← Chapters

အခန်း ၂၀၅

Vol. 14 Ch. 205

အခန်း ၂၀၅

Vol. 14 Ch. 205

အခန်း (၂၀၅)

ကျွင်းဟောက်ချိုး မြို့တော်သို့ ပြန်လာခြင်း

“ဒီစိတ်ဝိညာဉ် စာချုပ်ကို ချိုးဖျက်ဖို့ မကြိုးစားကြနဲ့၊ သို့မဟုတ်ရင်တော့...”

ဖျောက်။

ချူရွှမ်သည် ငြိမ်သက်စွာ ရပ်နေပြီး သူ၏လက်ချောင်းများကို ရိုးရှင်းစွာပင် တစ်ချက် ဖျောက်ခနဲ တောက်လိုက်လေသည်။ ရုတ်တရက်ဆိုသလို လူအုပ်ထဲမှ လူတစ်ယောက်၏ ဦးခေါင်းသည် တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့တော့သည်။

“ဒါကတော့ အသက်နဲ့ သေခြင်းတရား စာချုပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်ပဲ။ အကယ်၍ မည်သူမဆို ငါ့အပေါ် သစ္စာဖောက်ရင် ဒါမှမဟုတ် ကွယ်ရာမှာ ဒုစရိုက်မှုတွေကို ကျူးလွန်မယ်ဆိုရင် မိုင်ပေါင်းထောင်ချီ ဝေးကွာနေပါစေဦးတော့... ငါက လက်ချောင်းတစ်ချက် တောက်ရုံမျှနဲ့တင် သူတို့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကိုပါ ပြာအဖြစ် ပြောင်းလဲပစ်နိုင်တယ်။”

ချူရွှမ်၏ အသံမှာ ပိုမိုအေးစက်လာခဲ့သည်။ သူသည် မြေပြင်ပေါ်ရှိ ရုပ်အလောင်းကို ညွှန်ပြကာ “ဒီလူကတော့ သူကိုယ်သူ ကောင်းကောင်းကြီး ပုန်းကွယ်နိုင်ခဲ့တယ်လို့ ထင်နေတာ။ သူက ပထမမင်းသားရဲ့ ယုတ်မာတဲ့ ဒုစရိုက်မှုတွေမှာ တိုက်ရိုက်မပါဝင်ခဲ့တာကြောင့် ဒီအရာရှိက သူ့ကို ရှာမတွေ့နိုင်ဘူးလို့ ယုံကြည်နေခဲ့တာပေါ့။ ဒါကတော့ သူ့ရဲ့ အဆုံးသတ်ပဲ။” ဟု ဆိုလိုက်သည်။

မက်လုံးပေးရုံမျှဖြင့်တင် မလုံလောက်ချေ။ ဤမောက်မာရိုင်းစိုင်းလှသော စစ်သူကြီးများ ငြိမ်ဝပ်ပိပြားစွာ နာခံလာစေရန်အတွက် ပြင်းထန်သော ဖိအားပေးမှုကိုလည်း အမြဲတမ်း လက်ကိုင်ထားရမည် ဖြစ်ပေသည်။

ရှိနေကြသော တပ်မှူးများအားလုံး၏ မျက်နှာထားများမှာ လေးနက်တည်ကြည်သွားခဲ့ကြရသည်။

“အမှန်ပါပဲ... လောကမှာ အလကားရတဲ့ အရာဆိုတာ မရှိဘူးပဲ။ အခုတော့ ငါတို့တွေ အသက်နဲ့ သေခြင်းတရား စာချုပ်ရဲ့ ခတ်နှိပ်ခြင်းကို ခံလိုက်ရပြီး ဒီအရှင်သခင်ရဲ့ နောက်ကွယ်ကနေ အတင်းအကျပ် လိုက်ပါရတော့မယ်၊ ဒါက ကံကောင်းခြင်းလား ဒါမှမဟုတ် ကံဆိုးခြင်းလားဆိုတာ ငါတို့လည်း မသိနိုင်တော့ဘူး...”

