← Chapters

အခန်း ၄၂၂

Vol. 38 Ch. 422

အခန်း ၄၂၂

Vol. 38 Ch. 422

အခန်း (၄၂၂) - နဂါးနက်ဂိုဏ်းချုပ်

ဘာသာပြန် - အားသစ်

လေယာဉ်ပေါ်တွင် လန်ထျန်း လင်းဖုန်းကို အလွန်သံသယဝင်ကာ စိုးရိမ်မကင်းဖြစ်နေ၏။ သူ့ကို အချိန်ပြည့် မျက်စိဒေါက်ထောက် စောင့်ကြည့်နေခဲ့သည်။

စင်စစ်တွင် လင်းဖုန်းသည်လည်း လန်ထျန်းနှင့် လင်းလင်းတို့ကို သတိပြုကြည့်ရှုနေ၏။ သူတို့နှစ်ဦး နတ်ဘုရားလက်စွပ်ကို ဝတ်ဆင်လိုက်သည့် အချိန်မှစ၍ ဂြိုဟ်၏ အဆုံးအစမဲ့ မူလဇာစ်မြစ်များက သူတို့၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေခဲ့ကြသည်။

ယင်းက သူတို့၏ ခန္ဓာကိုယ်များကို ပြုပြင်ပြောင်းလဲပေးပြီး အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ဖြည်းဖြည်းချင်း ဖြတ်သန်းစေရန် ကူညီပေးနေခြင်း ဖြစ်သည်။

မှန်ပေ၏။ သူတို့နှစ်ယောက်အနေဖြင့် သူတို့ကိုယ်တိုင်ပင် သတိမထားမိဘဲ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုတစ်ကြိမ်ကို ပြီးမြောက်သွားခဲ့ကြပြီ ဖြစ်သည်။ မူလဇာစ်မြစ်က အမှန်တကယ် အံ့သြဖွယ်ရာ ကောင်းလှသဖြင့် လင်းဖုန်းပင်လျှင် ချီးကျူးမိသည်။ သို့သော် ထိုမျှသာ ဖြစ်၏။ မူလဇာစ်မြစ်က သူတို့ကို အလွန်ဆုံး အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု တစ်ကြိမ်သာ ကျော်ဖြတ်ခွင့် ပေးနိုင်လိမ့်မည်။

ထိုအဆင့်ထက် ကျော်လွန်ပါက မူလဇာစ်မြစ်သည်လည်း အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိတော့ပေ။

ထို့အပြင် လင်းလင်းနှင့် လန်ထျန်းတို့က ဂြိုဟ်၏ မူလဇာစ်မြစ်ကို အမှီပြု၍ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ခဲ့ကြခြင်း ဖြစ်သဖြင့် သူတို့ နောင်တစ်ချိန်တွင် သေဆုံးသွားပါက ဤမူလဇာစ်မြစ်များက ဂြိုဟ်၏ မူလဇာစ်မြစ်ထံသို့ ထပ်မံ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။

ယင်းမှာ ဂြိုဟ်၏ မူလဇာစ်မြစ်က အတိုးမယူဘဲ အရင်းသက်သက် ထုတ်ချေးပေးလိုက်သကဲ့သို့ ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခု ရောက်လျှင် ပြန်လည်သိမ်းဆည်းသွားမည် ဖြစ်သည်။ လင်းလင်းနှင့် လန်ထျန်းတို့က မူလဇာစ်မြစ်မှ ရွေးချယ်ခံရသူများ ဖြစ်ကြပြီး ဤခေတ်ကာလ၏ အဓိကဇာတ်လိုက်များ ဖြစ်ကြသည်။

သူတို့ တာဝန်ပြီးမြောက်၍ သေဆုံးသွားပြီးနောက် မူလဇာစ်မြစ် ပြန်လည်ရောက်ရှိလာပါက ဂြိုဟ်၏ မူလဇာစ်မြစ်အတွက် မည်သည့် ဆုံးရှုံးမှုမျှ ရှိလာမည်မဟုတ်ပေ။ ထို့အပြင် ဒုက္ခများလည်း ပြေလည်သွားမည် ဖြစ်ရာ မူလဇာစ်မြစ်အနေဖြင့် အဘယ်ကြောင့် ဤသို့မလုပ်ဘဲ နေမည်နည်း။

