အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈)
ပစ်မှတ်၊ ကွန်ရွှီလျှို့ဝှက်နယ်မြေအတွင်းရှိ သတ်ဖြတ်ခြင်းနှင့် ချင်ရှောင်၏ အဆင့်တက်လှမ်းခြင်း
သူ၏ စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ချင်လော့သည် အတွင်းသို့ ဖြည်းညင်းစွာ လှမ်းဝင်လာခဲ့သည်။
သူက လီရှောင်ကို ပြုံးယောင်သန်းလျက် ကြည့်ကာ ပြောလိုက်သည်။ "မမေ့နဲ့ဦး... သူတို့ မင်းရဲ့ မဟာနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးတယ်၊ အဲဒါက မင်း... လီရှောင် ကိုယ်တိုင် သူတို့ရဲ့ ဉာဏ်အလင်းပွင့်လက်ဖက်ပင်ကို ခုတ်လှဲခဲ့လို့ပဲ။"
"ဒါပေမဲ့ အဲဒီဉာဏ်အလင်းပွင့်လက်ဖက်ပင်က ငါ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်သင့်တယ်လို့ ငါ ထင်တာပဲ။ မင်းက ငါ့ရဲ့ ဉာဏ်အလင်းပွင့်လက်ဖက်ပင်ကို ခုတ်လှဲခဲ့တာဆိုတော့ ငါ့ကို ဘယ်လိုမျိုး ပြန်ပြီး လျော်ကြေးပေးရမလဲဆိုတာ မင်း စဉ်းစားထားပြီးပြီလား..."
လီရှောင်၏ မျက်နှာတွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လာကာ "မင်းသား... အဟမ်း... ကျွန်တော်မျိုး အခုနက စကားအပြောလွန်သွားတာပါ၊ တကယ် အပြောမှားသွားတာပါ။ ကျွန်တော်မျိုး ကတိပေးပါတယ်၊ ကျွန်တော်မျိုးရဲ့ နှလုံးသားထဲမှာ ဘယ်လို ရန်ငြိုးဒေါသမျိုးမှ မရှိပါဘူးခင်ဗျာ။"
"ဟဲဟဲ..." ချင်လော့က နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်ရင်း "မင်း ပြောတာကို ကြားရုံနဲ့တင် မင်းရဲ့ ရင်ထဲမှာ မကျေနပ်မှုတွေ ဘယ်လောက်တောင် ပြည့်နှက်နေလဲဆိုတာ ငါ သိနိုင်တာပေါ့။"
လီရှောင်က စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။ 'မကျေနပ်ဘဲ နေမလား... ငါက ငါးနှစ်တိုင်တိုင် ဒီအပြစ်ကို ခေါင်းခံလာခဲ့ရတာ! ငါးနှစ်လုံးလုံး တစ်ယောက်မှ ငါ့ကို မယုံကြဘူး။ ငါ့အတွက်ကော လွယ်ခဲ့လို့လား...'
