရုပ်ဝါဒီတစ်ဦး ဖြစ်သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ ယုံကြည်ချက်များ လှုပ်ခါသွားရသည်။
“အရမ်းကောင်းတယ်… ဗီဇပြောင်း မကောင်းဆိုးဝါးတွေကို အတွင်းထဲ ခေါ်လာခဲ့”
လူထွားကြီးက ချက်ချင်း တုံ့ပြန်လိုက်ပြီး အခြား မကောင်းဆိုးဝါးတစ်မျိုးကို ခေါ်ဆောင်လာရန် တစ်စုံတစ်ယောက်ကို ခိုင်းစေလိုက်သည်။ ဤမကောင်းဆိုးဝါးအမျိုးအစားက သေခြင်းတရား အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး သာမန်မကောင်းဆိုးဝါးများထက် ပိုမို ရက်စက်ကြမ်းကြုတ်ကာ ကြောက်စရာကောင်းပြီး အရွယ်အစားလည်း ပိုမိုကြီးမားသည်။
ယင်းတို့က အစိုးရနဲ့ စစ်တပ်ကို ဒုက္ခအကြီးအကျယ် ပေးနေသည့် ဗီဇပြောင်း မကောင်းဆိုးဝါးများပင် ဖြစ်သည်။
“မင်းတို့နှစ်ယောက်… စမ်းကြည့်လိုက်”
လန်ထျန်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့ ခန္ဓာကိုယ်ထဲတွင် လှိုင်းထနေသော စွမ်းအားများကို သူ ခံစားနေရသည်။ ထို့နောက် အလင်းတန်းတစ်ခုက ဗီဇပြောင်း မကောင်းဆိုးဝါးကို တစ်ဒင်္ဂအတွင်း လွှမ်းခြုံသွားသည်။
ဗီဇပြောင်း မကောင်းဆိုးဝါးသည် ချက်ချင်းပင် နာနာကျင်ကျင် အော်ဟစ်လိုက်သော်လည်း အဆက်မပြတ် သွေးရူးသွေးတမ်း ရုန်းကန်နေ၏။ ထိုမကောင်းဆိုးဝါး ဒဏ်ရာရသွားသော်လည်း သေဆုံးမသွားခဲ့ချေ။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
လန်ထျန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အဖြူရောင်အလင်းတန်းကို ထပ်မံ မြှင့်တင်လိုက်သည်။
သို့သော်လည်း ထိရောက်မှု မရှိချေ။ ဗီဇပြောင်း မကောင်းဆိုးဝါးက အသက်ရှင်နေဆဲပင်။
ဘန်း
လန်ထျန်း၏ ခန္ဓာကိုယ်သည် လျှပ်ပြတ်သလို လှုပ်ရှားသွားပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ လက်ရှိအချိန်တွင် သူ ပိုင်ဆိုင်ထားသော စွမ်းအားက မကြုံစဖူး ပြင်းထန်လှ၏။ သူ လက်သီးတစ်ချက်တည်းဖြင့် ဗီဇပြောင်း မကောင်းဆိုးဝါး၏ ဦးခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။ ထို့နောက် ထိုမကောင်းဆိုးဝါး မြေပြင်ပေါ်သို့ လဲကျသွားကာ လုံးဝ မလှုပ်ရှားလာတော့ချေ။
ဗီဇပြောင်း မကောင်းဆိုးဝါး သေဆုံးသွားသည်။ သို့သော်လည်း လူထွားကြီးက ကျေနပ်မှု မရှိပေ။
“မင်းတို့ ခန္ဓာကိုယ်ထဲက စွမ်းအားက ဒီမကောင်းဆိုးဝါးတွေကို မချေမှုန်းနိုင်ဘူး။ အခု အခြေအနေက တကယ်ကို ဒုက္ခရောက်နေပြီ”
သို့သော် လန်ထျန်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ဒါပေမဲ့ ကျုပ်ရဲ့ လက်သီးတွေက ဒီဗီဇပြောင်း မကောင်းဆိုးဝါးတွေကို လွယ်လွယ်ကူကူ သတ်နိုင်တယ်”
“မင်းရဲ့ လက်သီးတွေလား”
လူထွားကြီးက ပြတ်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ရုတ်တရက် ခပ်ကျယ်ကျယ် ရယ်မောလိုက်သည်။
“မင်းရဲ့ လက်သီးတွေက ဗီဇပြောင်း မကောင်းဆိုးဝါး နည်းနည်းလောက်ပဲ သတ်နိုင်လိမ့်မယ်။ မဟုတ်ရင်လည်း အကောင်ရေ ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ပဲ သတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ နဂါးနက်ဂိုဏ်းမှာ ဒီလိုဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဘယ်လောက်ထိရှိလဲ မင်း သိရဲ့လား။ ရာဂဏန်း ထောင်ဂဏန်း မဟုတ်ဘူးကွ။ သောင်းဂဏန်းအထိ ရှိတယ်”
လန်ထျန်း၏ မျက်နှာထားက အနည်းငယ် ဖြူဖျော့သွားသည်။ သူ ထိုကဲ့သို့ ဗီဇပြောင်း မကောင်းဆိုးဝါး သောင်းဂဏန်းကို စိတ်ကူးပင် မယဉ်ဝံ့ချေ။