လင်းဖုန်း ခေါင်းသာ အသာခါယမ်းလိုက်မိသည်။ လန်ထျန်းနှင့် လင်းလင်းတို့က တကယ်တန်းတွင် ဂြိုဟ်၏ မူလဇာစ်မြစ်အတွက် အခမဲ့ ကိုယ်ရံတော်များလောက်သာ ဖြစ်ကြသော်လည်း စိတ်ကူးယဉ်ကောင်းကြကာ ကယ်တင်ရှင်များအဖြစ် ဂုဏ်ယူနေကြသည်။ ဤကမ္ဘာပေါ်တွင် အစစ်အမှန် ကယ်တင်ရှင်ဟူ၍ မည်သို့ ရှိနိုင်ပါမည်နည်း။

“မစ္စတာ… မစ္စတာလင်းဖုန်း၊ ကျွန်မတို့ တကယ်ပဲ နဂါးနက်ဂိုဏ်းဆီ သွားနေကြတာလား”

လင်းလင်းသည် ဂြိုဟ်၏ မူလဇာစ်မြစ်ကြောင့် သတိမထားမိလိုက်ဘဲ ပထမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမက အစောကတည်းက သာမန်လူတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး အမာခံ ရုပ်ဝါဒီတစ်ယောက်လည်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူတို့ သုံးယောက်တည်းဖြင့် နဂါးနက်ဂိုဏ်းဆီသို့ သွားနေကြသဖြင့် သူမအနေဖြင့် ဤကိစ္စရပ်ကို အလွန့်အလွန် မိုက်ရူးရဲဆန်သည်ဟု ခံစားနေရသည်။

“မင်းမှာ ကယ်တင်ရှင်ဖြစ်ရမယ်ဆိုတဲ့ ပြတ်သားတဲ့ စိတ်ဓာတ်မျိုး ရှိမနေဘူးလား”

“ကျွန်မက ကယ်တင်ရှင် မဟုတ်ပါဘူး” လင်းလင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

………

“တကယ်ဆို မင်းက ဘယ်သူလဲ”

လန်ထျန်းက လင်းဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်ကာ မေးလိုက်သည်။ သူ လင်းဖုန်းအပေါ် ရန်လိုမှု ရှိနေဆဲ ဖြစ်၏။ မည်သို့ပင်ဆိုစေ သူ ယခင်က လင်းဖုန်း၏ လက်ချက်ဖြင့် အလွယ်တကူ အရေးနိမ့်ခဲ့ရပြီး လှုပ်ရှားခွင့်ပင် မရခဲ့ချေ။

“ငါ ဘယ်သူဆိုတာ မင်း သိဖို့မလိုပါဘူး။ မင်း သိထားရမှာက အနည်းဆုံးတော့ ငါတို့က ရန်သူတွေ မဟုတ်ဘူးဆိုတာပဲ”

လင်းဖုန်း ထိုမောက်မာလွန်းလှသည့် ကောင်လေးတစ်ယောက်ကို မည်သည့်အရာမျှ ရှင်းပြမနေလိုတော့ပေ။ သူ့အမြင်အရ လန်ထျန်းက သူ့ကိုယ်သူ ကယ်တင်ရှင်အဖြစ် တကယ် ထင်မှတ်နေသည့် မောက်မာသူ တစ်ယောက်မျှသာ ဖြစ်သည်။

သူတို့က သနားစရာ အခမဲ့ကိုယ်ရံတော်များသာ ဖြစ်ပြီး စိတ်ချရသူများပင် ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ မဟုတ်ပါက ဂြိုဟ်၏ မူလဇာစ်မြစ်က လင်းဖုန်းနှင့် သဘောတူညီချက်တစ်ခု ပြုလုပ်လာလိမ့်မည် မဟုတ်ပေ။

ဂြိုဟ်၏ မူလဇာစ်မြစ်ကလည်း လန်ထျန်းနှင့် လင်းလင်းတို့အပေါ် သိပ်ပြီး မျှော်လင့်ချက် မထားပုံရသည်မှာ ထင်ရှားလှသည်။