"အခု အခွင့်အရေး ရောက်လာပြီပဲ။ ကောင်းကင်မဟာမိတ်အဖွဲ့ကလည်း မင်းတို့ကို လက်ခံလိုက်ပြီဆိုတော့ မြန်မြန်သွားလေ... ကောင်းကင်မဟာမိတ်အဖွဲ့ဆီကို သွားလိုက်တော့။"
ချင်လော့၏ စကားကြောင့် လီရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး အလျင်အမြန်ပင် ဦးညွှတ်ကာ အပြစ်ဝန်ခံလိုက်သည်။ "မင်းသား... ကျွန်တော်မျိုး မှားပါပြီ၊ တကယ့်ကို မှားသွားတာပါခင်ဗျာ။"
"နောက်ခါကော ဒီလို ထပ်လုပ်ရဲဦးမလား..." ချင်လော့က သူ၏ စိတ်ကူးကို တန်းခနဲ သိမြင်ကာ ပြောလိုက်ရာ၊ လီရှောင်မှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် မော့ကြည့်လာမိတော့သည်။
ချင်လော့က တကယ့်ကို သူ၏ ဝမ်းဗိုက်ထဲက သန်ကောင်တစ်ကောင်လို သူတွေးသမျှကို အကုန်သိနေခြင်း ဖြစ်သည်။
သူ ဘာလုပ်ရမှန်း မသိ ဖြစ်နေချိန်တွင် ရဲ့လင်းရွှမ်းက ကြားဝင်၍ ကူညီဖြေရှင်းပေးခဲ့သည်။
"ကောင်းကင်မဟာမိတ်အဖွဲ့က ငါတို့ကို လှုပ်ရှားခဲ့တာဟာ နောက်ကွယ်က လက်မည်းကြီးတစ်ခုရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်ပဲ ဖြစ်ရမယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ ဂိုဏ်းအသီးသီးမှာ ရှိနေတဲ့ သော့တွေကို ရယူချင်လို့ပဲ။"
"လီရှောင်ရဲ့ ကိစ္စသာ မရှိခဲ့ရင်တောင် သူတို့က အကြောင်းပြချက်တစ်ခုခု ရှာမှာပဲ၊ ဒါမှမဟုတ် ငါတို့ကို တစ်ခုခုနဲ့ မဟုတ်မတရား စွပ်စွဲလုပ်ကြံကြမှာပဲ။"
"ဒီဦးနှောက်မရှိတဲ့ကောင်တစ်ယောက်ပဲ သူ့ကြောင့် ဖြစ်ရတာလို့ တွေးနေတာ။" ရဲ့လင်းရွှမ်းက လီရှောင်ကို အထင်သေးသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။
လီရှောင်က သူ ဦးနှောက်မရှိတာ မဟုတ်ကြောင်း ပြန်လည်ငြင်းဆန်ချင်သော်လည်း... ဒါပေမဲ့... သူက အပြစ်ကို ခေါင်းမခံချင်တော့တာပဲ ဖြစ်သည်။
ငါးနှစ်တိုင်တိုင်! ငါးနှစ်လုံးလုံး ဤလူများက သူ၏ နားထဲတွင် တတွတ်တွတ် ပြောဆိုနေခဲ့ကြခြင်း ဖြစ်သည်။
"လီရှောင်... မင်း လုပ်ခဲ့တဲ့ အမှုကြောင့် ငါတို့ရဲ့ မဟာနတ်ဆိုးဂိုဏ်းက ဒီလို ဒုက္ခဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရတာ။ နောင်ကျရင် မင်း ငါတို့ရဲ့ မဟာနတ်ဆိုးဂိုဏ်းကို ပြန်လည်ထူထောင်ဖို့အတွက် ကြိုးကြိုးစားစား ကျင့်ကြံရမယ်။"
"လီရှောင်... မင်းရဲ့ လက်တွေက ဘာလို့ ဒီလောက်တောင် ယားယံနေရတာလဲ။ ဉာဏ်အလင်းပွင့်လက်ဖက်ပင်ကို ခုတ်လှဲခဲ့တာက တစ်ကြောင်း... ဘာလို့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မလေးကို အဓ္ဓမပြုကျင့်ခဲ့ပြီး၊ ရွှမ်ထျန်းတာအိုဂိုဏ်းက ချန်ယိနဲ့ တခြားသူတွေကို သတ်ပစ်ခဲ့ရတာလဲ!"
"လီရှောင်... မင်းရဲ့ ပခုံးပေါ်မှာ ငါတို့ မဟာနတ်ဆိုးဂိုဏ်းက သောင်းနဲ့ချီတဲ့ လူတွေရဲ့ သွေးကြွေးတွေ ရှိနေတယ်။ မင်း သေလို့မဖြစ်ဘူး၊ မင်း သူတို့အတွက် ကလဲ့စားချေပေးရမယ်!"
