အခန်း ၄၂၁
Vol. 38 Ch. 421
အခန်း (၄၂၁) - ဂြိုဟ်၏ မူလဇာစ်မြစ်
ဘာသာပြန် - အားသစ်
“ရှင်…”
လင်းလင်း မျက်လုံးများ ပြူးကျယ်သွားသည်။ ဤသူကို သူမ မှတ်မိသည်။ ထိုသူက ရင်ပြင်ထဲတွင် တွေ့ခဲ့ရသည့် ထူးဆန်းသော အိမ်ခြေရာမဲ့ မဟုတ်ပါလား။
သူ ဘာလို့ ဒီနေရာကို ရုတ်တရက်ကြီး ရောက်လာတာလဲ။
လန်ထျန်းကမူ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသလို ပြုမူနေသည်။ သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောလူ မည်သို့ ပေါ်လာသည်ကိုပင် သူ မသိချေ။ စင်စစ်တွင်မူ ထိုသူ ပေါ်လာပြီးနောက် သူ့စိတ်ထဲ၌ အကြီးအကျယ် အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု သဘာဝကျကျ ထွက်ပေါ်လာ၏။
“မိန်းကလေး… ငါတို့ ပြန်ဆုံကြပြန်ပြီနော်”
ဤလျှို့ဝှက်ဆန်းကြယ်သောလူက ထုံးစံအတိုင်း လင်းဖုန်းသာ ဖြစ်သည်။ သူ ပေါ်လာသည့်ပုံစံက အလွန်တရာ ရိုးရှင်းလှသည်။ ဤသာမန်မျှသာရှိသော အက်ကွာဂြိုဟ်ပေါ်တွင် ဟင်းလင်းပြင်ကို သူ အားစိုက်ထုတ်စရာပင် မလိုဘဲ ဖြတ်သန်းနိုင်သည်။ ထိုသို့ဖြင့် သူလျှို့ဝှက်အခန်းထဲသို့ အလွယ်တကူ ဝင်ရောက်လာနိုင်ခြင်း ဖြစ်သည်။
သူ လန်ထျန်းနှင့် လင်းလင်းတို့နောက်သို့ တစ်လမ်းလုံး လိုက်ပါလာခဲ့ခြင်းက ထိုနတ်ဘုရားလက်စွပ် အကြောင်းကို သိမြင်လို၍သာ ဖြစ်သည်။
ယခုအခါတွင်မူ နတ်ဘုရားလက်စွပ်က တကယ်တော့ ဂြိုဟ်၏ မူလဇာစ်မြစ်နှင့် ဆက်သွယ်ပေးသည့် ကြားခံတစ်ခု ဖြစ်သည်ကို သူ နောက်ဆုံးတွင် သိမြင်သွားသည်။။ နတ်ဘုရားလက်စွပ်၏ အကူအညီဖြင့် ဂြိုဟ်၏ မူလဇာစ်မြစ်က နတ်ဘုရားလက်စွပ်၏ ပိုင်ရှင်များဖြစ်ကြသော ကယ်တင်ရှင်ဟု ခေါ်သည့် လန်ထျန်းနှင့် လင်းလင်းတို့၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် ဝင်ရောက်သွားနိုင်သည်။ ထိုသို့ဖြင့် သူတို့ကို ထူးခြားဆန်းကြယ်သော စွမ်းအားများ ပေးသနားထားခြင်း ဖြစ်သည်။
လင်းဖုန်း နတ်ဘုရားလက်စွပ်ကို အလွန်စိတ်ဝင်စားသွားသည်။ အထူးသဖြင့် ထိုပစ္စည်းထဲတွင် ပါရှိသည့် မူလဇာစ်မြစ်ကို ဖြစ်သည်။ သူ လက်ကို ဆန့်ထုတ်ကာ ခပ်ဖွဖွ ဆုပ်ကိုင်ဟန်ပြုလိုက်သည်။
ဝူ
ရုတ်တရက် လန်ထျန်းသည် သူ့ခန္ဓာကိုယ်ကို အားကောင်းသော စွမ်းအားတစ်ခုက ချုပ်နှောင်ထားသည်ကို ခံစားလိုက်ရသည်။
“မင်း ဘာလုပ်တာလဲ”
လန်ထျန်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို ကမန်းကတန်း လှုပ်ရှားစေလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ထိန်းချုပ်ရခက်လှသော ကြောက်မက်ဖွယ်ရာ စွမ်းအားများ ရှိနေလင့်ကစား လင်းဖုန်း၏ ချုပ်နှောင်မှုအောက်တွင် သူ လုံးဝ မလှုပ်ရှားနိုင်ဖြစ်နေရသည်။
ဤသည်က လုံးဝ အဆင့်အတန်း မတူသည့် စွမ်းအားမျိုး ဖြစ်၏။
......
