အခန်း ၄၂၅
Vol. 38 Ch. 425
အခန်း (၄၂၅) - ပြင်းထန်သော ဒဏ်ရာ
ဘာသာပြန် - အားသစ်
“ငါ အချိန်ဆွဲနေတာကို မင်းသိရက်သားနဲ့တောင် မပြေးဘူးပေါ့။ ဒါဆိုရင်လည်း မင်း ဒီနေရာကနေ ဘယ်တော့မှ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”
လင်းဖုန်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။ လက်ရှိအချိန်တွင် သူ့၌ မည်သည့် ခပ်ပေါ့ပေါ့ အတွေးမျိုးမျှ မရှိတော့ချေ။ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သူ အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။
“ဝါးမြိုစမ်း”
နဂါးနက်ဂိုဏ်းချုပ်က ပါးစပ်ကို ဟကာ ဝါးမြိုရန် ပြင်လိုက်သည်။
ဝူ
ကြောက်မက်ဖွယ်ရာ စုပ်အားတစ်ခုက လင်းဖုန်း၏ ကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးကို အရူးအမူး ဆွဲငင်လိုက်တော့သည်။ နဂါးနက်ဂိုဏ်းချုပ်က ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူ ကျင့်ကြံထားသည်မှာ ဝါးမြိုခြင်းကျင့်စဉ် ဖြစ်သည်။ လင်းဖုန်းသာ တကယ် ဝါးမြိုခံလိုက်ရပါက သူ ပြန်လည်လွတ်မြောက်နိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိပေ။
“ဖျက်ဆီးခြင်းလှံတံ”
လင်းဖုန်းသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေတော့ပဲ ဖျက်ဆီးခြင်းလှံတံကို ထုတ်လိုက်သည်။ သူ့လက်ဝါးထဲတွင် ဖျက်ဆီးခြင်းလှံတံ ချက်ချင်း ပေါ်ထွက်လာသည်။ လက်ရှိအချိန်တွင် လင်းဖုန်းသည် မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၊ ဖျက်ဆီးခြင်းလှံတံနှင့် ဂြိုဟ်အဆင့် ဖျက်ဆီခြင်း နိယာမတို့ကို ပူးတွဲအသုံးပြုနေခြင်း ဖြစ်သည်။
ဤအရာအားလုံးက လင်းဖုန်းအား သာမန်ဂြိုဟ်အဆင့် သက်ရှိများနှင့် ယှဉ်လျှင်ပင် လုံးဝ နိမ့်ကျမသွားစေရန် အထောက်အကူ ပြုပေးသည်။
ရွှစ်
လင်းဖုန်း၏ ဖျက်ဆီးခြင်းလှံတံက ချက်ချင်းပင် ကီလိုမီတာ ဆယ်ဂဏန်းမျှအထိ ဆန့သွထွက်သွားပြီး ကြောက်မက်ဖွယ်ရာ ဖျက်ဆီခြင်းစွမ်းအားများကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေသည်။ ယင်းက မူလလက်နက် ဖြစ်၏။ ပြိုကွဲပျက်စီးသွားသော ကြယ်တစ်လုံးမှ ထုတ်ယူထားသော ဖျက်ဆီးခြင်းစွမ်းအားက မည်မျှအထိ ကြောက်စရာကောင်းလိုက်မည်နည်း။
လင်းဖုန်း၏ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ဖျက်ဆီးခြင်းစွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ လွှမ်းမိုးချုပ်ကိုင်ထားနိုင်သော တိုက်ခိုက်မှုများက နဂါးနက်ဂိုဏ်းချုပ်ထံသို့ ပြင်းထန်လှသော ခြိမ်းခြောက်မှုအာရုံတစ်ခုကို ချက်ချင်း ပေးစွမ်းလိုက်နိုင်သည်။
အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်သာ ပြီးမြောက်ထားသေးသည့် သာမန်သိုင်းသမားတစ်ဦးက သူ့အား ဤမျှအထိ ပြင်းထန်လှသည့် ခြိမ်းခြောက်မှုမျိုး ပေးစွမ်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပထမဆုံးအကြိမ်အဖြစ် နဂါးနက်ဂိုဏ်းချုပ် လင်းဖုန်းကို အလေးအနက်ထား၍ စတင်ရင်ဆိုင်လာသည်။
သူ ဆက်လက် မဝါးမြိုရဲတော့ပေ။ လင်းဖုန်း၏ ဖျက်ဆခြင်းလှံတံက သူ့ထံသို့ မြန်မြန်ဆန်ဆန် ချဉ်းကပ်လာနေပြီ ဖြစ်သောကြောင့်ပင်။ စကြဝဠာကြီးတစ်ခုလုံးပင် ပြိုကွဲပျက်စီးသွားတော့မည့်အလား ဖြစ်နေပြီး ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းမုန်တိုင်းကြီးတစ်ခု တိုက်ခတ်လာသည်ကိုပင် ခံစားနေရသည်။
ကြောက်စရာအကောင်းဆုံးအရာက ဖျက်ဆီးခြင်းလှံတံထဲမှ ပေါက်ကွဲထွက်လာသော ဖျက်ဆီးခြင်းစွမ်းအားပင် ဖြစ်သည်။
ဘန်း
ဂြိုဟ်အဆင့်သက်ရှိများအကြား တိုက်ပွဲတွင် ပုံမှန်အားဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများသာ ဖြစ်လေ့ရှိသည်။ မည်သည့်နည်းဗျူဟာမဆို ကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီး ရှေ့တွင် အသုံးမဝင်ချေ။ ဤမျှ ကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးဖြင့် မည်သည့်နေရာတွင် သွားရောက်ပုန်းကွယ်ရှောင်တိမ်းနိုင်ပါမည်နည်း။
ထို့ကြောင့် ဂြိုဟ်အဆင့် သက်ရှိများက သူတို့၏ တိုက်ပွဲဝင်ခန္ဓာကိုယ် သန်မာမှုဖြင့်သာ ယှဉ်ပြိုင်ကြသည်။ မည်သူ၏ တိုက်ခိုက်မှုက ပိုမိုပြင်းထန်သည်၊ မည်သူ၏ နိယာမက ပိုမိုစွမ်းအားကြီးသည်၊ မည်သူက ပိုမိုခံနိုင်ရည်ရှိသည် ဆိုသည့် ကိစ္စရပ်တို့ကိုသာ အဓိက ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
လင်းဖုန်း၏ ဖျက်ဆီးခြင်းလှံတံနှင့် ရင်ဆိုင်ရသောအခါ နဂါးနက်ဂိုဏ်းချုပ်သည်လည်း သူ၏ ကြီးမားလှသော လက်ကြီးကို ဝှေ့ယမ်းလိုက်သည်။ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားအားလုံးကို စုစည်းကာ ပြင်းပြင်းထန်ထန် တိုက်ရိုက် ထိုးနှက်တိုက်ခိုက်လိုက်တော့သည်။
ဘုန်း
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ကြီးမားလှသော ဂြိုဟ်ကြီးနှစ်လုံး ထိပ်တိုက်တိုက်မိသကဲ့သို့ ဖြစ်သွားသည်။ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ဥက္ကာခဲများ သို့တည်းမဟုတ် စကြာဝဠာထဲရှိ တခြားသော အရာမှန်သမျှ ဤနောက်ဆက်တွဲလှိုင်ဂယက်များနှင့် ထိတွေ့မိသည်နှင့် ချက်ချင်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြရသည်။
အကယ်၍ လင်းဖုန်းနှင့် နဂါးနက်ဂိုဏ်းချုပ်တို့သာ အက်ကွာဂြိုဟ်ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ကွင်းမတိုက်ခိုက်ခဲ့ပါက ထိုတုန်ခါမှုလှိုင်းများက အက်ကွာဂြိုဟ်ကိုပင် လှုပ်ခါသွားစေပေလိမ့်မည်။ ဂြိုဟ်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲမသွားခဲ့လျှင်ပင် ဂြိုဟ်တွင်း၌ ကြီးကျယ်လှသော သဘာဝကပ်ဘေးကြီးတစ်ခု သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။ အသိဉာဏ်ရှိ သက်ရှိများသ အကြီးအကျယ် ဆုံးရှုံးရပေလိမ့်မည်။ တိုက်ရိုက်ပင် မျိုးသုဉ်းသွားနိုင်ချေ ရှိသည်။
ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော ဂြိုဟ်အဆင့် သက်ရှိတစ်ဦးနှင့် ရင်ဆိုင်ရာတွင် နည်းပညာယဉ်ကျေးမှုမှ စစ်သင်္ဘော မည်မျှပင် ရှိပါစေ အဘယ်မှာ အသုံးဝင်ပါတော့မည်နည်း။
ကျင့်ကြံခြင်း ယဉ်ကျေးမှုများက စကြဝဠာ၏ အဓိကရေစီးကြောင်းအဖြစ် အမြဲတစေ တည်ရှိနေခဲ့ပြီး စကြဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်နေနိုင်ခြင်းက အကြောင်းမဲ့ မဟုတ်ပေ။
ဂျွတ်
ထိုနှစ်ဦး ထိပ်တိုက်ရင်ဆိုင်မိကြသည်။ လင်းဖုန်းတစ်ယောက် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာ တစ်ရာကျော်ခန့် အလျင်အမြန် ဆုတ်ခွာသွားခဲ့ရသည်။ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အချိန်တွင်မဆို ပြိုလဲပျက်စီးသွားနိုင်သည့် ဖန်သားပြင် အက်ရာများအလား ထူထပ်လှသော အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။
လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်အမြောက်အမြား သေဆုံးသွားခဲ့ရသည်။ တိုက်ခိုက်မှုတစ်ချက်၏ စွမ်းအားက လင်းဖုန်းအား ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားစေသည်။ လင်းဖုန်းသည်လည်း ဂြိုဟ်အဆင့် သက်ရှိများ မည်မျှအထိ ကြောက်စရာကောင်းကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရ၏။
လင်းဖုန်းက သူ့ကိုယ်သူ သာမန် ဂြိုဟ်အဆင့်သက်ရှိများထက် နိမ့်ကျလိမ့်မည် မဟုတ်ဟု အမြဲ ခံစားခဲ့ရသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ့ပြိုင်ဘက်က သာမန် ဂြိုဟ်အဆင့်သက်ရှိ မဟုတ်သည်မှာ ထင်ရှားလှ၏။
ထိုသူက မူလဂြိုဟ်အဆင့် သက်ရှိတစ်ယောက်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိအဖြစ် အသွင်ပြောင်းလဲရန် အခွင့်အရေးတစ်ခုသာ လိုအပ်တော့သည့် အဆင့် ဖြစ်သည်။
တိုက်ခိုက်မှုတစ်ချက်၏ စွမ်းအားကပင် ဤမျှအထိ ကြီးမားလှသည်။
သို့သော်လည်း လင်းဖုန်း ဒဏ်ရာရသွားခဲ့သလို နဂါးနက်ဂိုဏ်းချုပ်လည်း သက်သာလှသည်တော့ မဟုတ်ပေ။ လင်းဖုန်း၏ ဖျက်ဆီးခြင်းလှံတံ၊ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ဖျက်ဆီးခြင်း နိယာမတို့ကို သူ မည်သို့ လွယ်လင့်တကူ တောင့်ခံနိုင်ပါမည်နည်း။
နဂါးနက်ဂိုဏ်းချုပ် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ တစ်ဒင်္ဂအတွင်းမှာပင် မူလက ကီလိုမီတာ ၂၀,၀၀၀ နီးပါး အမြင့်ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ၃၀ ရာခိုင်နှုန်းခန့်က ပြိုကွဲပျက်စီးသွားခဲ့ရသည်။
ထိုနေရာရှိ ဆဲလ်အားလုံး ပြာအဖြစ် ပြောင်းလဲကာ ပျက်စီးသွားခဲ့ရသည်။
“ဒါ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယင်းက သူ့တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ဆဲလ် ၃၀ ရာခိုင်နှုန်း ဖြစ်သည်။ သူက ဂြိုဟ်အဆင့် သက်ရှိ ဖြစ်သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်သာ ပြုထားရသေးသော သာမန်ကျင့်ကြံသူတစ်ဦးက တိုက်ခိုက်မှုတစ်ချက်ဖြင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ၃၀ ရာခိုင်နှုန်းကို မည်သို့နှယ် ဖျက်ဆီးပစ်နိုင်သနည်း။
ထို့အပြင် ယင်းက တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ၃၀ ရာခိုင်နှုန်းသာမကသေးပေ။ နဂါးနက်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲတွင် ဖျက်ဆီးတိုက်စားနေဆဲဖြစ်သော ဖျက်ဆီးခြင်းစွမ်းအား အမြောက်အမြား ကျန်ရှိနေသေးသည်။ ထိုစွမ်းအားများက သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ဆဲလ်များကို အစဉ်မပြတ် ဖျက်ဆီးပစ်နေသည်။
သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က စက္ကန့်တိုင်း မိနစ်တိုင်း ပျက်စီးပြိုကွဲလာနေသည်။ အလုံးစုံပျက်စီးသွားရန်မှာ အချိန်သာ လိုပေတော့မည်။
“ဖျက်ဆီးခြင်းစွမ်းအား၊ ဖျက်ဆီးခြင်း နိယာမ၊ မူလလက်နက်…”
ဤအဆင့်သို့ ရောက်ရှိလာချိန်တွင်မူ သူ အထင်သေးခဲ့သော အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်သာ ပြီးမြောက်ထားသေးသည့် ဤကျင့်ကြံသူက ဂြိုဟ်အဆင့် ဖျက်ဆီးခြင်း နိယာမကို ကျင့်ကြံနားလည်ထားသည်ကို နဂါးနက်ဂိုဏ်းချုပ်အနေဖြင့် မည်သို့ မသိဘဲ နေပါတော့မည်နည်း။
ထို့အပြင် သူ့ထံတွင် မူလလက်နက်တစ်ခုလည်း ရှိနေသေးသည်။
ဤနည်းလမ်းများအားလုံး ပေါင်းစပ်လိုက်သောအခါ လင်းဖုန်း၏ ခွန်အားက သူ့ထက် နိမ့်ကျနေလျှင်ပင် ကွာခြားချက် အများကြီးမရှိတော့ပေ။ ဤလင်းဖုန်းက သာမန်ဂြိုဟ်အဆင့် သက်ရှိများနှင့် လုံးဝ ရင်ဘောင်တန်းနိုင်စွမ်း ရှိသည်။ ထို့အပြင် ဂိုဏ်းချုပ်အနေဖြင့် သူ၏ ပေါ့ဆမှုကြောင့် ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားလိုက်ရသည်။
သူ့ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ၃၀ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရပြီး သူ့ ခန္ဓာကိုယ်ထဲတွင် ဖယ်ထုတ်မရသေးသော ဖျက်ဆီးခြင်းစွမ်းအားများ ကျန်ရှိနေသေးသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဆက်လက်ပြိုကွဲနေဦးမည် ဖြစ်သော်လည်း သူ့ ပြိုင်ဘက်ကရော မည်သို့ရှိသနည်း။
လင်းဖုန်း၏ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း သူ ထိန်းသိမ်းထားနိုင်ဆဲပင်။ ထို့အပြင် သူ့ထံတွင် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်လည်း ကျန်ရှိနေသေးသည်။
ထို့ကြောင့် သူ့ဆဲလ်များ အလျင်အမြန် ပြန်လည်ဖွဲ့စည်းသွားပြီး ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်အဖြစ် ထပ်မံပြောင်းလဲသွားသည်။
မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ဖျက်ဆီးနိုင်စွမ်းက ပို၍နိမ့်ကျလှသည်။ သို့သော်လည်း ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်၏ ကာကွယ်ရေးနှင့် ပြန်လည်ကုသနိုင်စွမ်းကမူ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ထက် အဆများစွာ သာ၏။
မူလက ပျက်စီးသွားသော ဆဲလ်အမြောက်အမြားသည် ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ အစွမ်းထက်လှသော ပြန်လည်ကုသနိုင်စွမ်းအောက်တွင် မြန်မြန်ဆန်ဆန် ပြန်လည်နာလန်ထူလာသည်။ လင်းဖုန်း မူလက ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း ယခုအခါ ထက်ဝက်ခန့် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။ ထို့အပြင် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ့ဒဏ်ရာများက တဖြည်းဖြည်း ပိုမို သက်သာလာသည်။
ယင်းက တိုက်ပွဲဝင်ခန္ဓာကိုယ် နှစ်ခု ပိုင်ဆိုင်ထားခြင်း၏ အကျိုးကျေးဇူးပင်။
သေချာသည်မှာ တိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခုစလုံးက နိယာမများနှင့် သဟဇာတဖြစ်နေရန် လိုအပ်သည်။ မဟုတ်ပါက ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က မည်မျှပင် သန်မာပါစေ ဒီရေလှိုင်းနိယာမ၏ ပံ့ပိုးမှုမရှိဘဲ လင်းဖုန်းအနေဖြင့် ဂြိုဟ်အဆင့်သက်ရှိ၏ ရှေ့တွင် ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်ကို မည်သို့နှယ် အသုံးပြုရဲပါမည်နည်း။
“သေစမ်း”
လင်းဖုန်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စကြဝဠာထဲတွင် နောက်ထပ် မုန်တိုင်းတစ်ခု ထပ်မံပေါ်ထွက်လာပြန်သည်။
ကြောက်မက်ဖွယ်ရာ မုန်တိုင်းကြီးက အဟုန်ပြင်းစွာဖြင့် တိုက်ခတ်လာသည်။ ယင်းက နောက်ထပ် ဂြိုဟ်အဆင့် နိယာမတစ်ခု ဖြစ်၏။
ထိုမုန်တိုင်းထဲတွင် ဒီရေလှိုင်းနိယာမတင်မကဘဲ ဖျက်ဆီးခြင်း နိယာမလည်း ပါသည်။ လင်းဖုန်း စကြဝဠာထဲတွင် မုန်တိုင်းများကို ဖန်တီးရန် နိယာမနှစ်ခုကို အဆက်မပြတ် အသုံးပြုလိုက်သည်။ ခြိမ်းခြောက်မှုများ ပြည့်နှက်နေသော ဖျက်ဆီးခြင်းလှံတံလည်း ရှိနေသေးသည်။
နဂါးနက်ဂိုဏ်းချုပ် တကယ်ပင် ဒေါသထွက်သွားသည်။ သူ လင်းဖုန်းကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်ချင်သော်လည်း မလုပ်နိုင်ပေ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်သာ ပြုထားရသေးသော ကျင့်ကြံသူတစ်ယောက်က ဂြိုဟ်အဆင့် နိယာမနှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ထားသည်ကို သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။
ယင်းတို့က သာမန်နိယာမများပင် မဟုတ်ကြဘဲ ဂြိုဟ်အဆင့် သက်ရှိများကိုပါ ဒဏ်ရာရစေနိုင်သည့် ဂြိုဟ်အဆင့် နိယာမများ ဖြစ်ကြသည်။
အချိန်တိုအတွင်းမှာပင် နဂါးနက်ဂိုဏ်းချုပ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က နိယာမနှစ်မျိုး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ သူ၏ ဒဏ်ရာများ တစ်စတစ်စ ပိုမိုဆိုးရွားလာသည်။ မူလက ၃၀ ရာခိုင်နှုန်း ဆုံးရှုံးထားသော တိုက်ပွဲဝင်ခန္ဓာကိုယ်က ထပ်မံ၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ယခုအခါ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ဆုံးရှုံးသွားရသည်။
“သွားမယ်”
နဂါးနက်ဂိုဏ်းချုပ် ဆက်လက် အချိန်မဆွဲဝံ့တော့ပေ။ သူ လင်းဖုန်းကို ဒေါသတကြီးဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီး သူ၏ ကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးကို ပြန်လည်ရုတ်သိမ်းကာ ဆုတ်ခွာသွားပြီး အလျင်အမြန် ထွက်ပြေးသွားတော့သည်။ အကယ်၍ သူ ဆက်လက် အချိန်ဆွဲနေပါက ဘီမွန်နတ်နန်းမှ ကျင့်ကြံသူများ ရောက်ရှိလာမည်ကို သူ တကယ် စိုးရိမ်မိသည်။ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသော ခန္ဓာကိုယ်ဖြင့် သူ ထိုကျင့်ကြံသူတို့ကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။
ထို့ကြောင့် နဂါးနက်ဂိုဏ်းချုပ်၏ ပုံရိပ်က စကြာဝဠာထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။ သူပျောက်ကွယ်သွားမှသာ လင်းဖုန်းလည်း သက်ပြင်းအရှည်ကြီး ချလိုက်နိုင်တော့သည်။
ထာဝရသိုင်းတာအိုအရှင်