ရဲ့လင်းရွှမ်းကော ချင်လော့ပါ လီရှောင်၏ ရင်တွင်းခံစားချက်များကို ဂရုမစိုက်ခဲ့ကြပေ။
ရဲ့လင်းရွှမ်းက ဆက်လက်၍။ "ကောင်းကင်မဟာမိတ်အဖွဲ့က ဒီလို ကြေညာချက် ထုတ်ပြန်ရတာဟာ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးကြီး ပြန်ရောက်လာလို့ သက်သက်ပဲ။"
သူမ၏ လေသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေကာ။ "ကျင့်ကြံခြင်းလောကထဲမှာ အမှန်တရားဆိုတာ ဘာမှ အရေးမပါဘူး။ မင်းမှာသာ အင်အားရှိရင် မင်းပြောတာ အမှန်တရား ဖြစ်လာမှာပဲ!"
"ကောင်းပြီ... မင်းတို့ရဲ့ အပြစ်တွေကို ဆေးကြောပေးပြီးပြီဆိုတော့ အခုဆိုရင် မင်းတို့ကို ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ပါရမီရှင်တွေလို့ သတ်မှတ်လို့ရပြီပေါ့။ သူတို့က မကြာခင် 'ပုန်းကွယ်နဂါးနှီးနှောဖလှယ်ပွဲ' ကို ကျင်းပတော့မှာဆိုတော့ မင်းတို့နှစ်ယောက် အဲဒီပုန်းကွယ်နဂါးနှီးနှောဖလှယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားကြ။"
ချင်လော့၏ စကားကြောင့် ၎င်းတို့နှစ်ဦးစလုံး ဆွံ့အသွားကြသည်။
"မင်းသား... ကျွန်တော်မျိုး တကယ်မှားသွားတာပါ။" လီရှောင်က အလျင်အမြန် ငြင်းဆန်လိုက်သည်။ "ကျွန်တော်မျိုးက မင်းသားကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်သလို၊ သစ္စာလည်း မဖောက်ရဲပါဘူးခင်ဗျာ..."
ချင်လော့က သဘောသဘာဝကို နားလည်သဖြင့် ပြုံးလျက် ပြောလိုက်သည်။ "ဒီတစ်ကြိမ် ပုန်းကွယ်နဂါးနှီးနှောဖလှယ်ပွဲရဲ့ ဆုလာဘ်တွေက တကယ့်ကို ရက်ရက်ရောရော ရှိလွန်းလို့ ငါကိုယ်တိုင်တောင် မနာလိုဖြစ်မိတယ်။ မင်းတို့မှာ အခြေအနေပေးနေတာပဲဆိုတော့ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကောင်းမွန်တဲ့ အဆင့်တစ်ခုရအောင် ကြိုးစားသင့်တာပေါ့။"
၎င်းတို့နှစ်ဦး စကားမပြောနိုင်မီမှာပင် ချင်လော့၏ နောက်ထပ်စကားကြောင့် သူတို့ ကြောင်အမ်းသွားခဲ့ရသည်။
"ဒါပေါ့... ငါကလည်း ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်တစ်ဦးဖြစ်သလို ဂိုဏ်းသခင်လည်း ဖြစ်တာကြောင့် ဒီပုန်းကွယ်နဂါးနှီးနှောဖလှယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘာဝကျကျ အရည်အချင်း ပြည့်မီတာပေါ့။"
၎င်းတို့နှစ်ဦးစလုံးသည် ချင်လော့ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိကြသည်။ ရဲ့လင်းရွှမ်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "မင်းကို သူတို့ သတ်ပစ်မှာ မကြောက်ဘူးလား..."