“ဘာမှမဟုတ်ပါဘူး။ ငါ နတ်ဘုရားလက်စွပ်ကို ကြည့်ချင်ရုံတင်ပါ”
လင်းဖုန်းက အသာအယာ ညွှန်ပြလိုက်ရာ လန်ထျန်း၏ လက်ချောင်းထက်ရှိ နတ်ဘုရားလက်စွပ် တုန်ခါသွားသည်။ လက်စွပ်က အလွန် ဝန်လေးနေသည့်အလား အနည်းငယ် လှုပ်ခတ်သွားကာ လင်းဖုန်း၏ လက်ထဲသို့ တိုက်ရိုက် ပျံသန်းရောက်ရှိသွားသည်။
နတ်ဘုရားလက်စွပ်က ရုန်းကန်နေဆဲပင်။ သို့သော်လည်း လင်းဖုန်းက သူ့ခွန်အားအနည်းငယ်ကို ထုတ်ဖော်ပြသလိုက်သောအခါ နတ်ဘုရားလက်စွပ် ငြိမ်သက်သွားသည်။
သာမန် နတ်ဘုရားလက်စွပ်က တကယ်တန်းတွင် ကြားခံတစ်ခုမျှသာ ဖြစ်သဖြင့် လင်းဖုန်း ယင်းကို စိတ်မဝင်စားပေ။ သူ တကယ် စိတ်ဝင်စားသည်က နတ်ဘုရားလက်စွပ်က ဆက်သွယ်ပေးနိုင်သည့် ဂြိုဟ်၏ မူလဇာစ်မြစ်ကိုသာ ဖြစ်သည်။
ပုံမှန်အားဖြင့် ဂြိုဟ်တစ်လုံး၏ မူလဇာစ်မြစ်သည် ဂြိုဟ်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများတွင် ပုန်းအောင်းနေတတ်သည်။ ဂြိုဟ်ကို ဖျက်ဆီးပစ်မှသာ မူလဇာစ်မြစ်ကို ထုတ်ယူနိုင်မည် ဖြစ်သည်။ မဟုတ်ပါက မူလဇာစ်မြစ်ကို ထုတ်ယူရန် မဖြစ်နိုင်သလောက် ခက်ခဲလိမ့်မည်။
ဖျက်ဆီးခြင်းလှံတံတွင်လည်း မူလဇာစ်မြစ် ပါဝင်၏။ ယင်းက ကြယ်တစ်လုံး ပျက်စီးသွားပြီးနောက် ထုတ်ယူထားသည့် ကြယ်၏ မူလဇာစ်မြစ် ဖြစ်သည်။
မူလဇာစ်မြစ်ဆိုသည်မှာ ဂြိုဟ်တစ်လုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။ မူလဇာစ်မြစ် ဆုံးရှုံးသွားသည်နှင့် ဂြိုဟ်သည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်လာကာ နောက်ဆုံးတွင် အသက်မဲ့ဂြိုဟ်တစ်လုံး ဖြစ်လာလိမ့်မည်။
ပုံမှန်အားဖြင့် ဂြိုဟ်တစ်လုံးသည် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများနှင့် မရင်ဆိုင်ရပါက ယင်း၏ မူလဇာစ်မြစ်ကလည်း သဘာဝအလျောက် ဆုတ်ယုတ်သွားရန်အတွက် နှစ်ပေါင်း ဘီလီယံပေါင်းများစွာ သို့တည်းမဟုတ် ဘီလီယံဒါဇင်ပေါင်းများစွာ ကြာမြင့်တတ်သည်။
အကယ်၍ ကျင့်ကြံသူများစွာ ရှိနေမည်ဆိုလျှင် သို့တည်းမဟုတ် နည်းပညာ ယဉ်ကျေးမှုများက ဂြိုဟ်အတွက် အာဟာရများ ပံ့ပိုးပေးနိုင်မည်ဆိုလျှင် ဂြိုဟ်၏ မူလဇာစ်မြစ်သည်လည်း ပိုမို သန်မာလာလိမ့်မည် ဖြစ်သည်။ သို့ဆိုလျှင် ထိုဂြိုဟ်က မည်သည့် ပြဿနာမျှမရှိဘဲ နှစ်ပေါင်း ဘီလီယံရာချီ သို့တည်းမဟုတ် ထရီလီယံပေါင်းများစွာအထိ တည်ရှိနေနိုင်စွမ်း ရှိသည်။
သူ၏ မိခင်ဂြိုဟ်ပေါ်တွင်ပင် လင်းဖုန်း ဂြိုဟ်၏ မူလဇာစ်မြစ်ကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးချေ။
