← Chapters

အခန်း ၄၂၃

Vol. 38 Ch. 423

အခန်း ၄၂၃

Vol. 38 Ch. 423

အခန်း (၄၂၃) - ထွက်ပေါ်လာခြင်း

ဘာသာပြန် - အားသစ်

“မင်းတို့က ကယ်တင်ရှင်တွေလား။ မင်းတို့ဆီမှာ မူလဇာစ်မြစ်ကို ငါ မြင်နေရတယ်။ ဒီဂြိုဟ်ရဲ့ မူလဇာစ်မြစ်ပေါ့…”

နဂါးနက်ဂိုဏ်းချုပ်၏ မျက်လုံးများထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။

မူလဇာစ်မြစ်… ဂြိုဟ်တစ်လုံး၏ မူလဇာစ်မြစ်။ ယင်းက ကံကောင်းမှသာ တွေ့နိုင်မည့် အရာမျိုးပင်။

“တကယ်တန်း မင်းက ဘယ်သူလဲ။ မင်းက နဂါးနက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်ဘူး”

လန်ထျန်း ရရှိထားသော သတင်းအချက်အလက်များအရ နဂါးနက်ဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့ရှေ့မှလူ လုံးဝ မဟုတ်ပေ။ ထို့အပြင် နဂါးနက်ဂိုဏ်းချုပ်အနေဖြင့် ကယ်တင်ရှင်များကိုပင် ဖက်တုယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ချေ။

မဟုတ်ပါက ရှည်လျားလှသော သမိုင်းတစ်လျှောက်တွင် နဂါးနက်ဂိုဏ်းက ကယ်တင်ရှင်များ၏ လက်ချက်ဖြင့် အဘယ်ကြောင့် ထပ်ခါတလဲလဲ ရှုံးနိမ့်ခဲ့ရပါမည်နည်း။

သို့သော်လည်း သူ့ရှေ့မှ နဂါးနက်ဂိုဏ်းချုပ်က လန်ထျန်းအား အတိုင်းအဆမဲ့ အန္တရာယ်ရှိသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

“လင်းလင်း… ငါတို့ အတူတူ တိုက်ကြမယ်”

လန်ထျန်းက သူ့ဘေးမှ လင်းလင်းကို ပြောလိုက်သည်။ ဤမျိုးဆက်တွင် သူတစ်ယောက်တည်း ကယ်တင်ရှင် ဖြစ်နေခြင်း မဟုတ်ပေ။ ကယ်တင်ရှင် နှစ်ယောက်ရှိနေသည်။ လင်းလင်းနှင့် ပူးပေါင်းမှသာ သူ အတိတ်က ကယ်တင်ရှင်များ၏ စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

လင်းလင်းလည်း ခေါင်းညိတ်လိုက်သည်။ အခြေအနေများက ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ သူမအနေဖြင့် ခေါင်းမရှောင်သာတော့ပေ။ နဂါးနက်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းပြီး သူမ၏ အေးချမ်းသော ဘဝလေးကို ပြန်လည်ရယူလိုသည်။

ထို့ကြောင့် လန်ထျန်းနှင့် လင်းလင်းတို့ အတူတူ တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ မူလဇာစ်မြစ်များသည် ပေါင်းစပ်သွားသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားလက်စွပ်ထဲမှ မူလဇာစ်မြစ်များစွာ တိုးထွက်လာကြ၏။

ယင်းက ဂြိုဟ်၏ မူလဇာစ်မြစ် ဖြစ်သည်။ မူလဇာစ်မြစ်များတိုးလာသည်နှင့် သူတို့နှစ်ယောက်လည်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု အဆင့်အထိပင် တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။ ထိုမျှသာမက ဤဂြိုဟ်ပေါ်ရှိ မူလဇာစ်မြစ်၏ သဘာဝအလျောက် ဖိနှိပ်မှုများကြောင့် တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု၏ စွမ်းအားနှင့်ပင် တန်းတူနီးပါး ရှိနေသည်။