"ကောင်းကင်မဟာမိတ်အဖွဲ့က လူတွေက မင်းကို အရိုးပါမကျန် ပြာချပစ်ချင်နေကြတာနော်။"
ချင်လော့က အသာအယာ ပြုံးလိုက်ရင်း။ "ကြောက်တာပေါ့... ဒါပေမဲ့ ငါ့ထက် သူတို့က ပိုပြီး ကြောက်လန့်သွားကြလိမ့်မယ်လို့ ငါ ထင်တယ်။"
သူက လီရှောင်ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။ "မင်း စဉ်းစားကြည့်လေ... အကယ်၍ ဝိညာဉ်နယ်မြေတုန်းက ဖြစ်ရပ်မျိုး ကွန်ရွှီလျှို့ဝှက်နယ်မြေထဲမှာ ထပ်ပြီး ဖြစ်ပွားခဲ့ရင် ကောင်းကင်မဟာမိတ်အဖွဲ့က လူတွေ ရူးသွပ်သွားကြမလား..."
လီရှောင်၏ ဦးရေပြားတစ်ခုလုံး ချက်ချင်းပင် ထုံကျင်သွားခဲ့ရသည်။ ထိုစဉ်က ဝိညာဉ်နယ်မြေအတွင်း၌ ထူးချွန်ထက်မြက်လှသော ပါရမီရှင်များ စုပြုံသေဆုံးခဲ့ရသဖြင့် တောင်တန်းတစ်သောင်းနယ်မြေ၏ ပါရမီရှင်မျိုးဆက် ပြတ်တောက်လုနီးပါး ဖြစ်ခဲ့ရသည်။
ယခုတစ်ကြိမ်တွင်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲရလဒ်ကို တွေးမိကာ လီရှောင်တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားခဲ့ရသည်။ ၎င်းမှာ ယခင် ထိုက်ရွှီးခံတပ် တိုက်ပွဲထက်ပင် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှပေသည်။
ထိုအချိန်ကျလျှင် ကောင်းကင်မဟာမိတ်အဖွဲ့မှ လူများသည် ချင်လော့ကို သတ်ဖြတ်ရန်အတွက် မည်သည့်အရာကိုမဆို ရူးသွပ်စွာ လုပ်ဆောင်လာကြပေလိမ့်မည်။
"ဒါပေမဲ့ ငါသွားရင် တစ်ယောက်တည်း သွားမှာမဟုတ်ဘူး။" ချင်လော့၏ အကြည့်သည် ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ကျရောက်သွားခဲ့သည်။
ထိုနေရာတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ မီးတောက်လုံးကြီးတစ်ခုသည် ပေါက်ကွဲထွက်လုနီးပါး စုစည်းနေသကဲ့သို့ ရှိနေသည်။ အကယ်၍ ၎င်းသာ ပေါက်ကွဲသွားခဲ့လျှင် ထိုက်ရွှီမြင့်မြတ်နယ်မြေတစ်ခုလုံး မြေလှန်ဖျက်ဆီးခံရပေလိမ့်မည်။
ချင်ရှောင်သည် အဆင့်တက်လှမ်းခြင်း အောင်မြင်ခဲ့ပြီ ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ချင်လော့သည်လည်း ချင်ရှောင် အဆင့်တက်လှမ်းသည့် ထိုအခွင့်အရေးအနည်းငယ်ကို အသုံးချကာ မီးနိယာမကို နားလည်သဘောပေါက်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။
မီးနိယာမ အသေးစားအောင်မြင်မှုအဆင့်! လိုဏ်ဂူကောင်းကင်အဆင့် သတ္တမအလွှာ။
လေနိယာမ အသေးစားအောင်မြင်မှုအဆင့်၊ မီးနိယာမ အသေးစားအောင်မြင်မှုအဆင့်၊ ဓားဆန္ဒပြည့်စုံခြင်းအဆင့် တို့ကြောင့် ချင်လော့ကိုယ်တိုင်၌ အစွမ်းထက်လှသော စွမ်းရည်များစွာ ထပ်ဆင့်ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။ သူသည် သူတော်စင်အဆင့်ကို ချက်ချင်း သတ်ဖြတ်နိုင်သလို၊ သူတော်စင်ဘုရင်အဆင့်ကိုလည်း နှိမ်နင်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
အကယ်၍ သူသာ ကွန်ရွှီလျှို့ဝှက်နယ်မြေသို့ သွားရောက်ခဲ့လျှင်၊ ကွန်ရွှီနယ်မြေ၏ အနာဂတ်မျှော်လင့်ချက်ဟု ဆိုကြသော ထိုပါရမီရှင်အုပ်စုအတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်လာရန် သေချာလှပေသည်။
ပုန်းကွယ်နဂါးနှီးနှောဖလှယ်ပွဲ မစတင်မီမှာပင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ရဲ့ကွေ့ချန် ရောက်ရှိလာခဲ့သည်။ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ရဲ့လင်းရွှမ်းကို ခေါ်ဆောင်သွားခဲ့သဖြင့် လီရှောင်နှင့် အခြားသူများမှာမူ မည်သူမျှ လာရောက်မကယ်တင်နိုင်ဘဲ သနားစဖွယ် ကျန်ရစ်ခဲ့ရလေသည်။
နောက်ဆုံးတွင်မူ ချင်ရှောင်သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့ပြီ ဖြစ်သည်။
ဝုန်း!
ချက်ချင်းပင် ကမ္ဘာမြေကြီးတစ်ခုလုံး အရောင်အသွေး ပြောင်းလဲသွားကာ ကောင်းကင်ပြင်တွင် မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု သက်ဆင်းလာတော့မည့်အလား ရှိနေခဲ့သည်။
ဤလှုပ်ရှားမှုကြီးကြောင့် မဟာချင်အင်ပါယာနှင့် တောင်တန်းတစ်သောင်းနယ်မြေတို့မှ အလွန်နက်ရှိုင်းစွာ ပုန်းကွယ်နေကြသော ဘိုးဘေး အများအပြားကို ဆွဲဆောင်မိသွားခဲ့သည်။
"နောက်ထပ်တစ်ယောက် ပေါ်လာပြန်ပြီပဲ။ ဒီလို ခမ်းနားတဲ့ ခေတ်ကြီးက တကယ်ပဲ ရောက်ရှိလာတော့မှာ ထင်တယ်..." မည်သူမည်ဝါမှန်းမသိရသော သူတစ်ဦးက အေးအေးလူလူ ရေရွတ်လိုက်သည်။
လူသားဧကရာဇ်အလံတော်သည် တုန်ခါသွားခဲ့သည်။ ချင်လော့ထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ရှီးဟွမ်သည်လည်း လူသားဧကရာဇ်အလံတော်မှတစ်ဆင့် ပြင်ပကမ္ဘာ၏ အခြေအနေများကို စောင့်ကြည့်နေခဲ့သည်။
သူမက သက်ပြင်းချလျက်။ "မင်းရဲ့ ဦးလေးက တကယ့်ကို အစွမ်းထက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတာပဲ၊ ပြီးတော့ သူ လျှောက်လှမ်းခဲ့တဲ့ လမ်းကလည်း တကယ့်ကို ခက်ခဲလွန်းလှတယ်..." ဟု ဆိုသည်။
"ခက်ခဲလေလေ ပိုပြီး အစွမ်းထက်လေလေပေါ့... ကျွန်တော် ပြောတာ မှန်တယ်မလား..." ချင်လော့သည် လူသားဧကရာဇ်အလံတော် ရှိရာဘက်သို့ ကြည့်လိုက်ရာ ရှီးဟွမ်၏ ပုံရိပ်ယောင်ကို မြင်တွေ့လိုက်ရသည်။
သူက "အရင်တုန်းက မင်း လျှောက်လှမ်းခဲ့တဲ့ လမ်းနဲ့ သူ့ရဲ့ လမ်းကို နှိုင်းယှဉ်ရင်ကော ဘယ်လိုရှိလဲဟင်..." ဟု မေးလိုက်သည်။
ရှီးဟွမ်၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှ ယုံကြည်ချက်အပြည့်ရှိသော အရှိန်အဝါများ မြင့်တက်လာခဲ့သည်။
သူမက ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ငါသာ အဲဒီခြေလှမ်းကို လှမ်းပြီး ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ရင်၊ ဒီကမ္ဘာပေါ်က တူညီတဲ့အဆင့် ကျကြံသူတွေထဲမှာ ငါ့ကို ယှဉ်နိုင်မယ့်သူ ရှိမှာမဟုတ်ဘူး။ အကယ်၍ နတ်ဘုရားတစ်ပါး အောက်ပိုင်းလောကကို ဆင်းသက်လာရင်တောင် ငါ တိုက်ခိုက်နိုင်စွမ်း ရှိတယ်!" ဟု ဆိုလိုက်သည်။
ချင်လော့သည် ရှီးဟွမ်၏ စကားကို သဘာဝကျကျ ယုံကြည်လိုက်သည်။ ယခင်က ရှီးဟွမ် ဤမျှအခြေအနေအထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။
'တကယ့်ကိုပဲ... ကံကြမ္မာသားတော်တစ်ယောက်ရဲ့ ဘိုးဘေးဆိုတာ ထူးခြားဆန်းပြားလွန်းလှတယ်...'
'ဒါပေမဲ့ အထက်ပိုင်းလောကက ကံကြမ္မာသားတော်တွေမှာကော သူတို့ရဲ့ အစွမ်းထက် အကူအညီအဖြစ် ဘိုးဘေးကြီးတွေ ရှိနေမလားဆိုတာ ငါ မသိဘူး... မဟုတ်ဘူး... ဘိုးဘေးကြီးလို့ မခေါ်သင့်ဘူး၊ သခင်မလေးလို့ပဲ ခေါ်ရမလား...'
ချင်ရှောင်၏ မိုးကြိုးကပ်ဘေး ခံယူခြင်းက ချင်လော့ကို လွန်စွာ မနာလိုဖြစ်စေခဲ့သည်။
ယခင်က သူ ကပ်ဘေးကျော်ဖြတ်စဉ်တုန်းက မိုးကြိုးရှောင်ဆေးလုံးသာ မရှိခဲ့လျှင် သူ သေဆုံးသွားခဲ့ရလောက်ပြီ ဖြစ်သည်။
လူသားဧကရာဇ်အလံတော် ကပ်ဘေးကျော်ဖြတ်စဉ်ကလည်း လုံးဝ ပျက်စီးလုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။
သို့သော် ချင်ရှောင်၏ ကပ်ဘေးကမူ စွမ်းအားများကို သန့်စင်ပေးသည့် ဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ လူအချင်းချင်း နှိုင်းယှဉ်ရခြင်းက တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းလှပေသည်။
"ဟားဟားဟား!" ချင်ရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ချင်လော့၏ ဘေးနားသို့ လှမ်းလာခဲ့သည်။
"ကျေးဇူးတရားကြီးမားမှုကို စကားလုံးတွေနဲ့ ပြောနေဖို့ မလိုပါဘူး တူလေးရာ... မင်း မင်းရဲ့ ခမည်းတော်ကို ပုန်ကန်ရင်တောင် မင်းရဲ့ ဦးလေးက မင်းဘက်ကနေ အမြဲတမ်း ရပ်တည်ပေးသွားမှာပါ!"
"ဒါပေမဲ့ သူ့ကိုတော့ အသက်ရှင်ခွင့် ပေးလိုက်ပါဦး! ဒီလောက်အထိ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့က မလွယ်ကူလှဘူးလေ..."