အခန်း ၄၂၄
Vol. 38 Ch. 424
အခန်း (၄၂၄) - ဂြိုဟ်အဆင့် သက်ရှိ
ဘာသာပြန် - အားသစ်
“မင်း ရူးများ ရူးနေတာလား။ ငါက ဂြိုဟ်အဆင့်သက်ရှိဆိုတာ မင်းသိပြီးသားပဲကို ငါ့ကို ဒီနေရာမှာ ဘယ်လိုများ လာတားရဲတာလဲ။ ငါက ဖျက်ဆီးခြင်းစွမ်းအားတွေနဲ့ သေခြင်းတရား အငွေ့အသက်တွေကိုပဲ ကောင်းကောင်းမွန်မွန် စုဆောင်းချင်တာ။ အင်း… ဒီလိုဆိုမှတော့ ငါလည်း ဒီကစားပွဲကို အခုပဲ အဆုံးသတ်လိုက်တာပေါ့။ အဲ့ဒါ ပိုကောင်းပါတယ်”
နဂါးနက်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက တစ်စတစ်စ ပိုမို ကြီးမားလာသည်။ တစ်ချိန်တည်းမှာပင် သူ့ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပြန့်ကားကြီးထွားလာတော့သည်။
ဆယ်မီတာ၊ မီတာတစ်ရာ၊ မီတာတစ်ထောင်…
နဂါးနက်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က ဆယ်ဆ၊ အဆတစ်ရာမက မြန်ဆန်သော နှုန်းဖြင့် ကျယ်ပြန့်လာနိုင်သည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
သူ ခြေတစ်ဖက်ကို အသာအယာ နင်းချလိုက်သည်။
ဝုန်း
ခန်းမဆောင်တစ်ခုလုံးနှင့် ကျွန်းတစ်ကျွန်းလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လင်းဖုန်းသည် လန်ထျန်းနှင့် လင်းလင်းတို့ကို ခေါ်ဆောင်ကာ ကောင်းကင်ယံသို့ ကြိုတင်ပျံသန်းသွားခဲ့သဖြင့် ဤဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ကြသည်။ အောက်ရှိ ကျွန်းမှာမူ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လန်ထျန်းနှင့် လင်းလင်းတို့ နှစ်ဦးစလုံး အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဒါက လူသားတွေရဲ့ စွမ်းအားရော ဟုတ်ရဲ့လား။
သူတို့က ကယ်တင်ရှင်များ ဖြစ်ကြသော်လည်း ကျွန်းတစ်ကျွန်းကို ဖျက်ဆီးပစ်ရန်ကမူ လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် တစ်ဖက်လူက ခြေတစ်ချက် နင်းရုံမျှဖြင့် ကျွန်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နဂါးနက်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က အဆက်မပြတ် ဆက်လက် ကြီးထွားနေဆဲပင်။
ပင်လယ်ပြင်ပေါ်တွင် ရှာဖွေရေး စစ်သင်္ဘောများစွာ ပေါ်ထွက်လာကြသည်။ အင်အားကြီးနိုင်ငံအားလုံး နဂါးနက်ဂိုဏ်း၏ ဌာနချုပ် တည်နေရာကို ရှာဖွေတွေ့ရှိသွားကြပုံရသည်။ သို့သော်လည်း စိတ်မကောင်းစရာမှာ သူတို့ ရောက်ရှိလာသည့် အချိန်တွင် ကြီးမားလှသော ကျွန်းကြီးက ကောင်းကင်ထိအောင် မြင့်မားလှသော ဧရာမလူသားကြီးတစ်ယောက်၏ လက်ချက်ဖြင့် ပျက်စီးသွားသည်ကိုသာ မြင်တွေ့လိုက်ကြရသည်။