မကြာမီ သူတို့ သမုဒ္ဒရာပြင်ကျယ်ပေါ်သို့ ပျံသန်းရောက်ရှိလာသည်။ ကျယ်ပြောလှသော သမုဒ္ဒရာထဲတွင် ကျွန်းငယ်လေးများစွာ ရှိနေ၏။ နဂါးနက်ဂိုဏ်းသည် ထိုကျွန်းများထဲမှ ကျွန်းတစ်ကျွန်းပေါ်တွင် ရှိနေသည်။ နဂါးနက်ဂိုဏ်းသားများကို နိုင်ငံတချို့တွင် ဒုက္ခပေးရန် အဝေးမှ ညွှန်ကြားချက်များပေးနေခြင်း ဖြစ်သည်။

“ကောင်းပြီ၊ လေယာဉ် ဆင်းသက်လိုက်ရင် ငါတို့ကို ရိပ်မိသွားလိမ့်မယ်။ ငါတို့ဘာသာ ငါတို့ အောက်ကို ဆင်းကြစို့”

လင်းဖုန်းသည် လေယာဉ်ပေါ်မှ လမ်းလျှောက်ထွက်လာပြီး လေထုထဲတွင် ရပ်နေသည်။

လန်ထျန်းနှင့် လင်းလင်းတို့လည်း အနည်းငယ် တုံ့ဆိုင်းနေခဲ့ကြသော်လည်း သူတို့ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို လှုပ်ရှားစေကာ လမ်းလျှောက်ထွက်ရန် စမ်းသပ်ကြည့်လိုက်ကြသည်။ ရလဒ်က အလွန်ပင် အံ့သြဖွယ်ရာ ကောင်းလှသည်။ မူလဇာစ်မြစ်၏ အကူအညီကြောင့် သူတို့ လေထဲတွင် မြေပြန့်ပေါ်၌ လမ်းလျှောက်နေသည့်အလား လမ်းလျှောက်နိုင်ခဲ့ကြသည်။ မကြာမီ ပျံသန်းခြင်းကို သူတို့ အလျင်အမြန် အသားကျသွားသည်။

“အောက်ကို ဆင်းကြစို့”

သူတို့နှစ်ဦး ပျံသန်းခြင်းကို ကျင့်သားရသွားသည်ကို မြင်သောအခါ လင်းဖုန်း ချက်ချင်းပင် အရင်ဆုံး အောက်သို့ ဆင်းသက်သွားသည်။

………

“မဟာဂိုဏ်းချုပ်ကြီး… ကျွန်တော်တို့ နဂါးနက်ဂိုဏ်းက အခုဆိုရင် နိုင်ငံခြောက်နိုင်ငံကို သိမ်းပိုက်ပြီးပါပြီ။ ဟီးဟီးဟီး… ကျွန်တော်တို့ ဖန်တီးထားတဲ့ ဗီဇပြောင်း မကောင်းဆိုးဝါးတွေက လူသားတွေရဲ့ ဗုံးဒဏ်ကို တောင့်ခံနိုင်ကြပါတယ်။ တစ်ကမ္ဘာလုံးက ကျွန်တော်တို့ရဲ့ ခေတ်ကာလကို ကြိုဆိုရတော့မှာပါ”

ကျွန်းပေါ်တွင် နဂါးနက်ဂိုဏ်း၏ အကြီးအကဲများ၊ အခြွေအရံများနှင့် အခြားအဖွဲ့ဝင်များအားလုံး စိတ်ဓာတ်များ အလွန်တက်ကြွနေကြသည်။ သူတို့ အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့ကြရသဖြင့် မည်သည့်အခါတွင်မျှ ခေါင်းမော့နိုင်တော့မည်မဟုတ်ဟုပင် ခံစားခဲ့ကြရဖူးသည်။