ဤမျှ အစွမ်းထက်လှသော စွမ်းအားက မြို့ပြများနှင့် မြေမျက်နှာသွင်ပြင်များကို ဖျက်ဆီးပစ်ရန် လုံလောက်လှသည်။ ကျွန်းတစ်ကျွန်းလုံးကိုပင် နစ်မြုပ်သွားစေရန် စွမ်းနိုင်ပေလိမ့်မည်။

သာမန် နဂါးနက်ဂိုဏ်းချုပ်တစ်ဦးက မည်မျှပင် သန်မာပါစေ ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအားကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။

သို့သော်လည်း များပြားလှသော မူလဇာစ်မြစ်များ ပေါက်ကွဲထွက်လာပြီး ဧရာမအလင်းလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲကာ နဂါးနက်ဂိုဏ်းချုပ်ထံသို့ တိုးဝင်သွားချိန်တွင် နဂါးနက်ဂိုဏ်းချုပ်၏ မျက်နှာပေါ်၌ ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ဝုန်းးး

ဧရာမအလင်းလုံးကြီးသည် အပြင်းအထန် ကျဆင်းသွားပြီး လေထုပင် ဖိသိပ်ခံလိုက်ရကာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သို့သော်လည်း နဂါးနက်ဂိုဏ်းချုပ်က ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့ပါးစပ်ကြီးက ချက်ချင်းပင် ထိတ်လန့်သွေးပျက်စရာ ကောင်းလှသည့် ပါးစပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရှေးခေတ်ကမ္ဘာဦးမိစ္ဆာကြီး တစ်ကောင်ကဲ့သို့ပင် သူက မူလဇာစ်မြစ် အလင်းလုံးကြီးကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်လိုက်တော့သည်။

“သူ… သူက မျိုချလိုက်တာလား”

လန်ထျန်းနှင့် လင်းလင်းတို့ နှစ်ဦးစလုံး ဆွံ့အမှင်သက်သွားကြသည်။ သူတို့သည် ဤကဲ့သို့ ထူးဆန်းသည့် အရာမျိုးကို ကြုံဖူးရန်မဆိုထားနှင့် ကြားပင်မကြားဖူးချေ။ လင်းဖုန်း၏ အကြည့်များပင် ရုတ်တရက် အေးခဲသွားရသည်။

မျိုချလိုက်တယ် ဟုတ်လား။ ယင်းက အစစ်အမှန် မူလဇာစ်မြစ် ဖြစ်သည်။ မည်သူက မူလဇာစ်မြစ်ကို မျိုချနိုင်ပါမည်နည်း။

လင်းဖုန်းကိုယ်တိုင်ပင် မူလဇာစ်မြစ်ကို တိုက်ရိုက် မမျိုချနိုင်ပေ။

အခြေအနေတစ်ရပ်မှလွဲ၍…

လင်းဖုန်းသည် ထိန်လန့်ဖွယ်ရာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။ သို့သော် ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ သူ မယုံကြည်နိုင်သလို ဖြစ်သွားပြီး ယုတ္တိမရှိသလိုပင် ခံစားလိုက်ရသည်။ ယင်းက သူ၏ ယခင် သိမြင်နားလည်မှုများကို လုံးဝဥဿုံ ပြောင်းပြန်လှန်ပစ်လိုက်သည့်အလားပင်။

“တကယ်ကို အရသာရှိတာပဲ။ ဂြိုဟ်တစ်လုံးရဲ့ မူလဇာစ်မြစ်က တွေ့ရခဲတယ်။ ငါက ပိုပြီး သတ်ဖြတ်မှုတွေ ဖျက်ဆီးမှုတွေ လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ဒီဂြိုဟ်ရဲ့ မူလဇာစ်မြစ်က ဒီလောက်ထိ ထူးခြားလိမ့်မယ်လို့တော့ မထင်ထားမိခဲ့ဘူး။ ပြီးတော့ သူ့မှာ အသိစိတ်တစ်ခု တောင် ရှိနေပုံရသေးတယ် ဟုတ်ရဲ့လား။ စိတ်ဝင်စားစရာပဲ။ ဒီလိုဂြိုဟ်မျိုးကို ဝါးမြိုရတာက တခြားဂြိုဟ်ဆယ်လုံးလောက်ကို ဝါးမြိုရတာထက် အများကြီး ပိုကောင်းတယ်…”