ထိုကြောက်မက်ဖွယ်ရာ လူ့ဘီလူးကြီးက မည်သည့်အရာကြီးဖြစ်သနည်း။ ဒဏ္ဍာရီထဲမှ ခေတ်ကာလတစ်ခု ရောက်ရှိလာခဲ့ပြီလော။
ယင်း၏ အရွယ်အစားကို ကြည့်ရုံမျှဖြင့် သာမန်စစ်သင်္ဘောများက လုံးဝ အသုံးမဝင်ကြောင်း သိသာသည်။ တစ်ဖက်လူ ခြေတစ်ချက် နင်းလိုက်ရုံဖြင့် စစ်သင်္ဘောအားလုံး ပြာကျသွားပေလိမ့်မည်။
“ငါတို့ ဘာလုပ်ကြမလဲ”
ကယ်တင်ရှင်များ ဖြစ်ကြသော လန်ထျန်းနှင့် လင်းလင်းတို့ ယခုအချိန်တွင် မည်သည့်အရာကိုမျှ မတွေးတောနိုင်တော့ပေ။
လင်းဖုန်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လန်ထျန်းနှင့် လင်းလင်းတို့ကို ပြောလိုက်သည်။
“ငါ သူ့ကို အဝေးကို မျှားခေါ်သွားမယ်”
ထိုသို့ပြောပြီးနောက် လင်းဖုန်း၏ ခန္ဓာကိုယ်သည်လည်း နဂါးနက်ဂိုဏ်းချုပ်ထက် မနိမ့်ကျသော နှုန်းဖြင့် အလျင်အမြန် ကြီးထွားလာတော့သည်။
“အဲဒါက…”
လန်ထျန်းနှင့် လင်းလင်းတို့နှ်ယောက်သား ပါးစပါအဟောင်းသားဖြစ်သွားကြရသည်။ ယခုမှသာ သူတို့၏ ကယ်တင်ရှင်များဟူသော အဆင့်အတန်းက မည်မျှအထိ ရယ်စရာကောင်းလှကြောင်း နားလည်သဘောပေါက်သွားကြတော့သည်။
“သေစမ်း”
လင်းဖုန်း မဟာဖျက်ဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုလိုက်ပြီး ဖျက်ဆီးခြင်း နိယာမက လင်းဖုန်း၏ မဟာဖျက်ဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလျင်အမြန် ပံ့ပိုးပေးနေသည်။ သူ့လက်ဝါးတစ်ချက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ဂြိုဟ်အဆင့်သက်ရှိဖြစ်သော နဂါးနက်ဂိုဏ်းချုပ်ပင် လျစ်လျူမရှုဝံ့ပေ။
ဘုန်း
ကြောက်မက်ဖွယ်ရာ တုန်ခါမှုလှိုင်းများ ပြန့်နှံ့သွားပြီး ပင်လယ်ပြင်တွင် ပြင်းထန်လှသော လှိုင်းလုံးကြီးများ ချက်ချင်း ထကြွလာသည်။ မိုင်ပေါင်းရာချီ ပတ်လည်အတွင်းရှိ ကျွန်းများအားလုံး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
“တိုက်ပွဲဝင်ခန္ဓာကိုယ်… မင်းက တကယ်ပဲ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သုံးနေတာပဲ။ မင်းက ကျင့်ကြံသူတစ်ယောက်လား။ ဝါးမြိုသက်ရှိ မဟုတ်ဘူးပေါ့”
လင်းဖုန်း နဂါးနက်ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက ပုံစံပြောင်းထားသည့် လူသားတစ်ဦး မဟုတ်ဘဲ အစစ်အမှန် လူသားတစ်ဦး ဖြစ်နေသည်။ သူက လီဗိုင်ယာသန်ကဲ့သို့ ဝါးမြိုသက်ရှိ မဟုတ်ပေ။ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သို့သော်လည်း သူက အစစ်အမှန် ဂြိုဟ်အဆင့်သက်ရှိတစ်ယောက် ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူ ထိုဂြိုဟ်များကို ဝါးမြိုခဲ့ကြောင်းကိုလည်း ကိုယ်တိုင် ဝန်ခံထားပြီး ဖြစ်သည်။