သူတို့၏ ဂိုဏ်းချုပ်အသစ် ပေါ်လာသည့် အချိန်အထိပင် ဖြစ်၏။ ထိုဂိုဏ်းချုပ်က နဂါးနက်ဂိုဏ်းကို သွေးထွက်သံယို နည်းလမ်းတချို့ဖြင့် ရှင်းလင်းရေးများ ပြုလုပ်ခဲ့သော်လည်း နဂါးနက်ဂိုဏ်းကို စနစ်တကျ ကြီးထွားဖွံ့ဖြိုးလာအောင် ဦးဆောင်နိုင်ခဲ့သည်။ ယခုမူ သူတို့ ကျွန်းပေါ်မှ ထွက်ခွာကာ တစ်ကမ္ဘာလုံးကိုပင် မွှေနှောက်ဖျက်ဆီးနိုင်ခဲ့ကြပြီ ဖြစ်သည်။

ယင်းက သူတို့ နဂါးနက်ဂိုဏ်း၏ အထွတ်အထိပ် ကာလတွင်ပင် မလုပ်နိုင်ခဲ့သည့် အရာမျိုး ဖြစ်သည်။

“အခုမှ ခြောက်နိုင်ငံပဲ ရှိသေးတာ။ ငါတို့ နဂါးနက်ဂိုဏ်းရဲ့ ရည်မှန်းချက်က တစ်လောကလုံးကို အုပ်ချုပ်ဖို့ပဲ။ တစ်ဂြိုဟ်လုံးက ငါတို့ သိမ်းပိုက်ဖို့အတွက်ပဲ ဖြစ်လာရမယ်။ ငါတို့ စစ်ပွဲ လိုအပ်တယ်။ ပိုကြီးတဲ့ စစ်ပွဲတွေပေါ့။ သမုဒ္ဒရာထဲမှာ သွေးတွေ လွှမ်းသွားပါစေ ကမ္ဘာမြေပေါ်မှာ သေခြင်းတရားတွေ ဖုံးလွှမ်းသွားပါစေ… ဟားဟားဟား…”

နဂါးနက်ဂိုဏ်းချုပ်၏ လေသံသည် အနည်းငယ် စူးရှပြီး ကြက်သီးထစရာ ကောင်းလှသည်။ သို့သော် အောက်တွင်ရှိနေသည့် နဂါးနက်ဂိုဏ်းသားများက မည်သူမျှ မကန့်ကွက်ရဲကြချေ။ မည်သို့ပင်ဆိုစေ ယခင်က ဂိုဏ်းချုပ်ကို ဆန့်ကျင်ခဲ့သူအားလုံး နဂါးနက်ဂိုဏ်းချုပ်၏ လက်ချက်ဖြင့် ကြောက်စရညကောင်းသည့် ဗီဇပြောင်း မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲခြင်း ခံခဲ့ကြရဖူးသည်။

ဝုန်း

ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ ကြီးကျယ်သော စွမ်းအားတစ်ခုက နဂါးနက်ဂိုဏ်း၏ ဌာနချုပ်ကို ခပ်ပြင်းပြင်း လှုပ်ခါသွားစေ၏။

“ဘာတွေ ဖြစ်နေတာလဲ”

အကြီးအကဲတစ်ဦးက ချက်ချင်းပင် ဒေါသထွက်သွားသည်။

“အကြီးအကဲ… ရန်သူတွေ ကျူးကျော်ဝင်ရောက်လာပါတယ်”

“ရန်သူ ကျူးကျော်တာ ဟုတ်လား”

အကြီးအကဲ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လက်ရှိအချိန်တွင် နဂါးနက်ဂိုဏ်း၏ ဌာနချုပ်ကို မည်သူက ကျူးကျော်ဝင်ရောက်ရဲမည်နည်း။

“လူသားတွေရဲ့ စစ်တပ်လား”

“မဟုတ်ပါဘူး။ သုံးယောက်တည်းပါ။ အဲဒီထဲက နှစ်ယောက်ကတော့ ကျွန်တော်တို့ အမြဲတမ်း ဖမ်းဆီးချင်နေခဲ့တဲ့ ကယ်တင်ရှင်တွေ ဖြစ်တဲ့ပုံပါပဲ။ သူတို့ နိုးထလာကြပြီ ထင်ပါတယ်”

“ဘာ… ကယ်တင်ရှင်တွေ နိုးထလာပြီ ဟုတ်လား”

နဂါးနက်ဂိုဏ်းမှ လူတိုင်း၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

နဂါးနက်ဂိုဏ်း၏ အကြီးအကဲအားလုံး ကယ်တင်ရှင်များ နိုးထလာခြင်းက မည်သည်ကို ဆိုလိုသည်ကို ကောင်းကောင်း သိကြသည်။