ကျည်ဆန်များက ဤဗီဇပြောင်း မကောင်းဆိုးဝါးများအပေါ် သိပ်ပြီး ထိရောက်မှုမရှိပေ။ ဤမကောင်းဆိုးဝါးများကို ကိုင်တွယ်ရန်အတွက် သူတို့အနေဖြင့် အစွမ်းထက်ဗုံးများကို သုံးရမည် ဖြစ်သည်။ သို့သော် ထိုသို့ဆိုလျှင် ယင်းက ပျက်စီးခြင်းသို့ ဦးတည်သော အင်အားချင်း အပြန်အလှန် ချေမှုန်းသည့် တိုက်ပွဲကြီး ဖြစ်လာလိမ့်မည်။
ယင်းက စစ်တပ်အတွက် လူပေါင်း သောင်းနှင့်ချီ သို့တည်းမဟုတ် သန်းနှင့်ချီသော အသေအပျောက်များကို ဖြစ်ပေါ်စေနိုင်ခြေ ရှိသည်။
အထူးသဖြင့် နဂါးနက်ဂိုဏ်းက ထိုသို့သော ဗီဇပြောင်း မကောင်းဆိုးဝါးများကို အချိန်တိုင်း ထုတ်လုပ်နေပုံရသည်။ ဗီဇပြောင်း မကောင်းဆိုးဝါး အရေအတွက်က ကြောက်စရာကောင်းသော ပမာဏတစ်ခုသို့ ရောက်ရှိသွားသည်နှင့် ယင်းတို့က ကမ္ဘာပျက်ကပ်ပင် ဖြစ်လာနိုင်သည်။
“ဟမ့်… ကျုပ်တို့က ကယ်တင်ရှင်တွေပဲ။ ကမ္ဘာကြီးကို ကယ်တင်ဖို့က ကျုပ်တို့ရဲ့ တာဝန်။ နဂါးနက်ဂိုဏ်းရဲ့ မိစ္ဆာအင်အားစုတွေမှာ အပြောင်းအလဲတချို့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့သာ နဂါးနက်ဂိုဏ်းထဲက မိစ္ဆာအင်အားစုတွေရဲ့ အရင်းအမြစ်ကို သတ်ပစ်နိုင်သရွေ့ ကမ္ဘာကြီးက ငြိမ်းချမ်းမှုဆီ ပြန်ရောက်သွားမှာပဲ”
လန်ထျန်း၏ မျက်နှာထက်တွင် ပြတ်သားသည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။
“အင်း… မင်းတို့ အခုတော့ ထွက်သွားလို့ မရသေးဘူး။ မင်းတို့နှစ်ယောက် ငါတို့ရဲ့ သုတေသနမှာ ပူးပေါင်းဆောင်ရွက်ရမယ်။ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုတာ မင်းတို့နှစ်ယောက်တည်းနဲ့ ပြီးနိုင်တဲ့အရာ မဟုတ်ဘူး”
လူထွားကြီးက လက်ဝေ့ယမ်းလိုက်ရာ လက်နက်ကိုင် ဝန်ထမ်း အယောက် သောင်းနှင့်ချီ လမ်းလျှောက်ဝင်လာကြသည်။
“သွားကြစို့”
သို့သော် လန်ထျန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ထိုလက်နက်ကိုင် ဝန်ထမ်းအားလုံး အားကောင်းသည့် စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ လက်နက်များကိုပင် သူတို့ ကိုင်မထားနိုင်ကြတော့ချေ။
“မင်း ဘာလုပ်တာလဲ”
လူထွားကြီးက ချက်ချင်း သူ့သေနတ်ကို ဆွဲထုတ်လိုက်သည်။
“မင်းလက်ထဲက အရုပ်ကို ချလိုက်စမ်းပါ။ ကျုပ်တို့က ကယ်တင်ရှင်တွေပဲ။ ဒါကြောင့်မို့ ကျုပ်တို့ လုပ်သင့်တာကို သဘာဝကျကျ လုပ်ရမယ်။ ကျုပ်ကို လာမတားနဲ့ မဟုတ်ရင်တော့…”
လန်ထျန်း လင်းလင်းကို ခေါ်ဆောင်ကာ ဤလက်နက်ကိုင် ဝန်ထမ်းများကို ဖြတ်ကျော်သွားသည်။ သူ့အကြည့်များက နှင်းတောင်ကြီးအလား အေးစက်နေ၏။ ယခုလက်ရှိ သူပိုင်ဆိုင်ထားသော စွမ်းအားက မယုံနိုင်စရာ ကောင်းလှသည်။ ဤသာမန်လူများအနေဖြင့် လက်နက်အပြည့်အစုံ ဆင်ထားသော်လည်း သူ့မျက်စိထဲတွင်မူ ပုရွက်ဆိတ်များကဲ့သို့ အရေးမပါလှပေ။
ဤဖြစ်ရပ်က သူ့ကိုယ်သူ အစစ်အမှန် ကယ်တင်ရှင်ဖြစ်ကြောင်း ပို၍ပင် အခိုင်အမာ ယုံကြည်သွားစေသည်။ တချို့ကိစ္စရပ်များကို သူကိုယ်တိုင် ကျိန်းသေ ပြီးမြောက်အောင် လုပ်ဆောင်ရပေမည်။
“ငါ သဘောပေါက်သွားပြီ။ နတ်ဘုရားလက်စွပ်က တကယ်တော့ ဂြိုဟ်ရဲ့ မူလဇာစ်မြစ်နဲ့ ဆက်သွယ်ပေးတဲ့ ကြားခံတစ်ခုပဲကိုး…”
ရုတ်တရက် ခန်းမဆောင်ထဲ၌ ခပ်တိုးတိုး သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်သွားသည်။
မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်တစ်ဦး လန်ထျန်းနှင့် လင်းလင်းတို့ ရှေ့တွင် ပေါ်လာသည်။ ထိုပုဂ္ဂိုလ်က လန်ထျန်း၏ လက်ချောင်းပေါ်ရှိ နတ်ဘုရားလက်စွပ်ကို ခပ်တွေတွေ စိုက်ကြည့်နေသည်။
ထာဝရသိုင်းတာအိုအရှင်