အထူးသဖြင့် အက်ကွာဂြိုဟ်၏ မူလဇာစ်မြစ်က သဘာဝစိတ်ဆန္ဒ အနည်းငယ် ဖွံ့ဖြိုးလာပုံရသည်။ ယင်းက အလွန် အံ့သြစရာ ကောင်းလှ၏။ လင်းဖုန်းအနေဖြင့် ဤဖြစ်ရပ်မျိုးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သဖြင့် သဘာဝကျကျပင် အနီးကပ် သေသေချာချာ ကြည့်ရှုလိုသွားသည်။
နတ်ဘုရားလက်စွပ်ကို ရရှိပြီးနောက် လင်းဖုန်း၏ စိတ်စွမ်းအားက နတ်ဘုရားလက်စွပ်အတွင်းသို့ အလျင်အမြန် တိုးဝင်သွားခဲ့သည်။ သူ သိမ်မွေ့သော လမ်းကြောင်းတစ်ခုကို ခံစားလိုက်ရပြီး ဤလမ်းကြောင်းမှတစ်ဆင့် အင်တိုက်အားတိုက် တိုးဝင်သွားသည်။
ဝုန်း
လင်းဖုန်း သူ့စိတ်စွမ်းအား ပြင်းပြင်းထန်ထန် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ အတိုင်းအဆမဲ့ မူလဇာစ်မြစ်ကို ခံစားလိုက်ရသည်။
မှန်ပေ၏။ ယင်းက အက်ကွာဂြိုဟ်ရဲ့ မူလဇာစ်မြစ်ပင်။
သို့သော် ဤမူလဇာစ်မြစ်သည် လင်းဖုန်းအပေါ် ရန်လိုနေပုံရပြီး လင်းဖုန်း၏ စိတ်စွမ်းအားကို အလျင်အမြန် လွှမ်းခြုံသွားသည်။
လင်းဖုန်းလည်း ရည်ရွယ်ချက်ကောင်းရှိကြောင်း အလျင်အမြန် ထုတ်ဖော်ပြသလိုက်သည်။ သူ၏ စိတ်စွမ်းအားလှိုင်းများမှတစ်ဆင့် အက်ကွာဂြိုဟ်ပေါ်ရှိ မူလဇာစ်မြစ်တွင် အသိစိတ်တစ်စုံတစ်ရာ အမှန်တကယ် ရှိနေပါက သူထုတ်ဖော်ပြသလိုက်သည့် ရည်ရွယ်ချက်ကောင်းကို သေချာပေါက် ခံစားမိလိမ့်မည်ဟု သူ ယုံကြည်သည်။
မျှော်လင့်ထားသည့်အတိုင်း လင်းဖုန်းက ရည်ရွယ်ချက်ကောင်းရှိကြောင်း ထုတ်ဖော်ပြသလိုက်သည်နှင့် ကြီးမားလှသော မူလဇာစ်မြစ်က တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားသည်။ ကျယ်ပြောပြီး ထူးဆန်းသော စိတ်စွမ်းအားတစ်ခုက လင်းဖုန်း၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ စိတ်စွမ်းအားလှိုင်းနှစ်ခု ဆက်နွှယ်သွားပြီး သတင်းစကားတစ်ခုကို ပေးပို့လာ၏။
“ပြင်ပလူ… ထွက်သွားပါ”
လင်းဖုန်း ထိုစိတ်စွမ်းအားလှိုင်းကို ချက်ချင်း နားလည်လိုက်သည်။ အက်ကွာဂြိုဟ်၏ မူလဇာစ်မြစ်က လင်းဖုန်းကို ထွက်ခွာရန် သတိပေးနေ၏။
အက်ကွာဂြိုဟ်ပေါ်ရှိ လူများက လင်းဖုန်း၏ အထောက်အထားကို မသိကြသော်လည်း ဂြိုဟ်၏ မူလဇာစ်မြစ်ကမူ မည်သို့လျှင် မသိဘဲ နေမည်နည်း။ လင်းဖုန်းက ဂြိုဟ်ပြင်ပမှလာသူ ပြင်ပလူတစ်ဦး ဖြစ်သည်။
“သူ့မှာ တကယ်ပဲ စိတ်အာရုံ ဖွံ့ဖြိုးနေတာပဲ”