နဂါးနက်ဂိုဏ်းတွင် သိမ်းဆည်းထားသော မရေမတွက်နိုင်သည့် ရှေးဟောင်းကျမ်းစာများအရ ကယ်တင်ရှင်များ နိုးထလာသည်နှင့် သူတို့ဂိုဏ်းသည်လည်း ဆိုးဆိုးရွားရွား အရေးနိမ့်ရလေ့ရှိသည်။ အတိတ်က ဖြစ်ရပ်အားလုံးတွင် နဂါးနက်ဂိုဏ်းသည် နိုးထလာသော ကယ်တင်ရှင်များကို မည်သည့်အခါကမျှ အနိုင်မယူနိုင်ခဲ့ဖူးချေ။

သူတို့ ကယ်တင်ရှင်များကို လုံးဝ မနိုးထမီတွင်သာ သတ်ပစ်နိုင်သည်။ မဟုတ်ပါက ကယ်တင်ရှင်များ နိုးထလာသည်နှင့် နဂါးနက်ဂိုဏ်းလည်း ပြီးဆုံးသွားပေလိမ့်မည်။

“ဂို… ဂိုဏ်းချုပ်ကြီး၊ ကျွန်တော်တို့တော့ သွားပြီ။ နဂါးနက်ဂိုဏ်းတော့ ပျက်စီးပြီ။ ကယ်တင်ရှင်တွေ နိုးထလာကြပြီတဲ့။ ကျွန်တော်တို့ နဂါးနက်ဂိုဏ်းအနေနဲ့ ကယ်တင်ရှင်တွေကို မတွန်းလှန်နိုင်ဘူး…”

အကြီးအကဲများ ယူကျုံးမရ ငိုကြွေးကြတော့သည်။ သူတို့သည် အမှန်တရားကို လက်မခံနိုင်ဘဲ ဖြစ်နေကြရသည်။ မည်သည့်အတွက်ကြောင့် ကယ်တင်ရှင်က အရေးကြီးဆုံး အချိန်တိုင်းတွင် အမြဲတမ်း နိုးထလာရသနည်း။ လက်ရှိအချိန်က သူတို့ နဂါးနက်ဂိုဏ်းအတွက် အလွန်ကောင်းမွန်သော ကာလဖြစ်သည်။ တစ်ကမ္ဘာလုံးကိုပင် သိမ်းပိုက်နိုင်မည့် အခွင့်အရေး ရှိနေသည်။

သို့သော် ကယ်တင်ရှင်များ နိုးထလာခြင်းက သူတို့အတွက် သတိပေးခေါင်းလောင်းသံအလား ဖြစ်၏။ ထိုသတိပေးသံက သူတို့ လုပ်ဆောင်ခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားရတော့မည်ကို သိစေသည်။

“ကယ်တင်ရှင်တွေ ဟုတ်လား။ ဟမ့်… လူလေးနှစ်ယောက်တည်းရယ်ပါ။ မင်းတို့က အဲ့လောက်တောင် ကြောက်နေကြတာလား”

နဂါးနက်ဂိုဏ်းချုပ်က ကယ်တင်ရှင်များကို လုံးဝ ဂရုမစိုက်သကဲ့သို့ မလှုပ်မယှက် ရှိနေသည်။

“ဂိုဏ်းချုပ်ကြီး… အဲဒါ ကယ်တင်ရှင်တွေပါ။ သူတို့က ကျွန်တော်တို့ နဂါးနက်ဂိုဏ်းရဲ့ ကမ္ဘာ့ရန်တွေ ဖြစ်ပါတယ်။ နဂါးနက်ဂိုဏ်းရဲ့ အရင်မိစ္ဆာဘုရင်တွေတောင် ကယ်တင်ရှင်တွေရဲ့ လက်ချက်နဲ့ အရေးနိမ့်ခဲ့ရဖူးပါတယ်…”