လင်းဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသည်။
“ဟားဟားဟား… ငါက တကယ်ပဲ သိုင်းကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမဲ့ ကျင့်ကြံသူတွေက ဂြိုဟ်တွေကို ဝါးမြိုလို့မရဘူးလို့ မင်း ဘယ်သူပြောလဲ။ ငါက ဂြိုဟ်တွေကို ဝါးမြိုချင်ရုံတင်မကဘူး။ မရေမတွက်နိုင်တဲ့ အသိဥာဏ်ရှိ သက်ရှိတွေကိုပါ ဝါးမြိုပစ်ချင်တာကွ။ ဟားဟားဟား… စကြဝဠာထဲမှာ ကျင့်ကြံခြင်းပညာရပ်တွေ သန်းပေါင်းများစွာ ရှိတယ်။ ငါ့ရဲ့ ကျင့်စဉ်လမ်းက သက်ရှိအားလုံးကို ဝါးမြိုပစ်၊ စကြဝဠာထဲက အရာအားလုံးကို ဝါးမြိုပြီးတော့ ငါ့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ”
နဂါးနက်ဂိုဏ်းချုပ်၏ အသံက အေးစက်ကာ မောက်မာလွန်းပြီး အတိုင်းထက်အလွန် ရက်စက်ကြမ်းကြုတ်လှသည်။
ယခုမှသာ လင်းဖုန်း နားလည်သွားတော့သည်။ တစ်ဖက်လူက ဝါးမြိုသက်ရှိများနှင့် ဆင်တူသော ထူးဆန်းသည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ မဟုတ်သေးပေ။ သူက ဝါးမြိုသက်ရှိများထက်ပင် ကိုင်တွယ်ရ ပိုမိုခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် ဤသို့သော သူတို့ကအသိဉာဏ်ပိုရှိပြီး ပိုမိုဉာဏ်များကာ သူတို့ကိုယ်သူတို့ ကဖုံးကွယ်ထားနိုင်ကြသဖြင့် ပိုမိုကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။
ယင်းက ဝါးမြိုသက်ရှိများထက်ပင် ပိုပြီး ကြောက်စရာကောင်းလှသည်။
“ဘီမွန်နတ်နန်းရဲ့ တပည့် ဟုတ်လား။ မင်းက အလယ်ပိုင်းဒေသက တပည့်ဖြစ်ရမယ် မဟုတ်လား။ အမာခံတပည့်တောင် မဟုတ်သေးတော့ မင်းအနေနဲ့ စကြဝဠာရဲ့ အစစ်အမှန် လျှို့ဝှက်ဆန်းကြယ်မှုတွေကို သေချာပေါက် သိမှာမဟုတ်ဘူး။ ငါတို့က အမြင့်မြတ်ဆုံး ကျင့်ကြံသူတွေပဲ။ ငါတို့က ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့လမ်း၊ စကြဝဠာရဲ့ အမြင့်မြတ်ဆုံး အမှန်တရားကို ကျင့်ကြံနေကြတာ။ ငါ့လမ်းကို ပိတ်ဆို့တဲ့သူမှန်သမျှ သေရမယ်”
နဂါးနက်ဂိုဏ်းချုပ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဆက်လက် ကြီးထွားလာသည်။ လင်းဖုန်း၏ ယခင်လက်သီးချက်ကမူ လုံးဝ အသုံးမဝင်သည့်အလားပင်။
နဂါးနက်ဂိုဏ်းချုပ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဆက်လက် ကျယ်ပြန့်နေဆဲပင်။ အကယ်၍ သူသာ တိုက်ပွဲဝင်ခန္ဓာကိုယ်အစစ်ကို အပြည့်အဝ အသုံးပြုလိုက်ပါက ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဂြိုဟ်တစ်လုံးပမာ ကြီးမားပေလိမ့်မည်။
ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက အက်ကွာဂြိုဟ်လောက်ပင် ကြီးမားလှသည်။ ပို၍ပင် ကြီးနိုင်သေးသညိ။
ဤမျှ အစွမ်းထက်သော တိုက်ပွဲဝင်ခန္ဓာကိုယ်က အက်ကွာဂြိုဟ်ကို ဝါးမြိုရန်ပင် မလိုဘဲ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
“ဟားဟား… မင်းက ဒီဂြိုဟ် ပျက်စီးသွားမှာ ကြောက်နေတာလား။ မင်းတို့လို သမရိုးကျ ကျင့်ကြံသူတွေက အမြဲတမ်း တွေဝေတုံ့ဆိုင်းနေတတ်ကြတာပဲ။ သာမန်ဂြိုဟ်တစ်လုံးက ဘာများ တန်ဖိုးရှိလို့လဲ။ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ နေ့တိုင်း မရေမတွက်နိုင်တဲ့ ဂြိုဟ်တွေနဲ့ အသိဉာဏ်ရှိ သက်ရှိတွေ ပေါ်ထွက်နေကြတာပဲ။ သာမန်ဂြိုဟ်တစ်လုံးက နှစ်ပေါင်း တစ်သောင်း ဒါမှမဟုတ် သန်းတစ်ရာအတွင်းမှာ ဂြိုဟ်အဆင့်သက်ရှိကို မွေးဖွားပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ အဲဒါကို ဖျက်ဆီးပစ်လိုက်လို့ နှမြောစရာ ဘာရှိလဲ”
“မင်းက သက်ရှိတွေအပေါ်မှာ ဘာလေးစားသမှုမှ မရှိတော့ဘူးပဲ။ မင်းကိုယ်တိုင်လည်း အားနည်းတဲ့ သက်ရှိဘဝကနေ ဒီလိုအဆင့်အထိ ကြီးထွားလာခဲ့တာ မဟုတ်ဘူးလား”
လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း အလျင်အမြန် ပြန့်ကားကြီးထွားလာသည်။
ကီလိုမီတာ ၆၅၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်ပင် ကြီးမားလှသော်လည်း နဂါးနက်ဂိုဏ်းချုပ်၏ ဆက်လက် ကြီးထွားနေဆဲဖြစ်သော တိုက်ပွဲဝင်ခန္ဓာနှင့် နှိုင်းယှဉ်လျှင်မူ ဘာမှမဟုတ်တော့ပေ။
“ငါက အားနည်းတဲ့ သက်ရှိဘဝကနေ စခဲ့တာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါ ကြီးထွားလာတာနဲ့အမျှ အားနည်းတဲ့ သက်ရှိတွေရဲ့ ကံကြမ္မာကို ငါ ထိန်းချုပ်လာနိုင်ပြီ။ ငါ အဲ့လိုသက်ရှိတွေဆို အကုန် ဝါးမြိုပစ်လိုက်တယ်။ သူတို့လည်း ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း ဖြစ်လာကြတယ်လေ။ ဒါက သူတို့အတွက် ဂုဏ်ယူစရာပါပဲ”
နဂါးနက်ဂိုဏ်းချုပ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က တစ်စတစ်စ ပိုမို ကြီးမားလာသည်။ လင်းဖုန်းအနေဖြင့် သူ့ကို မတားဆီးနိုင်တော့ပေ။
“မစိုးရိမ်ပါနဲ့။ ဒီဂြိုဟ်က တကယ်ကို ထူးခြားပါတယ်။ အသိစိတ်ရှိတဲ့ မူလဇာစ်မြစ်ကိုတောင် မွေးဖွားပေးနိုင်ခဲ့တယ်။ ငါ ဒီဂြိုဟ်ကိုရော မူလဇာစ်မြစ်ကိုပါ အပြည့်အဝ ဝါးမြိုပစ်ချင်သေးတယ်။ အပိုင်းပိုင်း ပြတ်မသွားစေချင်သေးဘူး။ တကယ်လို့ မူလဇာစ်မြစ်တွေ အများကြီး ဆုံးရှုံးသွားရင် အဲဒါက ငါ့အတွက် ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မယ် ဟားဟားဟား။ လာစမ်းပါ။ မြင့်မြတ်လှပါတဲ့ နတ်နန်းရဲ့ တပည့်ကြီး၊ စကြဝဠာထဲကို လာခဲ့။ မင်း ငါ့ကို ဘယ်လောက်အထိ ကြုအောင် အချိန်ဆွဲထားနိုင်မလဲ။ ငါ မင်းကို အခွင့်အရေး ပေးမယ်”
စကားဆိုပြီးနောက် နဂါးနက်ဂိုဏ်းချုပ် အက်ကွာဂြိုဟ်မှ ထွက်ခွာသွားသည်။ သို့မှသာ လင်းဖုန်းလည်း သက်ပြင်းချနိုင်တော့သည်။
သို့သော်လည်း နဂါးနက်ဂိုဏ်းချုပ်၏ စကားများက လင်းဖုန်း၏ ရင်ကို တုန်လှုပ်သွားစေ၏။ ဘီမွန်နတ်နန်းက ဂြိုဟ်အဆင့်ကျင့်ကြံသူများ စေလွှတ်လိုက်လိမ့်မည်ကို နဂါးနက်ဂိုဏ်းချုပ်လည်း သိနေပုံရသည်။
ထိုသို့ သိထားသော်လည်း သူက အလျင်စလို ထွက်ခွာမသွားပေ။ ယင်းက သူ့တွင် ယုံကြည်ချက် တစ်ခုခု ရှိနေကြောင်း ပြသနေသည်။ သူ့အစွမ်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။
ဝှစ်
လင်းဖုန်းသည်လည်း အက်ကွာဂြိုဟ်မှ ထွက်ခွာကာ စကြဝဠာထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
စကြဝဠာထဲတွင်မူ နှစ်ဖက်စလုံး၌ ထိန်းချုပ်ထားစရာ ဘာမှမရှိတော့ပေ။ နဂါးနက်ဂိုဏ်းချုပ်က တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာ ၂၀,၀၀၀ နီးပါးအထိပင် ရှိနေသည်။
ယင်းက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်ပင်။ သာမန် ဂြိုဟ်အဆင့် သက်ရှိများ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်များက အခြေခံအားဖြင့် ကီလိုမီတာ ၁၀,၀၀၀ အထက်တွင် ရှိကြသည်။ ကီလိုမီတာ ၂၀,၀၀၀ နီးပါးရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်ခြင်းက နဂါးနက်ဂိုဏ်းချုပ်သည် မူလဂြိုဟ်အဆင့် သက်ရှိများထဲတွင် အသန်မာဆုံးများထဲမှ တစ်ဦးဖြစ်ကြောင်း သက်သေပြနေ၏။
နဂါးနက်ဂိုဏ်းချုပ်၏ ကီလိုမီတာ ၂၀,၀၀၀ နီးပါးရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီး၏ ရှေ့တွင် လင်းဖုန်း၏ ကီလိုမီတာ ၆၅၀ အမြင့်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်က အချိန်မရွေး နင်းခြေခံရနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်အလား ဖြစ်နေသည်။
ဤသည်က လင်းဖုန်းအနေဖြင့် အစစ်အမှန် ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်နှင့် ပထမဦးဆုံးအကြိမ် ရင်ဆိုင်ရခြင်းလည်း ဖြစ်သည်။ ကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက သူ့ကို မကြုံစဖူး အသက်ရှုကျပ်မတက် ဖိအားများ ပေးစွမ်းနေသည်။
ထာဝရသိုင်းတာအိုအရှင်