လင်းဖုန်း၏ စိတ်နှလုံးအစုံ လှုပ်ခတ်သွားသည်။ အကယ်၍ မူလဇာစ်မြစ်တွင် စိတ်အာရုံ ရှိနေပါက သိစိတ်ရှိနေနိုင်ခြေလည်း အလွန်များသည်။ သို့ဆိုလျှင် သူတို့ အချင်းချင်း ဆက်သွယ်နိုင်လိမ့်မည်။
ထို့ကြောင့် လင်းဖုန်းက ရိုးရိုးရှင်းရှင်း သတင်းစကားတစ်ခု ပေးပို့လိုက်သည်။
“ငါ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး။ ငါ ဒီဂြိုဟ်ကိုလည်း ထိခိုက်စေလိုစိတ် မရှိပါဘူး။ မင်း ဒုက္ခရောက်နေတာကို ငါ ခံစားမိတယ်။ ငါ မင်းကို ကူညီနိုင်မယ် ထင်တယ်”
ဂြိုဟ်၏ မူလဇာစ်မြစ်က အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။ ဖြစ်နိုင်သည်မှာ ယင်းသည်လည်း စဉ်းစားတွေးတောနေခြင်း ဖြစ်နိုင်၏။
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် ဂြိုဟ်၏ မူလဇာစ်မြစ်က အခြားသတင်းစကားတစ်ခု ထပ်မံပေးပို့လာသည်။
“မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး။ ငါ မင်းရဲ့ အကူအညီ လိုအပ်တယ်။ ကျူးကျော်မိစ္ဆာတွေကို မောင်းထုတ်ပေးပါ။ ငါ မင်းရဲ့ စိတ်စွမ်းအားကို မြှင့်တင်ပေးမယ်။ အဲ့ဒါ ဆုလာဘ်ပဲ”
ဂြိုဟ်၏ မူလဇာစ်မြစ် ပေးပို့လာသော အချက်အလက်များက ရှင်းလင်းပြတ်သားမှု မရှိပေ။ သို့သော်လည်း လင်းဖုန်းကမူ တစ်ဖက်သူ၏ ဆိုလိုရင်းကို နားလည်သည်။
ဂြိုဟ်၏ မူလဇာစ်မြစ်က သူ့ကို စိတ်စွမ်းအား မြှင့်တင်ပေးမည်ဆို၏။ ယင်းက သေချာပေါက် ဝမ်းမြောက်စရာ အံ့အားသင့်ဖွယ်တစ်ခုပင်။ သူ ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ပြီး ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို သဘာဝအတိုင်း ဖြတ်သန်းကာ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာနိုင်သည်။
သို့သော် အကယ်၍ သူ စိတ်စွမ်းအားကို အရင်ဆုံး အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ယင်းက ပြီးပြည့်စုံသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းရာတွင်လည်း အကျိုးကျေးဇူးရှိနိုင်ခြေ များသည်။
ဒါပေမဲ့ ဂြိုဟ်ရဲ့ မူလဇာစ်မြစ်ပြောတဲ့ ကျူးကျော်မိစ္ဆာဆိုတာက ဘယ်သူ့ကို ဆိုလိုတာလဲ။
“နဂါးနက်ဂိုဏ်း…”
ထိုသတင်းစကားကို ဂြိုဟ်၏ မူလဇာစ်မြစ်က ပြတ်တောင်းပြတ်တောင်းနှင့် ထပ်ခါတလဲလဲ ပေးပို့နေခဲ့သည်။
ထို့နောက် အတွေးပွားနေသော လင်းဖုန်းက သူ့စိတ်စွမ်းအားကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
“နဂါးနက်ဂိုဏ်းလား… ကြည့်ရတာ ဂြိုဟ်ရဲ့ မူလဇား်မြစ်ကို ခြိမ်းခြောက်မှု ခံစားရအောင် လုပ်နေတာ နဂါးနက်ဂိုဏ်းပဲ ဖြစ်ရမယ်”
လင်းဖုန်း ဂြိုဟ်၏ မူလဇာစ်မြစ် ဆိုလိုသည်ကိုလည်း နားလည်သွားသည်။ ဤနဂါးနက်ဂိုဏ်းတွင် ထူးဆန်းသည့် အရာတစ်ခုခု တကယ် ရှိနေသည်။ ဂြိုဟ်၏ မူလအင်အားစုကိုပင် ခြိမ်းခြောက်မှု ခံစားရအောင် လုပ်နိုင်သောအရာသည် သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။
“မင်း တကယ်ပဲ ဘာလုပ်လိုက်တာလဲ”
လန်ထျန်း ထိတ်လန့်သွားသည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ စောစောက သူ့နှလုံးအိမ်ထဲရှိ အန္တရာယ်ရှိသည့် ခံစားချက်က ရုတ်တရက် ပြန်လည် ပျောက်ကွယ်သွားပြန်သည်။ သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောလူက ထိုမျှအထိ ကြောက်စရာမကောင်းတော့သည့်အလား ဖြစ်နေသည်။
သို့သော် စောစောက လင်းဖုန်း သူ့ကို မလှုပ်ရှားနိုင်အောင် လုပ်ခဲ့သည်ကို မြင်ဖူးထားသဖြင့် သူ လင်းဖုန်းကို အထင်မသေးရဲချေ။
လင်းဖုန်း နတ်ဘုရားလက်စွပ်ကို လန်ထျန်းထံ ပြန်လည်ပေးအပ်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ငါ မင်းတို့ကို ရန်မလိုဘူးဆိုတာ သိထားရင် ရပြီ။ မင်းက ကယ်တင်ရှင်ဖြစ်ပြီးတော့ နဂါးနက်ဂိုဏ်းရဲ့ မိစ္ဆာအင်အားစုတွေကို ချေမှုန်းချင်တာ မဟုတ်ဘူးလား။ ငါ မင်းတို့နဲ့ အတူတူ လိုက်ခဲ့မယ်”
“မင်းက ငါတို့နဲ့ လိုက်မလို့လား။ မင်းက နဂါးနက်ဂိုဏ်းက မဟုတ်ဘူးလား”
“ဘယ်ဟုတ်မလဲ။ ငါက နဂါးနက်ဂိုဏ်းက မဟုတ်ပါဘူး။ တကယ်လို့ ငါသာ အဲ့ဂိုဏ်းကဆိုရင် မင်းတို့ အသက်ရှင်နေပါဦးမလား”
လင်းဖုန်း ပြုံးလိုက်သော်လည်း လန်ထျန်းကမူ အနည်းငယ် သံသယဝင်နေဆဲပင်။ အခြားတစ်ဖက်တွင်မူ လင်းလင်းက ထိုမျှအထိ မကြောက်တော့ပေ။ သူမ လင်းဖုန်းကို ယခင်က မြင်ဖူးပြီး သူ့ကို အကူအညီပေးခဲ့ဖူးသည်။
ထို့ကြောင့် စင်စစ်တွင် သူမ ထိုမျှအထိ စိတ်မလှုပ်ရှားတော့ပေ။
“နဂါးနက်ဂိုဏ်းဆီ သွားကြစို့”
လင်းဖုန်း လန်ထျန်း၊ လင်းလင်းတို့နှင့်အတူ လုံခြုံရေးဗျူရို၏ အခြေစိုက်စခန်းမှ တိုက်ရိုက် ထွက်ခွာသွားပြီး လေယာဉ်တစ်စီး ရှာလိုက်သည်။ သူ နဂါးနက်ဂိုဏ်းဆီသို့ ထင်ထင်ပေါ်ပေါ် တိုက်ရိုက် ပျံသန်းမသွားလိုပေ။ မည်သို့ပင်ဆိုစေ နဂါးနက်ဂိုဏ်းက ဂြိုဟ်၏ မူလဇာစ်မြစ်ကို ခြိမ်းခြောက်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပုံရသည်။ ထို့ကြောင့် လင်းဖုန်းအနေဖြင့် ပိုဂရုစိုက်ရန်သာ လုပ်နိုင်တော့သည်။ သူ့ကိုယ်သူ စောစောစီးစီး ထုတ်ဖော်ပြသဖို့ မသင့်တော်ချေ။
ထာဝရသိုင်းတာအိုအရှင်