နဂါးနက်ဂိုဏ်းချုပ်က လောဘကြီးကာ ကြမ်းကြုတ်ခက်ထန်ဟန်ဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သေးသည်။

“မင်း…”

လန်ထျန်းနှင့် လင်းလင်းတို့၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူတို့ရှေ့မှ နဂါးနက်ဂိုဏ်းချုပ်က ရုတ်တရက် ဂြိုဟ်ကွဲသက်ရှိတစ်ယောက်အလား ဖြစ်သွားပြီး ပို၌ပင် အန္တရာယ်ရှိလာသည်။

“ဒီကိုလာပြီး ဂြိုဟ်ရဲ့ မူလဇာစ်မြစ်နဲ့ ဆက်သွယ်စမ်း”

နဂါးနက်ဂိုဏ်းချုပ်သည် လန်ထျန်းနှင့် လင်းလင်းတို့ကို လှမ်းဖမ်းလိုက်သည်။ အစွမ်းထက်သော ကယ်တင်ရှင်နှစ်ဦးသည် ထိုအချိန်တွင် အလွန် အားကိုးရာမဲ့မှုကို ခံစားလိုက်ရ၏။ ကယ်တင်ရှင်များက မည်သည့်အချိန်ကစပြီး သားကောင်များ ဖြစ်သွားကြသနည်း။

မှန်ပေစ။ သူတို့၏ အမြင်တွင် နဂါးနက်ဂိုဏ်းချုပ်က သူတို့ကို သားကောင်များအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

နဂါးနက်ဂိုဏ်းချုပ်၏ ပြောင်းလဲမှုကြောင့် တုန်လှုပ်သွားခဲ့ရသည်က လန်ထျန်းနှင့် လင်းလင်းတို့သာမကပေ။ တကယ်တန်းတွင် နဂါးနက်ဂိုဏ်း၏ အကြီးအကဲများက ပို၍ပင် တုန်လှုပ်နေခဲ့ကြသည်။ ယခင်က သူတို့ ဤဂိုဏ်းချုပ်အသစ်ကို ကြမ်းကြုတ်ရက်စက်သူတစ်ဦးအဖြစ်သာ ထင်မှတ်ထားခဲ့၏။ သို့သော်လည်း သူက နိုးထလာသော ကယ်တင်ရှင်များကိုပင် ကိုင်တွယ်နိုင်လိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးခဲ့ဖူးချေ။

သူတို့ ဝမ်းမြောက်မိကြသော်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသား နက်ရှိုင်းရာ၌ မရေရာသည့် မငြိမ်သက်မှုတစ်ခုကိုလည်း ခံစားနေကြရသည်။ ယင်းက သူတို့ရှေ့မှ နဂါးနက်ဂိုဏ်းချုပ်တွင် ကြောက်စရာကောင်းသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်သည်။

နဂါးနက်ဂိုဏ်းချုပ်၏ လက်က လေထုထဲတွင် ကြီးထွားလာခဲ့ပြီး ကောင်းကင်ကြီးကိုပင် ထောက်ပင့်ထားနိုင်သည့် ဧရာမလက်ဝါးကြီးတစ်ဖက်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ လန်ထျန်းနှင့် လင်းလင်းတို့ သူတို့၏ ခွန်အားအားလုံးကို ထုတ်ဖော်လိုက်ကြသော်လည်း ဤလက်ဝါးကြီး၏ ချုပ်ကိုင်မှုအောက်မှ လွတ်မြောက်နိုင်စွမ်း မရှိချေ။

“မဖြစ်နိုင်ဘူး… မဖြစ်ဘူး…”

လန်ထျန်းသည် အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။ သူက ကယ်တင်ရှင် ဖြစ်၏။ လူသားအားလုံးအတွက် သူ့အသက်ကိုပင် စတေးရန် အသင့်ရှိသော်လည်း မိစ္ဆာများ၏ လက်ချက်ဖြင့် အရေးနိမ့်သွားရန်ကမူ လုံးဝ အလိုမရှိပေ။