နဂါးနက်ဂိုဏ်း၏ အကြီးအကဲများက ကယ်တင်ရှင်များကို အလွန်တရာ ကြောက်ရွံ့နေကြသည်။ ကယ်တင်ရှင်များက သူတို့၏ ကမ္ဘာ့ရန်များပင် ဖြစ်သည်။ အတိတ်တုန်းက နဂါးနက်ဂိုဏ်းသည် နိုးထလာသော ကယ်တင်ရှင်များကို တစ်ခါမှ အနိုင်မရခဲ့ဖူးချေ။

ဝုန်း

မြေပြင်က ထပ်မံ လှုပ်ခါသွားပြန်သည်။ မကြာမီ နဂါးနက်ဂိုဏ်း၏ လျှို့ဝှက်အခန်းတံခါးဝ ပွင့်ထွက်သွားပြီး လူသုံးဦး၏ ပုံရိပ်များ ပေါ်ထွက်လာသည်။

ထိုအထဲတွင် လန်ထျန်းနှင့် လင်းလင်းတို့က လောကသို့ ဆင်းသက်လာသည့် နတ်ဘုရားများပမာ သန့်ရှင်းမွန်မြတ်လှသည့် အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။ ထိုသာမန်မကောင်းဆိုးဝါးများနှင့် ဗီဇပြောင်း မကောင်းဆိုးဝါးများထဲမှ မည်သည့်အရာကမျှ လန်ထျန်းနှင့် လင်းလင်းတို့ကို မတားဆီးနိုင်ကြချေ။

သူတို့က ရာစုနှစ်ပေါင်းများစွာအတွင်း နဂါးနက်ဂိုဏ်း၏ အိပ်မက်ဆိုး ဖြစ်ခဲ့ကြသည့် ကယ်တင်ရှင်များပင်။

“မင်းတို့ မိစ္ဆာကောင်တွေပဲ။ ငါ မိစ္ဆာစွမ်းအားတွေကို ငါ ခံစားနေရပြီ။ ဒါပေမဲ့ အလကားပဲ။ ကယ်တင်ရှင်တွေ နိုးထလာပြီ။ မင်းတို့ရဲ့ ယုတ်မာပက်စက်တဲ့ အကြံအစည်တွေ အောင်မြင်မှာ မဟုတ်ဘူး။ သေစမ်း”

လန်ထျန်း၏ အကြည့်များ အေးစက်သွားပြီး ရုတ်တရက် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ချက်ချင်းပင် မြေပြင်တစ်ခုလုံး လှုပ်ခါသွားသည်။ နဂါးနက်ဂိုဏ်း၏ အကြီးအကဲအားလုံး ကမန်းကတန်း ထွက်ပြေးကြတော့သည်။ သို့သော် အဖြူရောင် အလင်းတန်းတွင် ပါရှိသော ကြောက်မက်ဖွယ်ရာ စွမ်းအားက ခန်းမဆောင်ကြီးကိုပင် ဖြိုချပစ်နိုင်စွမ်း ရှိရာ သာမန် အကြီးအကဲ အနည်းငယ်ကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။

“ကယ်တင်ရှင်တွေ ဟုတ်လား။ ဘယ်လောက်တောင် ကလေးကလားဆန်တဲ့ လှည့်ကွက်လဲ”

ရုတ်တရက် မြင့်မြတ်ဟန်ဖြင့် ပလ္လင်ပေါ်တွင် ထိုင်နေသော နဂါးနက်ဂိုဏ်းချုပ်က တဖြည်းဖြည်း မတ်တတ်ရပ်လိုက်သည်။ ခန်းမဆောင်တစ်ခုလုံး မမြင်နိုင်သော စွမ်းအားတစ်ခု၏ လွှမ်းခြုံခြင်းကို ချက်ချင်း ခံလိုက်ရသည့်အလား ဖြစ်သွား၏။

အဖြူရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး နဂါးနက်ဂိုဏ်း၏ အကြီးအကဲများသည်လည်း သေဆုံးမသွားခဲ့ကြချေ။ လန်ထျန်းလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် နဂါးနက်ဂိုဏ်းချုပ်ကို စိုက်ကြည့်လိုက်မိသည်။ အကြီးအကျယ် အန္တရာယ်ရှိသည့် ခံစားချက်တစ်ခုက သူ့နှလုံးအိမ်အတွင်း လှိုင်းထသွားတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters