အခန်း ၄၂၆
Vol. 38 Ch. 426
အခန်း (၄၂၆) - အက်ကွာဂြိုဟ်သို့ ပြန်လည်ရောက်ရှိခြင်း
ဘာသာပြန် - အားသစ်
နောက်ဆုံးတွင် နဂါးနက်ဂိုဏ်းချုပ်သည် ထွက်ပြေးသွားသဖြင့် လင်းဖုန်းလည်း စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
ယခင်တိုက်ပွဲတွင် သူ၏ ကီလိုမီတာ ၆၅၀ သာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာ ၂၀,၀၀၀ နီးပါးရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီး၏ ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်အလား ဖြစ်နေခဲ့ရသည်။ ပုရွက်ဆိတ်တစ်ကောင်က ဘီလူးကြီးတစ်ကောင်ကို မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
နဂါးနက်ဂိုဏ်းချုပ်ကို နောက်ဆုတ်သွားစေရန် ဖျက်ဆီးခြင်းလှံတံနှင့် ဂြိုဟ်အဆင့် နိယာမများကို အသုံးပြုခြင်းမှာ လင်းဖုန်း၏ ကန့်သတ်ချက်ပင် ဖြစ်သည်။ အကယ်၍ နဂါးနက်ဂိုဏ်းချုပ်သာ လင်းဖုန်းကို မရမက အသေအလဲ တိုက်ခိုက်လိုခဲ့ပါလျှင်…
ထိုသို့ဆိုလျှင် လင်းဖုန်း၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားက သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သောကြောင့် ဖြစ်၏။
မူလလက်နက်များသည် မူလကတည်းက ကုန်ဆုံးလွယ်သော ရတနာများ ဖြစ်ကြသည်။ ယင်းတို့ထဲရှိ ဖျက်ဆီးခြင်းစွမ်းအားများ ကုန်ဆုံးသွားပါက ပြန်လည်ဖြည့်တင်းရမည် ဖြစ်သည်။ မဟုတ်ပါက သာမန်လှံတစ်စင်းအဖြစ်သို့သာ ပြောင်းလဲသွားပေလိမ့်မည်။
သို့သော်လည်း ဖျက်ဆီးခြင်းလှံတံထဲသို့ ဖျက်ဆီးခြင်းစွမ်းအား ပြန်လည်ဖြည့်တင်းရန်အတွက် ပျက်စီးယိုယွင်းနေသော ကြယ်တစ်လုံး၏ ဖျက်ဆီးခြင်းစွမ်းအားကို စုပ်ယူရန် လိုအပ်သည်။ လင်းဖုန်း၏ လက်ရှိအစွမ်းဖြင့်မူ ကြယ်တစ်လုံးမှ ဖျက်ဆီးခြင်းစွမ်းအားကို ထုတ်ယူနိုင်စွမ်း မရှိသေးပေ။
အကယ်၍ သူ နဂါးနက်ဂိုဏ်းချုပ်နှင့် ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဖျက်ဆီးခြင်းလှံတံထဲရှိ ဖျက်ဆီးခြင်းစွမ်းအားများ ကုန်ဆုံးသွားခဲ့ပါက ဂြိုဟ်အဆင့် နိယာမနှစ်ခုကိုသာ အားကိုးရပေတော့မည်။ ထိုမျှလောက်ဖြင့် လင်းဖုန်း နဂါးနက်ဂိုဏ်းချုပ်၏ ပြိုင်ဘက် ဖြစ်လာရန်က ဝေးကွာလွန်းလှသေး၏။
ယင်းက တကယ်ပင် အန္တရာယ်များလွန်းလှသည်။ သို့သော်လည်း အစစ်အမှန် ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်နှင့် တိုက်ခိုက်နိုင်ခဲ့ခြင်းက လင်းဖုန်းအား မိမိ၏ ကိုယ်ပိုင်အစွမ်းကို အတိအကျ နားလည်သဘောပေါက်သွားစေခဲ့သည်။
ဖျက်ဆီးခြင်းလှံတံ ရှိနေလျှင် လင်းဖုန်းက သာမန်ဂြိုဟ်အဆင့် သက်ရှိများထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
ဖျက်ဆီးခြင်းလှံတံ မရှိပါက လင်းဖုန်း၏ အစွမ်းက များစွာ လျော့နည်းသွားမည် ဖြစ်သော်လည်း သာမန်ဂြိုဟ်အဆင့် သက်ရှိတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်ရုံမျှတော့ ရှိပေလိမ့်ဦးမည်။ နဂါးနက်ဂိုဏ်းချုပ်ကဲ့သို့ မူလဂြိုဟ်အဆင့်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော သက်ရှိမျိုးကိုမူ သူ မယှဉ်နိုင်သည်မှာ အသေအချာပင်။
လင်းဖုန်းအနေဖြင့် သူ၏ အစစ်အမှန် စွမ်းအားကို တိတိကျကျ သိရှိသွားခဲ့သော်လည်း ဤလုပ်ငန်းစဉ်က အလွန်ပင် စွန့်စားရလွန်းလှသည်။
ယင်းက လင်းဖုန်းအား ဂြိုဟ်အဆင့် ဟင်းလင်းပြင်နိယာမကို အမြန်ဆုံး နားလည်သဘောပေါက်နိုင်ရန် ပိုမို စိတ်ပိုင်းဖြတ်သွားစေသည်။ အကယ်၍ သူ ထိုကဲ့သို့ အခြေအနေမျိုးနှင့် ထပ်မံကြုံတွေ့ရပါက ပြိုင်ဘက်ကို မယှဉ်နိုင်လျှင်ပင် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုကာ ဟင်းလင်းပြင်ကို ချက်ချင်း ဖြတ်ကျော်ပြီး ထွက်ခွာသွားနိုင်သည်။ ဤသို့ဖြင့် သူ မည်သည့်အခါမျှ အရေးနိမ့်မည် မဟုတ်တော့ပေ။
သို့ဆိုလျှင် ယခုကဲ့သို့ သေမင်းနှုတ်ခမ်းဝအနား လမ်းလျှောက်နေရသည့် အခြေအနေမျိုး ထပ်မံ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။
နဂါးနက်ဂိုဏ်းချုပ် ထွက်ခွာသွားပြီး နာရီအနည်းငယ်အကြာတွင် စကြဝဠာထဲ၌ ရုတ်တရက် ကြောက်စရာ ကောင်းသော ဖိအားတစ်ခု ပေါ်ထွက်လာသည်။ လင်းဖုန်းပင် အပြင်းအထန် စိုးရိမ်စိတ်ဝင်မိသွား၏။
သူ ဘာကို မြင်လိုက်ရသနည်း။
ဧရာမကြယ်ကြီးတစ်လုံးက မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသော နှုန်းဖြင့် ပျံသန်းလာနေသည်။
“မင်းက အထက်ပိုင်းနယ်မြေရဲ့ တပည့် လင်းဖုန်းလား”
ရုတ်တရက် ထိုလူ့ဘီလူးကြီးက စကားပြောလိုက်သဖြင့် လင်းဖုန်းလည်း အခြေအနေကို နားလည်သွားသည်။
သူ့ရှေ့မှ သက်ရှိကြီးက တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု ဖြစ်သည်မှာ ထင်ရှားလှ၏။ ဤခန္ဓာကိုယ်ကြီးက ကြယ်တစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ သူက ဘီမွန်နတ်နန်း အထက်ပိုင်းနယ်မြေမှ အဆင့်မြင့် ဂြိုဟ်အဆင့်သက်ရှိဖြစ်ရပေမည်။
“ဟုတ်ပါတယ်။ ကျွန်တော် လင်းဖုန်းပါ”
“ငါ့နာမည်က ရေမွန်ပဲ။ ငါက ဘီမွန်နတ်နန်းက လာတာ။ မင်း အဲဒီ ဝါးမြိုသက်ရှိကို ရှာတွေ့ခဲ့လား”
“အရှင်ရေမွန်… ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဝါးမြိုသက်ရှိ မဟုတ်ပါဘူး။ သိုင်းကျင့်ကြံသူတစ်ယောက်ပါ။ သူက ဝါးမြိုသက်ရှိတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်”
“ဒါဆိုရင် သူ ပိုပြီး သေသင့်တာပေါ့”
“သူ မကြာသေးခင်ကပဲ ထွက်ပြေးသွားတာပါ…”
ထိုသို့ပြောပြီးနောက် ရေမွန်က လင်းဖုန်းညွှန်ပြသော လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်သွားတော့သည်။ သူ နဂါးနက်ဂိုဏ်းချုပ်ကို မှီမမှီ ဆိုသည်ကမူ လင်းဖုန်း သိနိုင်သောအရာ မဟုတ်ပေ။
သို့သော်လည်း ရေမွန်၏ အရှိန်အဟုန်ဖြင့်ဆိုလျှင် မထင်မှတ်ထားသော ကိစ္စရပ်များ ဖြစ်မလာလျှင် နဂါးနက်ဂိုဏ်းချုပ်ကို သေချာပေါက် မှီသွားပေလိမ့်မည်။ ကြယ်တစ်စင်းနှင့် နှိုင်းယှဉ်နိုင်သော ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အဆင့်မြင့် ဂြိုဟ်အဆင့် သက်ရှိတစ်ဦးနှင့် ရင်ဆိုင်ရပါက နဂါးနက်ဂိုဏ်းချုပ်၏ ဘဝက သာဓုသာ ခေါ်နိုင်ပေတော့မည်။
လင်းဖုန်းအနေဖြင့် နဂါးနက်ဂိုဏ်းချုပ်အတွက် ကံကောင်းပါစေဟုသာ ဆုတောင်းပေးနိုင်သည်။ အဆုံးတွင် ဤနေရာက ဘီမွန်ဂလက်ဆီ ဖြစ်သည်။ သူက ဘီမွန်နတ်နန်းကို မကြောက်ဟု ပြောခဲ့သော်လည်း တကယ်သာ မကြောက်ပါက ယခုကဲ့သို့ ကမန်းကတန်း ထွက်ပြေးသွားခဲ့မည် မဟုတ်ပေ။
ဝှစ်
လင်းဖုန်း အက်ကွာဂြိုဟ်ဆီသို့ ပြန်လည်ပျံသန်းသွားတော့သည်။
………
လက်ရှိအချိန်တွင် အက်ကွာဂြိုဟ်၌ ပျက်စီးခြင်း အတိလွှမ်းနေလေပြီ။
မူလက အင်အားကြီးနိုင်ငံများက နဂါးနက်ဂိုဏ်းကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သူတို့က နဂါးနက်ဂိုဏ်း၏ အခြေစိုက်စခန်းကို ရှာဖွေရန် စစ်သင်္ဘောအမြောက်အမြားကိုပင် စေလွှတ်ခဲ့ကြသည်။
သို့သော်လည်း စစ်သင်္ဘောများ မရောက်မီမှာပင် ကောင်းကင်ယံ၌ ထိပ်တိုက်ရင်ဆိုင်နေကြသော ပြိုင်ဘက်ကင်း လူ့ဘီလူးကြီးနှစ်ကောင်ကို မြင်တွေ့လိုက်ကြရသည်။ ပင်လယ်ပြင်ကြီးပင် ထိုလူ့ဘီလူးကြီးနှစ်ဦးကို မဆံ့နိုင်ခဲ့ပေ။
တုန်ခါလှိုင်းအနည်းငယ်ကပင် ပင်လယ်ပြင်၌ ပြင်းထန်လှသော လှိုင်းလုံးကြီးများ ထကြွလာစေခဲ့သည်။ ဤသို့နှင့် စစ်သင်္ဘောအများစု ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားခဲ့ရသည်။
လူနည်းစုသာ လွတ်မြောက်ခဲ့ကြသည်။ ယင်းကလည ကယ်တင်ရှင်များ ဖြစ်ကြသော လန်ထျန်းနှင့် လင်းလင်းတို့၏ ကူညီမှုကြောင့်သာ ဖြစ်နိုင်သည်။
လန်ထျန်းနှင့် လင်းလင်းတို့ထံမှတစ်ဆင့် လူသားတို့၏ အထက်တန်းလွှာများ ယခင်က ဘာဖြစ်ခဲ့သည်ကို အကြမ်းဖျင်း သိသွားကြသည်။ နဂါးနက်ဂိုဏ်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဌာနချုပ်ကျွန်းကြီးပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးကာ ပင်လယ်အောက်ခြေသို့ လုံးဝ နစ်မြုပ်သွားခဲ့လေပြီ။
ထိုလူ့ဘီလူးကြီးနှစ်ကောင်၏ အထောက်အထားများနှင့် ပတ်သက်၍မူ တစ်ယောက်က နဂါးနက်ဂိုဏ်းချုပ် ဖြစ်ပြီး အခြားတစ်ယောက်ကမူ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦး ဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံး၏ ဇာစ်မြစ်ကို မသိရပေ။ သူတို့က အက်ကွာဂြိုဟ်မှ မဟုတ်နိုင်ကြောင်း အရိပ်အယောင်များ ရှိနေသည်။
ထို့နောက်တွင် အက်ကွာဂြိုဟ်တစ်ခုလုံး ထိုလူ့ဘီလူးကြီးနှစ်ဦး တိုက်ပွဲ၏ တုန်ခါမှုနောက်ဆက်တွဲဒဏ်ကို ခံစားခဲ့ရသည်။ ချက်ချင်းပင် တောင်တန်းများ ပြိုကျကာ ပင်လယ်ပြင်ကြီး မှောက်ခုံလန်သွားပြီး မဟာပထဝီမြေပြင်ကြီး အပြင်းအထန် လှုပ်ခါသွားရာ ကမ္ဘာပျက်တော့မည့်အလား ဖြစ်နေခဲ့သည်။
အချိန်တိုအတွင်းမှာပင် အက်ကွာဂြိုဟ်ပေါ်ရှိ လူဦးရေ ထက်ဝက်ကျော် သေဆုံးသွားခဲ့ရသည်။ လူသားများ ဂုဏ်ယူဝံ့ကြွားခဲ့ကြသော နည်းပညာစွမ်းအားများက သဘာဝတရား၏ ဖျက်ဆီးမှုစွမ်းအားရှေ့တွင် မပြောပလောက်အောင် သေးဖွဲသိပ်နုပ်လွန်းလှသည်။
ဤကာလအတွင်း လန်ထျန်းနှင့် လင်းလင်းတို့ ဘေးအန္တရာယ်များကို တိုက်ဖျက်ကာ အက်ကွာဂြိုဟ်ပေါ်ရှိ လူသားများကို တတ်နိုင်သမျှ ကယ်တင်ခဲ့ကြသည်။ သို့နှင့် သူတို့နှစ်ယောက်က အစစ်အမှန် ကယ်တင်ရှင်များ ဖြစ်လာကြပြီး လူသားအားလုံး၏ သူရဲကောင်းကြီးများအဖြစ် ဂုဏ်ပြုခံကြရသည်။
ဂြိုဟ်ပေါ်ရှိ လူသားများအားလုံး သူတို့အား ကယ်တင်ရှင်များအဖြစ် လက်ခံခဲ့ကြသည်။
ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများကြားတွင် လန်ထျန်းနှင့် လင်းလင်းတို့နှစ်ယောက်က နတ်ဘုရားများပမာ ပျံသန်းနိုင်ခဲ့ကြသည်။ သူတို့တွင် ထူးခြားဆန်းကြယ်လှသော အစွမ်းများနှင့် အံ့အားသင့်ဖွယ် စွမ်းရည်များ ရှိကြသည်။ အစိုးရအသီးသီး၏ စွမ်းအားများနှင့် ပေါင်းစပ်ကာ သူတို့နှစ်ယောက် အရေးကြီးပုဂ္ဂိုလ် အမြောက်အမြားကို ကယ်တင်နိုင်ခဲ့ကြသည်။
တောင်တန်းများနှင့် မြေပြင်ကြီး ပြိုကျနေခဲ့ပြီး ပင်လယ်ရေများ မြို့ပြထဲသို့ စီးဝင်နေခဲ့သော်လည်း အက်ကွာဂြိုဟ်ပေါ်ရှိ လူသားယဉ်ကျေးမှု၏ မီးတောက်ကလေးမှာမူ ငြှိမ်းသတ်မခံခဲ့ရပေ။ သူတို့ မျှော်လင့်စောင့်စားနိုင်ကြသေးသည်။
တဖြည်းဖြည်းနှင့် အက်ကွာဂြိုဟ်၏ လှုပ်ခါမှုများ ငြိမ်သက်သွားသည်။ သို့သော်လည်း ဤဖြစ်ရပ် အက်ကွာဂြိုဟ်အတွက် မကြုံစဖူး ကြီးမားလှသော ဆုံးရှုံးမှုကြီးကို ဖြစ်စေခဲ့သည်။ ဂြိုဟ်တစ်ခုလုံး၏ လူဦးရေ ထက်ဝက်ကျော် သေဆုံးသွားခဲ့ရသည်။
မည်သို့ပင်ဆိုစေ အသက်ရှင်ကျန်ရစ်သူများကမူ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ကြလေပြီ။ သူတို့အားလုံး ကယ်တင်ရှင်များ၏ အမည်နာမကို အော်ဟစ်ချီးကျူးထောပနာပြုကာ ကမ္ဘာပျက်ကပ်ကြီး ပြီးဆုံးသွားခြင်းကို လှိုက်လှိုက်လှဲလှဲ အောင်ပွဲခံနေခဲ့ကြသည်။
ဤကာလက ဒဏ္ဍာရီလာ ကမ္ဘာပျက်ကပ်နှင့် ဆင်တူလှသည်။ အက်ကွာဂြိုဟ်ပေါ်ရှိ ပြည်သူများ ယခုကဲ့သို့ မြင်ကွင်းမျိုးကို နောက်တစ်ကြိမ် မကြုံတွေ့လိုကြတော့ပေ။
သို့သော်လည်း လန်ထျန်းနှင့် လင်းလင်းတို့ကမူ အနည်းငယ် မပျော်မရွှင် ဖြစ်နေကြသည်။ လက်ရှိတွင် သူတို့က ကျော်ကြားလှသော ကယ်တင်ရှင်များ ဖြစ်နေကြပြီး အစိုးရနှင့် စစ်တပ်တို့၏ သာမန်သုတေသနအချို့တွင်ပင် ပူးပေါင်းပါဝင်နေခဲ့ကြသည်။
လင်းလင်းကမူ ထိုသို့လုပ်ဆောင်ရသည်ကို ပျော်ရွှင်နေခဲ့သည်။ လန်ထျန်းသည်လည်း စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ငြင်းဆန်ခြင်း မရှိတော့ပေ။
သို့သော်လည်း နဂါးနက်ဂိုဏ်းချုပ်နှင့် လင်းဖုန်းတို့၏ ပုံရိပ်များက လန်ထျန်း၏ စိတ်ထဲတွင် စွဲထင်နေဆဲပင်။ ထိုကြီးကျယ်ထည်ဝါလှသော စွမ်းအားက သူ့ကို အလွန့်အလွန် တုန်လှုပ်သွားစေခဲ့သည်။
ယင်းက သူ၏ ယခင်အသိအမြင်များကို ပထမဦးဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။ လူသားတစ်ယောက်အနေဖြင့် ဤမျှအထိ အစွမ်းထက်နိုင်ကြောင်း သူ သိရှိသွားသည်။ ကယ်တင်ရှင်များ၏ စွမ်းအားသည်ပင် ထိုသူတို့နှင့်ယှဥ်ပါက အဆပေါင်းများစွာ နိမ့်ကျလွန်းလှသည်။
သူ လင်းဖုန်းကို ထပ်မံတွေ့ဆုံနိုင်ရန်ပင် ဆုတောင်းနေခဲ့မိသည်။ သူ့စိတ်ထဲ၌ ရဲတင်းလှသော အတွေးတစ်ခုလည်း ထွက်ပေါ်နေ၏။
သူလည်း ထိုစွမ်းအားကို ပိုင်စိုးလိုသည်။
“အာ… ရှင် ရှင်လား”
တံခါးအပြင်ဘက်မှ လင်းလင်း၏ စိတ်လှုပ်ရှားကာ အံ့အားသင့်နေသော အသံ ထွက်ပေါ်လာသည်။
“မင်းတို့တတွေ ဒီအတောအတွင်း အဆင်ပြေပြေ ဖြတ်သန်းနေကြပုံပဲ။ ကယ်တင်ရှင်ကြီးတို့”
ဤရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ လန်ထျန်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ တည်ငြိမ်နေသော နှလုံးသားထဲတွင် လှိုင်းဂယက်တစ်ခု ပေါ်ထွက်လာ၏။
“မင်းပဲ၊ လင်းဖုန်း”
လန်ထျန်း တံခါးအပြင်ဘက်သို့ အပြေးထွက်လာသည်။ ထင်ထားသည့်အတိုင်း လင်းဖုန်း၏ ပုံရိပ်က မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိ အခန်းထဲ ရောက်နေသည်။