ဝူရှန်း၏ မျက်နှာထက်တွင် ခါးသီးမှုများ ပြည့်နှက်နေခဲ့သည်။ သူသည် ချူရွှမ်ကို ဂူယွဲ့ဟု ခေါ်ဆိုခြင်း မပြုတော့ပေ၊ ၎င်းမှာ တစ်စုံတစ်ခုကို သိမ်မွေ့စွာ အာရုံခံမိသွားခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလှပေသည်။

ဝူရှန်းတစ်ဦးတည်းသာ မဟုတ်ဘဲ ရှိနေကြသော တပ်မှူးအမြောက်အမြားမှာလည်း ချူရွှမ်၏ အမှတ်သရုပ်မှန်အပေါ် အမှန်တကယ်ပင် သံသယဝင်နေကြပြီ ဖြစ်သည်။ အဆုံးသတ်တွင်မူ ချူရွှမ်၏ ယနေ့ပြသခဲ့သော အပြုအမူများမှာ ပုံမှန်ဂူယွဲ့၏ အမူအရာနှင့် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလွန်းလှသောကြောင့်ပင်။

သို့သော်လည်း ချူရွှမ်၏ မဟာဆရာသခင်နယ်ပယ်မှ အကြွင်းမဲ့ စွမ်းအားကြီးမားမှု၊ သွေးနတ်ဘုရားကျင့်စဉ်၏ ဆွဲဆောင်မှုအရှိန်အဝါနှင့် မိမိတို့ကိုယ်တိုင် စိတ်ဝိညာဉ် စာချုပ်ဖြင့် ချုပ်ကိုင်ခြင်း ခံထားရမှုများကြောင့် ဤစစ်သူကြီးများသည် မိမိတို့၏ သံသယများကို နှလုံးသားအောက်ခြေ၌သာ မြှုပ်နှံထားနိုင်ကြတော့သည်။

ဝူရှန်းက ပထမဆုံး စတင်ပြောဆိုလိုက်သည်။ “အခု ပထမမင်းသား သေဆုံးသွားခဲ့ပြီဖြစ်လို့ ရှန်ဟိုင်ဂိတ်တံခါးဟာ တစ်ရက်ကလေးတောင် အရှင်သခင်မဲ့လို့ မဖြစ်ပါဘူးခင်ဗျာ။ ကျွန်တော်မျိုးအနေနဲ့ အရှင်သခင်ကပဲ ရှန်ဟိုင်ဂိတ်တံခါးရဲ့ သန်းချီတဲ့ စစ်တပ်ကြီးကို အုပ်ချုပ်ဦးဆောင်ပေးဖို့ တောင်းပန်အပ်ပါတယ်။ ဒါ့အပြင် ရှန်ဟိုင်ဂိတ်တံခါးရဲ့ သီးခြားကိစ္စရပ်အားလုံးကိုလည်း လမ်းညွှန်အမိန့်ပေးတော်မူပါ အရှင်သခင်။”

“မှန်လှပါ... အမိန့်ပေးတော်မူပါ အရှင်သခင်။”

“တောက်... ဝူရှန်းက ငါ့ထက် ဦးသွားပြန်ပြီ။”

ဤလူသည် ယခင်က မဟာဆရာသခင် ဂူယွဲ့၏ မျက်နှာသာပေးခြင်းကို ခံခဲ့ရပြီး၊ ထို့နောက်တွင်မူ ပထမမင်းသား၏ လူယုံတော် ဖြစ်လာခဲ့ပြန်ကာ၊ ယခုအခါတွင်လည်း ဤအရှင်သခင်အသစ်ထံ၌ ပထမဆုံး မြေဖားကန် အလိုလို အောက်ကျို့ပြနေပြန်ပြီ... ၎င်းမှာ တကယ်ကို ဒေါသထွက်စရာ ကောင်းလှပေသည်။ စစ်သူကြီးများသည် ချူရွှမ်ထံ သစ္စာခံရန်အတွက် အချင်းချင်း အလျင်အမြန်ပင် ပြိုင်ဆိုင်လိုက်ကြတော့သည်။

ချူရွှမ်သည် အတိုင်းအတာတစ်ခုအထိ ကျေနပ်မိသော်လည်း ၎င်းမှာ ယာယီမျှသာ ဖြစ်ပေသည်။ သန်းချီသော စစ်တပ်ကြီးကို ဦးဆောင်ရခြင်းမှာ အမှန်တကယ်ပင် အရှိန်အဝါကြီးမားလှသော်လည်း တော်ဝင်အာဏာသည် သိုင်းပညာစွမ်းအားကို မယှဉ်နိုင်သလို၊ သိုင်းပညာစွမ်းအားသည်လည်း ကောင်းကင်ဘုံတရားတော်ကို မကျော်လွန်နိုင်ချေ။ ပိုမိုအစွမ်းထက်လာစေရန်နှင့် ကောင်းကင်ဘုံတရားတော်ကို သိမြင်နားလည်နိုင်ရန်... ဤအရာကသာ ချူရွှမ်၏ စစ်မှန်သော လိုက်စားမှု ဖြစ်ပေသည်။

ယခုအခါ ရှန်ဟိုင်ဂိတ်တံခါး၏ အခြေအနေမှာ လုံးဝဥဿုံ တည်ငြိမ်သွားခဲ့ပြီဖြစ်ရာ ချူရွှမ်က လေးနက်တည်ကြည်သော အသံဖြင့် ဆိုလိုက်သည်။ “အခုအချိန်ကစပြီး ရှန်ဟိုင်ဂိတ်တံခါးရဲ့ ကိစ္စအဝဝဟာ အရင်အတိုင်းပဲ ရှိနေရမယ်။ မင်းတို့အနေနဲ့ ခံတပ်ကို ဝီရိယရှိရှိ စောင့်ရှောက်ဖို့၊ ပြည်သူလူထုကို ကာကွယ်ဖို့နဲ့ နောက်နောင် ဒုစရိုက်မှုတွေကို မကျူးလွန်ကြဖို့ပဲ လိုအပ်တယ်။ ဒါက မင်းတို့အပေါ် ငါ့ရဲ့ အကြီးမားဆုံး တောင်းဆိုချက်ပဲ။ ဒါ့အပြင် ငါကိုယ်တိုင်လည်း ရှန်ဟိုင်ဂိတ်တံခါးကနေ ထွက်ခွာတော့မယ်။”

“ချန်ဟူ... ချန်ကျောင်း... ငါ အခု မင်းတို့ ညီအစ်ကိုနှစ်ယောက်ကို ရှန်ဟိုင်ဂိတ်တံခါးရဲ့ စစ်သူကြီးတွေအဖြစ် ခန့်အပ်လိုက်တယ်။ မင်းတို့က အခြားစစ်သူကြီးတွေအားလုံးနဲ့ ပူးပေါင်းပြီး ခံတပ်ကို ကာကွယ်စောင့်ရှောက်ရမယ်။ နောင်အနာဂတ်မှာ မဟာချင်ပြည်နယ်ကနေ စေလွှတ်လိုက်တဲ့ ဘယ်လို တော်ဝင်မျိုးနွယ်စုဝင် ဒါမှမဟုတ် မဟာဆရာသခင်ပဲဖြစ်ဖြစ်... သူတို့ရဲ့ လုပ်ရပ်တွေက ရှန်ဟိုင်ဂိတ်တံခါးနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် အကျိုးရှိမယ်ဆိုရင် မင်းတို့ နာခံရမယ်။ အကယ်၍ သူတို့ရဲ့ လုပ်ရပ်တွေက ထိခိုက်နစ်နာစေမယ် ဒါမှမဟုတ် မှားယွင်းနေမယ်ဆိုရင်တော့ မင်းတို့ ပြတ်ပြတ်သားသား ခုခံရမယ်။”

“နောက်ဆက်တွဲ ကိစ္စရပ်တွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာနဲ့ နန်းတော်ထံ ဘယ်လို အစီရင်ခံမလဲဆိုတာကိုတော့ မင်းတို့ဘာသာ ဆုံးဖြတ်ကြပါ။ ဒါ့အပြင် ရှန်ဟိုင်ဂိတ်တံခါးအပေါ် ကျရောက်လာမယ့် ပြစ်ချက်တွေအားလုံးကို ငါ ဂူယွဲ့ တစ်ယောက်တည်းကပဲ အကြွင်းမဲ့ တာဝန်ယူမယ်။ ဝူရှန်း... ငါ ရှန်ဟိုင်ဂိတ်တံခါးကို မင်းထံ ယာယီ လွှဲအပ်ခဲ့မယ်။”

ချူရွှမ်သည် ပြောကြားပြီးနောက် မြေအောက်စစ်စခန်းအတွင်းမှ တိုက်ရိုက်ပင် ထွက်ခွာသွားခဲ့တော့သည်။ နောက်ဆက်တွဲ ကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကိုမူ ဤစစ်သူကြီးများအချင်းချင်း ဆွေးနွေးတိုင်ပင်ရန်သာ ထားရှိခဲ့လေသည်။ ၎င်းအပြင် သူသည် ဤနေရာ၌ အချိန်အတော်အတန် နှောင့်နှေးခဲ့ပြီးဖြစ်ရာ မြို့တော်သို့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်နေပြီ ဖြစ်ပေသည်။

ဝူရှန်းနှင့် ကျန်ရှိသော စစ်သူကြီးများသည် ရှုပ်ထွေးလှသော မျက်နှာထားများဖြင့် ချူရွှမ် ထွက်ခွာသွားသည်ကို စိုက်ကြည့်နေခဲ့ကြသည်။ မည်သူမျှ သူ့ကို တားဆီးရန်မဝံ့ရဲကြဘဲ ဆန့်ကျင်ဘက်အနေဖြင့် လူအမြောက်အမြားမှာ သက်ပြင်းချနိုင်ကြတော့သည်။

“ဒီကြောက်မက်ဖွယ်ကောင်းတဲ့ လူကြီးတော့ နောက်ဆုံးတော့ ထွက်သွားပြီပဲ။”

“ကံကောင်းတာက တို့တွေ သူ့ရဲ့ ထိန်းချုပ်မှုကို ခံထားရပေမဲ့ ငါတို့ မလုပ်ချင်တဲ့ အရာတွေကိုတော့ အတင်းအကျပ် မခိုင်းစေခဲ့ဘူး။”

“ဒီလူက မဟာဆရာသခင် ဂူယွဲ့ မဟုတ်တာတော့ သေချာတယ်။ မဟာဆရာသခင် ဂူယွဲ့က ဒီလောက်အထိ စိတ်သဘောထား မကြီးမြတ်သလို၊ ဒီလို အံ့ဩတုန်လှုပ်ဖွယ် ကောင်းတဲ့ အစွမ်းထက် နည်းလမ်းမျိုးတွေလည်း မရှိဘူး။ မင်းတို့ ထင်တာတော့... မဟာဆရာသခင် ဂူယွဲ့နဲ့ ဂူမင်း၊ ပြီးတော့ ဟို သွေးမိစ္ဆာအရှင်သခင် တို့ဟာလည်း ပထမမင်းသားလိုပဲ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရပြီလား...”

“နှုတ်ကို စောင့်စမ်း။ အဲဒီအရှင်သခင် မိန့်ကြားခဲ့တာကို မေ့သွားပြီလား။ သူက ဘယ်သူပဲဖြစ်ဖြစ် တို့တွေ သူ့ရဲ့ အမိန့်ကို နာခံရမယ်။ သို့မဟုတ်ရင်တော့ မြေပြင်ပေါ်က လူတွေက သာဓကပဲ။ ကဲ... အခုတော့ အဲဒီအရှင်သခင်ရဲ့ လမ်းညွှန်ချက်အတိုင်း ပထမမင်းသားနဲ့ သေဆုံးသွားတဲ့ တပ်မှူးတွေရဲ့ ပြစ်မှုသက်သေတွေကို စုဆောင်းပြီး နန်းတော်ထံ အစီရင်ခံကြစို့။” ဝူရှန်းက အေးစက်စွာ အမိန့်ပေးလိုက်ပြီး သူ၏ နှလုံးသားထဲတွင်မူ

“နောင်အနာဂတ်မှာ ငါ သမီးပဲ မွေးရတော့မယ်ထင်တယ်၊ သားတော့ မမွေးရဲတော့ဘူး၊ သို့မဟုတ်ရင် ရှန်ဟိုင်ဂိတ်တံခါးမှာ အခုလို အပြောင်းအလဲကြီး မဖြစ်ပွားခင် သွေးမိစ္ဆာအရှင်သခင် ရောက်ရှိလာတာက ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်ရတာလဲ။” ဟု တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

ဝူရှန်းသည် သွေးမိစ္ဆာအရှင်သခင်၏ အမှတ်သရုပ်မှာ အတုအယောင် ဖြစ်နိုင်ကြောင်း ခပ်ရေးရေး သံသယဝင်မိသော်လည်း သူ ဆက်လက် စုံစမ်းစစ်ဆေးရန် မဝံ့ရဲခဲ့ချေ။

ရှန်ဟိုင်ဂိတ်တံခါး၏ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများ ငြိမ်သက်သွားခဲ့သည့် အချိန်မှာပင်...

ရှန်ဟိုင်ဂိတ်တံခါးမှ မိုင်ပေါင်းထောင်ချီ ဝေးကွာသော မဟာချင်ပြည်ထောင်၏ မြို့တော်သို့ ဦးတည်ထားသည့် တော်ဝင်လမ်းမကြီးထက်တွင် မြင်းရထားတစ်စီးသည် မြို့ထဲသို့ နှေးကွေးစွာ ဝင်ရောက်လာခဲ့လေသည်။ မြင်းရထားအတွင်း၌ ခန့်ညားထည်ဝါပြီး ယဉ်ကျေးသိမ်မွေ့သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေခဲ့ပြီး၊ သူသည် ရှုပ်ထွေးလှသော မျက်လုံးအစုံဖြင့် မြို့တော်ကြီးကို မော့ကြည့်ကာ

“ဒါ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ... ငါ ကျွင်းဟောက်ချိုးတစ်ယောက် ဒီကို ပြန်ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။”

“ဒါပေမဲ့ ငါ ပြန်လာတာက တရားစီရင်ရေး အရာရှိရဲ့ လက်ထောက်တစ်ယောက် အနေနဲ့ပဲ။”

“ပြီးတော့ ငါက အဲဒီလူရဲ့ လက်အောက်ငယ်သား ဖြစ်သွားခဲ့ပြီ။”

ဤအရာများကို တွေးမိတိုင်း မဟာချင်ပြည်ထောင်၏ ထိပ်တန်းပါရမီရှင်ပညာရှိ ဖြစ်သော ကျွင်းဟောက်ချိုးသည် အနည်းငယ် စိတ်ဓာတ်ကျမိသော်လည်း၊ ချူရွှမ်သာ မရှိခဲ့ပါက မိမိ၏ ဇနီးသည်မှာ ပြန်လည်အသက်ရှင်လာလိမ့်မည် မဟုတ်သဖြင့် ပိုမို၍ ကံကောင်းသည်ဟု ခံစားမိပေသည်။ ဒါ့အပြင် ကျူးရှန်းမြို့နယ်အတွင်းရှိ သိန်းနဲ့ချီတဲ့ ပြည်သူလူထုတွေဟာလည်း ကလဲ့စားချေလိုတဲ့ ဝိညာဉ်ဆိုးတွေအဖြစ် ပြောင်းလဲသွားကြပေလိမ့်မည်။

“ထားလိုက်ပါတော့... ဒါကို ကျေးဇူးဆပ်တာလို့ပဲ သတ်မှတ်လိုက်ရုံပေါ့။”

ကျွင်းဟောက်ချိုးသည် မြင်းရထားပေါ်မှ ဆင်းသက်လိုက်ပြီး အစေခံနှစ်ဦး ခြံရံလျက် မြို့တော်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။ ထိုခဏ၌ မြို့တွင်းမှ အရာရှိတစ်ဦးသည် မြင်းစီးလျက် မြို့ပြင်သို့ ထွက်ခွာလာခဲ့ပေသည်။ သူသည် ထူးခြားထင်ရှားလှသော ကျွင်းဟောက်ချိုးကို မြင်တွေ့လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

“ဟင်... ဒီလူ့ရဲ့ မျက်နှာက ဘာလို့ တစ်နေရာရာမှာ မြင်ဖူးသလိုလို ရှိနေရတာလဲ။”

အဆန်းပြားဆုံး အရာမှာ ထိုလူ မြင်းရထားပေါ်မှ ဆင်းလာကတည်းက ဘေးပတ်ပတ်လည်ရှိ ပျိုပျိုအိုအို အမျိုးသမီးအားလုံး၏ မျက်လုံးအစုံမှာ သူ၏ထံသို့ အလိုအလျောက် ကျရောက်သွားခြင်းပင် ဖြစ်ပေသည်။ အချို့ဆိုလျှင် လမ်းလျှောက်ရင်း နံရံများကိုပင် မတော်တဆ ဝင်တိုက်မိကြကုန်၏။

၎င်းမှာ တကယ့်ကို အဓိပ္ပာယ်မရှိလှပေ။

“ဒီအရာရှိက လက်ရှိ ‘ကျင်းရှီ’ (နန်းတွင်းစာမေးပွဲအောင်မြင်သူ) တစ်ယောက်ဖြစ်ပြီး ရုပ်ရည်ကလည်း မဆိုးလှဘူး၊ ဘာလို့ ငါကျတော့ ဒီလို ဆက်ဆံမှုမျိုး မရတာလဲ။ ဒီလူက တကယ့်ကို မိစ္ဆာဘုရင်ပဲ။ နေပါဦး... မိစ္ဆာဘုရင် ဟုတ်လား...”

ဤကဲ့သို့သော ရုပ်ရည်သွင်ပြင်၊ ဤကဲ့သို့သော အရှိန်အဝါ... ရုတ်တရက်ဆိုသလို ထိုအရာရှိ၏ အသိစိတ်ထဲသို့ လူတစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။

မဟာချင်ပြည်ထောင်၏ ယခင် ပညာရှင်ကြီး၊ အမျိုးသမီးထုတစ်ရပ်လုံးကို လမ်းမများပေါ်အထိ တိုးဝှေ့ထွက်ပေါ်လာစေခဲ့သူ ဖြစ်ပြီး၊ အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်မြောက်မြားစွာ၏ ကွယ်ရာတွင် ‘မိစ္ဆာဘုရင်’ ဟု တိတ်တဆိတ် ကျိန်ဆဲခြင်း ခံခဲ့ရဖူးသော... ပါရမီရှင် ကျွင်းဟောက်ချိုး။

“ဒါ မဖြစ်နိုင်တာ... သူက မဟာချင်ပြည်ထောင်ရဲ့ အကျော်ကြားဆုံး ပညာရှင် ကျွင်းဟောက်ချိုး မဟုတ်လား။”

ဝုန်း။

ထိုအရာရှိ၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်သွားခဲ့ရသည်။ သူသည် ဤလူကို ဘာဖြစ်လို့ ရင်းနှီးနေရသလဲဆိုသည်ကို နောက်ဆုံးတော့ သိရှိသွားခဲ့ပြီ ဖြစ်၏။

အကြောင်းမူကား သူ၏ ဇနီးသည်၏ အိပ်ခန်းဆောင်အတွင်း၌ တိတ်တဆိတ် ဝှက်ထားခဲ့ဖူးသော ပန်းချီကားတစ်ချပ် ရှိခဲ့ဖူးပြီး၊ ထိုပန်းချီကားထဲမှ လူမှာ အခြားမဟုတ်ဘဲ ကျွင်းဟောက်ချိုး ဖြစ်နေသောကြောင့်ပင်။

ဖူး။

ထိုအရာရှိသည် မခံမရပ်နိုင်ဖြစ်သွားခဲ့ရကာ အကြောင်းရင်းမရှိဘဲ ဒေါသအလျောက် သွေးတစ်လုပ်အန်ကျသွားခဲ့ပြီးနောက် မည်သည့်စကားမျှ မဆိုတော့ဘဲ မြင်းဇက်ကို အလျင်အမြန် လှည့်၍ မြို့တော်အတွင်းသို့ အပြင်းနှင်ပြန်သွားခဲ့တော့သည်။

ကျွင်းဟောက်ချိုး၏ အစေခံက ထိုအရာရှိကို ချက်ချင်း သတိပြုမိသွားပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။ “သခင်... အဲဒီလူက အရာရှိတစ်ယောက်နဲ့ တူတယ်၊ သူက သခင်ကြီးကို မြင်တာနဲ့ ဘာလို့ ဒီလောက်တောင် လန့်ပြေးသွားရတာလဲခင်ဗျာ။”

“ငါလည်း မသိဘူးလေ။ ဖြစ်နိုင်တာကတော့ မင်းတို့ရဲ့ သခင်က အရမ်းကို ခန့်ညားလွန်းနေလို့ အဲဒီလူက ကိုယ်ကိုယ်ကိုယ် ရှက်ရွံ့သွားပြီး ဘယ်သူ့ကိုမှ မျက်နှာမပြရဲဘဲ အရှက်တကွဲ ထွက်ပြေးသွားတာ ဖြစ်လိမ့်မယ်။ အင်း... ရုပ်ချောလွန်းတာကလည်း တကယ့်ကို ဒုက္ခတစ်ခုပါပဲလား။”

မြို့တော်အတွင်းရှိ အဆင့်မြင့်အရာရှိကြီး မြောက်မြားစွာကို ရင်ဆိုင်ရတော့မည့် မဟာချင်ပြည်ထောင်၏ ထိပ်တန်းစာဆိုတော်ကြီး ကျွင်းဟောက်ချိုးသည် သူ၏နှလုံးသားထဲမှ ဆွေးမြေ့မှုအချို့နှင့်အတူ အနက်ရှိုင်းဆုံး သက်ပြင်းချလိုက်မိသည်။

“ငါ လမ်းမှာ အချိန်အတော်ကြာ နှောင့်နှေးခဲ့ပြီး နောက်ဆုံးတော့ မြို့တော်ကို ရောက်လာခဲ့ပြီ၊ ဒါပေမဲ့ တရားစီရင်ရေး အရာရှိ ချူရွှမ်... မင်းကတော့ ဘာဖြစ်လို့ အခုထက်ထိ အရိပ်အယောင်တောင် မတွေ့ရသေးတာလဲ။”

All Chapters