သို့သော်လည်း ဤစွမ်းအားက အလွန်တရာ အားကောင်းလွန်းလှ၏။ နဂါးနက်ဂိုဏ်းချုပ်က သူတို့ကို လင်းတတစ်ကောင်က စာငယ်ကလေးများကို ဖမ်းဆီးသကဲ့သို့ ချပ်နှောင်ဖမ်းဆီးလိုက်သည်။ သူတို့အနေဖြင့် ပြန်လည်ခုခံရန် မည်သည့် စွမ်းအားမျှ မရှိတော့ချေ။

ဖတ်

ထိုအခိုက်ယတွင် ဖြူဖျော့ဖျော့ လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာသည်။ ထိုလက်က ငှက်မွေးတစ်မျှ ပေါ့ပါးပုံရသော်လည်း နဂါးနက်ဂိုဏ်းချုပ်၏ ဧရာမလက်ဝါးကြီးကို လွယ်လင့်တကူ တားဆီးလိုက်သည်။

“ဟမ်…”

နဂါးနက်ဂိုဏ်းချုပ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ထိုဖြူဖျော့ဖျော့ လက်ပိုင်ရှင်ကို စူးစိုက်ကြည့်လိုက်သည်။

တိုက်ခိုက်လိုက်သူက လင်းဖုန်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤနေရာသို့ ရောက်ရှိလာကတည်းက သူက မမြင်နိုင်သော လူတစ်ယောက်ကဲ့သို့ ရှိနေခဲ့ပြီး မည်သူကမျှ လုံးဝ သတိမပြုမိဘဲ ဖြစ်နေခဲ့ရသည်။ လူတိုင်းက သူ့ကို ကယ်တင်ရှင်များ၏ လက်အောက်ငယ်သားတစ်ဦးအဖြစ်သာ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

နဂါးနက်ဂိုဏ်းချုပ်ပင်လျှင် သူ့ကို အထင်မှားခဲ့သည်။

လန်ထျန်းနှင့် လင်းလင်းတို့သည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းသိမ်းရန် အခွင့်အရေး ရသွားကြသည်။ သူတို့ လင်းဖုန်းနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြပြီး နဂါးနက်ဂိုဏ်းချုပ်ကို ထိတ်လန့်တုန်လှုပ်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။ သူတို့ ဤကမ္ဘာကြီးကို နားမလည်နိုင်တော့ချေ။ ပထမဦးစွာ လင်းဖုန်းဖြစ်ပြီး ထို့နောက်တွင်မူ နဂါးနက်ဂိုဏ်းချုပ် ဖြစ်သည်။ သူတို့အနေဖြင့် ထိုနှစ်ဦးစလုံးကို လုံးဝ မတွန်းလှန်နိုင်ကြချေ။

ယင်းက လန်ထျန်း သူ့ဘဝကိုပင် သူ အနည်းငယ် သံသယဝင်သွားစေသည်။ သူက ကယ်တင်ရှင် ဖြစ်နေသေးသလော။

“ငါ မမှားဘူးဆိုရင် မင်းကို နဂါးနက်ဂိုဏ်းချုပ်လို့ ခေါ်ရမလား ဒါမှမဟုတ် ဝါးမြိုသက်ရှိလို့ ခေါ်ရမလား”

လင်းဖုန်း၏ အကြည့်များက အေးစက်သွားသည်။ သူ့ထံမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဟုန်းဟုန်းတောက် ထွက်ပေါ်လာ၏။ ထို့အပြင် ဂြိုဟ်၏ မူလဇာစ်မြစ်က အဘယ်ကြောင့် သူနှင့် သဘောတူညီချက်တစ်ခု ပြုလုပ်လိုသည်ကိုလည်း သူ နားလည်သွားသည်။

ဂြိုဟ်အဆင့်သက်ရှိများသာ ဂြိုဟ်တစ်လုံး၏ မူလဇာစြုကိုစ် ခြိမ်းခြောက်နိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် ဂြိုဟ်၏ မူလဇာစ်မြစ်ကို ဝါးမြိုနိုင်သော သူ့ရှေ့မှ နဂါးနက်ဂိုဏ်းချုပ်လိုမျိုး ဖြစ်သည်။ လင်းဖုန်း နဂါးနက်ဂိုဏ်းချုပ်ထံမှ ရင်းနှီးသည့် အငွေ့အသက်တစ်ခုကိုပင် ခံစားလိုက်ရသည်။

ယင်းက ဂြိုဟ်အဆင့်သက်ရှိ၏ အငွေ့အသက် ဖြစ်သည်။ နဂါးနက်ဂိုဏ်းချုပ်က ဝါးမြိုသက်ရှိပင်။

ယင်းက လင်းဖုန်း စောင့်ဆိုင်းနေခဲ့သော ဝါးမြိုခြင်းသက်ရှိပင် ဖြစ်နိုင်ခြေ ရှိသည်။ သို့သော်လည်း သူ့ရှေ့မှ နဂါးနက်ဂိုဏ်းချုပ်က လင်းဖုန်း သိထားသော ဝါးမြိုသက်ရှိများနှင့်မူ အနည်းငယ် ကွဲပြားနေပုံရသည်။

နဂါးနက်ဂိုဏ်းချုပ် မျက်မှောင်ကြုတ်သွားသည်။ သူ လင်းဖုန်းကို သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အံ့သြတကြီး ပြောလိုက်သည်။

“ဘီမွန်နတ်နန်းရဲ့ တပည့်လား”

မျှော်လင့်ထားသည့်အတိုင်း တစ်ဖက်လူက သေချာပေါက် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်သည်။ သူက ဘီမွန်နတ်နန်းအကြောင်းကိုပင် သိထားသေးသည်။

“မှန်တယ်။ ငါက ဘီမွန်နတ်နန်းရဲ့ တပည့်ပဲ။ အရင်က ဘီမွန်ဂလက်ဆီထဲက ဂြိုဟ်တွေကို ဝါးမြိုခဲ့တာ မင်းပဲ မဟုတ်လား။ ငါ အက်ကွာဂြိုဟ်ပေါ်မှာ မင်းကို စောင့်နေခဲ့တာ အတော်ကြာနေပြီ။ မင်းက အက်ကွာဂြိုဟ်ပေါ်ကို ရောက်နှင့်နေပြီလို့ ဘယ်သူက ထင်ထားမှာလဲ”

လင်းဖုန်း၏ စကားကို ကြားသောအခါ နဂါးနက်ဂိုဏ်းချုပ်က ဆန်းကြယ်ဟန်ဖြင့် ရယ်မောလိုက်သည်။

“ဒီတော့ ငါ နောက်ဆုံးမှာ ဘီမွန်နတ်နန်းနဲ့ ရင်ဆိုင်ရဦးမှာပဲပေါ့။ အစက ငါ ဂြိုဟ်တချို့ ဝါးမြိုပြီးတာနဲ့ ချက်ချင်း ထွက်သွားမလို့ပဲ။ ဒါပေမဲ့ ဒီဂြိုဟ်တွေရဲ့ အရသာက အရမ်းကောင်းလွန်းတယ်။ ငါ့ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်း အားရဝမ်းသာ ဖြစ်နေတာကို ငါ ခံစားနေရတယ်။ မင်းကတော့ တကယ် ကံဆိုးတာပဲ။ မင်းရဲ့ နတ်နန်းက စစ်ကူတွေကို သေချာစောင့်နေသင့်တာ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်ပဲ ရှိသေးတဲ့ နတ်နန်းက သာမန်တပည့်တစ်ယောက်က ငါ့ကို တားချင်တယ်ပေါ့။ ဟုတ်လား”

ကြောက်စရာ အငွေ့အသက်တစ်ခု နဂါးနက်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲမှ စတင်ပေါက်ကွဲထွက်လာသည်။ သူ လင်းဖုန်းကို အကြည့်တစ်ချက်ဖြင့် အကဲဖြတ်နိုင်သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်သာ ရှိသေးသောလူက သူ့ကို မည်သို့ တားဆီးရဲပါမည်နည်း။

ဘီမွန်နတ်နန်း၏ တပည့်က အလွန်တရာ မိုက်မဲလွန်းနေသလား သို့တည်းမဟုတ် မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသလားဆိုသည်ကို သူ တကယ်ပင် မသိတော့ပေ။

ထာဝရသိုင်းတာအိုအရှင်

All Chapters